လူအများအပြားက ရီဖူရှင်းအား ကြည့်ကြသည်။ ရီဖူရှင်းအား တာလီမှ ထိပ်သီးပုဂ္ဂိုလ်များ ပထမဆုံးအကြိမ် သတိထားမိကြခြင်းလည်း ဖြစ်သည်။ ထိုအထဲတွင် နန်းတွင်း အကြံပေးနှင့် တာလီမှ မင်းသားများပင် ပါဝင်သည်။
ရီဖူရှင်း၏မျက်လုံးက လီစွမ်းထံကို ရောက်လာသည်။ သူက လီစွမ်း၏ဘေးတွင် ထိုင်နေသော လီယောင်အားလည်း မြင်၏။ သို့သော်လည်း လီယောင်က ရီဖူရှင်း၏ သရုပ်မှန်ကို မသိသလို မည်သည့်နေရာက လာမှန်းလည်း သိမည်မဟုတ်ပေ။
တစ်ချိန် တစ်ခါတုန်းက ပြည်နယ်ကိုးခုတွင် လီယောင်သည် ဂျီယူနှင့် တခြားပြည်နယ်ကိုးခုမှ တန်ခိုးရှင်များအား သေကျေစေခဲ့၏။ လီယောင်သည် နတ္ထိဘုံတိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့သော်လည်း မိမိအား လာရောက် လုပ်ကြံခဲ့ကာ ရာရာနှင့် သူ့စီနီယာ အစ်ကိုများကို ဒဏ်ရာ ရစေခဲ့သည်။ သူနှင့် ရီဝူချင်းတို့ကား သေလုနီးပါး အခြေအနေနှင့်ပင် ကြုံခဲ့ရသည်။ လီဟန်ဓားသမား၏ ဓားကြောင့်သာ မဟုတ်ပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။ ထို့ကြောင့်ပင် သူက တာလီသို့ လာခဲ့ခြင်းဖြစ်သည်။ သူလုပ်ရမည့် ကိစ္စရပ်များ ရှိပေသည်။ သူက ကျင့်ကြံခြင်း တစ်ခုတည်းဖြင့် လီယောင်ကို သတ်မည်ဆိုပါက လီယောင်၏အဆင့်အတန်းဖြင့်ဆိုလျှင် မည်သည့်အချိန်မှ ဖြစ်မည်နည်း။
သူက ကြီးစွာ မုန်းတီးနေသော်လည်း သူ့မျက်လုံးများက တည်ငြိမ်နေ၏။ သူက လီယောင်ကို စွေစောင်း၍ပင် မကြည့်ပေ။ သူက လီစွမ်းကိုသာ ဦးညွှတ်လျက်ပြောသည် … “ဓားပညာက အရမ်း ကောင်းပြီးတော့ စွမ်းအားကလည်း ကြီးမားပါတယ်”
ရီဖူရှင်း၏ စကားကိုကြားလျှင် လူအများအပြားက တိတ်တခိုး သဘောတူကြသည်။ အပြစ်ခုနစ်ပါးကား အမှန်ပင် ထက်မြက်၏။ သူကိုယ်တိုင်က တာလီကျောင်းတော်သို့ လာရောက်ကာ လမ်းစဉ်ကို ရှာဖွေသည်။ သူကား တာလီအောက်ဘုံတွင် ပြိုင်ဘက်ကင်း၏။ သို့သော်လည်း ဓားတောင်ကုန်းမှ ကျင့်ဝူနှင့် အပြစ်ခုနစ်ပါးတို့ သည်နေရာတွင် ရောက်ရှိနေကြသည်။ ထို့အတူ ဒွန်ချန်းနှင့် တိဟောက်တို့လည်း ရှိကြသည်။ ထိုမျှသောသာ ပါရမီရှင်များ ရှိနေချိန်တွင် ရီဖူရှင်း၏ တည်ရှိမှုမှာ သိပ်မသိသာတော့။
လီစွမ်းက ခေါင်းညိတ်ကာ ပြုံးလျက်ပြောသည် … “ဒီနေ့က ရှားပါးတဲ့ အခွင့်အရေးပဲ။ ဓားတောင်ကုန်းက မင်းအတွက် ရောက်လာခဲ့တယ်။ လက်ရှိမှာ ငါတို့က အကောင်းဆုံး ဓားသမားနှစ်ယောက်ကို မြင်တွေ့နေရတယ်။ မင်းအတွက် သူတို့ဆီက နည်းနာခံယူသင့်တယ်”
“ကျုပ်က အရှင်မင်းသားပြောတာကို သဘောမတူပါဘူး” ရီဖူရှင်းက ဆိုသည်။
“ဘာလို့လဲ” လီစွမ်းက မေးသည်။
“အရှင်မင်းသားက ကျင့်ဝူနဲ့ အပြစ်ခုနစ်ပါးတို့က တာလီရဲ့အကောင်းဆုံး ဓားသမားလို့ ပြောတယ်။ ဓားတောင်ကုန်းရဲ့ ပထမဓားနဲ့ အပြစ်ခုနစ်ပါးတို့က အားကောင်းတယ် ဆိုပေမဲ့ သူတို့က အတော်ဆုံးတော့ မဟုတ်ဘူး။ တကယ်လို့ အရှင်မင်းသားက ရှန့်ထိုအဆင့် အောက်မှာ အတော်ဆုံး ဓားသမားကို ပြောရမယ်ဆိုရင် ကျုပ်လည်း အပါအဝင် ဖြစ်လိမ့်မယ်။ ပြီးတော့ အပြစ်ခုနစ်ပါးရဲ့ဓားမှာ ကြီးမားတဲ့ အားနည်းချက် တစ်ခုရှိတယ် “ ရီဖူရှင်းက ပြောသည်။
“ဟင်” သူ၏စကားကို ကြားလျှင် လီစွမ်းက အံ့အားသင့် သွားသည်။ အပြစ်ခုနစ်ပါး၏ ဓားပညာကို အားလုံးက မြင်တွေ့ခဲ့ကြ၏။ သူသည် အာကာသ လောကဓာတ်နှင့် ဓားပညာကို တွဲဖက် အသုံးပြုနိုင်သည်။ ကျားယဲ့ဓားပညာကား ပြိုင်ဘက်ကင်း၏။ သို့သော်လည်း သတ္တမဓားက အပြစ်ခုနစ်ပါး၏ဓားတွင် ကြီးမားသော အားနည်းချက် ရှိသည်ဟု ဆိုသည်။
လတ်တလော နာမည် ကျော်ကြားလာသော သတ္တမဓားကို အတော်များများက သိကြပြီးဖြစ်ကာ သူနှင့်အတူ တွဲဖက် သိမြင်လာရသည်ကား သတ္တမဓားသည် ဓားပညာ တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လေ့လာကာ အလွန်တရာ မောက်မာသည် ဟူ၏။
သူက အပြစ်ခုနစ်ပါး၏ ဓားပညာကို မြင်ပြီးဖြစ်သော်လည်း ထိုဓားပညာတွင် အားနည်းချက် ရှိသည်ဟု ဆိုသည်။ သတ္တမဓားက သူသည်သာ ဓားပညာတွင် အတော်ဆုံးဟု ပြော၏။ သို့သော်လည်း အများစု၏အမြင်တွင် သတ္တမဓားသည် ထူးချွန်သော်လည်း တာလီမှ အတော်ဆုံးများနှင့် ယှဉ်ရန်ကား လိုနေသေးပေသည်။
လီစွမ်းက ရီဖူရှင်းစကားကို ငြင်းပယ်ခြင်းမပြုဘဲ ပြောသည် … “ဒါဆိုလည်း မင်းရဲ့ဓားကို ကြည့်ရအောင် … ဘယ်လိုလဲ” ရီဖူရှင်းက လီစွမ်းအား ကြည့်သည်။
“အရှင်မင်းသားက မြင်ချင်မှတော့ ကျုပ်ကလည်း လိုက်နာရမှာပေါ့” ရီဖူရှင်းက ပြောကာ တောက်လီတောင်မှ အပြစ်ခုနစ်ပါးအား ကြည့်ကာ ပြောသည် … “သတ္တမဓားက ခင်ဗျားဆီက တစ်ကွက် နှစ်ကွက်သင်ယူချင်ပါတယ်”
အပြစ်ခုနစ်ပါးက ရီဖူရှင်းအား ကြည့်သည်။ သူက ရီဖူရှင်းအား မသိပေ။ သူက တာလီကျောင်းတော်သို့ လာရောက်ကာ စိန်ခေါ် တိုက်ခိုက်ခဲ့ကာ သည်လူက မိမိ၏ ဓားပညာတွင် ကြီးမားသော အားနည်းချက် ရှိသည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် သူက ထိုစကားမှာ အဓိပ္ပာယ်မရှိဟု ယူဆသည်။
အပြစ်ခုနစ်ပါးက ရီဖူရှင်းအား ကြည့်သည်။ သူက စကားလည်း မပြောသလို ရှေ့သို့လည်း ထွက်လာခြင်း မရှိပေ။ လူအများအပြားက တောက်လီတောင်မှ အပြစ်ခုနစ်ပါးအား ကြည့်နေကြသည်။
ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ အပြစ်ခုနစ်ပါးက စိန်ခေါ်မှုကို လျစ်လျူရှုထားသည်။ သူကစိန်ခေါ်မှုကို လက်ခံရဲသောကြောင့် မဟုတ်ဘဲ ရီဖူရှင်းသည် သူနှင့်တိုက်ခိုက်ရန် မထိုက်တန်ဟု ယူဆ၍သာဖြစ်သည်။ သူကား ရီဖူရှင်းပြောသည်ကို မကြားသည့်ပုံပါပေ။
တောက်လီတောင်မှ တန်ခိုးရှင်များကလည်း ရီဖူရှင်းအား ကြည့်ကြသည်။ မည်သူမှ ဘာမှ မပြောပေ။ တိတ်ဆိတ်ခြင်းကား လူအတော် များများကိုပင် မသက်မသာ ခံစားရစေသည်။ ရီဖူရှင်းက အပြစ်ခုနစ်ပါးအား ဝေဖန်ရဲရာ တောက်လီတောင်မှ တန်ခိုးရှင်များကလည်း အထင်သေး အမြင်သေး ဆက်ဆံခြင်းမှာ သဘာဝကျပေသည်။
လူအများအပြားမှာ မူမမှန်သော အခြေအနေအတွက် ကသိကအောက် ခံစားလာကြရသည်။ အောက်ဘုံမှ နံပါတ်၁ ဓားသမားကား သေချာပေါက် အဆင့်မမီပေ။ သူက အပြစ်ခုနစ်ပါးအား ကိုယ်တိုင် စိန်ခေါ်စကား ဆိုသည့်တိုင် တစ်ဖက်လူက အရေးမလုပ်ပေ။ ထိုအရာက တွေ့ဆုံပွဲအား အရှက်ရဖွယ် အခြေအနေကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း မည်သူမှ ဘာမှ မပြောကြပေ။ သတ္တမဓားက သည်အခြေအနေကို မည်သို့ ဖြေရှင်းမည်နည်း။
လီစွမ်းက ရီဖူရှင်းအား ကြည့်သည်။ သူ၏မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ လက်ရှိရီဖူရှင်း၏ အခြေအနေကား အရှက်ရဖွယ်ရာ ဖြစ်၏။ အရိပ်ရှန့်ထိုဓားက ကျင့်ဝူအား စေလွှတ်ကာ လက်ရှိ အခြေအနေအား ဖြေရှင်းရမည်လား စဉ်းစားနေသည်။
သတ္တမဓားကား ဓားပညာ တစ်ခုတည်းကိုသာ လိုက်စားကာ အလွန် မောက်မာပေသည်။ သူသည် အောက်ဘုံတွင် မောက်မာနိုင်သော်လည်း အထက်ဘုံတွင်ကား သူ၏အပြုအမူက အနည်းငယ် လွန်ကဲနေပေသည်။
ရီဖူရှင်းကလည်း သူလျစ်လျူရှု ခံနေရသည်ကို နားလည်။ သို့သော် သူက မည်သို့မှ မခံစားရပေ။ သည်ကဲ့သို့ လျစ်လျူရှုခံရခြင်းကား သိပ်ထူးဆန်းသော ကိစ္စမဟုတ်ပေ။
“သတ္တမဓားက တောက်လီတောင်ကို စိန်ခေါ်ပါတယ်” ရီဖူရှင်းက အပြစ်ခုနစ်ပါးအား စိန်ခေါ်ခြင်းအစား တောက်လီတောင် နာမည်ကို သုံးလိုက်သည်။ သည်နည်းဖြင့် တောက်လီတောင်မှ မည်သူမဆို သူ၏စိန်ခေါ်မှုအား လက်ခံနိုင်ပေသည်။
တောက်လီတောင်မှ လူများက သူ့အား ကြည့်လျှင် ရီဖူရှင်းသည် ဘာမှ မဖြစ်သည့်အလား ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့ရ၏။
တောက်လီတောင်ဘက်မှ ကြီးထွား သန်မာသော လူငယ်တစ်ယောက် ရှေ့သို့ တက်လာသည်။ ယနေ့ တောက်လီတောင်က တာလီကျောင်းတော်သို့ ရည်ရွယ်ကာ ရောက်လာခြင်း ဖြစ်သော်လည်း ရီဖူရှင်းက သူတို့အား လာရောက် နှောင့်ယှက်နေမှတော့ သူကလည်း ရှင်းလင်းပေး ရပေမည်။
လူငယ်က ရှေ့သို့ တက်လာလျှင် မိမိကိုယ်ကိုယ်ပင် မိတ်ဆက်ခြင်းမပြုဘဲ အားကောင်းသော အရှိန်အဝါအား ထုတ်လွှတ်သည်။
“မင်း အဆင်သင့် ဖြစ်ပြီလား” ရီဖူရှင်းက မေးသည်။
“တိုက်ပါ” တစ်ဖက်လူက အေးစက်စွာ ပြောသည်။
ရီဖူရှင်းက လက်ကို ဆန့်ထုတ်လိုက်လျှင် ဓားအားလှိုင်းများ စတင် ဖြစ်ပေါ်လာသည်။ အားလှိုင်းများသည် ဧရာမဓားကြီးအသွင် ပြောင်းသွားပြီး ပြင်းထန်စွာ လည်ပတ်လျက် တစ်ဖက်လူထံသို့ တိုးဝင်သွားသည်။ တောက်လီတောင်မှ တန်ခိုးရှင်များက အံ့အားသင့် သွားကြသည်။ သည်ဓားသမားကား အားနည်းဟန် မရှိပေ။
တောက်လီတောက်မှ တန်ခိုးရှင်ကလည်း လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်လျှင် ရွှေရောင် လေးထောင့် ကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ရီဖူရှင်းက ဓားတစ်လက်နှင့်အတူ ရောက်လာကာ ရှေ့သို့လက်ကို တွန်းလိုက်သည်။ ဓားရောက်လာသည်တွင် ကျယ်လောင်သော အသံနှင့်အတူ လေးထောင့် ကွန်ရက်ကြီးသည် ပေါက်ကွဲကာ ယိုယွင်းသွားသည်။ ဧရာမဓားကြီးသည် အရှိန်အဟုန် ကြီးစွာဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။ လူငယ်က ဒေါသတကြီး မာန်သွင်း အော်ဟစ်သည်။ သူ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ ရှေ့သို့ တက်လာသည်။ သူ၏သက်စောင့် ဝိညာဉ်နှင့်အတူ ရွှေရောင်ဆင်ကြီး တစ်ကောင် ပေါ်လာသည်။ သူ၏ လက်နှစ်ဘက်မှ ခွန်အားသည် လေပွေမုန်တိုင်းအလား ပြင်းထန်စွာဖြင့် တိုးဝင်လာခဲ့သည်။
ရီဖူရှင်းက တစ်ဖက်လူ၏ ကြိုးစား အားထုတ်မှုကို လျစ်လျူရှု ထားသည်။ သူက လက်ကို ဆန့်တန်းကာ ဓားကို ဆက်လက်၍ တွန်းသည်။ အရာအားလုံးမှာ ပေါက်ကွဲပျက်စီး သွားရပြီး ဓားသည် ရှေ့သို့ ဆက်လက် ဖိအားပေး လာခဲ့သည်။ သူက အားကုန်ထုတ်ကာ ခုခံသော်လည်း အရာမဝင်ပေ။ လူငယ်၏ ခြေထောက်သည် မြေပြင်တွင် နစ်ဝင်လာခဲ့ကာ သူ၏ခြေနှင့် လက်များသည် ကြီးမားသော ဖိအားများကြောင့် အသားများ ကွဲအက် ပေါက်ကွဲတော့မည် ကဲ့သို့ပင် ဖြစ်လာသည်။ အရိုးများ ကွဲအက်သံသဲ့သဲ့ကို အဝေးမှပင် ကြားလာရရာသည့်အတိုင်း ဆက်သွားပါက သူကား မကြာခင် ကြီးမားသော အန္တရာယ်နှင့်ပင် ရင်ဆိုင်ရဖွယ် ရှိနေသည်။ သို့သော်လည်း ရီဖူရှင်းကား ပြင်းထန်စွာ တိုက်ခိုက်နေဟန်ပင် မရှိဘဲ သူက လက်တစ်ဖက်ကို နောက်တွင် ပိုက်ထားကာ လက်တစ်ဖက်တည်း ဖြင့်သာ ဓားကို အသာအယာ တွန်းထား၏။
“တော်လောက်ပြီ” အသံတစ်သံအား ကြားရလျှင် ရီဖူရှင်းက နောက်လှည့်ကာ တောက်လီ တောင်ကုန်းဘက်မှ လူများသို့ ကြည့်သည်။ ထိုနေရာမှ အပြစ်ခုနစ်ပါးသည် ရှေ့သို့ ထွက်လာကာ ရီဖူရှင်းအား ကြည့်သည်။ သူ၏အမူအရာကား ဓားတစ်လက်အလား ထက်ရှသည်။ သိသာစွာပင် သည်တိုက်ပွဲတွင် ရီဖူရှင်း၏ကြီးမားသော စွမ်းအားကို သူမြင်ခဲ့၏။
ရီဖူရှင်းက ပြိုင်ဘက်အား လွှတ်ပေးလိုက်ကာ ဓားကို သိမ်းဆည်း လိုက်သည်။ ထို့နောက် အပြစ်ခုနစ်ပါးထံသို့ လှမ်းသွားလိုက်ကာ မျက်နှာချင်း ဆိုင်သည်။
“ကျုပ်ရဲ့ဓား … ဘာဖြစ်လို့လဲ” အပြစ်ခုနစ်ပါးက မေးသည်။
“ခင်ဗျား အဆင်သင့် ဖြစ်ပြီလား” ရီဖူရှင်းကလည်း ထပ်မေးသည်။
အပြစ်ခုနစ်ပါးက မျက်မှောင်ကြုတ် လိုက်ကာ ပြန်ပြောသည် … “အဆင်သင့်ပဲ”
သူက ဘာမှ ပြင်ဆင်ရန် မလိုပေ။ သူ့ဓားအသိသည် ကောင်းကင်ထက်သို့ တက်သွားကာ ကျားယဲ့ဓား ဖြစ်ပေါ်လာသည်။ သူက ဓားကို ဖွဲ့စည်းခြင်း၌ အာရုံစိုက်နေသော အချိန်တွင်ပင် ရီဖူရှင်းသည် အလင်းတန်း အသွင်သို့ ပြောင်းလဲသွား၏။ အပြစ်ခုနစ်ပါးက သူ၏စိတ်ဝိညာဉ်မှာ ပိတ်ဆို့ခြင်း ခံရသည်ဟု ခံစားရသည်။
ရီဖူရှင်း၏ လက်ထဲတွင် ဓားတစ်လက်ရှိကာ သာမန်ပုံစံ ဓားတစ်လက်သာ ဖြစ်သည်။ သို့သော်လည်း ဓားကို ဝှေ့ယမ်း လိုက်သောအခါ ကောင်းကင်နှင့်မြေပြင် အကြား ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဓားဖြတ်သန်း သွားသည့် နေရာတိုင်း၌ အရာရာမှာ ပျက်စီးသွားရ၏။
“အရမ်း မြန်တယ် …” မျက်လုံး တစ်မှိတ်အတွင်း သူတို့က အပြစ် ခုနစ်ပါးထံတွင် ဓားအသိများ စီးဆင်းနေသည်ကို မြင်ကြရ၏။ သူသည်လည်း မူလနေရာမှ ပျောက်ကွယ် သွားကာ အလင်းတန်း အသွင်ဖြင့် လေထဲ ဝင်ရောက် သွားသည်။
ထိုအခိုက်တွင် လူတိုင်းက မျက်တောင်များအား ကွေးညွတ် လိုက်ကြသည်။ ရီဖူရှင်းလည်း ပျောက်ကွယ် သွားသည်ကို သူတို့မြင်ကြသည်။ လေထဲတွင် ရီဖူရှင်း၏ ဓားကား လှုပ်ရှားနေဆဲ ဖြစ်သည်။ ဓားသည် လေထဲတွင် ပျံသန်းကာ အပြစ်ခုနစ်ပါးထံသို့ ဦးတည်နေဟန် ရသည်။
အပြစ်ခုနစ်ပါးအား လှည့်ပတ်နေသော ဓားသည်လည်း အလွန် အားကောင်းပေသည်။ ဓားသည် စူးရှသော အသံနှင့်အတူ ရီဖူရှင်းထံသို့ သတ်ဖြတ်ရန် တိုးဝင်လာခဲ့၏။ သို့သော်လည်း ရီဖူရှင်းအားလည်း အလွန်တရာ ပြင်းထန်သော မုန်တိုင်းများ ရစ်ပတ်ထားသည်။
ဝှစ် …
အပြစ်ခုနစ်ပါးသည် သူရပ်နေရာမှ ပျောက်ကွယ် သွား၏။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းလည်း ပျောက်ကွယ် သွားသည်ကို အားလုံးက မြင်ကြရသည်။ အားလုံး၏ မျက်လုံးများသည် တိုက်ပွဲကို သေချာစွာ ကြည့်နေကြ၏။ သူတို့က ဓားတစ်လက်ကို မြင်သည်။ ဓားကား တခြားသော သီးသန့်နယ်တစ်ခုမှ ရောက်လာဟန်ရပြီး လေထဲတွင် ဓာအလင်း တစ်ချက်ဖြစ်သွားကာ လေဟာနယ်ကို ဖြတ်သန်းသွား၏။ ဓားအလင်းမှ ပုံသဏ္ဌာန်နှစ်ခုကို ရေးရေးမျှ မြင်နိုင်၏။ အရာအားလုံးမှာ တခဏအတွင်း ဖြစ်ပျက်သွားခဲ့ကာ ကောင်းကင်နှင့်မြေပြင် အကြားတွင် ထိုဓားတစ်လက်သာ ရှိဟန်ရသည်။
ထိုအခိုက်တွင် လူနှစ်ယောက် တစ်ချိန်တည်းတွင် ပေါ်လာသည်။ ရီဖူရှင်းက လေထဲတွင် ရပ်နေပြီး အပြစ်ခုနစ်ပါးကား မြေပြင်ပေါ်၌ ဖြစ်သည်။ သူ၏လက်မှ ဓားကား ကျိုးပျက်နေ၏။ ထိုအခိုက်တွင် အပြစ်ခုနစ်ပါး၏ဓားမှာ အပြည့်အဝ ပုံစံမဝင်ခဲ့ခြင်း ဖြစ်ဟန်ရပြီး သူ့မျက်နှာမှာလည်း ပြာနှမ်းနေသည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ကြည့်နေသူများ အားလုံးမှာလည်း ထိတ်လန့် သွားကြသည်။
ဓားတစ်ချက်တည်း …
လေထဲမှ လှပသော မြင်ကွင်းသည် ဓားတစ်ချက်တည်းသာ ဖြစ်၏။
တာလီတွင် အကောင်းဆုံး ဓားသမားတစ်ဦး ဖြစ်သော အပြစ်ခုနစ်ပါးသည် သူ၏ဓားအား ဖြတ်တောက်ခြင်း ခံရ၏။
ဒါ … တောက်လီတောင်မှ လူများက စိုးရိမ်ပူပန်စွာဖြင့် အပြစ်ခုနစ်ပါးအား ကြည့်ကြသည်။
“ခင်ဗျားရဲ့ဓားက ကြီးမားတဲ့ အားနည်းချက် ရှိတယ်လို့ ကျုပ်ပြောခဲ့တယ်” ရီဖူရှင်းက ပြောသည်။ ကျားယဲ့ဓားကား တိုက်ပွဲ ကြာလာသည်နှင့်အမျှ ပိုမို အားကောင်းလာသည်။ သို့သော်လည်း ကျားယဲ့ဓားသည် ဓားဖွဲ့စည်းရန် အချိန်လိုပေသည်။ သိသာစွာပင် ရီဖူရှင်းက ထိုအချိန်အား မပေးခဲ့ပေ။ ပထမဆုံး ဓားချက်တွင်ပင် သူက တိုက်ပွဲကို အဆုံးသတ်ခဲ့၏။
***