တစ်ညတာ ကုန်ဆုံးသွား၏။
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ပြန်လည်သုံးသပ်၍ တရားထိုင်ပြီးသွားသောအခါ ပါမောက္ခကြီးဆီမှ အကြောင်းကြားစာတစ်ခုကို လက်ခံရရှိလိုက်၏။ ၎င်းမှာ တာအိုကျောင်းကြီးလေးကျောင်း၏ မှော်ဝင်နယ်မြေမှာ နောက်တစ်လအကြာတွင် ဖွင့်လှစ်တော့မည်ဖြစ်ရာ သူ့အား ပြင်ဆင်မှုများ အမြန်ဆုံး လုပ်ထားရန် လှမ်း၍ အသိပေးလိုက်ခြင်းဖြစ်သည်။
သူ့ကိုယ်သူ ပြင်ဆင်ရန် အချိန်တစ်လသာ ရသည်။
” ငါ အာနာပါနအဆင့်ကို ရောက်အောင်လုပ်မယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်လိုက်ပြီး ချက်ချင်းပင် ရှဲ့ဟေးရန်အား ဆက်သွယ်လိုက်၏။ သူသည် မည်သည့် အကျိုးဆက်ကိုမှ မှုမနေဘဲ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကိုသုံးစွဲကာ ဆေးလုံးများနှင့် ဓမ္မအဆောင်များ သန့်စင်နိုင်မည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ဤအခွင့်အရေးကို အမိအရအသုံးချရန် ဆုံးဖြတ်ထား၏။
ရှဲ့ဟေးရန်မှာ လက်တလောတွင် အလွန် အလုပ်ရှုပ်နေ၏။ အတန်းတင် စာမေးပွဲကြီးအတွက်ဖြစ်စေ၊ နောက်လာတော့မည့် မှော်ဝင်နယ်မြေအတွက်ဖြစ်စေ မရေမတွက်နိုင်သော လူပေါင်းများစွာက သူ့ထံမှ ပစ္စည်းများကို ဝယ်ယူချင်ကြသည်သာ ဖြစ်သည်။ ကောင်းကင်တာအိုကျောင်းတွင် ‘ ရှဲ့ဟေးရန် ‘ ဆိုသောနာမည်မှာ ကျော်ကြားပြီး လူအများက အားကိုးရ၏။ ရှဲ့ဟေးရန်မှာ မည်မျှပင် အလုပ်ရှုပ်နေစေကာမူ ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို ရရှိလိုက်သောအခါ လန်းဆန်းတက်ကြွသွား၏။
ဝမ်ပေါင်လဲ့မှာ အမြဲတမ်း ရက်ရောခဲ့သည် ဖြစ်သလို အဆင့်မြင့်ကျွန်းသို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်ဟု ရှဲ့ဟေးရန်က ယခင်ကတည်းက ထင်ကြေးပေးထားခဲ့သည်။ ထို့ကြောင့် အကယ်၍ သူသာ ဝမ်ပေါင်လဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားမည်ဆိုပါက သူ၏ ရောင်းဝယ်ဖောက်ကားမှုများကို အဆင့်မြင့်ကျွန်းပေါ်သို့ပါ လမ်းကြောင်းဖြန့်ကြက်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ လိုအပ်သောအရာအားလုံးကို ပို့ပေးမည်ဟု ကတိပေးခဲ့ပြီး သူ့အား ဈေးပင် လျှော့ပေးခဲ့သည်။
” ညီေလးပေါင်လဲ့ … ရှဲ့ဟေးရန်ဆိုတဲ့ ငါ့ဆီ လာဝယ်သရွေ့ မင်း လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ခုနစ်ရက်အတွင်း ရစေရမယ် ”
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ ကတိစကားကြောင့် အံ့အားသင့်သွား၏။ သူ မှာယူခဲ့သည့် ပစ္စည်း အရေအတွက်မှာ များပြားရုံသာမက ၎င်းတို့မှာ အရည်အသွေးကောင်မွန်သော ပစ္စည်းများလည်း ဖြစ်ကြသည်။ ရှဲ့ဟေးရန်က သူတောင်းဆိုမှုအတိုင်း ရောင်းချပေးနိုင်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရ၏။ တာအိုကျောင်းထဲတွင် ရှဲ့ဟေးရန် ရှိနေခြင်းကြောင့် သူ၏လုပ်ငန်းများမှာ အဆင်ပြေချောမွေ့နေရသည်ဟုပင် မှတ်ယူလိုက်၏။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို စောင့်ဆိုင်းနေရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် တာအိုကျောင်းကြီး လေးကျောင်း၏ မှော်ဝင်နယ်မြေထဲသို့ ဝင်ခွင့်ရမည့် အယောက်တစ်ထောင်အား ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ပြီး သူတို့၏ အမည်များကို ဝိညာဉ်ကွန်ရက်ပေါ်တွင် ကြေညာလိုက်သည်။
လူအများစုအတွက်မူ ထိုအဆင့်သက်မှတ်ချက်စာရင်းမှာ အထူးအဆန်း ဖြစ်နေမည် မဟုတ်ပေ။ သို့သော် သူတို့မှာ ထိုကဲ့သို့ ကြေညာလိုက်ပြီးနောက် ချက်ချင်းပင် ရှာကြည့်လိုက်ကြသည်သာ ဖြစ်သည်။ စစချင်းတွင် အရာအားလုံးမှာ ပုံမှန်သာဖြစ်နေပါသော်လည်း ချက်ချင်းဆိုသလိုပင် သူတို့မှာ မျက်လုံးများပြူးသွားကြပြီး တအံ့တဩဖြစ်ကာ ပင့်သက်များ ရှိုက်မိသွားကြတော့သည်။
” ဝမ်ပေါင်လဲ့က စာရင်းထဲမှာ မပါဘူးဟ ”
” ဘုရားရေ … ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲ ”
” ဝမ်ပေါင်လဲ့က ငါးပွဲစလုံး အနိုင်ရခဲ့တဲ့အပြင် အံ့သြဖို့ကောင်းတဲ့ ပညာရပ်တွေကိုပါ ထုတ်ပြခဲ့တာလေ။ ဘာလို့ သူက စာရင်းထဲမှာ မပါရတာလဲ ”
သူတို့အားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြစဉ် ဝိညာဉ်ကွန်ရက်ကြီး တစ်ခုလုံး ဆူညံပွက်လော ရိုက်နေကြတော့သည်။ လျှိုတောက်ပင်းမှာ ထိုစာရင်းကို ကြည့်ရှုလိုက်ပြီးနောက် အလွန် အံ့အားသင့်သွားသဖြင့် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ဆက်သွယ်လိုက်သည်။
ထိုအချိန်တွင် တရားထိုင်နေသည့် ဝမ်ပေါင်လဲ့မှာမူ ထိုအဆင့်သတ်မှတ်ချက်စာရင်းကို လုံးဝ မကြည့်ရသေးပေ။ သူသည် လျှိုတောက်ပင်း၏ အသံလွှင့် အကြောင်းကြားစာကို ရလိုက်သောအခါ ကြက်သေသေသွား၏။ ထို့နောက် သူသည် ဝိညာဉ်ကွန်ရက်ကို မဖွင့်နိုင်သေးခင်မှာပင် မရေမတွက်နိုင်လောက်အောင် များပြားသော အသံလွှင့်အကြောင်းကြားစာများကို ဆက်တိုက်ဆိုသလို ရရှိလိုက်တော့သည်။ ၎င်းတို့အားလုံးမှာ အဆင့်သတ်မှတ်ချက် စာရင်းထဲတွင် သူ၏အမည် မပါကြောင်း လှမ်း၍ အသိပေးသည့် အကြောင်းကြားစာများ ဖြစ်ကြသည်။
” မဖြစ်နိုင်တာ ”
ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ သူသည် ရင်ခုန်သံများ မြန်လာပြီး ချက်ချင်းပင် ဝိညာဉ်ကွန်ရက်ပေါ်သို့ တက်ကြည့်လိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် သူ၏ အမူအရာမှာ အရုပ်ဆိုးသွားတော့သည်။ သူ၏ အမည်မှာ အဆင့်သက်မှတ်ချက်စာရင်းထဲတွင် လုံးဝရှိမနေခဲ့ပေ။
ထိုကိစ္စရပ်ကြီးကြောင့် အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ် တာအိုကျောင်း၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်က အသိပေးစာတစ်ခု ထုတ်ပြန်လိုက်သည်။
ထိုအသိပေးစာထဲတွင် ဝမ်ပေါင်လဲ့ အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် မပါရသည့် အကြောင်းအရင်များနှင့် ရှင်းလင်းချက်များကို တိတိကျကျ ဖော်ပြထား၏။
” စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် ပထမဆုံး တိုက်ပွဲတုန်းက ဝမ်ပေါင်လဲ့က သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီးတော့ ဝူဟိုင်စန့်ကို အရှုံးပေးခိုင်းခဲ့တယ်ဆိုတဲ့ အချက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ တာအိုကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာမလို့ ဝမ်ပေါင်လဲ့ရဲ့ ဝင်ခွင့်ကို ရုပ်သိမ်းလိုက်ပါတယ် ”
ထိုအသိပေးစာမှာ များများစားစား ရှင်းပြနေခြင်း မရှိသလို မည်သည့်အရာကိုမှလည်း ဖုံးကွယ်မထားဘဲ ရိုးရှင်းသော စာကြောင်းအနည်းငယ်ဖြင့်သာ ပြီးဆုံးသွား၏။ သို့သော် ၎င်း၏ နောက်တွင် ရုပ်သံမှတ်တမ်းတစ်ခု ပါလာ၏။ ထိုရုပ်သံမှတ်တမ်းထဲတွင် ဝူဟိုင်စန့်ဟု အမည်ရသော ကျောင်းသားမှာ ဝမ်ပေါင်လဲ့အား အပုပ်ချကာ သူ ရှုံးပေးရခဲ့သည့် အကြောင်းအရင်းမှာ ဝမ်ပေါင်လဲ့၏ ခြိမ်းခြောက်မှုများကြောင့်သာ ဖြစ်ကြောင်း ဝန်ခံထားသည်။
ထို ရုပ်သံမှတ်တမ်းမှာ အမှန်ဖြစ်ကြောင်း ယုံကြည်ကြသူများ ရှိပါသော်လည်း အများစုမှာမူ ထိုသတင်းများအားလုံးမှာ လုံးဝ ဖြစ်နိုင်ခြေမရှိကြောင်း လက်ခံလိုက်ကြ၏။
” လုံးဝ အဓိပ္ပါယ်မရှိတာကွာ ”
” ဒါ ပူးပေါင်းကြံစည်မှုတစ်ခုပဲ ဖြစ်ရမယ် ”
” ဒုပါမောက္ခကောင်းချွမ်က ကျောင်းသားခေါင်းဆောင် ဝမ်ပေါင်လဲ့ကို ကြည်တာမဟုတ်ဘူး။ ဒါ သူ့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ”
” တရားမျှတမှု မရှိဘူးဟေ့ ”
နတ်ဝိဇ္ဇာဂူထဲတွင်ထိုင်၍ ထိုအခြင်းအရာအားလုံးကို ကြည့်နေသော ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီ ဖြစ်သည်။ သူ၏ အသက်ရှူနှုန်းများမှာ မြန်ဆန်လာပြီး သူ၏နဖူးပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထင်းခနဲ ပေါ်လာ၏။ သူ၏ မျက်လုံးများထဲတွင်လည်း ဒေါသမီးများ တောက်လောင်နေပြီဖြစ်သည်။ သူသည် အသံလွှင့်လက်စွပ်ကိုဖွင့်၍ ပါမောက္ခကြီးဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်ခု ပေးပို့ရန် ချက်ချင်းပင် တွေးမိလိုက်ပါသော်လည်း တခဏအကြာတွင် ရပ်တန့်သွား၏။
” ငါ လောလို့ မဖြစ်ဘူး။ စိတ်ငြိမ်ငြိမ်ထားမှ ရမယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် ဒေါသထွက်နေပါသော်လည်း ကျောက်စည်းကမ်းထိန်းသိမ်းရေးအဆောင်မှ ထုတ်ပြန်ထားသော ရှင်းလင်းချက်မှာ တရားမဝင်သောကြောင့် အဆင့်သတ်မှတ်ချက်စာရင်းထဲရှိ သူ၏ အဆင့်ကို စိတ်ပူမနေခဲ့ပေ။
ယခုတွင် သူ လုပ်ရမည့်အရာမှာ ဤ ဖြစ်ရပ်ကြီး၏နောက်မှ ကြိုးကိုင်နေသူကို သိအောင်လုပ်ရန်ဖြစ်သည်။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအထုပ္ပတ္ထိစာအုပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာဖတ်ရှုထားသည်ဖြစ်ရာ ထိုကိစ္စရပ်ကြီး တစ်ခုလုံးမှာ အလွန် မသင်္ကာစရာကောင်းနေကြောင်း အလိုအလျောက် ရိပ်မိလိုက်သည်။
” လင်းတျန်ဟောက်လား။ ကောင်းချွမ်လား။ ပါမောက္ခကြီးလား ”
ဝမ်ပေါင်လဲ့က သူ၏ အသံလွှင့်လက်စွပ်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။ သူ၏မျက်ဝန်းများမှာ အရောင်တောက်လာပြီးနောက် သူသည် ဆက်လက်စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူသည် သိပ်၍မစောင့်လိုက်ရပေ။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်အတွင်း ပါမောက္ခတောင်ထိပ်က နောက်ထပ် အသိပေးစာတစ်စောင်ကို ထုတ်ပြန်လိုက်ပြီး ဝမ်ပေါင်လဲ့မှာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ကြေညာ၍ သူ၏ ဝင်ခွင့်ကို ပြန်လည်ပေးအပ်လိုက်၏။
ထို့အပြင် ထိုအသိပေးစာ၏ အရေးအသားမှာ ခက်ထန်ပြီး ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆောင်မှ တာဝန်ရှိသူများကို ပြစ်တင်ဝေဖန်နေသည့်ပုံ ပေါက်နေ၏။
ထိုကိစ္စရပ်ကြီးမှာ အလျင်အမြန် ပြေလည်သွားသည့်အပြင် ထိုကဲ့သို့ ခက်ထန်လှသော ပြစ်တင်ဝေဖန်စကားကြောင့် တာအိုကျောင်းထဲမှ ကျောင်းသားများမှာ စိတ်လှုပ်ရှားသွားကြတော့သည်။ ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း လူတိုင်း မြူးကြွပျော်ရွှင်နေကြ၏။ လူအများအား ဒေါသထွက်သွားစေခဲ့သည့် အလွန် မသင်္ကာစရာကောင်းသော ကိစ္စရပ်ကြီးမှာ ချက်ချင်းပင် ပြေလည်သွားခဲ့သည်ဖြစ်သလို ပါမောက္ခကြီးမှာ သူ၏ အင်အားကြီးမားသော လုပ်ပိုင်ခွင့်အာဏာများကိုလည်း နောက်ထပ်တစ်ကြိမ် ထုတ်ပြခွင့် ရလိုက်သည် မဟုတ်ပါလော။
” ပါမောက္ခကြီးက တော်တော်ကို အာဏာရှိတာပဲ ”
” ဟားဟား ငါ့ရဲ့ ကောင်းကင်တာအိုကျောင်းဆိုတာ ဒီလိုမှပေါ့ကွ ”
” ငြိမ်းချမ်းမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုတွေကို ငါတို့တွေ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲ ”
လျှိုတောက်ပင်းနှင့် အပေါင်းအပါများမှာလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကျတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် တည်ကြည်သောအမူအရာဖြင့် ခေါင်းငုံ့ကာ အသံလွှင့်လက်စွပ်ကို ကြည့်နေ၏။ ဒုတိယမြောက် အသိပေးစာကို ထုတ်ပြန်လိုက်သည့်အချိန်တွင် သူသည် ပါမောက္ခကြီးဆီမှ အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိလိုက်သည်။ ထိုထဲတွင် နာမည်တစ်ခု ပါ၏။
” ကောင်းချွမ် ”
ဝမ်ပေါင်လဲ့၏ ဒေါသမီးများမှာ ပို၍ပင် တောက်လောင်လာရတော့သည်။ လက်ရှိကိစ္စရပ်ကြီးမှာ ပြေလည်သွားပြီဆိုလျှင်တောင် သူသည် အသုံးချခံလိုက်ရသည်ဖြစ်ပြီး ကြီးကြီးမားမား ခြိမ်းခြောက်ခြင်းခံလိုက်ရကြောင်း အထင်အရှား မြင်နိုင်ပေသည်။
” လင်းတျန်ဟောက်က ကျောင်းအထုတ်ခံလိုက်ရပြီလေ။ ဒီတော့ ဒီကိစ္စရဲ့နောက်ကွယ်မှာ သူ ရှိနေဖို့က လုံးဝနီးပါး မဖြစ်နိုင်ဘူး။ အဓိပ္ပါယ်မှ မရှိပဲ။ သူ အများဆုံး လုပ်နိုင်မှာဆိုလို့ ငါ့ကို ရွံရှာစက်ဆုပ်လာအောင် လုပ်နိုင်စွမ်းပဲ ရှိမှာ။ ပါမောက္ခကြီးကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ထုတ်ပြဖို့အတွက် ငါ့ကို အသုံးချနေစရာမလိုပါဘူး။ အဲဒီအချက်တွေနဲ့ ချိန်ဆကြည့်လိုက်မယ်ဆိုရင် ဒီကိစ္စအားလုံးရဲ့ အဓိကတရားခံက ကောင်းချွမ် အဖြစ်နိုင်ဆုံးပဲ ”
” တော်လိုက်တဲ့ ကောင်းချွမ်ပဲ။ သူက ဒီကိစ္စကို အသုံးချပြီးတော့ ငါ့ကို ရွံရှာစက်ဆုပ်လာအောင် လုပ်နိုင်လိုက်တဲ့အပြင် တချိန်တည်းမှာပဲ ပါမောက္ခကြီးကို သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ထုတ်ပြခွင့်ပါ ပေးလိုက်နိုင်တာပဲ။ ဒီအချက်တွေအပြင် သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေလောက်သေးတယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူက ငါ့ကို ဒုက္ခပေးဖို့ ထပ်ခါတလဲလဲ ကြိုးစားနေတာပဲကွ။ တော်တော်ကို ရွံရှာစက်ဆုပ်ဖို့ ကောင်းတဲ့ကောင်ပဲ ”
ဝမ်ပေါင်လဲ့မှာ ကြမ်းပြင်ကို လက်သီးဖြင့်ထိုးလိုက်၏။ ထို့နောက် သူ၏ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း တည်ငြိမ်သွားအောင် ထိန်းချုပ်လိုက်ပြီး ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
” ပထမဆုံး အခေါက်တုန်းက သူက ငါ့ကို ကလိမ်ကကျစ်ကျခဲ့တယ်လို့ စွပ်စွဲပြီးတော့ ကျောင်းထုတ်ဖို့ကြိုးစားခဲ့တာ။ အဲဒါလည်း ငါ သည်းခံနိုင်သေးတယ်။ ဒုတိယအခေါက်တုန်းကလည်း သူ သတင်းအမှားတွေဖြန့်လို့ ငါ သေခါနီး အနေအထားထိ ရောက်သွားခဲ့ရပေမယ့် သူက ဒုပါမောက္ခဖြစ်နေလို့ လျှော်ပေးခဲ့ရသေးတယ်။ နှစ်ခေါက်ဆိုရင်တောင် လက်ခံနိုင်စရာ မရှိတာကို သုံးခေါက်ကတော့ တော်တော်များသွားပြီ ”
ဝမ်ပေါင်လဲ့မှာ သူ၏ ဒေါသများကို မမျိုသိပ်နိုင်တော့ပေ။ သို့သော် ၎င်းတို့ကို ဖြေသိမ့်နိုင်စွမ်း မရှိသဖြင့် ကသိကအောက် ဖြစ်နေရတော့သည်။
အမှန်တွင် တာအိုကျောင်းထဲ၌ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စရပ်များကို အတိအကျ သုံးသပ်နိုင်သော လူများစွာ ရှိသည်။ ထိုကိစ္စမှာ သူတို့နှင့် မဆိုင်သောကြောင့်သာ ထိုအကြောင်းကို ကြွားဝါနေခြင်း မရှိပေ။ ထိုကိစ္စအကြောင်းကို နားလည်ထားသည့်လူများမှာ ဌာနအသီးသီးတွင် ရာထူးအသီးသီးကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ကြွားလုံးထုတ်နိုင်ရုံအတွက်နှင့် ပြဿနာရှာနေကြမည် မဟုတ်ပေ။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အလွန် စိတ်ဒုက္ခရောက်နေရပြီဖြစ်သည်။ သူ၏ ပုံမှန်စိတ်နှင့်သာဆိုလျှင် လက်တုံ့ပြန်ပြီးလောက်ပြီ ဖြစ်သည်။ သို့သော် သူသည် မိုးသစ်တောထဲရှိ ဖြစ်ရပ်ကြီးမှတစ်ဆင့် ဒုပါမောက္ခ၏ ကျင့်ကြံခြင်းအဆင့်ကို အရိပ်အမြွက်ခန့် နားလည်ခဲ့သည်ဖြစ်ပြီး အာနာပါနအဆင့်တွင်ရှိနေကြောင်းကို သိထား၏။
ဝမ်ပေါင်လဲ့မှာ အာနာပါနအဆင့် ဝါရင့်လူတစ်ယောက်ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း မှတ်ယူထားသည်။ သို့သော် သူ၏ ဒေါသစိတ်များမှာ ထိန်းမနိုင်သိမ်းမရ ကြီးထွားလာသောကြောင့် သူသည် ခေါင်းယမ်းကာ လျှို့ဝှက်မျက်နှာဖုံးကို ထုတ်ယူလိုက်ပြီး ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်သွားလိုက်တော့သည်။
ပုံရိပ်ယောင်နယ်မြေ၏ ရေခဲပြင်ကြီးပေါ်တွင် ဝမ်ပေါင်လဲ့မှာ ပေါက်ကွဲလုမတတ် ဖြစ်နေသော ဒေါသစိတ်များကို ချုပ်တည်းကာ မျက်နှာဖုံးအား စကားပြောနေ၏။
” မမလေး။ အာနာပါနအဆင့် ဝါရင့်လူတစ်ယောက်က ကျနော့်ကို ဒုက္ခပေးနေတာဗျာ။ မမလေးဆီမှာ ကျနော် အခုချက်ချင်း အာနာပါနအဆင့်ကို ဖောက်ထွက်သွားနိုင်မဲ့ နည်းလမ်းလေး ဘာလေးများ မရှိဘူးလား ”
ထိုအခါ ထိုမျက်နှာဖုံးကြီးမှာ ဖျတ်ခနဲလက်သွားပြီး အဖြေကို ချက်ချင်းထုတ်ပြလိုက်သည်။
” မရှိဘူး ”
” အဲဒါဆိုရင် ရှေးဟောင်းသိုင်းအဆင့်ကလူတွေ အာနာပါနအဆင့်ဝါရင့်တွေကို အနိုင်ယူနိုင်တဲ့ နည်းလမ်းရော ရှိလား ”
” မရှိဘူး ”
မျက်နှာဖုံးကြီးမှာ ယခင်အတိုင်းသာ ပြန်ဖြေလိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ ထိုအဖြေများကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေ၏။ ထို့နောက် သူ၏ စိတ်ပျက်မှုများကို ချုပ်တည်းကာ ခေါင်းယမ်းလိုက်ပြီး သူ၏ မကျေနပ်ချက်များကို မျိုသိပ်ထားရန်သာ တွေးလိုက်တော့သည်။ သူသည် အာနာပါနအဆင့်အထိ ရောက်အောင် စောင့်ဆိုင်းပြီးမှသာ ကောင်းချွမ်အား လက်စားချေရန် တွေးလိုက်၏။
သို့သော် သူ လက်မြှောက်အရှုံးပေး၍ ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် လျှို့ဝှက်မျက်နှာဖုံကြီးမှာ မသိမသာ ဖျတ်ခနဲ လက်သွား၏။ အကယ်၍ ဝမ်ပေါင်လဲ့ ခန့်မှန်းထားခဲ့သည့်အတိုင်း ထိုမျက်နှာဖုံးထဲတွင် မမလေးတစ်ယောက် အမှန်တကယ်ရှိနေခဲ့မည်ဆိုပါက ထိုဖျတ်ခနဲ လက်သွားသည့် အလင်းတန်းမှာ သူမ၏ အကြည့်တစ်ချက်နှင့် ဆင်တူနေမည် ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် သူ့အား စနောက်ရန် အကြံရသွားသည့် မရိုးသားသော အကြည့်မျိုး ဖြစ်သည်။
ထို့နောက် စာကြောင်းတစ်ကြောင်း မျက်နှာဖုံး၏ မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာ၏။ ၎င်းနှင့်အတူ ဝမ်ပေါင်လဲ့အား သတိပေးလိုက်သည့်အနေဖြင့် မိုးကြိုးတစ်ချက်ပစ်ကာ သူ၏ အာရုံကို ဖမ်းစားလိုက်သည်။
စိတ်ပျက်လက်ပျက်နှင့် စိတ်ထဲတွင် တတွတ်တွတ်ရေရွတ်နေသော ဝမ်ပေါင်လဲ့မှာမူ ထို ရုတ်တရက် ပေါ်ထွက်လာသော မိုးကြိုးပစ်သံကြောင့် ကြောက်ရွံ့တုန်လှုပ်သွား၏။ သူသည် ခေါင်းငုံ့၍ ရှောင်တိမ်းလိုက်စဉ်မှာပင် မျက်နှာဖုံးပေါ်မှ စာလုံးများကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင်ရပ်တန့်သွားပြီး စိတ်လှုပ်ရှားလွန်းလှသဖြင့် မျက်လုံးများ ပြူးသွားရတော့သည်။
” ရှေးဟောင်းသိုင်းအဆင့်ဆိုတာ သန့်စင်ခြင်း လုပ်ငန်းစဉ်တစ်ခုပဲ။ ဒီသန့်စင်ခြင်း လုပ်ငန်းစဉ်ရဲ့ ထိပ်ဆုံးအဆင့်ကို ရွှေရောင်ခန္ဓာလို့ ခေါ်တယ်။ မင်း ရွှေရောင်ခန္ဓာတစ်ခုကို ရရှိအောင် လုပ်နိုင်မယ်ဆိုရင် အာနာပါနအဆင့်ဝါရင့်တစ်ယောက်ကို ယှဉ်နိုင်မှာပဲ ”
ထိုစာကြောင်းမှာ သူ၏ အာရုံကို အပြည့်အဝ မဖမ်းစားနိုင်မည် စိုးသဖြင့် မျက်နှာဖုံးကြီးပေါ်တွင် နောက်ထပ်စာကြောင်းတစ်ကြောင်း ထပ်၍ပေါ်လာပြန်သည်။
” ပြီးတော့ ရွှေရောင်ခန္ဓာတစ်ခုနဲ့ အာနာပါနအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် စိတ်ကူးနဲ့တောင် မမျှော်မှန်းနိုင်တဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိဦးမှာ “