အပိုင်း (၁၁၁၅)

သိုသိပ်စွာနေခြင်း

တာလီကျောင်းတော်မှ တပည့်များ အားလုံးသည် အတူတူ စုစည်းနေခဲ့ကြကာ တွေ့ဆုံပွဲကို စောင့်ဆိုင်းနေကြ၏။ ကွင်းဘေးတွင် တပည့်အများအပြား ရှိနေကြပြီး အချင်းချင်း အေးအေးလူလူ စကားစမြည် ပြောဆိုနေကြသည်။

ကွင်းရှေ့တွင်ကား အကြီးအကဲများနှင့် ဧည့်သည်တော်များ ထိုင်ရန်အတွက် သီးသန့်နေရာ ထိုင်ခင်းများ စီစဉ်ထားပေသည်။ ယခု ထိုနေရာတွင် အကြီးအကဲတချို့ပင် ထိုင်နေကြပြီဖြစ်ကာ အဝေးသို့ မျှော်ကြည့် နေကြ၏။ ရန်ယွင်သည်လည်း ထိုအကြီးအကဲများနှင့်အတူ ထိုင်နေသည်။

လီယောင်နှင့် သူ့နောက်လိုက်များသည် အဝေးမှ ရောက်လာကြကာ ရန်ယွင်အား ဦးညွှတ်ကြသည်။ ရန်ယွင်ကား သည်တွေ့ဆုံပွဲကို တာဝန်ယူ စီစဉ်ရသူဖြစ်ရာ သူသည် အမြင့်ဆုံးသော နေရာတွင် ထိုင်ရပေသည်။

“ထိုင်ပါ အရှင့်သား …” ရန်ယွင်က အနည်းငယ် ပြုံးကာ ပြောသည်။ လီယောင်တို့က ခေါင်းညိတ်ကာ သူတို့အတွက် ပြင်ဆင်ထားသော နေရာများ၌ ထိုင်ကြသည်။ ထို့နောက်တွင် နန်းတွင်းမိသားစုမှ လူများနှင့် တခြားသော အရေးပါအရာရောက်သော ပုဂ္ဂိုလ်များစွာလည်း တဖြည်းဖြည်း ရောက်လာကြတော့သည်။

နန်းမြို့တော်တွင် အင်ပါယာလီ၏ ဆွေမျိုးသားချင်းများ များစွာ ရှိပေသည်။ အင်ပါယာကိုယ်တိုင်က ဘုရင်ခံဘွဲ့အား ပေးအပ်စေသော လူများအပြင် နန်းတွင်းမျိုးရိုးမှ ဆင်းသက်လာသူများလည်း ရှိကြပေသည်။

ထိုအခိုက်တွင် လူအများအပြားသည် တစ်စုံတစ်ယောက် အနီးတွင် ခြံရံနေကြ၏။ သူကား ရွှေရောင်ဝတ်စုံကို ဝတ်ထားကာ လီကျွမ်းသည် သူ့ဘေးတွင် ရပ်နေ၏။ လီဆူကား လီကျွမ်း၏ အစ်ကိုကြီးဖြစ်ကာ မင်းသားကြီး၏မြေးလည်း ဖြစ်သည်။ တစ်နေ့တွင် သူသည် မင်းသားကြီး၏နေရာကို ဆက်ခံရမည်ဟု ရည်မှန်းထားကြ၏။ နန်းတွင်း၌ မင်းသားကြီ၏ အဆင့်အတန်းမှာ လွန်စွာ မြင့်မားပေသည်။ မည်သို့ဆိုစေ သူကား အင်ပါယာ၏ ဦးရီးတော်ဖြစ်သည်။

ဘုရင်ထန်တောက်ကား အလွန် အားကောင်းပေသည်။ သို့သော် သူသည် အင်ပါယာ၏အစ်ကို ဖြစ်သည်။ တစ်နည်းအားဖြင့် သူနှင့် အင်ပါယာသည် ပို၍ သွေးနီးစပ်ပေသည်။ သို့သော်လည်း သူသည် အနောက်ဘက်ဒေသတွင်သာ နေထိုင်ရာ နန်းတွင်း၌ မင်းသားကြီး၏ ဩဇာမှာ ပိုမို၍ ကြီးမားခဲ့ရသည်။

ဘုရင်ခံလီသည်ကား ဘုရင်ခံတစ်ပါး ဖြစ်သော်လည်း လူအများက သူ့အား သိပ်ဂရုမစိုက်ကြပေ။ သူသည် ဘုရင်ခံလေးပါးထဲတွင် အားအနည်းဆုံးဖြစ်ကာ အဆင့်အတန်းလည်း နိမ့်ပေသည်။

နန်းတွင်း မိသားစုများအကြား ဆက်ဆံရေးမှာ ရှုပ်ထွေးသော်လည်း ထိုကိစ္စကို အင်ပါယာလီ ဂရုမစိုက်ပေ။ ထိုအရာကပင် ကျင့်ကြံခြင်းလောက ဖြစ်ပေသည်။ သူတို့က အင်အားများ မစုဖွဲ့လျှင် မည်သို့ ရပ်တည်နိုင်မည်နည်း။ တော်ဝင်မျိုးနွယ် တစ်ယောက်ယောက်က မသင့်တော်သော ကိစ္စတစ်ခုခုအား မကျူးလွန်သရွေ့ သူက ထိုအရေးများကို စိတ်ဝင်စားမည် မဟုတ်ပေ။

အင်ပါယာလီသည် ဘုရင်ထန်တောက်နှင့် နန်းတွင်း အကြံပေးတို့အကြား ပဋိပက္ခကိုပင် မေးမြန်းခြင်း မရှိပေ။ အနည်းငယ်သော ပြိုင်ဆိုင်မှုက သူ့အတွက် သိပ်မဆိုးသောကိစ္စ ဖြစ်ပေသည်။ ဘုရင်ခံထန်တောက်နှင့် နန်းတွင်းအကြံပေးတို့ သည်လည်း ဂုဏ်သရေ ကြီးမြင့်သူများ ဖြစ်ကြပေသည်။

“လီကျွမ်း … ပြီးခဲ့တဲ့တစ်ပတ်က မင်းလည်ပင်းကို တစ်စုံတစ်ယောက် ဓားနဲ့တေ့ခဲ့တယ်ဆို။ ရန်ယွင်သာ ရောက်မလာခဲ့ရင် မင်း အသတ်ခံရလိမ့်မယ်လို့ ကြားတယ်” အသံတစ်သံအား ကြားကြရသည်။ အားလုံးက အသံလာရာသို့ ကြည့်လိုက်ကြသည်။ စကားပြောလိုက်သူကား လီယောင်၏ဘေးမှ လူငယ်ဖြစ်သည်။ သူကား လီယောင်နှင့် ရုပ်ချင်းဆင်ကာ ကြီးမားသော အရှိန်အဝါရှိ၏။ သူ၏တန်ခိုးအဆင့်က သေချာပေါက် မြင့်မားပေသည်။

သူကား နောက်ထပ် မင်းသားတစ်ပါး ဖြစ်သော လီစွမ်းဖြစ်ကာ ရှန့်ထိုတန်ခိုးရှင်လည်း ဖြစ်၏။ သူ၏စကားတွင် သရော်လှောင်ပြောင်မှုများ ပါဝင်သည်။ လီကျွမ်းကား မျိုးဆက်တူ မင်းသားတစ်ပါး ဖြစ်သော်လည်း အချင်းချင်းတော့ ရင်းနှီးခြင်း မရှိကြပေ။

တစ်ဖက်လူ၏ရှေ့တွင် လီကျွမ်းသည် လွန်ကဲစွာ မောက်မာရဲခြင်း မရှိပေ။ သူက အနည်းငယ် အရှက်ရသွားဟန်ဖြင့် လီစွမ်းကို ဦးညွတ်ကာ ပြောသည် … “အစ်ကို .. ကျုပ်က အရမ်း ရက်ရောမိတာပါ”

“ဒါက မင်းရဲ့ မောက်မာမှုကြောင့်ပဲ မလား” လီစွမ်းက ပြုံးလျက်ပြောသည် … “သူက တာလီကျောင်းတော်ကို လမ်းစဉ် လာရောက်ရှာဖွေတယ်။ ဒါကို မင်းက သတ်ဖို့ကြိုးစားတယ်။ ဒါက ဘယ်လို စိတ်နေသဘောထားလဲ။ အဆုံးသတ်မှာတော့ သူက မင်းကို ဖမ်းဆီးခဲ့တာပဲမလား။ အဲဒါ ဘယ်လို ခံစားရလဲ”

လီကျွမ်းက ခေါင်းညိတ်သည်။ ထိုကိစ္စက အလွန်တရာ အရှက်ရဖွယ် ကိစ္စဖြစ်ခဲ့၏။

“အနာဂတ်မှာ မင်းက ကျင့်ကြံမှုကို ပိုအားစိုက်ပြီးတော့ ပြဿနာ ရှာတာကို လျှော့တော့” ထို့နောက် သူက ဘေးမှ လီဆူကို ကြည့်ကာ ပြောသည် … “လီဆူ … ဒီကောင်လေးကို သေသေချာချာ သင်ကြားပေးဖို့ လိုနေပြီ။ သူက တော်တော် အတင့်ရဲတယ်”

“ကောင်းပြီ” လီဆူက ခေါင်းညိတ်ကာ ရန်ယွင်အား ဦးညွှတ်လျက်ပြောသည် … “ဒီကိစ္စမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် … ဆရာရန်”

“ပြဿနာမရှိဘူး” ရန်ယွင်က ထူးမခြားနားစွာ ပြောသည်။ သူက လီကျွမ်းအား ကြည့်လျှင် သူကလည်း ဦးညွှတ်သည်ကို မြင်၏။ လီကျွမ်းကား သေချာပေါက် သက်သောင့်သက်သာ မဖြစ်သောခံစားချက်များ ရှိနေပေလိမ့်မည်။

“ဒွန်ချန်း ရောက်လာပြီ” အသံတစ်သံအား ကြားကြရသည်။ အဝေးမှ လူတစ်စု ရောက်လာခဲ့ကာ အားလုံးက သူတို့အတွက် လမ်းဖယ်ပေးကြသည်။ ဒွန်ချန်းတို့အဖွဲ့ ကွင်းပြင်နေရာသို့ လှမ်းလာကြသည်။ ဒွန်ချန်း၏ဘေးမှ တန်ခိုးရှင်များသည်လည်း တာလီကျောင်းတော်၏ ထူးချွန်ထက်မြက်သူများ ဖြစ်ကြပေသည်။

“အစ်ကို … အရှင့်သား …” ဒွန်ချန်းက ရန်ယွင်နှင့် လီစွမ်းတို့ကို ဦးညွှတ်သည်။ ထို့နောက် မင်းသား လီယောင်တို့အား ထပ်မံ၍ ဦးညွှတ်၏။

“တောက်လီတောင်က ဒီကို လမ်းစဉ် လာရောက် ရှာဖွေတယ်။ ကောင်းကောင်း ပြင်ဆင်ထား” ရန်ယွင်က ပြောသည်။

“ကောင်းပါပြီ …” ဒွန်ချန်းက ခေါင်းညိတ်ကာ နောက်သို့သွား၍ နေရာယူသည်။

တစ်စုံတစ်ယောက်က ပြောသည် … “တာလျိုတောင်က ဟောက်တိဟာ တစ်နေ့ အနောက်ဘက်ဒေသ ဘုရင်ခံအဖြစ် ဆက်ခံရနိုင်တယ်လို့ ကျုပ်ကြားတယ်။ ဘုရင်ခံထန်တောက် ကလည်း သူ့ကို အမွေအစား အမွေခံအဖြစ် မွေးစားခဲ့တယ်။ သူ ရောက်လာရင်တော့ တကယ် စိတ်ဝင်စားဖို့ ကောင်းမှာပဲ”

“အစ်ကိုဒွန်ချန်းဟာလည်း ပညာရည် ပြည့်ဝသူပဲ။ ပြီးခဲ့တဲ့ နှစ်ကုန် အကဲဖြတ်ပွဲမှာ သူက ပထမရခဲ့တယ်လေ။ သူနဲ့ အနောက်ဘက်ဒေသ အနာဂတ်ဘုရင်ခံတို့အကြား တိုက်ပွဲကို ငါတကယ် ကြည့်ချင်နေပြီ” တာလီကျောင်းတော်မှ တပည့်များသည် ပုံမှန်အားဖြင့် ဒွန်ချန်းကိုသာ ယုံကြည်ကြပေသည်။

သည်တိုက်ပွဲတွင် တာလီကျောင်းတော်သည် သေချာပေါက် အနိုင်ရရှိပေမည်။

“ကျုပ်လည်း စိတ်လှုပ်ရှားတယ်” အပြင်မှ အသံတစ်သံကို ကြားကြရသည်။ အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက် နောက်လိုက်နောက်ပါ အများအပြားဖြင့် ခြံရံကာ ဝင်လာသည်ကို မြင်ကြရသည်။ သူဝင်လာလျှင် မမြင်ရသော ဖိအားတစ်ခု ပတ်ဝန်းကျင်ကို ရိုက်ခတ် လာခဲ့သည်။

“ကောင်းကလန်ရဲ့ အကြီးအကဲ တစ်ယောက်က ဘယ်လိုလုပ် ဒီလိုပွဲကို လာဖို့ အချိန် ရှိနေရတာလဲ” လီစွမ်းက ပြုံးလျက်ပြောသည်။ ရောက်လာသူကား ကောင်းကလန်မှ အကြီးအကဲ ဖြစ်သည်။ သူ၏နာမည်မှာ ကောင်းကျန်းဖြစ်ပြီး အလွန် အားကောင်းပေသည်။

“ဒါက အတော်ဆုံး လူငယ်တန်ခိုးရှင်တွေရဲ့ တိုက်ပွဲပဲ။ ကျုပ်ကလည်း ကလန်က လူငယ်တွေ အတွေ့အကြုံရအောင် ခေါ်လာရတာပေါ့” ကောင်းကျန်းက ပြောသည် … “တော်ဝင် မိသားစုဝင်တွေကလည်း ရောက်လာကြတာပဲ”

“ခင်ဗျားတို့ ကလန်တွေကလည်း ပါဝင်ချင်တယ် ဆိုတဲ့သဘောပေါ့။ သူတို့လည်း စိန်ခေါ်ပွဲထဲကို ဝင်ပါကြမှာလား” လီစွမ်းကလည်း ပြုံးလျက် မေးသည်။

“ကောင်းကလန်မှာလည်း သိပ်မဆိုးတဲ့ လူငယ်တချို့ရှိတယ်” ကောင်းကျန်းက ပေါ့ပါးစွာ ပြောသည် … “ဒါပေမဲ့ ဒွန်ချန်းတို့ တိဟောက်တို့နဲ့ ယှဉ်ဖို့တော့ အများကြီး လိုသေးတယ်”

“ကြည့်ရတာ ခင်ဗျားက အားနည်းချက်ကို ကောင်းကောင်း သိတာပဲ” ရန်ယွင်က ပြောသည်။

ကောင်းကျန်းက ရန်ယွင်အား ကြည့်ကာ ပြောသည် … “ကျုပ်က ခင်ဗျားတို့နဲ့ တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူး”

“ထိုင်ပါ” ရန်ယွင်က ပြောသည်။ ကောင်းယွင်ကလည်း ဧည့်သည်များအတွက် စီစဉ်ထားသော နေရာတွင် ထိုင်၏။ လူငယ်များမူကား သူ့နောက်တွင်သာ ရပ်နေကြရသည်။

“ဓားတောင်ကုန်းက တာလီကျောင်းတော်ကို လာပြီးတော့ နှုတ်ဆက်ပါတယ်” ကျောင်းတော် အပြင်ဘက်မှ အသံတစ်သံကို ကြားကြရသည်။ မကြာမီ ဓားသမားတစ်ခု ဝင်လာကြသည်။ သူတို့အား ဦးဆောင်လာသူမှာ အရိပ်ရှန့်ထိုဓားဖြစ်ပြီး သူ့နောက်မှ လူငယ်ဓားသမား တစ်ယောက်ကို အားလုံးက စိတ်ဝင်တစား ကြည့်ကြသည်။

သူကား အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ မထွက်ဘဲ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်။ သို့သော်လည်း သူ့ထံမှ ကြီးမားသော အန္တရာယ် အငွေ့အသက်များကို အားလုံးက ခံစားကြရ၏။ သူကား ဓားတောင်ကုန်းမှ လူငယ်များထဲ တစ်ယောက်ဖြစ်ပြီး ကျင့်ဝူဟုခေါ်သောသူ ဖြစ်ရန် များပေသည်။

ဓားတောင်ကုန်းအား တာလီကျောင်းတော်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ကျင့်ဝူသည်ကား ယနေ့ သည်နေရာသို့ လာရောက်ရန် သီးသန့်ဖိတ်ကြားခြင်း တစ်ခုကိုလည်း လက်ခံရရှိခဲ့ပေသည်။ ထို့အတူ လုချွန်ကလည်း အောက်ဘုံမှ သတ္တမဓားဟုခေါ်သော ဓားသမားတစ်ဦးအား ခေါ်ဆောင် လာခဲ့ပေသည်။

“ကြည့်ရတာ တာလီပြည်ထောင်ရဲ့ အတော်ဆုံးတွေက ဒီနေ့ အတူဆုံမိနေကြတာပဲ” လီစွမ်းက ပြုံးလျက် ပြောသည်။ ဘေးတွင် ရန်ယွင်က လက်ဟန်ပြကာ ပြောသည် … “ထိုင်ကြပါ”

အရိပ်ရှန့်ထိုဓားနှင့် ဓားတောင်ကုန်းမှ တခြားသော အကြီးအကဲများက ထိုင်လျှင် လူငယ်များက ဘေးတွင် ရပ်ကြကာ စောင့်ဆိုင်းကြ၏။ ယနေ့ အရေးပါသော အဖွဲ့အစည်းဖြစ်သော တောက်လီတောင်ကုန်းကား ရောက်မလာသေးပေ။

ရီဖူရှင်း ရောက်သွားသောအခါ သူသည် ကောင်းကလန်နှင့် ဓားတောင်ကုန်းတို့ထက်ပင် သိုသိပ်စွာ နေခဲ့သည်။ သူက လီရန်၊ လီယူတို့မောင်နှမနှင့်အတူ ရောက်လာခြင်း ဖြစ်သည်။

ရီဖူရှင်း ရောက်သွားသောအခါ အရိပ်ရှန့်ထိုဓားက သူ့အား ကြည့်သည်။ ရီဖူရှင်းအား အောက်ဘုံတွင် ရှုံးနိမ့်ခဲ့သော ရန်ကန်းသည်လည်း ယနေ့ လိုက်ပါလာခဲ့၏။ သူက အနက်ရောင် ဝတ်စုံနှင့်လူငယ်အား တစ်စုံတစ်ခု တီးတိုး ပြောလိုက်ဟန်ရသည်။ ကျင့်ဝူ၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ သူ၏မျက်လုံးများက ဓားသွားအလား စူးရှ၏။ သို့သော်လည်း အကြည့်ကို မြန်ဆန်စွာပင် လွှဲသွားခဲ့သည်။ ရီဖူရှင်းက သူ၏အကြည့်ကို ခံစားမိသော်လည်း ဘာမှ မခံစားရဟန်ဖြင့် လီယူတို့နောက်မှ လိုက်သွားခဲ့သည်။

“အရှင့်သား … ဆရာရန်” လီရန်နှင့် လီယူတို့က လီစွမ်းနှင့် ရန်ယွင်တို့အား အရိုအသေ ပေးကြသည်။

“လီရန် … လီယူ” လီစွမ်းက ပြုံးလျက်ပြောသည် … “မင်းက တဖြည်းဖြည်း ပိုလှလာတာပဲ။ ကြည့်ရတာ မင်းနဲ့သင့်တော်တဲ့ သတို့သား တစ်ယောက်ကို ရှာဖို့ မင်းအဖေနဲ့ တွေ့ပြီး ပြောဖို့လိုလာပြီပဲ” လီစွမ်းကား သူတို့အားလုံးထက် အသက်ကြီးကာ အကုန်လုံးအတွက် အစ်ကိုကြီး တစ်ဦးအလား ဖြစ်ပေသည်။

“အရှင့်သားက ရယ်စရာ ပြောနေပြန်ပါပြီ”

“ငါ တကယ်ပြောတာ” လီစွမ်းက ပြုံးသည်။ ထို့နောက် သူက ဘေးမှ ရီဖူရှင်းအား ကြည့်သည် … “မင်းက သတ္တမဓားဖြစ်မယ်”

“အောက်ဘုံက သတ္တမဓားက အရှင့်သားကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။ သူက လီယောင်အား သိသော်လည်း မသိမမြင်ဖူးသည့် လူအလား တစ်ချက်မျှပင် မကြည့်ပေ။ လက်ရှိတွင် သူက သတ္တမဓား ဖြစ်ပေသည်။

“မင်းက အောက်ဘုံက ပါရမီရှင်တွေ အကုန်လုံးကို အနိုင်ယူခဲ့တယ်လို့ ကြားတယ်။ အရမ်းကောင်းတယ်။ အခု ဒီမှာလည်း ထူးချွန်တဲ့သူတွေ အများကြီးပဲ။ မင်းက သေသေချာချာ အကဲခတ် လေ့လာသင့်တယ်” လီစွမ်းက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည် … “ကောင်းပါပြီ”

လီစွမ်းက နောက်ထပ် ဘာမှ မပြောတော့။ လီယူနှင့် တခြားလူများက နောက်သို့ ဆုတ်လိုက်ကြသည်။ ထိုအခိုက်တွင် လီကျွမ်းက အေးစက်စွာ ပြောသည် … “လီရန် … လီယူ … မင်းက နောက်ဆုံး အကြိမ်တုန်းက ငါပြောတဲ့စကားကို နားမထောင်တဲ့ သဘောလား”

လီယူက လီကျွမ်းအား ကြည့်ကာ ပြောသည် … “သတ္တမဓားက ညီမရဲ့မိတ်ဆွေပဲ”

“မင်းမိတ်ဆွေ … ဟုတ်လား” လီကျွမ်းက အေးစက်စွာ ပြောသည် … “ငါက မင်းအစ်ကိုဆိုတာ မေ့နေတာလား”

“လီကျွမ်း … မင်းက ငါ့စကားကို နားမထောင်ဘူးပဲ” လီစွမ်းက ပြောသည်။ လီကျွမ်းက ရုတ်တရက် ဦးညွှတ်ကာ ဘာမှ မပြောတော့ပေ။

“မင်းက ဘယ်သူလဲဆိုတာ မမေ့နဲ့” လီစွမ်းက ပြောသည်။

လီကျွမ်းက ခေါင်းညိတ်သည် … “ဟုတ်ကဲ့ပါ အစ်ကို”

“တောက်လီတောင်ကုန်းက မဟာလမ်းစဉ်ကို လာရောက် ရှာဖွေပါတယ်” အပြင်မှ အသံတစ်သံအား ကြားကြရသည်။ ခြေသံများနှင့်အတူ လူတစ်စု သူတို့ထံသို့ လှမ်းလာသည်ကို မြင်ကြရ၏။ သူတို့အားလုံးတွင် ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိကြပေသည်။ သူတို့အားလုံးက စည်းချက်ကျကာ စနစ်တကျ လျှောက်လာခဲ့ကြသည်။

ဒွန်ချန်းနှင့် သူ့အဖော်များက လူအုပ်ကို ကြည့်ကြသည်။ သူတို့၏ ပြိုင်ဘက်များကား ရောက်လာခဲ့ပြီ ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset