Switch Mode

အခန်း ( ၈၈ )

ရွှေ​ေရောင်ခန္ဓာ

” ဘယ်လို အကျိုးကျေးဇူးတွေလဲ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ချက်ချင်းပင် မေးမြန်းလိုက်သည်။

သို့သော် ယခုအကြိမ်တွင်မူ မျက်နှာဖုံးကြီးမှာ ရှင်းလင်းတိကျသော အဖြေကို မပေးဘဲ သူ ဝိညာဉ်အမြစ်ကို စုပ်ယူပြီးသောအခါမှသာ အလုံးစုံ သိရမည်ဖြစ်ကြောင်း ဆိုလိုက်၏။

အခြားတချိန်ချိန်တွင်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ အဖြေရရှိရန်အတွက် မရမက ဖိအားပေးလိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ထိုအကျိုးကျေးဇူးများကို အမှန်တကယ် ရရှိလိမ့်မည်ဟု ယုံကြည်သွား၏။ ထို့အပြင် သူ၏ အသိစိတ်ထဲတွင် ဒုပါမောက္ခကောင်းချွမ်အား မုန်းတီးနေသည့် စိတ်များဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ သူသည် ဆက်လက်မေးမြန်းမနေတော့ဘဲ အံသာကြိတ်လိုက်တော့သည်။

” ကျနော် အဲဒီလိုဖြစ်လာအောင် ကျင့်ကြံမယ်ဗျာ။ ဘာတွေလုပ်စရာလိုလဲ။ မိုးကြိုးတွေ အဆက်မပြတ် ပစ်နေမယ်ဆိုရင်တောင် ကျနော် သည်းခံပါ့မယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို တည်ကြည်မှုအပြည့်နှင့် ဆိုလိုက်သောကြောင့် မျက်နှာဖုံးကြီးမှာ ဖျတ်ခနဲလက်သွားပြီး အကြိမ်ပေါင်းများစွာခန့် တုန်ရီသွား၏။ ထို့နောက် ၎င်းပေါ်တွင် စာကြောင်းများ ပေါ်လာသည်။ ကျင့်ကြံခြင်းပညာရပ် အမျိုးအစားများပင် အမြောက်အမြား ရှိနေ၏။ ထို့အပြင် ဝမ်ပေါင်လဲ့ လုံးဝမကြားဖူးသော ဆေးလုံးများလည်း ပါဝင်နေသည်။ နောက်ဆုံးတွင်မူ အချိန်သတ်မှတ်ချက်တစ်ခု ပေါ်လာ၏။ ထိုစာကြောင်းများမှာ ဝမ်ပေါင်လဲ့အား ထိုနည်းလမ်းများအတိုင်း ကျင့်ကြံမည်ဆိုပါက သုံးနှစ်အတွင်း ရွှေရောင်ခန္ဓာအဆင့်သို့ ရောက်နိုင်မည်ဖြစ်ကြောင်း အသိပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ထိုကျင့်ကြံခြင်း ပညာရပ်များကိုကြည့်လိုက်ရုံနှင့်ပင် စိတ်သောက ရောက်နေရပြီဖြစ်သည်။ ထို့နောက် လိုအပ်သော ဆေးလုံးများကို ကြည့်လိုက်မိသောအခါ သူ၏နှလုံးသားမှာ တဒိန်းဒိန်း ခုန်သွားရ၏။ နောက်ဆုံးတွင်မူ သုံးနှစ်ဆိုသော အချိန်ပမာဏကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများမှာ ကျွတ်ထွက်လုမတတ် ဖြစ်သွားပြီး သူသည် ရှုံ့မဲ့စွာ ရယ်မောလိုက်ရတော့သည်။

” မမလေးဆီမှာ တခြားနည်းလမ်းတစ်ခု ရှိ‌ဦးမှာပါဗျာ။ ‌မနောက်ပါနဲ့တော့။ ကျနော် တစ်လအတွင်း ရွှေရောင်ခန္ဓာတစ်ခုကို ရရှိပြီး အာနာပါနအဆင့် ဝါရင့်တစ်ယောက်ကို အနိုင်ယူနိုင်အောင် မမလေး ကူညီပေးနိုင်မယ်ဆိုရင် ကျနော် ဘာပဲလုပ်ရလုပ်ရ လုပ်မယ်ဗျာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ မကျေနပ်ချက်များကို မမျိုသိပ်နိုင်တော့သောကြောင့် တည့်တိုး ပြောချလိုက်တော့သည်။

ဝမ်ပေါင်လဲ့ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် မျက်နှာဖုံးကြီးမှာ ထပ်၍ ဖျတ်ခနဲလက်သွားပြန်သည်။ ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့အတွက် အချိန်သိပ်၍မကြာဘဲ ရွှေရောင်ခန္ဓာတစ်ခုကို ရရှိနိုင်မည့် နည်းလမ်းများ ပေါ်လာ၏။

တစ်လအတွင်း သဘာဝနည်းလမ်းများဖြင့် ရွှေရောင်ခန္ဓာတစ်ခုကို ရရှိရန်မှာ အလွန် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ အလွန် ကြမ်းတမ်းခက်ခဲသော ကျင့်ကြံခြင်းနည်းလမ်းများကို အသုံးပြုကာ မိမိ၏ မူလကျင့်ကြံခြင်းအဆင့်ကို ဖွံ့ထွားသွေးကြောအဆင့်သို့ ပြန်ရောက်အောင် လျှော့ချပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ပြန်ရောက်သွားအောင် လုပ်ပြီးမှ ထိုခန္ဓာအချုပ်အနှောင်အဆင့်ကို ပြန်လည်ဖောက်ထွက်၍ ဖွံ့ထွားသွေးကြောအဆင့်သို့ ပြန်ရောက်သွားအောင် လုပ်ရမည်ဖြစ်သည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ သံသရာလည်ပုံကြီးတစ်ခုပင် ဖြစ်သည်။

ထိုကဲ့သို့သော သံသရာလည်ပုံမျိုးကို အကြိမ်ပေါင်း ဒါဇင်များစွာပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ သံမဏိရရှိလာအောင် ထပ်ခါတလဲလဲ ပန်းပဲဖိုထိုးရသည့် လုပ်ငန်းစဉ်နှင့် ဆင်တူ၏။ ထို့အပြင် သူ၏ မူလကျင့်ကြံခြင်းအဆင့်ကို ဖွံ့ထွားသွေးကြောအဆင့်သို့ ပြန်ရောက်အောင် လျှော့ချရာတွင် ပုံရိပ်ယောင်နယ်မြေထဲ၌ ရှိနေသည့်တိုင်အောင် ဒဏ်ရာအစစ်များ ရနိုင်၏။

ထိုနည်းလမ်းမှာ သမားရိုးကျ ကျင့်စဉ်တစ်ခု မဟုတ်ပါသော်လည်း ဘေးထွက်ဆိုးကျိုးများ မရှိပေ။ တစ်ခုတည်းသော စိန်ခေါ်မှုမှာ ဖြစ်စဉ်ကြီးတစ်ခုလုံးတွင် ကြုံတွေ့ရမည့် ဖော်ပြ၍မရနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းသော ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရမည့် အချက်ပင် ဖြစ်သည်။

မျက်နှာဖုံးကြီးပေါ်တွင် ဖျတ်ခနဲပေါ်လာသော နည်းလမ်းကြောင့် ဝမ်ပေါင်လဲ့မှာ ရင်တဒိန်းဒိန်း ခုန်လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာဖုံးကြီးအား သတိကြီးကြီးထား၍ ကြည့်လိုက်၏။

” ဒဏ်ရာအစစ် ရနိုင်တယ် ဟုတ်လား။ မမလေးရာ။ ကျနော်တို့က ရန်သူတွေမှ မဟုတ်ဘဲကို။ ကျနော်က သူ့ကိုပြန်ပြီးတော့ လက်စားချေချင်ရုံလေးပါ။ မမလေးရဲ့ အခုနည်းလမ်းက… တော်တော်ကို ရက်စက်ကြမ်းကြုတ်မဲ့ ပုံကြီးဗျ ”

ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ မျက်နှာဖုံးကြီးမှာ နောက်တစ်ကြိမ် ထပ်၍ ဖျတ်ခနဲ လက်သွားပြန်သည်။ ထို့နောက် ၎င်းမှာ ဒေါသထွက်သွားသည့်ပုံ ပေါက်သွားပြီး ၎င်း၏မျက်နှာပြင်ထဲမှနေ၍ လျှပ်စီးတန်းပေါင်းများစွာ ပေါက်ကွဲထွက်ပေါ်လာတော့မည့်အလား ဖြစ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ကြောက်လန့်လန့်နှင့် ချက်ချင်းပင် နောက်ဆုတ်သွားပြီး ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာသွားတော့သည်။

အရာအားလုံး ပျောက်ကွယ်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲတွင် ပြန်၍ပေါ်လာပြီး မခံမရပ်နိုင်ဖြစ်နေသော မျက်နှာအမူအရာဖြင့် ထိုင်နေတော့သည်။ တစ်ဖက်တွင် သူသည် လက်စားချေချင်ပါသော်လည်း အခြားတစ်ဖက်တွင်မူ မျက်နှာဖုံးကြီး၏ နည်းလမ်းမှာ အားကိုး၍ ရနိုင်မည်မဟုတ်ဟု သူက ခံစားနေရ၏။ ထို့ကြောင့် သူသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ အမှန်တကယ် ရောက်ရှိနေရပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ခံပြင်းမှုများကို မေ့ပျောက်နိုင်ရန်အတွက် ဝိညာဉ်ကွန်ရက်ကြီးကို လှန်လှောဖတ်ရှုနေလိုက်သည်။ သို့သော် သူ၏ ဝင်ခွင့် ရုပ်သိမ်းခံခဲ့ရပြီး ပြန်လည်ပေးအပ်ခံခဲ့ရသည့် အကြောင်းနှင့် ပတ်သတ်၍ ဆွေးနွေးငြင်းခုံနေကြသည့် စကားဝိုင်းများကို ဖတ်ရင်း သူ၏ မကျေနပ်ချက်များမှာ ပို၍သာ ကြီးထွားလာရတော့သည်။

ထို့ကြောင့် သူသည် များများစားစား တွေးတောမနေတော့ဘဲ သူ၏ အသံလွှင့်လက်စွပ်ကိုဖွင့်ကာ ဒုပါမောက္ခကောင်းချွမ်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်သည်။

” ဒုပါမောက္ခကောင်း … ခင်ဗျား ကျုပ်ကို ကျောင်းကနေ ထုတ်ပယ်နိုင်အောင် ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေနဲ့ လင်းတျန်ဟောက်နဲ့ ပူးပေါင်းပြီးတော့ ကျုပ်ကို သတ်ဖို့လုပ်ခဲ့တဲ့ ကိစ္စတွေကို ကျုပ် သည်းခံနိုင်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျုပ် ရှင်းလင်းချက်တစ်ခု လိုချင်တယ် ”

ယခင်က ကောင်းချွမ်မှာ တာအိုကျောင်းတစ်ကျောင်းလုံး၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆောင်ကို ကြီးကြပ်ကွပ်ကဲရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ လက်အောက်ငယ်သား ဖြစ်ခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ထံတွင် ကောင်းချွမ်အား အသံလွှင့်ဆက်သွယ်နိုင်သည့် အသေးစိတ်အချက်အလက်များ ရှိနေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအသံလွှင့်အကြောင်းကြားစာကို ပေးပို့လိုက်ပြီးနောက် အသံလွှင့်လက်စွပ်အား စိုက်ကြည့်ကာ ကောင်းချွမ်၏ အကြောင်းပြန်စာကို စောင့်ဆိုင်းနေ၏။ သို့သော် တစ်နာရီတိတိ စောင့်ဆိုင်းပြီးသည့်တိုင်အောင် မည်သည့် အကြောင်းပြန်စာမှ ပြန်၍မရသောကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီးနောက် သူသည် အံကြိတ်လိုက်၏။

” ကိစ္စမရှိပါဘူး။ ခင်ဗျားကမှ မရှင်းပြနိုင်မှတော့ ကျုပ်ကလည်း ခင်ဗျား မရှင်းပြမချင်း ရိုက်နှက်ကန်ကျောက်ရတာပေါ့ ”

ဝမ်ပေါင်လဲ့၏ အမူအရာမှာ အကြင်နာတရားကင်းမဲ့သွားပြီး သူသည် ရှဲ့ဟေးရန်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ချက်ချင်းပင် ပေးပို့ကာ လူ၏အသိစိတ်ကို လှည့်စားနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ရတနာကြီးကို ထပ်၍ငှားခိုင်းလိုက်၏။

ယခုအကြိမ်တွင်မူ ထိုရတနာကြီးကို အလွယ်တကူပင် ငှားရမ်းနိုင်ခဲ့၏။ သိပ်မကြာခင် ရှဲ့ဟေးရန် ရောက်ရှိလာပြီး ဝမ်ပေါင်လဲ့အား ထို လျှို့ဝှက်ဆန်းကြယ်ရတနာကြီးကို ပေးအပ်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ အသက်မဲ့သော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် အကြောင်းအရင်းများကို မေးမနေသင့်ကြောင်း ရိပ်စားမိသွား၏။ ထို့ကြောင့် သူ့အား အားပေးစကား အနည်းမျှငယ်သာဆိုလိုက်ပြီး ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား နှုတ်ဆက်လိုက်ပြီးနောက် နတ်ဝိဇ္ဇာဂူထဲတွင် တည်ကြည်စွာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများကိုမှိတ်လိုက်ပြီး မျက်နှာဖုံးကြီး ပေးခဲ့သော နည်းလမ်းများကို သူ၏ အသိစိတ်ထဲတွင် ပြန်၍ဖော်လိုက်၏။ တစ်ခဏမျှကြာပြီးနောက် သူ၏မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ပွင့်လာပြီး သူသည် သက်တံ့ ဝိညာဉ်ကျောက်တုံးများစွာကို ထုတ်ယူကာ ဝိညာဉ်ချီများ စုဆောင်းနိုင်မည့် ကမ္ဗည်းစာလုံးများကို စတင်ရေးထိုးလိုက်တော့သည်။

ထိုကမ္ဗည်းစာလုံးများကို ရေးထိုးရသည့် အကြောင်းအရင်းမှာ သက်တံ့ဝိညာဉ်ကျောက်တုံးများအား ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီအများစုကို စုပ်ယူနိုင်အောင် အားဖြည့်ပေးရန်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထို သက်တံ့ရောင်ဝိညာဉ်ကျောက်တုံးများပေါ်တွင် ကမ္ဗည်းစာလုံးများကို အလုံအလောက် ရေးထိုးပြီးသောအခါမှသာ ၎င်းတို့ကို ဘေးသို့ဖယ်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူ၍ သူ့ကိုယ်သူ အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး ပုံရိပ်ယောင်နယ်‌မြေထဲသို့ ဝင်သွားလိုက်တော့သည်။

” မမလေး။ စကြတာပေါ့ ”

ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံးကြီးမှာ တောက်ပစွာ လင်းလက်သွား၏။ ထို့နောက် အနက်ရောင် လျှပ်စီးတန်းတစ်ခု ချက်ချင်းပင် ပေါ်ထွက်လာပြီး ရှောင်တိမ်းပုန်းကွယ်နေရန် အချိန်ပင်မရလိုက်သော ဝမ်ပေါင်လဲ့အား ရိုက်ခတ်သွား၏။

ထို လျှပ်စီးများမှာ သူ၏ ခန္ဓာကိုယ်ထဲ အနှံ့အပြားသို့ ပျံ့နှံ့သွားသောအခါ ဝမ်ပေါင်လဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခံစားခဲ့ရသည့် နာကျင်မှုများထက် များစွာပို၍ ကြီးမားသာလွန်သည့် ဖော်ပြ၍မရနိုင်သော နာကျင်မှုများမှာ အဆက်အပြတ် ပေါ်ထွက်လာ၏။ ၎င်းတို့မှာ လှိုင်းလုံးကြီးတစ်လုံးကဲ့သို့ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် အသိစိတ်တို့ကို ဖုံးလွှမ်းသွားသည်။

ထိုလျှပ်စီးများထဲတွင် အဖျက်အဆီး စွမ်းအားတစ်မျိုးပါဝင်နေပြီး ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အသားများကို ဆုတ်ဖြဲကာ အရိုးများကို ရိုက်ချိုးပြီး သူ၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်သည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ခံစားမိလိုက်၏။ သူသည် မူလအစမှနေ၍ ပြန်လည်တည်ဆောက်ခံနေရသကဲ့သို့ ဖြစ်သွားပြီး သူ့အား ခေါင်းအစခြေအဆုံး ပြောင်းလဲပစ်မည့် ဖြစ်စဉ်ကြီးတစ်ခုကို ကျော်ဖြတ်နေရသည့်အလား ဖြစ်သွား၏။

ထိုနာကျင်မှုမှာ အလွန် ပြင်းထန်လှသောကြောင့် သူသည် ဝေဒနာကြီးစွာ အော်ဟစ်မြည်တမ်းနေရ၏။ သူ၏ ပါးစပ်ထဲမှလည်း သွေးများပန်းထွက်လာပြီး သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ အကြောများဆွဲနေတော့သည်။ ထိုပြောင်းလဲမှု ဖြစ်စဉ်ကြီးကြောင့် ပေါ်ထွက်လာသည့် ဖိအားကြီးမှာ သူ၏ သွေးချီနှင့် ကျင့်ကြံခြင်းအဆင့်များကို အဆက်မပြတ် ဖိနှိပ်နေ၏။ သူ၏ ဖွံ့ထွားသွေးကြော ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ ချုပ်တည်းကာ သူ၏ သွေးချီများကို အစိုင်အခဲ ဖြစ်သွားသည့် အဆင့်အထိ ဖိနှိပ်ပြီးသွားသောအခါ သူသည် ဖွံ့ထွားသွေးကြောအဆင့်မှနေ၍ ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်ရှိသွားတော့သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ တစ်နာရီတိတိ ဆက်လက်ဖြစ်ပွားနေ၏။ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများမှာ တဖြည်းဖြည်းနှင့် အားပျော့လာပါသော်လည်း သူသည် တစ်ကြိမ်လေးပင် သတိလစ်မသွားခဲ့ပေ။ သူသည် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံရပြီး ကျဆင်းသွားရသည့် ဖြစ်စဉ်ကြီးတစ်ခုလုံးကို တောင့်ခံကာ ကျော်ဖြတ်လိုက်၏။ ထို့နောက် အရာအားလုံး ပြီးဆုံးသွားသောအခါ သူသည် အားအင်ချိနဲ့စွာ ပြန်ထလာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီဖြစ်ပြီး ချွေးများဖြင့် ရွှဲရွှဲစိုနေ၏။ ထို့နောက် သူသည် လဲကျမသွားအောင် မာန်တင်းကာ ပုံရိပ်ယောင်နယ်‌မြေထဲမှ ထွက်ခွါလာတော့သည်။

ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲတွင် ပြန်ပေါ်လာသောအခါ တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေပါသော်လည်း သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။ ထို့နောက် သူသည် ဝိညာဉ်ကျောက်တုံးများကို စတင်သန့်စင်လိုက်တော့သည်။ လက်ရှိတွင် အရေးအကြီးဆုံးအရာမှာ ဝိညာဉ်ကျောက်တုံးများကို သန့်စင်ရန် မဟုတ်ပေ။ သူသည် ဝိညာဉ်အဆီများ တက်လာအောင် လုပ်နိုင်ရန်ကိုသာ အာရုံစိုက်ထား၏။

သူသည် ထိုနည်းလမ်းကိုအသုံးပြု၍ ဝိညာဉ်အဆီများကို အမြန်ဆုံးနည်းဖြင့် စုစည်းကာ ဖွံ့ထွားသွေးကြောအဆင့်သို့ ‌နောက်ထပ်တစ်ကြိမ် ဖောက်ထွက်နိုင်အောင် ကြိုးစားမည် ဖြစ်သည်။ သူ၏ ပတ်ပတ်လည်ရှိ သက်တံ့ ဝိညာဉ်ကျောက်တုံးများမှာ ဘေးနားတစ်ဝိုက်ရှိ ဝိညာဉ်ချီများကို မြှင့်တင်‌ပေးနေသည်ဖြစ်ရာ သူ့ ဝါးမျိုခြင်းသစ်စေ့၏ စုပ်ယူနှုန်းမှာလည်း မြန်ဆန်လာတော့သည်။

” ကောင်းချွမ် … ခင်ဗျားကြီး စောင့်နေဦးပေါ့ ”
ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ အပြင်ဘက်သို့ ပထမဆုံး အကြိမ်အဖြစ် ပေါက်ကွဲထွက်ပေါ်လာပြီး အချုပ်အနှောင် အားလုံးကို ဖြတ်တောက်ကာ သူ့ကိုယ်သူ နှိပ်စက်နေသည့်အလား ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီအားလုံးကို စုပ်ယူလိုက်တော့သည်။ ဝိညာဉ်ချီများမှာ အပြင်းအထန် ရိုက်ခတ်နေသော လှိုင်းလုံးတစ်လုံးကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် စုပ်ယူခံနေရသောကြောင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေသော ဝိညာဉ်ကျောက်တုံးများအားလုံး တလက်လက်တောက်ပလာကြ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဝိညာဉ်ချီများကို အငမ်းမရ ဝါးမျိုစုပ်ယူနေတော့သည်။

ထိုအခြင်းအရာအားလုံးမှာ အလင်း၏ အမြန်နှုန်းမျိုးဖြင့် ဖြစ်ပျက်နေကြသည်။ ထို့ကြောင့် တစ်ယောက်ယောက်ကသာ ကြည့်နေမည်ဆိုပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီး မရပ်မနား ပြန့်ကားလာသည်ကို မြင်နေရမည်ဖြစ်သည်။ အတိအကျ ဖော်ပြ၍မရနိုင်သော အချိန်ပမာဏတစ်ခု ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ သက်တံ့ဝိညာဉ်ကျောက်တုံးများ အားလုံး ကြေမွပျက်စီးသွားပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာ အဆမတန် ကြီးထွားလာကာ နတ်ဝိဇ္ဇာဂူ၏ တစ်ဝက်ကျော်အထိ ရှိနေပြီ ဖြစ်သည်။

သူသည် မျက်လုံးများကိုပင် အလွယ်တကူ မဖွင့်နိုင်တော့ပေ။ ထို့ကြောင့် သူသည် အံကြိတ်ကာ အစွမ်းကုန်ကြိုးစားလိုက်ပြီး အသိစိတ်ကို လှည့်စားနိုင်သည့် လျှို့ဝှက်ဆန်းကြယ် ရတနာကြီးကို ကောက်ယူလိုက်၏။ ထို့နောက် သူ၏ ကိုယ်ဟန်အနေအထားကို အနည်းငယ်ခန့် ချိန်ညှိလိုက်ပြီး သူ၏ဦးနှောက်အား အမိန့်တစ်ခု ပေးလိုက်တော့သည်။

သူသည် အချိန်တစ်နှစ်ကျော်တိုင်အောင် အမြန်ဆုံးနည်းဖြင့် အဆက်မပြတ် ပြေးနေခဲ့ပြီးဖြစ်သည်ဟု သူ၏ဦးနှောက်ကို အသိပေးလိုက်၏။

ထိုကဲ့သို့ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ ဦးနှောက်မှာ ပျားပန်းခပ်သွားသောကြောင့် ပေါက်ကွဲလုမတတ်ပင် ဖြစ်သွား၏။ သူ၏ အဆမတန် ကြီးထွားနေသော ခန္ဓာကိုယ်ကြီးမှာမူ အပြင်းအထန် တုန်ရီသွားပြီး ၎င်း၏အတွင်းထဲရှိ ဝိညာဉ်အဆီများမှာ အလျင်အမြန်ပင် အရည်ပျော်ကာ ဝိညာဉ်ချီများအသွင် ပြောင်းလဲသွားကြပြီး စုပ်ယူခံလိုက်ရသဖြင့် သူ၏ သွေးချီများမှာ ခန္ဓာကိုယ်ထဲမှနေ၍ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံး အချိန်အတော်အတန် ကြာမြင့်သွား၏။ အရာအားလုံး ပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းမှာ ထပ်မံ ဖောက်ထွက်သွားပြီး ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်ရှိသွားတော့သည်။ သူသည် ထိုင်နေရင်းနှင့်ပင် ယခင်ကနှင့် လုံးဝမတူညီသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ သူ၏ စွမ်းရည်များမှာ ယခင်ကထက်ပင် ပို၍ တိုးတက်သွားပြီး သူ၏ အငွေ့အသက်မှာ ဝတ်ရုံနက်လူများကို ဦးဆောင်ခဲ့သော အာနာပါန တစ်ပိုင်းအဆင့် အကြီးအကဲကြီး၏ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်နှင့်ပင် ဆင်တူသွားတော့သည်။

ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်မျက်နှာဖုံးကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အနက်ရောင်လျှပ်စီးတန်းများကို ပစ်လွှတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို ဖိနှိပ်လိုက်ပြန်သည်။ ထိုအခါ မရေမတွက်နိုင်လောက်အောင် များပြားသော လျှို့ဝှက်ဆန်းကြယ် ဓာတ်ပစ္စည်းမြောက်မြားစွာ ပေါ်ထွက်လာ၏။ ထို့နောက် ၎င်းတို့မှာ စုပ်ယူခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားကြတော့သည်။

” တကယ်ကို အောင်မြင်သွားပြီဟ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် ပုံရိပ်ယောင်နယ်‌မြေထဲသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ဝင်သွားလိုက်ပြီး သူ၏ ခန္ဓာကိုယ်အား ရွှေရောင်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲနိုင်မည့် ဖြစ်စဉ်ကြီးကို ပြန်လည်စတင်လိုက်တော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အနက်ရောင် လျှပ်စီးများ၏ ဖိနှိပ်မှုဒဏ်ကို မဆုတ်မနစ် ရင်ဆိုင်ရင်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဖွံ့ထွားသွေးကြောအဆင့်မှ ခန္ဓာအချုပ်အနှောင်အဆင့်သို့ ဖိနှိပ်ခံရလိုက်၊ ဖောက်ထွက်သွားလိုက်၊ နောက်ထပ်တစ်ကြိမ်ပြန်၍ ဖိနှိပ်ခံရလိုက် ဖြစ်နေတော့သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံး၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကြောင့် ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်နေရပါသော်လည်း ဤနည်းလမ်းမှာ အမှန်တကယ် အလုပ်ဖြစ်ကြောင်း သိလိုက်ရသောကြောင့် သူ၏ ရက်စက်ကြမ်းကြုတ်သော ဗီဇမှာ အထင်အရှားပေါ်လာ၏။ ထို့ကြောင့် သူသည် မည်မျှပင် ညှဉ်းပန်းနှိပ်စက်ခံရစေကာမူ ကြံ့ကြံ့ခံနေတော့သည်။ အနာကျင်ဆုံးသော အချိန်များတွင် သူသည် ကောင်းချွမ်အား တိုက်ခိုက်နေသည့် မြင်ကွင်းများကို ပုံဖော်ရင်း အားတင်းဖြတ်ကျော်လိုက်၏။

” ရွှေရောင်ခန္ဓာက အာနာပါနအဆင့် ဝါရင့်တစ်ယောက်ကို အနိုင်ယူနိုင်တယ်ကွ။ ကောင်းချွမ် … ဒီတစ်ခေါက်တော့ ကျုပ် ခင်ဗျားကို အမှုန့်ချေပြမယ် ”

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး တစ်လဆိုသော အချိန်သတ်မှတ်ချက်၏ နောက်ဆုံးနေ့သို့ တဖြည်းဖြည်း ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ သူသည် တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်ကာ စုတ်ပြတ်သတ်နေပါသော်လည်း တစ်ယောက်ယောက်ကသာ သူ့ကို မြင်လိုက်ရမည်ဆိုပါက သူ၏ အငွေ့အသက်ကြောင့် အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။

ထိုအငွေ့အသက်မှာ ဖွံ့ထွားသွေးကြောအဆင့်ထက် များစွာပို၍ သာလွန်နေပြီဖြစ်သည်။ အကြိမ်ပေါင်းများစွာ အဆက်မပြတ် ဖိနှိပ်ခံခဲ့ရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ပင် သူ၏ သွေးချီများမှာ မည်သည့်အဆင့်အထိ ရောက်ရှိနေမှန်း မသိနိုင်တော့ပေ။ သူ၏ အရေပြားပေါ်တွင်မူ ရွှေရောင်‌အလင်းလေး ခပ်ရေးရေး ပေါ်လာပြီဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံးကြီးပင် ဆွံ့အနေရဟန်တူသည်။ အကယ်၍ ထိုထဲတွင် ဝိညာဉ်တစ်ကောင်သာ အမှန်တကယ်ရှိနေမည် ဆိုပါက ဝမ်ပေါင်လဲ့တစ်ယောက် အကြိမ်ပေါင်းများစွာတိုင်အောင် အချိန်အကြာကြီး တောင်ခံနိုင်ခဲ့သည့် မြင်ကွင်းကိုကြည့်၍ အံ့အားသင့်ကာ မှင်တက်နေမည်သာ ဖြစ်သည်။ ထိုကဲ့သို့သော အခြင်းအရာမျိုးကို စိတ်ကူးနှင့်ပင် မမှန်းဆနိုင်ပေ။

အနက်ရောင် လျှပ်စီးတန်းများက ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်နေခဲ့စဉ်က မျက်နှာဖုံးကြီးထံမှ အမျိုးသမီးတစ်ယောက်၏ ချီတုံချတုံဖြစ်နေသော ရေရွတ်သံတစ်သံ ပေါ်ထွက်လာသည့် အခိုက်အတန့်တစ်ခု ရှိခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအသံကို သတိမထားမိခဲ့ပေ။

” ရွှေရောင်ခန္ဓာက တကယ်ရှိနေတာများလား။ မဖြစ်နိုင်တာ။ ဒီဖက်တီးမှာ ဘယ်လို နောက်ခံအင်အားတွေများ ရှိနေတာပါလိမ့်။ ငါက သူ့ကို ကြည့်မရလို့သာ စနောက်ရုံသက်သက် လုပ်ခဲ့တာလေ။ သူက တကယ်ပဲ ရွှေရောင်ခန္ဓာကို ရသွားတဲ့ပုံပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset