Switch Mode

အပိုင်း (၁၁၁၇)

ကျားယဲ့ဓား

ကောင်းရှောင်၏ တိုက်ခိုက်မှုသည် အလွန်ကြမ်းတမ်း၏။ သူ့လှုပ်ရှားမှုများအား မြူများက ကန့်သတ်ထားကာ ရေအချုပ်အနှောင်၏ ပိတ်ဆို့မှုဖြင့်ပင် သူသည် ရန်သူထံသို့ တိုးဝင်နိုင်သည်။ သူ့ခန္ဓာကိုယ်အား ဗဟိုပြုကာ ဧရာမတောက်ဝူသားရဲသည် ရုန့်ရင်းစွာဖြင့် မြူများအား တိုက်ခိုက်ဖျက်ဆီး၏။ သူ၏ထက်ရှသော လက်သည်များသည် သူ့ရှေ့တွင် ကာဆီးထားသမျှသော အတားအဆီးများအား ဖျက်ဆီးလိုဟန်ရသည်။

ချင်းချန်သည် ငြိမ်သက်စွာပင် ထိုင်နေ၏။ ပုံရိပ်ယောင်ကမ္ဘာထဲတွင် သူသည် ပင်လယ်ရေကြမ်းပြင်တွင် ထိုင်နေသည့်အလား ထင်မှတ်ရသည်။ သူက အပေါ်ကို မော့မကြည့်ဘဲ ကြိုးများကိုသာ တီးခတ်နေခဲ့ကာ လှိုင်းလုံးများအား ကောင်းရှောင်ထံသို့ ရိုက်ခတ်စေသည်။ ချင်းချန်ထံသို့ နီးကပ်လာသည်နှင့်အမျှ ကောင်းရှောင်ရင်ဆိုင်ရသော အားလှိုင်းများမှာလည်း ပိုမိုပြင်းထန်လေဖြစ်သည်။ သို့တိုင်အောင် ကောင်းရှောင်၏ပြင်းထန်သော တိုက်ခိုက်မှုများအား အလုံးစုံ တားဆီးရန် မဖြစ်နိုင်ပေ။ ထိုအခိုက်တွင် ရေများသည် ပြင်းထန်စွာ လှုပ်ခတ်လာခဲ့ကာ ရေနဂါးတစ်ကောင် ဖြစ်ပေါ်လာပြီး မြွေလိမ်မြွေကောက်ပုံစံဖြင့် ကောင်းရှောင်ထံသို့ တိုးဝင်သွားသည်။ ပြင်းထန်သော ရင်ဆိုင်မှုတွင် ကောင်းရှောင်သို့ နောက်သို့ အဆက်မပြတ် ဆုတ်သွားရ၏။

“ကောင်းရှောင် ရှုံးတော့မယ်” လူအများအပြားက တိတ်တဆိတ် တွေးမိကြသည်။ ချင်းချန်၏သံစဉ်သည် ကောင်းရှောင်၏ တိုက်ခိုက်ရေးစွမ်းအားကို အဆက်မပြတ် ယုတ်လျော့စေသည်။ တိုက်ပွဲအစ၌ ကောင်းရှောင်သည် အနိုင်ရရန် အခွင့်အလမ်း အများဆုံးဖြစ်သည်။ တဖြည်းဖြည်းဖြင့် တိုက်ပွဲကြာလာသောအခါ သူ၏အခွင့်အရေးမှာလည်း တဖြည်းဖြည်း မှေးမှိန်လာတော့၏။

အားလုံး ထင်မှတ်ထားသည့်အတိုင်းပင် တိုက်ပွဲမှာ သိပ်တာရှည်မခံလိုက်ပေ။ အားလုံးထင်မှတ်ထားသည့်အတိုင်းပင် တိုက်ပွဲက သိပ်မကြာလိုက်ဘဲ ပြီးဆုံးခဲ့သည်။ ချင်ချန်း၏သံစဉ်များအကြားတွင် ကောင်းရှောင်မှာ တဖြည်းဖြည်း နစ်မြုပ်သွားရပြီး အဆုံးသတ်၌ မည်သို့မှ မတတ်နိုင်ဘဲ အရှုံးပေးလိုက်ရတော့သည်။

“ကျေးဇူးတင်ပါတယ်” ချင်းချန်က သက်စောင့်ဝိညာဉ်အား သိမ်းလိုက်ကာ တောက်လီတောင်မှ တန်ခိုးရှင်များအား ဦးညွှတ် အရိုအသေပေးလျက် တာလီကျောင်းတော် တပည့်များ အကြားသို့ ပြန်သွားခဲ့သည်။

ကောင်းရှောင်၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး သူ၏ပါးစပ်ထောင့်တွင် သွေးများ ထွက်နေသည်။ သူကလည်း တောက်လီတောင်ကုန်းမှ တပည့်များ အကြားသို့ ပြန်သွားသည်။

“မင်း နားလည်ပြီလား …” တောက်လီတပည့်များထဲတွင် တိဟောက်ဘေး၌ ရပ်နေသော လူငယ်တစ်ယေက်က ကောင်းရှောင်အား မေးသည်။ ကောင်းရှောင်က သူ့အား ဦးညွှတ်၏။ စစ်မြေပြင်တွင်ကား ရှုံးနိမ့်ခြင်းသည် သေဆုံးခြင်းဖြစ်၏။ သူကား တောက်လီတောင်ကုန်း အတွက် ပထမဆုံး တိုက်ခိုက်သူဖြစ်ရာ သူ၏အရှုံးသည် အရှက်ရဖွယ်ရာ ဖြစ်၏။

“စစ်မြေပြင်မှာ မင်းက ရဲရဲဝံ့ဝံ့နဲ့ စစ်သည်တစ်ထောင်ကို ရင်ဆိုင်ရဲတယ်။ ဒါပေမဲ့ အစကတည်းက တာလီကျောင်းတော်က ချင်းချန်ဟာ မင်းရဲ့စွမ်းရည်တွေကို ထိန်းချုပ် ကန့်သတ်နိုင်ခဲ့တယ်။ မင်းက တိုက်ခိုက်ရေးစွမ်းအား အရမ်းကောင်းပေမဲ့ စွမ်းအားကုန် ထုတ်သုံးနိုင်စွမ်း မရှိခဲ့ဘူး။ တောက်လီတောင်ကို ပြန်ရောက်တဲ့အခါ မင်းက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုတယ်။ စဉ်းစားဉာဏ်မဲ့တဲ့ သတ္တိက မိုက်မဲခြင်းပဲ။ သေခြင်းရှင်ခြင်း တိုက်ပွဲတွေအပြင် မင်းက လိုအပ်တဲ့ ပညာရပ်တွေကိုလည်း ပိုပြီး လေ့လာဖို့တယ်” လူငယ်က ဆက်လက်၍ သင်ကြားပေးသည်။

လူအများအပြားက လူငယ်အား အံ့အားသင့်စွာ ကြည့်ကြသည်။ သူပြောသလို ဆိုပါက သည်တိုက်ပွဲသည် စမ်းသပ်မှုတစ်ခုသာ ဖြစ်ပြီး တကယ့်စိန်ခေါ်မှု မဟုတ်ပေ။ သူက သည်တိုက်ပွဲကို အခြေခံကာ ကောင်းရှောင်အား သင်ကြားပေးသည်။

“ဟုတ်ကဲ့ပါ စီနီယာ” ကောင်းရှောင်က ဦးညွှတ်သည်။ သူကား ထိုလူငယ်အပေါ်တွင် အလွန် လေးစားဟန်ရသည်။

ထို့နောက် လူငယ်က ရှေ့သို့တက်လာလျှင် လူအများအပြား၏မျက်လုံးများက သူ့ထံသို့ ရောက်လာကြသည်။ သူကား ကောင်းရှောင်ထက်ပင် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိပြီး ခေါင်းတစ်လုံးခန့် ပိုမြင့်သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများသည် အလွန်တရာ နက်ရှိုင်းသည်။ သူကား တောက်လီတောင်မှ တိဟောက်နှင့် ဘေးချင်းယှဉ်ကာ ရပ်ရာ သူ၏အဆင့်အတန်းကို မပြောဘဲ သိနိုင်ပေသည်။

“တောက်လီတောင်ကုန်းရဲ့ အပြစ်ခုနစ်ပါးက ဓားပညာကို လေ့ကျင့်ပြီးတော့ ရှန့်ထိုတစ်ဝက်အဆင့်ကို ရောက်နေပါပြီ။ ခင်ဗျားတို့ကို တွေ့ရတာ ဝမ်းသာပါတယ်” သူ၏အသံနှင့်အတူ မမြင်ရသော ဓားအသိတစ်ခုသည် ပတ်ဝန်းကျင်အား ရိုက်ခတ်လာခဲ့၏။ ဓားသည် အေးစက်ကာ ထက်ရှသည်။ သူက တည်ငြိမ်စွာ ရပ်နေသောလည်း သူ့ထံမှ အလွန်တရာ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များအား ခံစားကြရ၏။ တာလီကျောင်းတော်မှ လူများ၏မျက်နှာမှာ နက်မှောင် သွားကြသည်။ သည်လူကား အလွန်တရာ အားကောင်းဟန် ရနေသည်။

ထို့အပြင် သူက မိမိကိုယ်ကို မိတ်ဆက်သော အခါတွင်လည်း ရှန့်ထိုတစ်ဝက်သို့ ရောက်နေပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ သူက တစ်ဖက်လူများ သိရှိခံစားနိုင်သော ကိုယ်ရောင်ကိုယ်ဝါအား ထုတ်လွှတ်ခဲ့၏။ သည်နည်းဖြင့် တာလီကျောင်းတော်က ပြိုင်ဘက်ကောင်းအား စေလွှတ်ကာ စိန်ခေါ် စေနိုင်ပေသည်။

ဓားတောင်ကုန်းမှ လူများပင် လူငယ်ကို အာရုံစိုက်ကာ ကြည့်ကြသည်။ သူ ထုတ်လွှတ်ခဲ့သော ဓားအသိသည် အလွန် အားကောင်း၏။

ဓားပညာကို လေ့ကျင့်သော အပြစ်ခုနစ်ပါး …။ သူကား နန်းမြို့တော်တွင် ဂုဏ်သတင်းလုံးဝ မရှိသောသူ ဖြစ်သည်။ သည်မတိုင်ခင်က သူတည်ရှိမှန်းကို မည်သူမှ မသိခဲ့ကြ။ သူ့ကိုထား … တိဟောက်ကိုပင် ဘုရင်ခံထန်တောက်က မွေးစားခဲ့၍ လူအများက သတိထားမိခဲ့ကြခြင်း ဖြစ်သည်။

တာလီပြည်ထောင်မှ လူများအားလုံးသည် တောက်လီတောင်ထက် တာလီကျောင်းတော်ကို ပိုမို၍ သတိထား ကြည့်ရှုကြပေသည်။ တာလီကျောင်းတော်တွင် မရေမတွက်နိုင်သော တပည့်များရှိပြီး သူတို့အားလုံးမှာ ပြည်ထောင်၏ အတော်ဆုံးလူငယ်များ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ရှန့်ထိုတစ်ဝက်အဆင့်သို့ ရောက်နေသူများလည်း ရှိကြပေသည်။ ပုံမှန်အားဖြင့် တိဟောက်က တိုက်ပွဲထဲ မဝင်လာသေးလျှင် ဒွန်ချန်းလည်း ဝင်လာမည် မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သူ ထွက်လာမည်နည်း။

ထိုအချိန်တွင် တာလီကျောင်းတော်မှ တပည့်တစ်ယောက် ရှေ့သို့ ထွက်လာသည်။ သူကား ရွှေရောင်ဝတ်စုံကို ဝတ်ထားကာ လွန်စွာ ပိန်သည်။ သူက ကွင်းထဲကို ဝင်လာလျှင် အပြစ်ခုနစ်ပါးထံမှ ထွက်ပေါ်လာသော ဓားအသိကို ခံစားရသော်လည်း သူ၏ခြေလှမ်းများ မတည်မငြိမ် ဖြစ်ခြင်း မရှိပေ။ သူ့ထံမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး မမြင်ရသော အားလှိုင်းများအဖြစ် ပြောင်းလဲစေကာ အပြစ်ခုနစ်ပါးထံသို့ ဖိအားများ ပြန်ပေးသည်။

“ကျောကျုံး …” သူပေါ်လာသည်ကို လူအများက သိပ်မအံ့ဩကြပေ။ “ဒွန်ချန်းနှင့် ကျောကျုံးတို့သည် ရှန့်ထိုအဆင့်နှင့် အနီးဆုံး ရောက်နေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန် အကဲဖြတ် စစ်ဆေးပွဲ၌ ဒွန်ချန်းသည် ပထမ ရခဲ့ကာ ကျောကျုံးသည် ဒုတိယ ရခဲ့၏။

“ကျောကျုံး … တာလီကျောင်းတော်ရဲ့ တပည့်က ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်” ကျောကျုံးက ပြောသည်။ ပြောရင်းဆိုရင်းဖြင့်ပင် သူ့ထံမှ ဖိအားသည် တစ်ဖက်လူထံသို့ ရိုက်ခတ်သွားသည်။ သူတို့အချင်းချင်း တိုက်ခိုက်ခြင်း မပြုကြသေးသော်လည်း လေလှိုင်းများမူကား လှုပ်ခတ်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်မှ တန်ခိုးရှင်များပင်လျှင် ဖိအားကို ခံစားကြရ၏။

ဓားအသိကား ရူးသွပ်စွာ ဖြစ်တည် လာနေခဲ့ကာ အားလုံးက အပြစ်ခုနစ်ပါး၏ လှိုင်းထနေသော ဓားအသိများ ဖြစ်ပေါ်လာနေသည်ကို မြင်ကြသည်။ ထိုအရာများကား ဓားတစ်လက်၏ နောက်မှ ဖြစ်ပေါ်လာခဲ့ကာ ဓားသည် လေထဲတွင် အားလှိုင်းများကို ပြင်းထန်စွာ ထုတ်လွှတ်နေခဲ့သည်။ ဓားကိုယ်တိုင်က အလွန်တရာ ပါးလျနေခဲ့ကာ ထိတ်လန့်ဖွယ် ကောင်းအောင် လင်းလက်၏။

ဓားတောင်ကုန်းမှ လူများ၏ အမူအရာများက ထက်ရှသွားကြသည်။ အရိပ်ရှန့်ထိုဓားပင် ထိုဓားကိုမြင်ကာ အမူအရာ ပြောင်းလဲသွားသည်။

“ကျားယဲ့ဓား …”

ရုတ်တရက် များစွာသော လူများမှာ မှင်တက် သွားကြသည်။ ကျားယဲ့ဓားဟူသော နာမည်ကား တစ်ချိန်တစ်ခါက တာလီပြည်ထောင်တွင် ပြိုင်ဘက်ကင်း ဓားသမားဖြစ်ခဲ့သော ကျားယဲ့ရှန့်ထိုဓားသမားကို မူတည်၍ ဖြစ်လာခြင်းပင်။ နောက်ပိုင်းတွင် သူသည် ပျောက်ကွယ်သွားခဲ့ပြီး သူ၏ဓားပညာသည်လည်း သူနှင့်အတူ နစ်မြုပ်သွားခဲ့သည်။ ယခု အပြစ်ခုနစ်ပါး၏ လက်ထဲတွင် ကျားယဲ့ဓားကို သူတို့ ပြန်လည် မြင်တွေ့ကြရ၏။ ဓားကား သစ်ရွက်ကဲ့သို့ ပါးလျကာ သစ်ရွက်ပုံစံ အသွင်ကိုလည်း ဝေဝေဝါးဝါး မြင်တွေ့ကြရ၏။ ဓားသည် ပါးလျသော်လည်း ဓားအသိကား အလွန်တရာ အားကောင်းသည်။

“ပထမဓား …” အပြစ်ခုနစ်ပါးက တစ်ခွန်းပြောလျှင် ဓားသည် လျှပ်စီးအလား ထိုးတက်သွားသည်။ ထို့နောက် လေထဲတွင်ပင် ပျောက်ကွယ်  သွား၏။

ကျောကျုံးသည် တစ်ဖက်လူ၏ စွမ်းရည်ကို ခံစားမိဟန်တူသည်။ သူကလည်း သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ရာ သူ့နောက်တွင် ရှေးနတ်ဘုရားအလား ရွှေရောင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဒေါင် …

ကျယ်လောင်သော အသံသည် လေထဲ လှိုင်းထန်သွားခဲ့ကာ ပြင်းထန်သော မုန်တိုင်းက မရေမတွက်နိုင်သော လှံများအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ဓားသည် တိုက်ရိုက်အားဖြင့် လှံများအကြားမှ ထိတွေ့ ရင်ဆိုင်ခြင်းမရှိဘဲ ဖြတ်သန်းသွားခဲ့ကာ ကျောကျုံးထံသို့ အရှိန်အဟုန်အား စုစည်းလျက် တိုးဝင်သွားခဲ့သည်။

ဧရာမ လက်ဝါးပုံရိပ်ကြီးတစ်ခု ကျောကျုံးထံမှ ဖြစ်ပေါ်လာခဲ့ကာ ဓားထံသို့ ပြေးဝင်သွား၏။ လက်ဝါးသည် မုန်တိုင်းအလား လေထုကို လှိုင်းထန် သွားစေသည်။ သို့သော်လည်း ဓားကား ပါးလွှာသည်ထက်ပင် ပို၏။ အားလှိုင်းသည် မူလကတည်းက မရှိခဲ့သည့်အလား ရွှေရောင် လက်ဝါးကို တိုက်ရိုက် ထွင်းဖောက်ကာ ကျောကျုံးထံသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

ကျောကျုံး၏ ရွှေရောင်ခန္ဓာကိုယ်ထံမှ အလင်းတန်းများ ဖြစ်ပေါ်လာသည်။ အလင်းလှိုင်းများ ဖြာထွက်လာခဲ့လျှင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသော်လည်း ဓားသည် ထိုမုန်တိုင်းကို ဆက်လက် ထွင်းဖောက် လာခဲ့သော်လည်း ဓားသည် အားအင် ကုန်သွားဟန်ဖြင့် ရပ်တန့်သွားခဲ့သည်။

တာလီကျောင်းတော်မှ တပည့်များ၏ မျက်နှာမှာ သိပ်မကောင်း ကြတော့ပေ ကျောကျုံး၏ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့ အားလုံးမှာ တစ်ဖက်လူနှင့်ယှဉ်လျှင် အားနည်းကြောင်း သိသာနေသည်။ ကျောကျုံးက ဓားကို ဖမ်းဆုပ်လိုဟန်ဖြင့် လက်ဆန့်တန်း လိုက်သော်လည်း ဓားသည် ချက်ချင်း ကွယ်ပျောက်သွားကာ အလင်းတန်းအသွင်ဖြင့် ကျောကျုံး၏ ခန္ဓာကိုယ်အား လှည့်ပတ် သွားသည်။

လူအများအပြားက သတ္တမဓားအား ထပ်ကြည့်ကြသည်။ သူကား ဓားကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ ထိုမျှသာမက သူ့ရှေ့တွင် ဒုတိယမြောက်ဓားသည် ပေါ်ထွက် လာခဲ့ပြန်၏။

“ဒုတိယဓား …” သူ၏အသံနှင့်အတူ ဓားသည် ရန်သူထံသို့ လွင့်လာခဲ့ပြန်၏။ တစ်ချိန်တည်းမှာပင် တစ်ဖက်ကို ကျော်သွားသော ပထမဓားသည် နောက်ပြန်လှည့် လာခဲ့သည်။ ဓားနှစ်လက်သည် ကျောကျုံး ဆင့်ခေါ်ထားသော ရှေးနတ်ဘုရားအား အဆက်မပြတ် ဖြတ်တောက်ရန် ကြိုးစား ကြတော့သည်။

ဒေါင် …

ကျယ်လောင်သော အသံနှင့်အတူ ကျောကျုံးက ရှေ့သို့ လှမ်းလာခဲ့ကာ သူ့အား ဓားများ ဖြတ်တောက်သည့်တိုင် အပြစ်ခုနစ်ပါးထံသို့ တိုးဝင်လာခဲ့၏။ ရွှေရောင်လက်ဝါးကြီးသည် အပြစ်ခုနစ်ပါးထံသို့ ရိုက်ခတ်သွားခဲ့သည်။ သူ၏ ခြေလှမ်းကျဆင်း လာခဲ့လျှင် ကြီးမားသော ဖိအားသည် လေဟာနယ်တစ်ခုလုံးအား ဖိနှိပ်လာခဲ့သည်။

အပြစ်ခုနစ်ပါးက ထူးမခြားနားစွာ ရပ်သည်။ သူက သူ့ထံသို့ ကျဆင်းလာသော လက်ဝါးအား ထူးမခြားနားစွာ ကြည့်၏။ ထိုအခိုက်တွင် ဓားအသိသည် သူ့အား လှည့်ပတ်လာခဲ့ကာ လေဟာနယ်ကို ခွင်းသွားသည်။ ချက်ချင်းပင် အပြစ်ခုနစ်ပါးသည် ဖိအားကို လျစ်လျူရှုလျက် မူလနေရာမှ ကွယ်ပျောက်သွား၏။ ထို့နောက် ကျောကျုံး၏ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

“အာကာသဓား …” ကျားယဲ့ဓားသည် အာကာသ လောကဓာတ်အား နားလည်နိုင်သူသာ လေ့ကျင့်နိုင်၏။

“တတိယဓား …” ကျားယဲ့ဓားပညာ၏ သတ္တမဓားချက်သည် တစ်ဖက်လူထံသို့ ရိုက်ခတ်သွား၏။ ထိုအခိုက်တွင် ကျောကျုံး၏ ဧရာမခန္ဓာကိုယ်ကြီးထံမှ မရေမတွက်နိုင်သော လက်များ ဖြစ်ပေါ်လာကာ ရှေ့မှ လေဟာနယ်အား ဖမ်းဆုပ်သည်။ အပြစ်ခုနစ်ပါး၏ ခန္ဓာကိုယ်သည် တစ်ဖန် ပျောက်ကွယ် သွားခဲ့၏။ သို့သော်လည်း သူသည် ဓားများကို ထိန်းချုပ်ကာ ကျောကျုံးအား ဆက်လက်၍ ဖြတ်တောက်သည်။

တာလီကျောင်းတော်မှ တပည့်များ၏ အမူအရာမှာ လေးနက်နေကြသည်။ သည်အတိုင်း ဆက်သွားပါက ကျောကျုံးသည် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ သူတို့ထင်မှတ် ထားသည့်အတိုင်းပင် ကျားယဲ့ဓားက ဆယ့်သုံးကြိမ်မြောက် ထွက်ပေါ်လာသောအခါ ကြောက်မက်ဖွယ် မုန်တိုင်းသည် ကျောကျုံးအား ရစ်ပတ်သွားခဲ့သည်။ ထို့နောက် သူ၏ရွှေရောင် ကိုယ်ထည်ကြီး သည်လည်း အစိတ်စိတ် အပိုင်းပိုင်း ပြတ်တောက် သွားတော့သည်။

ဓား ၁၃လက်သည် ကျောကျုံးအား ရစ်ပတ်ထားခဲ့ကာ သူ့အား အချိန်မရွေး ဖြတ်တောက်နိုင်သော အခြေအနေသို့ ရောက်သွား၏။

တာလီကျောင်းတော်မှ ကျောကျုံးကား ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

လူအများအပြားက လေထဲမှ အပြစ်ခုနစ်ပါးအား ကြည့်ကြသည်။ တိဟောက်အပြင် သည်ကဲ့သို့သော စွမ်းအားမြင့်တန်ခိုးရှင် နောက်တစ်ယောက် ရှိခြင်းမှာ မထင်မှတ်ထားသည့်ကိစ္စ ဖြစ်သည်။

“အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ ကျားယဲ့ဓားပညာ ပြန်ပေါ်လာမယ်လို့ ဘယ်သူထင်မှာလဲ” အရိပ်ရှန့်ထိုဓားက ပြောသည်။

“သူက ကျင့်ဝူနဲ့ ယှဉ်နိုင်ပါ့မလား” လီစွမ်းက မေးသည်။

“သူက သေချာပေါက် ယှဉ်နိုင်လိမ့်မယ်” အရိပ်ရှန့်ထိုဓားက ခေါင်းညိတ်သည်။ ကျင့်ဝူကား တာလီဓားတောင်ကုန်း၌ နံပါတ်၁ ဓားသမား ဖြစ်သော်လည်း အပြစ်ခုနစ်ပါးသည် သူနှင့်ယှဉ်ရန် အရည်အချင်း ရှိပေသည်။

“ဒီနေ့ တွေ့ဆုံပွဲက ပိုစိတ်ဝင်စားဖို့ ကောင်းလာပြီ။ ဓားတောင်ကုန်းမှာ ကျားယဲ့ဓားနဲ့ယှဉ်ဖို့ တစ်စုံတစ်ယောက်ရှိဖို့ ကျုပ် မျှော်လင့်တယ်”

အရိပ်ရှန့်ထိုဓားက ကျင့်ဝူအား ကြည့်သလို ရီဖူရှင်းအားလည်း ကြည့်သည်။

ဓားတောင်ကုန်းက နန်းမြို့တော်သို့ လာရောက်ခြင်းမှာ သတ္တမဓားအား ခေါ်ယူနိုင်ရန် ဖြစ်သည်။ ယခု တောက်လီတောင်တွင်လည်း ကျားယဲ့ဓားပညာအား အသုံးပြသော အကောင်းဆုံး ဓားသမားတစ်ဦးအား သူတို့ တွေ့ကြရပြန်သည်။

လီစွမ်းက အရိပ်ရှန့်ထိုဓား၏ အကြည့်ကို သတိထားမိကာ ရီဖူရှင်းအား ရုတ်တရက် ပြောသည် … “ဓားတောင်ကုန်းက ဒီခရီးကို လာတာ သတ္တမဓား အတွက်ဆိုတာ ကျုပ်မေ့နေတယ်။ သတ္တမဓားဟာ အောက်ဘုံရဲ့ ပြိုင်ဘက်ကင်း ဓားသမားပဲ။ သတ္တမဓား … မင်းက ကျားယဲ့ဓားအပေါ် ဘယ်လိုမြင်လဲ”

***

Comment

Leave a Reply

Options

not work with dark mode
Reset