အပိုင်း (၁၁၁၁)

မင်းရဲ့ဓားကို သုံးလိုက်

“သွား …”

ရီဖူရှင်းက ကောင်းကင်သို့ ညွှန်လိုက်လျှင် ဓားများအားလုံးသည် လေထဲသို့ တက်သွားကြသည်။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် ဓားများဖြင့် ပြည့်နှက်လာခဲ့တော့၏။ ရီဖူရှင်း၏အရိပ်အယောင်ကို မူကား မမြင်ရတော့ပေ။

“ပုံရိပ်ယောင်ဓား … ”

ရှန့်ထိုက မသေချာမှုကို ခံစားရသည်။ ရွှေရောင်မုန်တိုင်းသည် ဆက်လက်၍ ဆင်းသက်လာခဲ့ရာ ပုံရိပ်ယောင်ဓားများမှာ ရုန့်ရင်းစွာ ဖျက်ဆီးခြင်း ခံရသည်။

ရီဖူရှင်းထံသို့ ပြင်းထန်သော ဖိအား ဆင်းသက်လာခဲ့ကာ သူ့အား မြေပြင်ပေါ်သို့ ပြန်လည်တွန်းသည်။ ရီဖူရှင်းက နောက်ကို ကျဆင်းသော်လည်း လက်ကို ဆန့်တန်းလျက် နောက်ထပ် ဓားတစ်လက် ပေါ်လာသည်။ သူက ဓားကို ဆွဲထုတ်လိုက်သည်နှင့် သူသည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူက ဖိအားကို ဖြတ်တောက်ကာ ထိုနေရာမှ လွတ်မြောက် သွားနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လီကျွမ်းသည် ကြီးမားသော ဖိအားကို ခံစားရသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ဓားကို ဝှေ့ယမ်းလျက် သူ့ထံသို့ မြန်ဆန်စွာ ရွေ့လျားလာခဲ့သည်ကို မြင်၏။ လျှပ်တစ်ပြက်ပင် သူသည် လီကျွမ်း၏ရှေ့သို့ ရောက်လာကာ ရေပြင်ကို ခွင်းသည့်အလား ဓားသည် ချောမွေ့စွာ ကျဆင်းလာခဲ့သည်။ ထိုအရာကား အာကာသဓားဖြစ်သည်။

ရီဖူရှင်းထံမှ ဓားအသိများ ဖြာထွက်လာခဲ့ကာ လီစွမ်းသည် နောက်သို့ မြန်ဆန်စွာ ဆုတ်၏။ သို့သော်လည်း သူကား ထိုဓားချက်မှ လွတ်မြောက်နိုင်စွမ်း မရှိပေ။ သူက လက်ကို ဆန့်တန်းကာ ဓားအား တားဆီးရ၏။ သူ့မျက်လုံးများက အေးစက်နေသည်။

သူ့ခန္ဓာကိုယ်အား တော်ဝင်ရတနာ တစ်ခု ကာကွယ်ပေးထားပြီး လက်ကို ဖုံးအုပ်ထားသော ရတနာဖြင့် ရီဖူရှင်း၏ဓားကို ဆုပ်ကိုင်သည်။ ဓားသည် သူ၏လက်ကြားသို့ ရောက်လာခဲ့ကာ လီကျွမ်းက တင်းတင်း ဆုပ်ကိုင်ရန် ရည်ရွယ်သော်လည်း ဓားသည် ရွှေရောင် အလင်းတန်း အသွင်ဖြင့် လက်များကို ဖြတ်ကျော်ကာ သူ၏ ခုခံခြင်းအလင်း အရံအတားကို ကျော်ဖြတ်လျှက် လည်ပင်းထံသို့ ကျဆင်းလာခဲ့သည်။

လျှပ်တစ်ပြက်တွင် လီကျွမ်းက သူ၏လည်ပင်းမှ အေးစက်သော အထိအတွေ့အား ခံစားရသည်။ သူ၏ခန္ဓာကိုယ် သည်လည်း တောင့်တင်းသွား၏။ ရှန့်ထိုက မြန်ဆန်စွာပင် သူတို့အနီးသို့ ရောက်လာခဲ့သည်။ ရီဖူရှင်းက သူ့အား ဓားဖြင့် တားဆီးခဲ့စဉ်က မိမိအား အနည်းငယ်သာ နှေးကွေးစေခဲ့ပေသည်။ လီကျွမ်းက ထိုဓားတစ်ချက်ကို ခုခံနိုင်ရုံဖြင့် သူ့အတွက် လုံလောက်သော အချိန်ရရှိပေမည်။ သို့သော်လည်း လီကျွမ်းကား ဓားတစ်ချက်မျှပင် မခုခံနိုင်ခဲ့။

တာလီကျောင်းတော်မှ လူများက ထိုမြင်ကွင်းကို မြင်လျှင် ထိတ်လန့် သွားကြသည်။ ရှန့်ထိုတစ်ပါး၏ တိုက်ခိုက်မှုကို ဓားတစ်ချက်ဖြင့် တားဆီးကာ လီကျွမ်း၏ အသက်ကို ထိန်းချုပ်ထားခဲ့သည်။ ထိုဓားကား အလွန်တရာ ကောင်းမွန်လွန်း၏။ တာလီကျောင်းတော်တွင် ဓားလမ်းစဉ်ကို လာရောက် ရှာဖွေသော သည်ဓားသမားသည် အမှန်ပင် ထက်မြက်ပေသည်။

“ သူ့ကိုလွှတ်လိုက် … ”

ရှန့်ထိုက ရှေ့သို့ တက်လာသည်။ ရီဖူရှင်းက သူ့အား မကြည့်ပေ။ ဓားအသိများ သူ့ထံမှ ဖြာထွက်လာခဲ့ကာ ဓားသွားသည် လီကျွမ်း၏ လည်ပင်းကို နစ်ဝင်လာခဲ့၏။ အနည်းငယ်မျှ ထပ်တိုးလိုက်လျှင် သူသည် လီကျွမ်း၏အသက်ကို အဆုံးသတ်နိုင်ပေသည်။

လီကျွမ်းက ခေါင်းကို အနည်းငယ် ငဲ့စောင်းလိုက်သည်။ သူက လည်ပင်းမှ အေးစက်သော အထိအတွေ့ကို ခံစားရ၏။ သူက ခေါင်းကို ဖြည်းညင်းစွာ ငုံ့ကာ ရီဖူရှင်းအား အလွန်တရာ မောက်မာ အေးစက်သော အကြည့်ဖြင့် ကြည့်သည်။ သူကား အမှန်တကယ်ပင် အောက်ဘုံ၌ ပြိုင်စံရှား ဓားသမားဘွဲ့နှင့် ထိုက်တန်သူဖြစ်သည်။ သူက တာလီဓား တောင်ကုန်းမှ ဓားသမားကိုပင် အနိုင်ယူကာ မိမိကိုလည်း ဓားတစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်သည်။ ထိုအရာက အမှန်ပင် အံ့အားသင့်ဖွယ်ရာ ကောင်း၏။

“ ကျုပ်မျိုးရိုးနာမည်က လီ … ”

လီကျွမ်းက ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောသည် …

“မင်းဓားက တော်တော်ကောင်းတာပဲ … ဓားကို ဖယ်လိုက်ပါ .. ငါမင်းကို ထွက်သွားခွင့်ပြုမယ် ”

ရီဖူရှင်းက သူ၏ဓားကို တင်းတင်း ဆုပ်ထားသည်။ သူက လီကျွမ်းအား ကြည့်ကာ ပြောသည် …

“ မင်းက ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ ”

“တာလီကျောင်းတော်ကို အရှက်ကွဲဖို့ ငါက ဘယ်လို့ ခွင့်ပြုနိုင်မှာလဲ ”

လီကျွမ်းက မောက်မာစွာ ပြောသည်။

ရီဖူရှင်းက သူ့အား ကြည့်သည်။ လီကျွမ်းသည် တစ်လျှောက်လုံး တည်ငြိမ်နေခဲ့သည်ကို သတိထားမိခဲ့သည်။ သူက တာလီကျောင်းတော်အား စိန်ခေါ်သောကြောင့် သတ်ဖြတ်ရန် ကြိုးစားခြင်း မဟုတ်ပေ။ လီကျွမ်းက မိမိသည် တာလီကျောင်းတော်အား အရှက်ကွဲစေသည်ဟု စဉ်းစားလျှင် ရှန့်ထိုအား သတ်ဖြတ်ခိုင်းမည် မဟုတ်ပေ။

လီကျွမ်းကား လိမ်နေခြင်းဖြစ်၏။ သည်တစ်ကြိမ်သည် လီကျွမ်းနှင့် မိမိ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ မိမိတို့အကြား ရန်ငြိုးရန်စများ မရှိဘဲ အဘယ်ကြောင့် သတ်ဖြတ်ရန် ကြိုးစားရသနည်း။

သို့သော်လည်း လီကျွမ်း၏ စိတ်နေသဘောထားဖြင့် ဆိုပါက အကြောင်းအရင်းကို မေးရန် ခက်ခဲပေသည်။

“ သူ့ကို လွှတ်လိုက် … ”

ရှန့်ထိုက ရှေ့သို့ တက်လာပြန်သည်။ သူ့ကိုယ်ရောင်ကိုယ်ဝါကား ကြောက်မက်ဖွယ် ကောင်း၏။ ရီဖူရှင်းအနီးတွင် ပြင်းထန်သော ဓားအသိများ လှည့်ပတ်နေခဲ့ကာ ရှန့်ထိုက အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ရိဖူရှင်းက ဓားသွားကို နည်းနည်းဖိကပ်ကာ ရှန့်ထိုအား ကြည့်လျက်ပြောသည် …

“ခင်ဗျား နောက်ထပ် ခြေတစ်လှမ်းတိုးရင် သူ့လည်ပင်း ပြတ်သွားမယ်”

လီကျွမ်း၏လည်ပင်းမှ သွေးများ စီးကျလာသည်။ သူက အေးစက်နာကျင်သော အထိအတွေ့ကို ခံစားရကာ ချွေးများပင် စို့လာ၏။

“ မင်းဓားကို မဖယ်ရင် ဒီနေ့ မင်းအသက်ရှင်မယ်လို့ မထင်နဲ့ … ”

လီကျွမ်းက ပြောသည်။ သူက ထိုသို့ပြောလျှင် သူ၏လည်ပင်းမှ ပိုမိုအေးစက်သော အငွေ့အသက်အား ခံစားရ၏။ သူ၏မျက်နှာက အနည်းငယ် ပြာနှမ်းသွားသည်။

“မင်း ငါ့ထက် အရင်ဆုံး သေရမယ်လို့ ငါကတိပေးတယ် ”

ရီဖူရှင်းက အေးစက်စွာ ပြောသည်…

“စိန်ခေါ်တာရှုံးလို့ ရှန့်ထိုတစ်ပါးရဲ့ အကူအညီကို တောင်းရတဲ့အကောင်က ဘာကတိပေးချင်တာလဲ။ မင်း ပါးစပ်ကို ပိတ်ထား ”

ရီဖူရှင်းက ပြောလျှင် လီကျွမ်းက ပါးစပ်ပိတ်လိုက်သည်။ ဓားသည် သူ၏ လည်ပင်းကို နစ်ဝင်နေပြီဖြစ်ကာ ထပ်မံ၍ နစ်ဝင်လာပါက သူကား သေရပေမည်။

တာလီကျောင်းတော် အပြင်ဘက် တစ်ခုလုံး၌ တိတ်ဆိတ်နေသည်။ အဝေးမှ လူတစ်စု ပျံသန်းလာသည်။ ကျောင်း၏ အကြီးအကဲက သတင်းများကို ကြားကာ အမြန်ပျံသန်းလာခြင်း ဖြစ်သည်။ သူတို့က လက်ရှိမြင်ကွင်းကို မြင်လျှင် အမူအရာများ ပြောင်းလဲသွားကြ၏။ လီကျွမ်းကား ကျောင်းတော်၏ထက်မြက်သော ပါရမီရှင် မဟုတ်သော်လည်း သူကား လီမျိုးရိုး ဖြစ်ပေသည်။ သူသာ သည်နေရာတွင် သေဆုံးပါက ပြဿနာများ တသီတတန်းကြီး တက်ပေလိမ့်မည်။ သို့သော်လည်း ဓားသမားသည် အနည်းငယ်မျှပင် မရွေ့လျားပဲ ထိုနေရာတွင် ရပ်နေသည်။

ဓားကို ဖယ်လိုက်လျှင် သူဘာဖြစ်မည်ကို ရီဖူရှင်း မသိပေ။ ထို့ကြောင့် သူ၏အသက်ကို အာမခံချက်မရဘဲ လီကျွမ်း၏လည်ပင်းမှ ဓားကို မဖယ်နိုင်ပေ။

“လီကျွမ်းက ဒီကိစ္စမှာ မှားခဲ့တယ်။ ဘာလို့ သူ့ကို အရင်မလွှတ်ပေးတာလဲ”

တာလီကျောင်းတော်မှ ရှန့်ထိုက ပြောသည်။

“တာလီကျောင်းတော်က တာလီပြည်ထောင်မှာ အကောင်းဆုံး တော်ဝင်မြေပဲ။ ကျုပ်က ဒီကို လမ်းစဉ်ရှာဖွေဖို့ ရောက်လာခဲ့တယ်။ ဒါပေမဲ့ ဒီလူက ရှန့်ထိုတစ်ပါးကို စေခိုင်းပြီးတော့ ကျုပ်ကို သတ်ခိုင်းတယ်။ ကျုပ်က မတတ်သာလို့ ဒီလိုလုပ်ခဲ့ရတာပဲ။ စီနီယာက တာလီကျောင်းတော်ကို ကိုယ်စားပြုပြီးတော့ ကျုပ်ဘေးကင်းမှုကို အာမခံလား ”

ရီဖူရှင်းက မေးသည်။

ရီဖူရှင်း၏စကားကို ကြားလျှင် ထိုရှန့်ထိုကား အတန်ကြာ တိတ်ဆိတ်နေသည်။ လီကျွမ်းကား ထူးခြားသော အဆင့်အတန်းရှိပေသည်။ သူကား မင်းသားကြီး၏မြေးဖြစ်၏။ သူ့တွင် ရီဖူရှင်း၏ဘေးကင်းမှုကို အာမခံနိုင်သော အင်အားမရှိပေ။

“လူတစ်ယောက်က ဒေါသထွက်ရင် သူက သွေးချောင်းစီးအောင် လုပ်နိုင်တယ်။ ခင်ဗျားတို့က ကျုပ်ရဲ့ ဘေးကင်းမှုကို အာမမခံနိုင်မှတော့ သူ့ကို ကျုပ်နဲ့အတူ မြှုပ်နှံရတာပေါ့ ”

ရီဖူရှင်းက ဆက်ပြောသည်။ ထို့နောက် သူက ဆက်လက်၍ စောင့်ဆိုင်းနေ၏။

လီကျွမ်း၏မျက်နှာက နက်မှောင်သွားသည်။ သတ္တမဓား ဆိုလိုသည်က မည်သူကမှ သူ၏ဘေးကင်းမှုကို အာမမခံနိုင်လျှင် မိမိအား သတ်ဖြတ်မည့် သဘောဖြစ်သည်။

တာလီပြည်ထောင်မှ လူများက သူ့အား တိတ်တခိုး ချီးကျူးရပေသည်။ လူတစ်ယောက်က ဒေါသထွက်ပါလျှင် သူသည် သွေးချောင်းစီးအောင် လုပ်နိုင်ပေသည်။ လီကျွမ်း၏ အပြုအမူကား အမှန်ပင် လွန်ကဲပေသည်။ သည်ဓားသမားသည်သာ အနည်းငယ် အားနည်းပါက သူသည် သေချာပေါက် မတရား အသတ်ခံရပြီးဖြစ်မည်။

“မင်းက လုချွန်တို့နဲ့အတူ လိုက်ပါလာတဲ့ သတ္တမဓားလား … ”

တာလီကျောင်းတော်မှ အကြီးအကဲတစ်ယောက်က မေးသည်။

“ ဟုတ်တယ် ”

ရီဖူရှင်းက ဆိုသည်။ အားလုံး၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ လုကျွမ်း သတ်ဖြတ်လိုသော သူသည် လုချွန် ရွေးချယ်ခဲ့သော အောက်ဘုံမှ ဓားသမားတစ်ဦး ဖြစ်နေသည်။ ပြောကြသည်မှာ သည်ဓားသမားအား တာလီဓားတောင်ကုန်းက သူတို့ထံသို့ ခေါ်လိုသည်။ တစ်စုံတစ်ယောက်က သည်အကြောင်းကို ကျောင်းတော်သို့ တင်ပြပြီးဖြစ်သည်။ အခြေအနေက အဆိုးဘက်သို့ ဦးတည်နေသည်။

တာလီကျောင်းတော်၏ အပြင်ဘက်တွင် အရာအားလုံး တိတ်ဆိတ်နေသည်။ လူနှစ်ယောက်ကား လှုပ်ရှားခြင်း မရှိဘဲ ကျောင်းတော် အပြင်ဘက်၌ ရပ်နေကြ၏။ ထိုအခိုက်တွင် ကျောင်းတော် အတွင်းမှ လူတစ်စု ထွက်လာသည်။

“အစ်ကိုရန်ကို နှုတ်ဆက်ပါတယ် …”

တာလီကျောင်းတော်မှ တပည့်များက ရောက်လာသူအား လေးစားစွာ ဦးညွှတ်ကြသည်။ တခြားလူများကလည်း သူ့အား လှမ်းကြည့်ကြ၏။

သူကား တာလီနန်းတွင်း အကြံပေး၏တပည့်ကြီး ရန်ယွင်ဖြစ်သည်။ တာလီ ကျောင်းတော်၏ အရေးကြီးသော ကိစ္စရပ်များအား သူဆုံးဖြတ်နိုင်ပေသည်။ သူ၏ဆရာက ကျောင်းတော်၏ကျောင်းအုပ်ဖြစ်ရာ ကျောင်းတော်၏တပည့်များအားလုံးက သူ့အား အစ်ကိုရန်ဟု ခေါ်ကြသည်။

ရန်ယွင်က ဘာဖြစ်နေသည်ကို သိပြီးဖြစ်သည်။ သူက လီကျွမ်းအား ကြည့်ကာ ပြောသည် …

“ လီကျွမ်း .. မင်းက ဒီပြဿနာကို အစပျိုးခဲ့တာ။ အခု ဘယ်လို ဖြေရှင်းမလဲ ”

“ အစ်ကိုရန် … သူက ဓားကို ဖယ်ရင်း ကျုပ်သူ့ကို မသတ်ဘူး ”

လီကျွမ်းက ပြောသည်။

ရန်ယွင်က ရီဖူရှင်းအား ကြည့်လျှင် ရီဖူရှင်းက ပြောသည် …

“ ကျုပ် သူ့ကို မယုံဘူး ”

“သူက မင်းကို မယုံဘူး။ မင်းက သူ့ကို ဘယ်လို အာမခံမလဲ ”

ရန်ယွင်က လီကျွမ်းအား ပြောသည်။

“သူက ကျုပ်ကို မယုံရင် ကျုပ်က ဘာလုပ်နိုင်မလဲ”

လီကျွမ်း၏မျက်နှာက အရုပ်ဆိုးသွားသည်။

“ ဖြေရှင်းစရာ နည်းလမ်း မရှိမှတော့ … သတ္တမဓား .. မင်းရဲ့ဓားကို သုံးလိုက်တော့ …”

ရန်ယွင်က ပြောသည်။ သူက ထိုသို့ပြောလျှင် အားလုံး၏ အကြည့်များက အေးခဲသွားကြသည်။ သတ္တမဓားအား ရန်ကျွမ်းကို သတ်ရန် ရန်ယွင်က ပြောနေသည်။

လီကျွမ်း၏မျက်နှာက ပြာနှမ်းသွား၏။ ရန်ယွင်က မိမိတို့နှစ်ဦးလုံးကို အတူတူ သေစေလိုနေသည်လား။ သတ္တမဓား၏အသက်က မိမိ၏အသက်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

* * *


Comment

Leave a Reply


Options

not work with dark mode
Reset