Switch Mode

အပိုင်း (၁၁၁၃)

ဓားအချိန်းအချက်

လီရန်နှင့် လီယူတို့သည် ရီဖူရှင်းအား အင်ပါယာ လီရိပ်သာလမ်းမှ သူ၏နေအိမ်သို့ လိုက်ပါ ပို့ဆောင်ပေးကြသည်။

“ဒီမှာ ကျွန်မလူတချို့ကို စောင့်ကြပ် ခိုင်းလိုက်ရမလား” လီယူက ရီဖူရှင်းအား မေးသည်။ လီကျွမ်းက ဘာမှ ဆက်မလုပ်တော့ဟု ကတိပေးခဲ့သော်လည်း သူက လိုလားစွာ ကတိပေးခဲ့သည် မဟုတ်ပေ။

“မလိုဘူး။ လီကျွမ်းက သူ့အသက်ကို ကျုပ်အသက်နဲ့ မလဲရဲဘူး” ရီဖူရှင်းက ဆိုသည်။

“ကောင်းပြီ။ သတိထားပါ” လီယူကပြောသည် … “ဒါပေမဲ့ ဖြစ်နိုင်ရင် ရှင်က ဓားတောင်ကုန်းသို့ သွားသင့်တယ်” သူမဆိုလိုသည်ကို ရီဖူရှင်း နားလည်ပေသည်။ သူလုပ်ရမည်ကား ခေါင်းတစ်ချက် ညိတ်ရုံမျှသာဖြစ်ကာ ဓားတောင်ကုန်းက သူ့အား လက်ခံပေလိမ့်မည်။

ဓားတောင်ကုန်းတွင် ဆိုပါက လီကျွမ်းသည် ရီဖူရှင်းအား ဘာမှ လုပ်ရဲမည် မဟုတ်ပေ။ တာလီဓားတောင်ကုန်းကား တာလီပြည်ထောင်တွင် နံပါတ်၁ ဓားပညာ တော်ဝင်မြေ ဖြစ်သည်။

ဓားတောင်ကုန်း၏ သခင်သည် ရှန့်ထိုစတုတ္ထအဆင့်တွင် ရှိကာ အမြင့်ဆုံးသော စွမ်းရည်အား ပိုင်ဆိုင်သည်။ သူ့လိုလူ အလွန် နည်းပါးပေသည်။

“ကျုပ် သေသေချာချာ စဉ်းစားပါ့မယ်” ရီဖူရှင်းက ဆိုသည်။ လီရန်နှင့် လီယူတို့က နှုတ်ဆက်ကာ ထွက်သွားကြသည်။ သူတို့ထွက်သွားပြီးနောက် ရီဖူရှင်းက သူ၏အိမ်ထဲသို့ ဝင်ကာ မျက်လုံးကို မှိတ်လျက် ကျင့်ကြံ၏။

ယနေ့ အဖြစ်အပျက်က သူ့အား သင်ခန်းစာ ကြီးကြီးမားမား ပေးခဲ့သည်။ တာလီပြည်ထောင်သို့ ရောက်လာပြီးနောက် သူသည် အရာရာကို သတိဖြင့် လုပ်ဆောင်ခဲ့သော်လည်း လီကျွမ်းနှင့်ကိစ္စတွင် နားလည်လိုက်သည်မှာ တကယ့် အင်အားသည်သာ ပဓာနဖြစ်သည်။ အားနည်းသူသည် အားကြီးသူထံတွင် အကြောင်းပြချက် မည်မည်ရရ မရှိဘဲ သေသွားနိုင်သည်။ ထိုအဖြစ်မှ ရှောင်လွှဲရန် တစ်ခုတည်းသော နည်းလမ်းမှာ မိမိကိုယ်ကို အားကြောင်းအောင် လုပ်ခြင်းဖြစ်သည်။

ယနေ့ သူ့တွင် လုံလောက်သော တိုက်ခိုက်ရေး စွမ်းအားသာ မရှိပါက ထိုရှန့်ထိုတန်ခိုးရှင်က မိမိအား သတ်ဖြတ်ပြီး ဖြစ်ပေမည်။ လီကျွမ်းက ဟာသလုပ်နေခြင်း မဟုတ်ပေ။ ရီဖူရှင်းက လီကျွမ်းကို ဖမ်းဆီးကာ ခြိမ်းခြောက် နိုင်ခဲ့ခြင်းကြောင့်သာ အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။

သူသာ ရှန့်ထိုတစ်ပါး ဖြစ်သွားခဲ့ပါက အနည်းနှင့်အများ မိမိကိုယ်ကို ကာကွယ် နိုင်ပေလိမ့်မည်။ ရှီအဆင့်နှင့် ရှန့်ထိုအဆင့် ကွာဟချက်မှာ ကြီးမားလွန်းပေ၏။ သူ့အနေဖြင့် ရှန့်ထိုအဆင့်ကို တွန်းလှန်ရန်မှာ မိုးကို အန်တုသော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ခက်ခဲလွန်းပေသည်။

ရီဖူရှင်းက ညစ်ထေးလာသော အတွေးများအား ရှင်းလင်းကာ မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ သက်စောင့်ဟော်နန်းတွင် သစ်ကိုင်းလှုပ်ခတ်သံများ တရှဲရှဲ မြည်လာသည်။ ကမ္ဘာသစ်ပင်သည် ယိမ်းခါနေခဲ့ကာ အစိမ်းရောင် အလင်းများအား ဖြာထွက်စေသည်။ များစွာသော အလင်းတန်းများ မွေးဖွားလာခဲ့၏။ ထို့နောက်တွင် တခြားသော သက်စောင့်ဝိညာဉ်များ သည်လည်း အသက် ဝင်လာသည်။

ကမ္ဘာသစ်ပင်၏ အလင်းများသည် သူ၏ခန္ဓာကိုယ်ကို စီးဆင်းနေကြကာ အဝေးသို့အထိ ဖြာထွက်နေခဲ့၏။ ရီဖူရှင်းသည် သူကိုယ်တိုင်က သစ်ပင်တစ်ပင်အလား ခံစားလာရ၏။ အတွေးနှင့် အထိအတွေ့ အာရုံတို့အားလုံးသည် သစ်ကိုင်းများမှတစ်ဆင့် အဝေးသို့အထိ ဖြန့်ကြက်သွားခဲ့ပြီး ကောင်းကင်နှင့် မြေပြင်တို့၏ အဆီအနှစ်တို့နှင့် ထိတွေ့ခံစားစေသည်။ သူက ကောင်းကင်နှင့် မြေပြင်တို့၏ စွမ်းအားများကို ခံစားရ၏။

လူသားတို့သည် ကောင်းကင်နှင့်မြေပြင်တို့ ဖန်ဆင်းခြင်းပြီးမှ ဖြစ်တည်လာခဲ့၏။ ထို့နောက် လမ်းစဉ် ဖြစ်တည်လာသည်။ လမ်းစဉ်သည် သဘာဝတရားကို အခြေခံ၏။ သူ့ထံမှ ဆန်းကြယ်သော လေလှိုင်းများ ထွက်ပေါ်လာခဲ့ကာ ရီဖူရှင်းသည် ကျင့်ကြံခြင်း၌ ဈန်ဝင်စားနေခဲ့သည်။ သူက နတ္ထထိဘုံတွင် ယွင်ကျင်းနှင့် တိုက်ခိုက်စဉ်ကလည်း မဟာလမ်းစဉ်ကို ထိတွေ့ခံစားမိသော အခိုက်အတန့် တစ်ခုသို့ ရောက်ရှိခဲ့သည်။

လူသားတို့က လမ်းစဉ်ကို လျှောက်လှမ်းသောအခါ လမ်းစဉ်သည် လူသားတို့၏ ဆာလောင်မှု ဖြစ်လာသည်။ သို့သော် ထိုဆာလောင်မှုကို ဖြည့်ဆီးရန်ကား အလွန်တရာ ခက်ခဲ‌ချေ၏။

ရီဖူရှင်း၏လက်ရှိ အာရုံခံစားမှုသည် လုံလောက်ခြင်း မရှိပေ။ သို့သော် မဟာဓားလမ်းစဉ်နှင့် ထိတွေ့မိသောအခိုက်၌ သူသည် များစွာသော ဓားအမျိုးအစားတို့အား ဖန်တီးနိုင်သည်။ သူက သည်ဓားများဖြင့် တာလီပြည်ထောင်တွင် နာမည်တစ်လုံး တည်ဆောက်နိုင်၏။

သတ္တမဓားသည် စွမ်းအားမြင့် တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်၏။ သို့သော်လည်း ထိုအရာမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ သူက ထိုက်စွမ်းဓားကို လေ့ကျင့်နေခဲ့သည်မှာ ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့၏။ သူ၏ဓားပညာသည် အတော်အတန် ကောင်းမွန်နေခဲ့ပြီ ဖြစ်သော်လည်း ဓာတ်သဘာဝများအား သူ တခြား လေ့ကျင့်ဖူးသော ပညာရပ်များဖြင့် ပေါင်းစပ်ကာ ရီဖူရှင်းက ပိုမို အားကောင်းသော ဓားများအား အသုံးပြု နိုင်သေးပေသည်။

မှန်သည် … သူ၏ဓားသည် သိပ်အဆိုးကြီးတော့ မဟုတ်။ ထိုက်စွမ်းဓားသည် သူ၏ဓားပညာ အခြေခံကိုသာ ဖော်ထုတ်ပေးသည်။ သူသည် များစွာသော ဓာတ်သဘာဝများအား လေ့ကျင့်ကာ တကယ့်ဓားနှင့် သက်ဆိုင်သော လောကဓာတ်များအား လေ့ကျင့်ဖူးခြင်း မရှိခဲ့။ ထို့ကြောင့် သူက ကွဲပြားခြားနားသော လောကဓာတ်များအား ဓားနှင့် ပေါင်းစပ်ခြင်းသည် သူ့အား ပိုမို အားကောင်းစေသည်။ ယခု သူသည် တာလီပြည်ထောင်တွင် ခိုင်ခံ့စွာ ရပ်နိုင်ရန်အတွက် အမှန်တကယ် ကောင်းမွန်သော ဓားတစ်လက်အား ဖန်တီးရန် လိုပေသည်။

ရီဖူရှင်းသည် ကြာမြင့်စွာ အပြင်သို့ ထွက်ခြင်း မရှိခဲ့။ သူက အိမ်ထဲတွင်သာ နေကာ ကျင့်ကြံနေခဲ့သည်။ သို့သော်လည်း သတ္တမဓား၏ နာမည်သည် ပြင်ပလောကတွင် တဖြည်းဖြည်း လူသိများ လာခဲ့သည်။

တာလီကျောင်းတော်သည် အင်ပါယာလီဘုံတွင် နာမည် အကျော်ကြားဆုံးသော တစ်နေရာဖြစ်ရာ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စသည်လည်း လူအများအတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်၏။ ထို့အပြင် ထိုဓားသမားသည် လုချွန်ကိုယ်တိုင် အောက်ဘုံမှ ခေါ်ဆောင်လာသူ ဖြစ်၏။ တစ်ဖက်တွင် ပြဿနာရှာခဲ့သူမှာ မင်းသားကြီး၏မြေးဖြစ်ပြီး ပြဿနာကို ကြားဝင် ဖြေရှင်းပေးခဲ့သူမှာ တာလီနန်းတွင်း အကြံပေး၏တပည့်အကြီးဆုံး ဖြစ်သူ ရန်ယွင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းက လူအများကြား မပျံ့နှံ့စရာ မရှိတော့ပေ။

သတ္တမဓား၏နာမည်က အထက်ဘုံတွင် နာမည် ကျော်ကြားလာသောအခါ လူအများအပြားက စိတ်ဝင်စားခဲ့ကြသည်။ အောက်ဘုံမှ တစ်စုံတစ်ယောက်က တာလီကျောင်းတော်၏ အပြင်ဘက်တွင် ရပ်ကာ စိန်ခေါ်ရဲခြင်းသည် ထိုလူ မည်မျှအားကောင်း သည်ကို ထင်ဟပ်စေ၏။

လီကျွမ်းသည် သတ္တမဓားကို ရန်ပြုကာ သူ၏စိန်ခေါ်ပွဲများအား နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ မဟုတ်လျှင် တာလီကျောင်းတော်မှ ပိုမိုအားကောင်းသော တပည့်များ ထွက်လာကာ သတ္တမဓားသမားနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပိုမိုကောင်းမွန်သော တိုက်ပွဲများအား မြင်တွေ့ရနိုင်ပေသည်။

နောက်ထပ် ရက်အနည်းငယ် ကြာသောအခါ အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းသော သတင်းတစ်ပုဒ် ထွက်လာသည်။ အမှန်တကယ်အားဖြင့် သတင်းမှာ နှစ်ခုဖြစ်၏။ သတင်းကား တာလီဓားတောင်ကုန်းမှ ဓားသမားတစ်ဦးသည် နန်းမြို့တော်သို့ အချိန်းအချက် တစ်ခုအတွက် ရောက်လာသည် ဟူ၏။

ရောက်လာသည့် သူသည် တာလီဓားတောင်ကုန်း၏ လူငယ် မျိုးဆက်ထဲတွင် အတော်ဆုံးအဖြစ် အသိအမှတ်ပြု ထားခံရသော ကျင့်ဝူဖြစ်သည်။ သူကား ရှန့်ထိုအဆင့်အောက်တွင် အမြင့်ဆုံးသော စွမ်းအားကို ပိုင်ဆိုင်ထား၏။

တစ်ချိန်တစ်ခါက လူအများတို့သည် ကျင့်ဝူနှင့် ယွင်ကျင်းတို့အကြား နှိုင်းယှဉ်က မည်သူက ပိုအားကောင်းကြောင်းကို အငြင်းပွားခဲ့ဖူးကြသည်။ သို့သော်လည်း ယွင်ကျင်းကား ကျဆုံးခဲ့ကာ ဒွန်ချန်းတစ်ဦးသည်သာ လတ်တလောတွင် တာလီနန်းတွင်း အကြံပေး၏ တပည့်နေရာကို အစားထိုးဖွယ်ရှိသည်။ ဤတွင် မည်သူက ပိုအားကောင်းသနည်း။ ကျင့်ဝူလား … ဒွန်ချန်းလား … ။

သို့သော် ကျင့်ဝူ လာရောက်သည့် ရည်ရွယ်ချက်မှာ ဒွန်ချန်းမဟုတ်ဘဲ သတ္တမဓား ဖြစ်နေသည်။ ထိုအချက်အရ တာလီဓား တောင်ကုန်းသည် အောက်ဘုံမှ တက်လာသော ထိုဓားသမားအား ကောင်းမွန်သော အမြင်ရှိကြောင်း သိနိုင်သည်။ အမှန်ပင် ထိုဓားသမားက ကျင့်ဝူကိုပင် တောင်အောက်သို့ ဆင်းလာစေ၏။

နောက်သတင်းတစ်ခုမှာ ပထမသတင်းထက် ပိုအံ့အားသင့်စရာ ကောင်း၏။ သတင်းကား တာလီနန်းမြို့တော်သို့ ရှန့်ထိုဖြစ်လုနီးပါး တန်ခိုးရှင်တစ်ဦး ရောက်လာခြင်းပင်။ သူသည် တောက်လီ တောင်ကုန်းမှ တိဟောက် ဖြစ်သည်။

ဘုရင်ခံထန်တောက်သည်ကား နန်းတွင်းအကြံပေးနှင့် ယခင်ကတည်းက ဆိုးဝါးသော ဆက်ဆံရေးများ ရှိသည်။ နန်းတွင်းအကြံပေးက တာလီကျောင်းတော်ကို တည်ထောင်သောအခါ ဘုရင်ခံထန်တောက်က အနောက်ဘက် ဒေသတွင် တောက်လီတောင်ကုန်းအား တည်ထောင်ခဲ့သည်။

မကြာသေးခင်က နန်းတွင်းအကြံပေးသည် တပည့်သစ်လက်ခံရန် ကြေညာခဲ့၏။ ယခု တောက်လီတောင်မှ တပည့်သည် နန်းမြို့တော်သို့ ရောက်လာခဲ့သည်။ ထို့အတူ ရောက်လာသူမှာလည်း တိဟောက် ဖြစ်နေ၏။

ဘုရင်ခံထန်တောက်သည် အနောက်ဘက် စစ်တပ်ကို အုပ်ချုပ်သူဖြစ်ကာ တောက်လီတောင်မှ တပည့်များ အားလုံးသည် စစ်ရေးစစ်ရာ၌ ကျွမ်းကျင်ကြသည်။ တိဟောက်ကား တောက်လီတောင်ကုန်းမှ အတော်ဆုံးတပည့်အဖြစ် သတ်မှတ် ခံထားရသူဖြစ်ကာ ဘုရင်ခံ ထန်တောက် ကိုယ်တိုင်က သူ့အား မွေးစားထားခဲ့၏။ သူကဲ့သို့သောသူက နန်းမြို့တော်သို့ လာခြင်းသည် မည်သို့ လူအများအား စိတ်မဝင်စားစေဘဲ နေမည်နည်း။

အထူးသဖြင့် ဓားတောင်ကုန်းမှ ကျင့်ဝူက နန်းမြို့တော်သို့ ရောက်လာချိန်လည်း ဖြစ်သည်။

တာလီပြည်ထောင်၏ ရှန့်ထိုအဆင့်အောက်မှ အတော်ဆုံး လူငယ်သုံးယောက်သည် နန်းမြို့တော်သို့ တစ်ပြိုင်နက်တည်း ရောက်လာခြင်းက လူအများအား မည်သို့ စိတ်မဝင်စားစေပဲ နေမည်နည်း။ သူတို့က အချင်းချင်း စိန်ခေါ် တိုက်ခိုက်လိုသောစိတ်များ ရှိနေမလားဟု လူအများအပြားက တွေးမိကြသည်။ မကြာမီ တာလီပြည်ထောင်၏ ရှန့်ထိုအဆင့်အောက်တွင် နံပါတစ်ဟူသော ဘွဲ့ထူးရှင် ပေါ်လာတော့မည်လား ဟုလည်း လူအများက တွေးမိကြသည်။

သတ္တမဓားကိုမူကား လူအများက သိပ်မမျှော်လင့် ထားကြပေ။ သူက တာလီနန်းမြို့တော်တွင် လတ်တလော နာမည်ကျော်ကြား လာသော်လည်း ထိပ်သီးပါရမီရှင် သုံးဦးနှင့် ယှဉ်ရန်ကား လွန်စွာ လိုသေးပေသည်။ အောက်ဘုံမှ ဓားသမားတစ်ဦးက အထက်ဘုံမှ အတော်ဆုံးတန်ခိုးရှင်များနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

ထိုသတင်းနှစ်ခုကို ကြားလျှင် တာလီနန်းမြို့တော် တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ရီဖူရျင်းကား သူ၏အိမ်တွင် ဓားပညာကို လေ့ကျင့်နေ၏။ သူ၏ ဘေး၌ သစ်အိုပင် တစ်ပင်နှင့်အတူ သူက ထိုင်နေ၏။ သစ်ပင်သည် လှုပ်ယိမ်းနေခဲ့ကာ သစ်ရွက်များ သည်လည်း ရီဖူရှင်းအနီးတွင် တဖြုတ်ဖြုတ် ကြွေကျနေ၏။ သစ်ရွက်များသည် ထူးဆန်းသော ဟန်ချက်ဖြင့် စက်ဝိုင်းပုံစံ လှည့်ပတ်နေကြသည်။ ပိုထူးဆန်းသည်ကား သစ်ရွက်များ အားလုံးသည် ဓားများအလား ထက်ရှနေသည်။

ထိုအခိုက်တွင် ရီဖူရှင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သစ်ရွက်များသည်လည်း ရုန့်ရမ်းစွဖြင့် အနီးတွင် ပြင်းထန်စွာ လှုပ်ခတ်သွား၏။ စူးရှသော အသံနှင့်အတူ သစ်ရွက်များသည် ဆုံမှန်တစ်ခုတည်းသို့ ရွေးလျားကာ ဖြတ်တောက် သွားကြတော့သည်။

ဝှစ် … ဝုန်း …

နံရံသည် သစ်ရွက်များ၏ ဖြတ်တောက်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျသည်။ သစ်ရွက်များ ဖြတ်တောက်သွားသော နေရာ၌ ဒေါင်လိုက် အစင်းကြောင်း ဖြစ်ကျန်ခဲ့ကာ တခြား တစ်ဖက်သော နံရံမှ လူအချို့ ပေါ်လာသည်။ သစ်ရွက်များက ရီဖူရှင်းထံသို့ ပြန်လည် ပျံသန်း သွားကြသည်။

“ရှင့်ရဲ့ ဒေါသမုန်တိုင်းဓားက မီးတောက်လို သန့်စင်လာတာပဲ” လီယူက ပြုံးလျက်ပြောသည်။

“မင်းသမီး ဘာလို့ ရောက်လာတာပါလဲ” ရီဖူရှင်းက ဦးညွှတ်၍ ဆိုသည်။

“ရှင်က ဒီမှာ ဓားပညာကို ရက်သတ္တပတ် အများကြီးကြာအောင် လေ့ကျင့်နေခဲ့တော့ အပြင်က ကိစ္စတွေကို မသိဘူး။ ရှင်က အရိပ်ရှန့်ထိုဓားနဲ့ ချိန်းဆိုထားတာ တစ်ခုရှိတယ်မလား။ အခု တာလီတောင်ကုန်းက အတော်ဆုံးဓားသမား ကျင့်ဝူဟာ နန်းမြို့တော်ကို ရောက်နေတယ်”လီယူက ပြောသည်။

“ဪ …” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ အရိပ်ရှန့်ထိုဓားက သူ့အား တာလီဓား တောင်ကုန်းသို့ ဝင်စေလိုဟန်ရသည်။

“ရှင်က ဒီမှာ အေးချမ်းနေတာ။ အပြင်မှာ ဘာတွေ ဖြစ်နေလဲ မသိဘူးမလား။ ကျင့်ဝူက ရှန့်ထိုအဆင့် အောက်မှာ အတော်ဆုံး ဓားသမားပဲ။ သူက ကျင့်ဝူကို စေလွှတ်ခဲ့မှတော့ ရှင့်ကို တာလီတောင်ကုန်းသို့ ခေါ်ချင်ပုံရတယ်” လီယူက ပြုံးလျက်ပြောသည်။

ရီဖူရှင်းက တာလီတောင်ကုန်းကို သွားခြင်းသည် ကောင်းမွန်သော ကိစ္စများ ဖြစ်ပေသည်။ သူမ၏အမြင်တွင် ထက်မြက်သော ဓားသမားသည် တာလီဓား တောင်ကုန်းတွင်သာ လေ့ကျင့်သင့်၏။

ထိုအခိုက်တွင် ရီဖူရှင်းက ဝမ်ချွန်းကို တွေးမိသည်။ သည်တစ်ခေါက်တွင်ကား သူက ပြိုင်ဘက်ကို ဓားပညာ၌ ယှဉ်ပြိုင် ရပေတော့မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset