ရီဖူရှင်း၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ သူကား အကြီးအကျယ် အံ့အားသင့် သွားရသည်။
ရန်ယွင်ကား နန်းတွင်းအကြံပေး၏ တပည့်ဖြစ်ကာ ရှန့်ထိုတတိယ အဆင့်တွင် ရှိသည်။ အင်ပါယာရှား နန်းတွင်းမှ မှတ်တမ်းများအရ သူကား ထိုအဆင့်တွင် အမြင့်ဆုံး၌ ရှိ၏။
လီကျွမ်းကား တာလီနန်းတွင်း မျိုးရိုးမှ ဖြစ်သည်။ ရီဖူရှင်းအားလည်း ရန်ယွင်၏ ဆရာတူညီဖြစ်သော လုချွန်က အောက်ဘုံမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ ရီဖူရှင်းက မည်သို့သော ရှုထောင့်မှ ကြည့်ပါစေ၊ ရန်ယွင်အနေဖြင့် သူ၏ဓားကို ရုပ်သိမ်းရန် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်၏။ သူကသာ ဓားကို သုံးလိုက်လျှင် တစ်ခုတည်းသော ရလဒ်ကား ရီဖူရှင်းနှင့် လီကျွမ်းတို့နှစ်ဦးလုံး သေမည်။
ရီဖူရှင်းက ရန်ယွင်အား လှမ်းကြည့်၏။ သူသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမွတ်သော အသားအရေနှင့် ပိန်သွယ်သော ခန္ဓာရှိ၏။ မျက်လုံးများက ရေပြင်အလား တည်ငြိမ်နေ၏။ သူသည် ထိုစကားကို အလွန်တရာ ရိုးစင်းသည့်ကိစ္စ ဖြစ်သည့်အလား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် … ရီဖူရှင်းနှင့် အဖြစ်အပျက်ကို ကြည့်ရှုသူများ အားလုံးမှာ ရန်ယွင်က ထိုစကားအား အဘယ်ကြောင့် ပြောဆိုခဲ့သည်ကို နားမလည်ကြ။
“သူက မင်းကို သတ်ချင်တယ်။ အခု မင်းက သူ့ကို ရထားပြီ။ မင်းက ထွက်မပြေးနိုင်သလို သူကလည်း မင်းအသက်ကို အာမ မခံနိုင်ဘူး။ ဒီလို အခြေအနေမှာ မင်းက ဘာလို့ တွန့်ဆုတ်နေတာလဲ” ရန်ယွင်က ရီဖူရှင်းအား ကြည့်ရင်းဖြင့် ပြောသည်။ သူက ရီဖူရှင်းကို အတင်း ဖိအားပေးနေသည့်ပုံစံ …။
“ပြောတာ အဓိပ္ပာယ်ရှိတယ်”
ရီဖူရှင်း၏လက်က ဆတ်ခနဲ လှုပ်သွားကာ ဓားသွားသည် လီကျွမ်း၏ လည်ပင်းသို့ နစ်ဝင်လာခဲ့၏။ ထိုအဖြစ်က လီကျွမ်း၏မျက်နှာအား ပြာနှမ်းသွားစေသည်။
“နေဦး …” လီကျွမ်းက ထိတ်လန့်တကြား အော်ဟစ်၏။ ရီဖူရှင်းက ဓားကို ရပ်တန့်လိုက်ကာ သူ့အား ကြည့်သည်။ လီကျွမ်းက နက်မှောင်သော မျက်နှာဖြင့် ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောသည် … “မင်းက ငါ့ကို မယုံဘူးဆိုရင် တာလီကျောင်းတော်ကို ယုံနိုင်မလား”
“ယုံတယ် …” ရီဖူရှင်းက ပြောသည်။
“အစ်ကိုရန် …” လီကျွမ်းက ရန်ယွင်အား အားကိုးတကြီး ကြည့်သည်။ သူကား မာနကိုခဝါချကာ ရန်ယွင်အား အကူအညီတောင်း ရလောက်အောင် ကြောက်လန့်ခဲ့ပြီ ဖြစ်၏။
“သတ္တမဓား … မင်းရဲ့ဓားကို ချဖို့ ဘာလုပ်ပေးရမလဲ” ရန်ယွင်က ရီဖူရှင်းအား ကြည့်သည်။
“ကျုပ် အသက်ရှင်မယ်လို့ အာမခံ …” ရီဖူရှင်း၏လေသံက ပြင်းထန်သည်။ သူက ဓားကို အသုံးပြု၍ အသက်ရှင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ဒါက ရိုးရှင်းပါတယ်” ရန်ယွင်က လီကျွမ်းအား ကြည့်ကာ ပြောသည် … “လီကျွမ်း … ငါက တာလီကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို တိုင်တည်ပြီး အာမခံတယ်။ ဒါပေမဲ့ မင်းက ကတိမတည်ရင် ငါတို့ ဘာလုပ်ရမလဲ”
လီကျွမ်းက ရီဖူရှင်းအား ကြည့်လျှင် သူ၏အေးစက်သော မျက်လုံးများအား မြင်သည်။ သည်သတ္တမဓားသည် မည်သို့သော အရူးဖြစ်ကြောင်း သူသိလိုက်သည်။ သူက သာမန်ညှိနှိုင်းမှုဖြင့် လက်ခံမည့်ပုံစံ တစ်ဖက်လူထံ၌ မတွေ့ရပေ။
“ကျုပ် အသက်နဲ့ အာမခံတယ်” လီကျွမ်းက ဝမ်းခေါင်းသံဖြင့် ပြောသည်။
“အရမ်း ကောင်းတယ်” ရန်ယွင်က ခေါင်းညိတ်သည် … “ဒီလိုဆိုရင်လည်း ကျုပ်က တာလီကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို တိုင်တည်ပြီး ကတိပေးနိုင်တယ်။ မင်းရဲ့ဓားကို ချလိုက်ရင် လီကျွမ်းက ဒီကိစ္စကို ဆက်ပြီး အငြိုးအတေးထားမှာ မဟုတ်တော့ဘူး။ မဟုတ်ရင် သူက တာလီကျောင်းတော်ကို နာမည်ပျက်စေတဲ့အတွက် အသက်နဲ့ ပေးဆပ်ရလိမ့်မယ်။ ဒါက မင်းအတွက် လုံလောက်သလား”
“လီကျွမ်းနဲ့ မရဘူး။ သူ့လူတွေက ဆက်ပြီး အငြိုးအတေး ထားရင်လည်း အတူတူပဲ” ရီဖူရှင်းက ပြောသည်။ အဖြစ်အပျက်ကို ကြည့်နေသူများ အားလုံးက အံ့အားသင့် သွားကြသည်။ သည်ဓားသမားသည် အရည်အချင်းရှိသလို ဉာဏ်လည်း ကောင်းပေသည်။ သူကား လီကျွမ်းကို လက်စားချေရန် အခွင့်အရေး လုံးဝ မပေးပေ။
“ကောင်းပြီ” လီကျွမ်းက ပြောသည်။
ရီဖူရှင်းက လီကျွမ်းအား ကြည့်လျှင် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေဆဲဖြစ်သည်ကို မြင်၏။ သို့သော်လည်း သူက ဂရုမစိုက်ပေ။
“မင်းဓားကို ချလိုက်” ရန်ယွင်က ပြောသည်။
ရီဖူရှင်းက သူ့ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။ ခုနက ရှန့်ထိုသည် လီကျွမ်း၏ဘေးသို့ မြန်ဆန်စွာ ရောက်လာခဲ့ပြီး ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ဖြစ်ပျက်ခဲ့သမျှက သူ၏အမှားမ မကင်းခဲ့။ ရီဖူရှင်းက သူ၏လက်မှ လွတ်သွားကာ လီကျွမ်းကို ဖမ်းချုပ်ခဲ့ခြင်း ဖြစ်သည်။
သည်ဓားသမားကား အာကာသဓာတ်၌ ထူးချွန်၏။
“ဒီကိစ္စကို ဒီမှာ အဆုံးသတ်ရအောင်” ရန်ယွင်က ပြောကာ ဘာမှ မဖြစ်ခဲ့သည့်အလား နောက်သို့လှည့်ကာ ထွက်သွားသည်။ တာလီကျောင်းတော်မှ တခြားသော ရှန့်ထိုမျာလည်း သူနှင့်အတူ လိုက်ပါသွားကြ၏။ လီကျွမ်းကား သူ၏အသက်ကို အာမခံကာ ကတိပေးခဲ့သည်။ သူကား ဘာမှ မလုပ်ရဲတော့သည်မှာ သေချာ၏။
တာလီကျောင်းတော်မှ တပည့်များသည် ရန်ယွင် ထွက်သွားသည်ကို ကြည့်ကာ တိတ်တခိုး လေးစား ချီးကျူးကြ၏။ ရီဖူရှင်းအား ဓားကို အသုံးပြုရန် ပြောခဲ့ခြင်းသည် ညှိနှိုင်းသူအား အသာစီးရစေ၏။ မည်သူကမှ နောက်ဆုတ်လိုခြင်း မရှိသော အခြေအနေတွင် မည်သူက ပိုမို၍ ခိုင်မာသော စိတ်ဓာတ်ရှိသည်၊ မည်သူက အလျှော့ပေး နောက်ဆုတ်မည်ကို သူက ဤနည်းဖြင့် အဆုံးအဖြတ် ဖြစ်စေသည်။ သိသာစွာပင် လီကျွမ်းသည် သူ့အသက်အား ရင်းကာ မစွန့်စားလိုခဲ့ပေ။ သူက ဦးဆုံး နောက်ဆုတ် အလျှော့ပေးကာ အကူအညီတောင်းခဲ့၏။
လီကျွမ်းသည် သူ၏အသက်ဖြင့် အာမခံခဲ့၏။ ထိုသို့အာမခံရန် သူသည် ရန်ယွင်ကို အကူအညီ တောင်းခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှ အတွက် မင်းသားကြီး ကိုယ်တိုင်ပင် အပြစ်ရှာ၍ မရပေ။ သည်ကိစ္စတွင် လီကျွမ်းတစ်ယောက် ရှုံးနိမ့်ခဲ့သည်မှာ သံသယဖြစ်စရာ မလို။ သူက သူ၏အသက်ကို ရန်သူ၏အသက်ဖြင့် အလဲအလှယ် မလုပ်ရဲပေ။
ဓားကို ရုပ်သိမ်းပြီးနောက် ရီဖူရှင်းက နောက်လှည့်ကာ ထွက်သွားသည်။ သူ့အနေဖြင့် ခုခံစရာ မလိုတော့ပေ။ တာလီကျောင်းတော်နှင့် နန်းတွင်း အကြံပေးတို့ဖြင့် ပတ်သက်၍ သူနားလည်ရသလောက် မင်းသားကြီး၏ မြေးဖြစ်စေ၊ မင်းသားတစ်ပါး ဖြစ်စေ၊ မည်သူကမှ တာလီကျောင်းတော်၏ဂုဏ်သိက္ခာကို ညစ်နွမ်းအောင် မလုပ်နိုင်ပေ။ လီကျွမ်းကား သူ၏အသက်ဖြင့် အာမခံ ကတိပေးခဲ့သည်။ သူက ရီဖူရှင်းအား ဆက်လက်၍ ကြံစည်ပါက ကိုယ့်သေတွင်းကို ကိုယ်တူးခြင်း ဖြစ်သည်။
ရန်ယွင်က ဘာမှ မဖြစ်ခဲ့သလို ထွက်သွား နိုင်သော်လည်း သူသည် အခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းခဲ့သည်ဟုတော့ ရီဖူရှင်းက မထင်ပေ။
“သတ္တမဓား …” ထိုအခိုက်တွင် ခေါ်သံတစ်ခုနှင့်အတူ လူတစ်စု ရောက်လာသည်။ သူတို့ကား လီရန်နှင့် လီယူတို့ဖြစ်ကြ၏။
“မင်းသား … မင်းသမီး …” ရီဖူရှင်းကလည်း သူတို့အား ပြန်လည်၍ နှုတ်ဆက်သည်။
လီရန်နှင့် လီယူတို့က လီကျွမ်းအား လှမ်းကြည့်လျှင် သူက ပြန်ကြည့်၏။ မင်းသားကြီးနှင့် ဘုရင်ခံလီတို့သည် ဘုရင်ခံလေးပါးထဲတွင် ပါဝင်သော်လည်း မင်းသားကြီးက မျိုးဆက်တစ်ခု ပိုကြီးပေသည်။ ထို့ကြောင့် ဘုရင်ခံလီက သူ့အား ဦးရီးတော်ဟု ခေါ်ရသည်။ ထို့ကြောင့် လီရန်၊ လီယူနှင့် မင်းသားကြီး၏ မြေးဖြစ်သော လီကျွမ်းတို့သည် မျိုးဆက်တစ်ခုတည်း ဖြစ်၏။ ထို့အပြင် သူကား ဘုရင်ခံနှစ်ပါး၏ တိုက်ရိုက်မျိုးဆက် ဖြစ်ကာ နှစ်ထပ်ကွမ်း အဆင့်အတန်းကို ပိုင်ဆိုင်သည်။
“အားလုံး အဆင်ပြေလား” လီယူက ရီဖူရှင်းအား မေးသည်။
“ပြေတယ်” ရီဖူရှင်းက ဆိုသည်။
ထိုအခိုက်တွင် လီယူ၏မျက်နှာက အနည်းငယ် သုန်မှုန်နေ၏။ ရီဖူရှင်းသည် သူမ၏အဖေ အုပ်ချုပ်သော အောက်ဘုံမှ ရောက်လာခြင်းဖြစ်ကာ ဘုရင်ခံလီ၏ နန်းတော်က ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက်နေ၏။ ထို့ကြောင့် လီယူက ရီဖူရှင်းအပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံကာ ဂရုစိုက်၏။ သို့သော် သတ္တမဓားသည် လီကျွမ်း၏ လက်ထဲတွင် သေလုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း သူမက ဘာမှတော့ မပြောပေ။
ထိုစဉ် လီကျွမ်းက သူမတို့အား ပြောသည် … “လီရန် … လီကျွမ်း … သူက မင်းတို့လူလား”
“သတ္တမဓားကို ဆရာလေးလုချွန်က အထက်ဘုံသို့ ဖိတ်ခေါ်လာခဲ့တာပဲ။ သူက အောက်ဘုံမှာ ပြိုင်ဘက်ကင်းတယ်။ ဓားတောင်ကုန်းက အရိပ်ရှန့်ထိုဓား ကိုယ်တိုင်က သူ့ကို ဓားတောင်ကုန်းမှာ လေ့ကျင့်ဖို့ ဖိတ်ခေါ်ထားတယ်” သူမက အေးစက်စွာ ပြောသည် … “လီကျွမ်း … ရှင်က သူ့ကို ဘာလို့ သတ်ဖို့ ကြိုးစားတာလဲ”
လီယူ၏စကားကို ကြားသောသူတိုင်းက ထိတ်လန့်သွားကြ၏။ သည်ဓားသမားသည် အလွန်အားကောင်းကာ ရှန့်ထိုတစ်ပါး၏ တိုက်ခိုက်မှုမှပင် ရှောင်တိမ်းနိုင်စွမ်း ရှိသည်မှာ မထူးဆန်းတော့။ သူကား အောက်ဘုံ၏ ပြိုင်ဘက်ကင်းဓားသမား ဖြစ်ကာ လုချွန်ကိုယ်တိုင်က အထက်ဘုံသို့ ဖိတ်ခေါ်လာခဲ့သူ ဖြစ်သည်။
လုချွန် အောက်ဘုံသို့သွားသည့်ကိစ္စကို လူအများအပြားက သိကြပေသည်။ ထို့ကြောင့်ပင် အတော်များများ၏ မျက်နှာတွင် ဝေခွဲမရဟန်များ ဖြစ်လာခြင်း ဖြစ်သည်။ အဖြစ်အပျက်သည် သူတို့မြင်တွေ့ခဲ့ရသလို မရိုးရှင်းတော့။
ရန်ယွင်သည် မည်သူဖြစ်သနည်း။ သူသည် လုချွန်၏ဆရာတူ အစ်ကိုဖြစ်ပြီး သူတို့အချင်းချင်းလည်း လွန်စွာ ရင်းနှီးကျွမ်းဝင်ကြသည်။ သတ္တမဓားသည် လုချွန်ခေါ်ဆောင်လာသူ ဖြစ်သည်ဆိုပါက ရန်ယွင်သည် သတ္တမဓား၏နာမည်ကို ကြားကတည်းက အားလုံးကို သိပြီးဖြစ်ရမည်။ သို့သော်လည်း ရန်ယွင်က သတ္တမဓားအား ဓားကို အသုံးပြုရန် ပြောခဲ့သည်။
ရန်ယွင်၏အပြုအမူသည် မျှတဟန်ရှိကာ မည်သည့်ဘက်ကိုမှ အလေးပေးခဲ့ဟန် မရှိ။ သို့သော် ရန်ယွင်က သွယ်ဝိုက်ကာ အလေးပေးခဲ့သူသည် မည်သူဖြစ်သနည်း။ သူက အလေးမပေးခဲ့သည်လည်း ဖြစ်နိုင်၏။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်ကား သတ္တမဓားသည် လုချွန်က အထက်ဘုံသို့ ခေါ်လာသူဖြစ်ကြောင်း သိထားသည်။
သူက ထိုအချက်ကို သိလျှင် အဘယ်ကြောင့် သတ်ဖြတ်ရန် ကြိုးစားရသနည်း။
“ဒီလိုကိုး …” လီကျွမ်းက လီယူအား ကြည့်သည် … “သူက တာလီကျောင်းတော်ကို လာပြီး စိန်ခေါ်ရဲတာ မထူးဆန်းတော့ဘူး။ သူ့ဓားပညာကလည်း တော်တော်ကောင်းတယ်” သူက ပြောရင်းဖြင့် လည်ပင်းမှ သွေးစို့နေသော နေရာအား လက်ဖြင့် ထိတွေ့ကြည့်သည်။ သူကား ဒဏ်ရာမှ အေးစက်သော အငွေ့အသက်များအား ခံစားမိနေဆဲဖြစ်သည်။
“ကျုပ်က ဒီကိစ္စအတွက် အငြိုးမထားဘူးလို့ ကတိပေးခဲ့တယ် ဆိုပေမဲ့ သူက မသင့်တော်တာ တစ်ခုခု မကြံစည်ဖို့တော့ လိုလိမ့်မယ် … မဟုတ်ရင် …” လီကျွမ်း၏မျက်နှာက အေးစက်နေသည်။ ထို့နောက် လီကျွမ်းက တစ်ဖက်သို့ လှည့်ကာ ထွက်သွားသည်။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ သူ့မျက်နှာ၏ ထင်ရှားနေသည်။
ယနေ့ သတ္တမဓားသမားက သူ၏လည်ပင်းကို ဓားဖြင့် ထောက်ကာ ကြီးစွာ အရှက်ရစေခဲ့သည်။ သည်ကိစ္စကား မပြီးသေးပေ။
လီကျွမ်း ထွက်သွားသည်အထိ လီရန်နှင့် လီယူတို့ကလည်း သူတို့အား ဒေါသထွက်သော မျက်လုံးများဖြင့် ကြည့်ကြသည်။
“သတ္တမဓား … ရှင့်ကို ကျွန်မတို့ ပြန်ပို့ပေးပါ့မယ်” လီယူက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူကား အန္တရာယ် မရှိတော့သော်လည်း လီယူ၏စေတနာကို မငြင်းပေ။ ပြဿနာတက်ပြီး နောက်တွင် သူသည် တာလီကျောင်းတော်အား ထပ်မံ၍ စိန်မခေါ်လိုတော့။ သူတို့အုပ်စု ထိုနေရာမှ ထွက်သွားလျှင် တာလီကျောင်းတော်မှ တပည့်များနှင့် တခြားလူများလည်း အလျှိုလျှို ထွက်သွားကြတော့သည်။ သူတို့အားလုံးက သတ္တမဓားဟူသော နာမည်ကိုတော့ သတိထားမိသွား ကြပေလိမ့်မည်။
ရီဖူရှင်းသည် လီယူနှင့်အတူ ပျံသန်းသွားရင်း သူတို့ကို မေးသည် … “လီကျွမ်းက ဘယ်သူလဲ”
သူက အင်ပါယာလီဘုံမှ အရေးပါသောလူများကို အင်ပါယာရှားနန်းတော်၌ ဖတ်မှတ်ဖူးသော်လည်း လူတိုင်းကိုတော့ မသိနိုင်ပေ။ ရန်ယွင်က သူ၏ဓားကို သုံးရန် ပြောလိုက်သောအခိုက်တွင် လီကျွမ်းသည် အင်ပါယာ၏ တိုက်ရိုက်မျိုးဆက် မဟုတ်ကြောင်း သိလိုက်သည်။
“သူက မင်းသားကြီးရဲ့ မြေးပဲ” လီယူက ပြောသည် … “လီယူက အမြဲ ဆိုးသွမ်း ရိုင်းစိုင်းတတ်ပေမဲ့ ရှင့်ကို သတ်မယ်လို့တော့ မထင်ထားဘူး”
“မင်းသားကြီးရဲ့မြေး” ရီဖူရှင်းက တွေးသည်။ သူက ထိုမျှ အတင့်ရဲစွာ လူသတ်ရဲခြင်းမှာ မထူးဆန်းတော့။ သူ့အဆင့်အတန်းဖြင့် ကြောက်စရာ သိပ်မရှိပေ။
“ကျုပ်ကို တိုက်ရိုက်ပြောပါ။ ကျုပ် အောက်ဘုံက လာတယ်ဆိုတာ သူသိရမယ်” ရီဖူရှင်းက ပြောသည်။
လီရန်နှင့် လီယူတို့က ရီဖူရှင်း၏စကားကို ကြားလျှင် အနည်းငယ် အံ့အားသင့် သွားကြသည်။
တာလီနန်းတွင်း အကြံပေးသည် ဘုရင်၏ အားအထားရဆုံးသူ ဖြစ်သည်။ ဘုရင်ခံထန်တောက်က ထိုအချက်ကို သဘောမကျသည်မှာ လူတိုင်းသိသောကိစ္စ ဖြစ်၏။ သို့သော်လည်း တစ်ဖက်တွင် မင်းသားကြီးသည် သိုသိပ်စွာ နေထိုင်ကာ နောက်ပိုင်းနှစ်များ၌ နန်းတွင်းရေးများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။ မင်းသားကြီး၏ အိမ်တော်မှ လူများသည် ထိုကိစ္စနှင့်ပတ်သက်၍ အနည်းနှင့်အများ အကြံအစည်များ ရှိရပေမည်။
လုချွန်က ရီဖူရှင်းအား အထက်ဘုံသို့ ခေါ်လာခဲ့သည်။ လီကျွမ်းက ရီဖူရှင်း မည်သူဖြစ်သည်ကို သိသော်လည်း မသိသလို ဟန်ဆောင်ခဲ့သည်။ သူက ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးစားခဲ့ရာ အကြံအစည်တစ်ခုခု ရှိနေသည်မှာ သေချာ၏။ သူကား ပြဿနာဖြစ်ရန် တမင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
***