အပိုင်း (၁၁၀၉)

လမ်းစဉ်ကို လိုက်ရှာသော သတ္တမဓား

တာလီပြည်ထောင်နန်းမြို့တော်တွင် သတင်းအချို့ ပျံ့နှံ့လာခဲ့သည်။ နန်းတွင်းအကြံပေးသည် တပည့်အသစ် တစ်ယောက်အား လက်ခံမည်ဖြစ်၏။ ထိုသတင်းက အင်ပါယာလီမြို့အား အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

အင်ပါယာလီဘုံတွင် တာလီပြည်ထောင်နန်းတွင်း အကြံပေး၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းမှာ  အင်ပါယာပြီးလျှင် အမြင့်ဆုံး၌ရှိ၏။ အင်ပါယာလီ၏ ဦးလေးနှင့် အစ်ကိုတို့မှ လွဲ၍ သူ့အား ဖိနှိပ်နိုင်သူ မရှိပေ။

သူ၏တပည့် တစ်ယောက်ချင်းစီသည်လည်း အတော်ဆုံးများ ဖြစ်ကြ၏။ သူ၏ တပည့်တစ်ယောက် ဖြစ်သော လုချွန်သည် လွန်ခဲ့သော ဆယ်နှစ်က နတ္တထိဘုံ တိုက်ပွဲကိုပင် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်၏။ သူ့အပေါ်တွင် စီနီယာများ ရှိသေးသည်။ ထိုအထဲမှ တစ်ယောက်ဖြစ်သော ရန်ယွင်သည် ရှန့်ထို တတိယအဆင့် ဖြစ်သော အပြစ်ကင်းစင်ခြင်း အဆင့်၌ ရှိပေသည်။ သူသည်လည်း အင်ပါယာလီဘုံ၏ စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်များ ထဲတွင် ပါဝင်ပေသည်။

ပြန်လည်မွေးဖွားခြင်း အဆင့်(ဝါ) ရှန့်ထို စတုတ္ထအဆင့်အား ရရှိသူမှာ အလွန်တရာ ရှားပါးပေသည်။ အင်ပါယာလီဘုံ တစ်ခုလုံးတွင်ပင် ပြန်လည်မွေးဖွားခြင်း အဆင့်ဖြင့် တန်ခိုးရှင် အရေအတွက် ဆယ်ဦးမပြည့်ပေ။ ထို့အပြင် ရန်ယွင်အား ရှန့်ထိုတတိယ အဆင့်၌ မည်သူမှ မယှဉ်နိုင်ဟု နာမည်ကြီးသည်။ နန်းတွင်းအကြံပေး၏ ဒုတိယတပည့် သည်လည်း ရှန့်ထိုဒုတိယ အဆင့်တွင် ဖြစ်သည်။ ထို့ကြောင့် တာလီပြည်ထောင်တွင် သူတို့၏ ဂုဏ်သတင်းများသည် အင်ပါယာလီ၏ သားတော်များထက် မနိမ့်ကျပေ။

ထို့ကြောင့် နန်းတွင်းအကြံပေးက တပည့်အသစ်လက်ခံမည်ဟု သတင်းထွက်လာသော အခါ လူအများအပြားမှာ ယွင်ကျင်း၏သေဆုံးခြင်းအတွက် သူ နောက်ထပ် တပည့်တစ်ယောက်ဖြင့် အစားထိုးလိုသည်ဟု ကောက်ချက် ချကြသည်။

နန်းတွင်းအကြံပေးက တပည့်လက်ခံမည်ဟု သတင်းများ ထွက်လာသောအခါ လူအများအပြား၏ ခေါင်းထဲသို့ ဦးစွာ ဝင်လာသူကား ဒွန်ချန်း အမည်ရှိ လူငယ်တစ်ဦးဖြစ်သည်။ သူကား တာလီကျောင်းတော်၏တပည့်တစ်ဦးလည်းဖြစ်၏။

ပြီးခဲ့သည့် နှစ်ကုန်၌ တာလီကျောင်းတော်က ပြုလုပ်သော ဂျူနီယာများ အကဲဖြတ်ပွဲတွင် ဒွန်ချန်းသည် နံပါတ်၁နေရာကို ရရှိခဲ့ပေသည်။ သူကား စကားစစ်ထိုးခြင်းနှင့် တိုက်ခိုက်ခြင်းတို့ နှစ်မျိုးလုံး၌ ပထမရခဲ့သည်။

စကားစစ်ထိုးခြင်းကား ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အသိအမြင် ဖလှယ်ငြင်းခုံခြင်း တစ်မျိုးဖြစ်သည်။ နောက်တစ်ခုကား တိုက်ပွဲဖြစ်၏။

ဒွန်ချန်းကား စကားစစ်ထိုးခြင်း၌ ပြည့်စုံသော အဖြေကို ပေးနိုင်ခဲ့သည်။ သူ့မတိုင်ခင် ထိုသို့ လုပ်နိုင်သူကား ယွင်ကျင်းဖြစ်၏။

ထိုအခိုက်တွင် တာလီကျောင်းတော်မှ လူများသည် ထိုကိစ္စနှင့် ပတ်သက်၍ အလျှိုလျှို ပြောဆိုဆွေးနွေးနေကြ၏။ ကျောင်းတော်၏ အပြင်ဘက်တွင်ပင် အချို့သော လူများမှာ စိတ်ဝင်စားဖွယ် ပြောဆိုနေကြသည်။

ထိုအချိန်တွင် ကျောင်းတော်၏အပြင်ဘက်တွင် လူငယ်တစ်ယောက် ရပ်နေသည်။

တာလီကျောင်းတော်ကား အိုဟောင်းခြင်း မရှိပေ။ ကျောင်းတော်ရှေ့၌ ရပ်နေခြင်းကပင် ကျောင်း၏ ငယ်ရွယ်နုပျိုမှုကို ခံစားရသည်။ ပုံမှန်အားဖြင့် ကျောင်းတော်သား အများစုမှာ လူငယ်များ ဖြစ်ကြသည်။ သူတို့သည် ရှီအဆင့် အသီးသီးကို ဝင်ရောက်ကာ နိုဘယ်အဆင့်အား နောက်ချန်ထားခဲ့ကြပြီး ဖြစ်သည်။ စစ်မှန်သော ပါရမီရှင်များအားလုံးမှာ တာလီကျောင်းတော်၌ စုစည်းကြ၏။

အင်ပါယာလီ၏ မိသားစုဝင်များသည်ပင် တာလီကျောင်းတော်တွင် လာရောက် လေ့ကျင့်ကြပေသည်။ ဤတွင် တခြား အတန်းအစားမြင့် မိသားစုများက မည်သို့ လာရောက် မလေ့ကျင့်ဘဲ နေမည်နည်း။

ရီဖူရှင်းသည် တာလီကျောင်းတော်၏ အပြင်ဘက်တွင် ရပ်နေသည်ကို လူအများအပြားက သတိထားမိကြ၏။ လူငယ်ကား အလွန်ချောမော ခန့်ညားသည်။ သူက ကျောင်းတော်သို့ ဝင်ရောက်လိုသောကြောင့် ထိုနေရာတွင် ရပ်နေသည်များလား။

အင်ပါယာလီဘုံတွင် မည်သူက တာလီကျောင်းတော်သို့ မဝင်ရောက်လိုဘဲ နေမည်နည်း။ သို့သော်လည်း တာလီကျောင်းတော်သို့ ဝင်ရန်မှာ အလွန်တရာ ခက်ခဲ တင်းကြပ်ပေသည်။

ရီဖူရှင်းက အပြင်တွင် ရပ်ကာ သက်ပြင်းချသည်။ သူကား အင်ပါယာရှားဘုံမှ အင်ပါယာလီဘုံသို့ ရောက်လာခဲ့သည်။ ဤတွင် ဘုံနှစ်ခုအကြား ကွဲပြားခြားနားမှုကို မြင်ရ၏။ အင်ပါယာလီဘုံ၏ စည်းလုံးမှုမှာ အင်ပါယာရှားဘုံထက် ကောင်းမွန်ဟန် ရှိသည်။ တာလီနန်းတွင်း အကြံပေးကိုယ်တိုင်က အသိအမြင်ကျယ်ပြောကာ ဉာဏ်ပညာကြီးမားဟန်ရ၏။

ထိုအခိုက်တွင် ရီဖူရှင်းထံမှ ဓားအသိများ ဖြာထွက်လာသည်။ ဤတွင် တာလီကျောင်းတော် အပြင်ဘက်မှ လူများအားလုံး၏အာရုံက သူ့ထံသို့ ရောက်လာသည်။ တာလီကျောင်းတော် အတွင်းမှ တပည့်များ ကလည်း အပြင်သို့ စူးရှစွာ လှမ်းကြည့်ကြ၏။

သည်လူက တာလီကျောင်းတော် အပြင်ဘက်တွင် ဓားကို အသုံးပြုရဲသည်။ သူ ဘာလုပ်လိုသနည်း။

တာလီကျောင်းတော်သို့ အရိုအသေ လာပေးသူများလည်း ရီဖူရှင်း၏ အပြုအမူကို မြင်သောအခါ သူတို့၏မျက်နှာများ အံ့အားသင့်သော ပုံစံများ ဖြစ်သွားကြ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် အဆုံးအစမဲ့သော ဓားအသိများ ရစ်ပတ်လာသည်ကို သူတို့မြင်ကြရ၏။ ထို့နောက် ဓားအသိများသည် စစ်မှန်သော ဓားများအဖြစ် ပုံစံပြောင်းသွားကြသည်။

ဓားများသည် လေထဲကို မြောက်တက်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး ပြောင်းပြန် စိုက်ဝင်သွားသည်။ ကျယ်လောင်သော အသံများနှင့်အတူ ပိုမိုအားကောင်းသော ဓားအသိများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။

ရီဖူရှင်းက ဓားများကို နောက်တွင်ချန်ထားကာ ရှေ့သို့တက်လာကာ ပြောသည် …

“ ရှီအဆင့်အမြင့်ဆုံး ရောက်ပြီဖြစ်တဲ့ ကျုပ် သတ္တမဓားက တာလီကျောင်းတော်မှာ ဓားလမ်းစဉ်ကို လာရောက်ရှာဖွေပါတယ် ”

သူ့အသံကို ကြားလျှင် အားလုံး၏နှလုံးခုန်သံများ မြန်လာကြသည်။ တာလီကျောင်းတော်မှ တပည့်များက သူ့အား ထူးဆန်းစွာကြည့်ကြသည်။

တစ်ယောက်က ရီဖူရှင်းအား ကြည့်ကာ မေးသည် …

“ မင်းက ဓားလမ်းစဉ်ကို ဘယ်လို ရှာဖွေသလဲ ”

“ ဓားပညာကို လေ့ကျင့်ပြီးတော့ … ”

ရီဖူရှင်းက ဖြေသည်။

“ ဒါက စိန်ခေါ်မှုလား ”

ထိုသူက ဆက်မေးသည်။

“ ကျုပ်က ခင်ဗျားကို စိန်ခေါ်တာ မဟုတ်ဘူး … လမ်းစဉ်ကို ရှာနေတာ … ”

ရီဖူရှင်းက ဖြေသည်။ သူက အမှန်တကယ်တမ်း အားဖြင့် စိန်ခေါ်ခြင်း ဖြစ်သော်လည်း ဝန်ခံမည်မဟုတ်ပေ။ စိန်ခေါ်သည်ဆိုသော စကားလုံးက အနည်းငယ် ပြင်းထန်ကာ တစ်ဖက်လူများက အပြစ်ရှာနိုင်ပေသည်။

တာလီကျောင်းတော်မှ တပည့် အများအပြားက ရီဖူရှင်းအား ကြည့်ကြသည်။ သူက တာလီကျောင်းတော်ကို လူအများ၏ အာရုံစိုက်မှုကို ရရှိရန် ရောက်လာသည် များလား။ သူ၏ နည်းလမ်းကား လက်တွေ့ဆန်ကာ မောက်မာသည့်ပုံစံဖြင့် တာလီကျောင်းတော် အပြင်ဘက်၌ လမ်းစဉ်ကို လာရောက် ရှာဖွေသည်။ သူ၏လမ်းစဉ်ကို ရှာဖွေခြင်းခရီးမှာ ဆိုးဝါးစွာ အဆုံးသတ်နိုင်ပေသည်။

သူ၏ဓားများကို ထုတ်လိုက်သည်နှင့် တာလီကျောင်းတော် အတွင်းမှ တပည့်အများအပြား အပြင်သို့ ထွက်လာကြသည်။ သို့သော်လည်း အများစုမှာ ပြုံးကာ ရယ်ကာ စကားပြောနေကြဆဲ ဖြစ်ပြီး ရီဖူရှင်းအား သိပ်အလေးမထားကြပေ။

ထိုအခိုက်တွင် လူအုပ်ထဲမှ လူငယ်တစ်ယောက်က ရှေ့သို့ တက်လာသည်။ သူက လွတ်လပ်ပေါ့ပါးဟန်ဖြင့် ရီဖူရှင်းကို အနည်းငယ် ဦးညွှတ်ကာ ပြောသည် …

“ တာလီကျောင်းတော်က ဆူယောင်း … ”

“ သတ္တမဓား … ”

ရီဖူရှင်းကလည်း လေးစားသည့်ဟန်ဖြင့် ပြောသည်။

“ ခင်ဗျားဆီက သင်ယူနိုင်ဖို့ ကျုပ်မျှော်လင့်တယ် ”

ဆူယောင်းက ပြောသည်။

“ ကျုပ်လည်း အတူတူပါပဲ ”

ရီဖူရှင်းက ဖြေသည်။

ဘုန်း …

သူတို့နှစ်ဦး စကားပြောပြီးသည်နှင့် ဆူယောင်းသည် လျှပ်စီးတန်းအလား လေထဲသို့ တက်လာသည်။ ကောင်းကင်တွင် ပြင်းထန်သော စွမ်းအားများ သူ့ကို လှည့်ပတ်လာ၏။ စွမ်းအားများသည် နဂါးကြီးအသွင်သို့ ပြောင်းသွားကာ ရီဖူရှင်းထံသို့ တိုးဝင်လာတော့သည်။

“ တက်စမ်း … ”

ရီဖူရှင်းက ပြောလျှင် ရုတ်တရက် ဓားခုနစ်လက်ထဲမှ တစ်လက်သည် အပေါ်သို့ မြောက်တက် လာခဲ့ကာ ဓားကို လက်ဖြင့်ကိုင်လျက် ကောင်းကင်ထက်သို့ မြားတစ်စင်းအလား ပျံသန်းသွား၏။

ရီဖူရှင်း၏ ပတ်ပတ်လည်တွင် ပုံရိပ်ယောင် ဓားများဖြစ်ပေါ်လာကာ ရွှေနဂါးဖြင့် ရင်ဆိုင်တွေ့သည်။ ထို့နောက်တွင် ဓားသည် နဂါးကို ဖြတ်တောက်ကာ နောက်မှ လူကို သွားရောက် ထိမှတ်သည်ကို အားလုံးက မြင်တွေ့လိုက်ကြရသည်။

လင်းလက်သော ဓားရောင်အချို့နှင့်အတူ နဂါးကြီးသည် အစိတ်စိတ် အပိုင်းပိုင်းဖြစ်သွားပြီး လူသည်လည်း နောက်သို့ လွင့်စဉ်သွားခဲ့၏။ သူက ရှေ့မှ ဓားသမားကို ကြည့်ကာ ကြီးစွာ ထိတ်လန့်ဟန်များ ဖြစ်လာသည်။

“ မင်း နိုင်တယ် … ”

ဆူယောင်းက ပြောသည်။

“ ကျေးဇူးတင်ပါတယ် ”

ရီဖူရှင်းက ခေါင်းညိတ်ကာ မြေပြင်ပေါ်သို့ ဆင်းသည်။ သူက ဓားကို မူလနေရာ၌ ပြန်စိုက်ထားလိုက်၏။

အားလုံး၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကြ၏။ တာလီကျောင်းတော်တွင် မည်သူမှ အားမနည်းပေ။ သို့သော်လည်း သည်လူငယ်က ဆူယောင်းအား ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ သူ့တွင် အမှန်တကယ်ပင် ကောင်းမွန်သော စွမ်းရည်များ ရှိ၏။

ထိုတိုက်ပွဲက လူအများကို ပိုစိတ်ဝင်စားစေသည်။ ပိုမိုများပြားသော လူများ စတင် စုဝေးလာကြ၏။ ခဏချင်းပင် ထိုနေရာသည် စည်ကားလာခဲ့တော့သည်။

တစ်စုံတစ်ယောက်သည် တာလီကျောင်းတော်သို့ ရောက်လာကာ လမ်းစဉ်ကို ရှာဖွေသည်ဟု ပြောဆိုလျက် စိန်ခေါ်၏။ တာလီကျောင်းတော်မှ လူအများအပြားက သူ့အား အထင်သေးကြ သော်လည်း အချို့သော စွမ်းအားမြင့် တန်ခိုးရှင်များက စိတ်ဝင်စားဟန်ဖြင့် စတင်သွားရောက်ကာ တိုက်ခိုက်ကြတော့သည်။

ထို့ကြောင့် မကြာခင် တစ်စုံတစ်ယောက်က သူ့အား စတင်စိန်ခေါ်၏။ သူကား လေဟာနယ် ဓာတ်တွင် ကျွမ်းကျင်ကာ အရိပ်အသွင်ဖြင့် ပြိုင်ဘက်အား မြန်ဆန်စွာ တိုက်ခိုက်နိုင်၏။ သူ၏တိုက်ခိုက်ရေး စွမ်းရည်သည် အလွန်အားကောင်းပေသည်။

ရီဖူရှင်းကား ဓားတစ်လက်တည်းကိုသာ သုံးပေသည်။ သူ၏ဓားပညာကား အမြင့်ဆုံးသို့ ရောက်နေကာ ပုံမှန်မြန်ဆန်သော လှုပ်ရှားမှုများဖြင့် ပေါင်းစပ်ပါက သူကား အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။ သူက တာလီကျောင်းတော်မှ တပည့်၏တိုက်ခိုက်မှုကို ခုခံနိုင်ကာ နောက်ဆုံးတွင် သူ့ဓားသည် လေထုကို ခွင်းလျှက် တစ်ဘက်လူအား ဒဏ်ရာရစေခဲ့၏။ တာလီကျောင်းတော်မှ တပည့် ထပ်မံ ရှုံးသွားပြန်သည်။

ဤတွင် ဓားလမ်းစဉ်ကို လာရောက်ရှာဖွေသော သည်ဓားသမားသည် အလွန် အားကောင်းကြောင်း သိလာကြသည်။ သူ့တွင် အဘယ်ကြောင့် ဓားခုနစ်လက် ရှိနေရသနည်း။ ထိုအရာက သူသည် ဓားပညာခုနစ်ခုကို လေ့ကျင့်သည်ဟု ဆိုလိုသည်လား။

တစ်ကြိမ်တိုက်လျှင် သူသည် ဓားတစ်လက်ကိုသာ ဆွဲထုတ်ပေသည်။ ဆိုလိုသည်က သူသည် စွမ်းအားအစစ်အမှန်ကို အသုံးမပြုရသေးသည်လား။

မကြာခင် တတိယ စိန်ခေါ်သူလည်း ရှုံးနိမ့်သွားပြန်၏။ ဤတွင် ရီဖူရှင်းသည် အလွန်တရာ အားကောင်းသူ ဖြစ်ကြောင်း လူတိုင်းက သိနားလည်လိုက်ကြတော့သည်။

တာလီကျောင်းတော်မှ တပည့်များအားလုံး၏ အမူအရာမှာ သိပ်မကောင်းကြတော့။ ကြည့်ရသည်မှာ သည်ဓားသမားသည် သာမန်မဟုတ်ပေ။

ထိုအခိုက်တွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး လူအုပ်ထဲတွင် ရှိနေသည်။ သူ၏စူးရှသော မျက်လုံးများက ကွဲပြားခြားနားသော အရောင်များ အဆက်မပြတ် ပြောင်းလဲနေဟန်ရသည်။

“ သတ္တမဓား … ”

သူက ပြုံးလျက် သူ့မျက်လုံးများသည် အေးစက်သော အလင်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ သူက နောက်မှ လူတစ်ယောက်ကို ကြည့်လိုက်လျှင် ထိုသူက ရှေ့သို့ တက်လာသည်။ တာလီကျောင်းတော်မှ လူများအားလုံးက ထိုလူကို မြင်လျှင် အံ့အားသင့် သွားကြသည်။ သူကား တာလီကျောင်းတော်တွင် ကျော်ကြားပေသည်။

“ မင်းရဲ့ဓားက သိပ်မဆိုးဘူး … ”

သူက ရှေ့သို့ တက်လာကာ ရီဖူရှင်း၏ဓားများကို ကြည့်လျှက်ပြောသည် ..

“ ဒါပေမဲ့ တာလီကျောင်းတော်ကို စိန်‌ခေါ်ပြီးတော့ ငါတို့ကို အရှက်ရစေ လောက်အောင် မင်းက သတ္တိကောင်းလှချည်လား။ မင်း ဒီနေရာက ထွက်သွားဖို့ ငါ ဆယ်စက္ကန့်အချိန်ပေးမယ် ”

ထိုစကားကို ကြားလျှင် အားလုံးက နားမလည်စွာ ကြည့်ကြသည်။ သူတို့က တိုက်ပွဲကို စောင့်မျှော်နေကြခြင်း ဖြစ်၏။ သူက ဓားသမားကို နှင်ထုတ်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။ သို့သော်လည်း သူ မည်သူဖြစ်သည်ကို သတိရလျှင် ထူးဆန်းသည်ဟု မခံစားမိကြ။ ထိုလူ၏ စရိုက်ကပင် ထိုသို့ဖြစ်ပေသည်။

သူ၏ မျိုးရိုးနာမည်ကား လီဖြစ်၏။ သူ့နာမည် လီကျွမ်းဖြစ်ကာ မင်းသားကြီး၏ မြေးလည်းဖြစ်သည်။

လီကျွမ်း၏စကားကို ကြားလျှင် ရီဖူရှင်းက စူးရှစွာ ကြည့်သည်။ သူကား ထိုရွှေရောင် ဝတ်စုံကို အမှတ်ရပေသည်။ အင်ပါယာလီနန်းတော်၌ သူက ထိုဝတ်စုံကို မြင်ဖူး၏။ ဤတွင် တစ်ဖက်လူ၏ နောက်ခံကို သူခန့်မှန်းမိပေသည်။

သူကား လီအိမ်တော်၏မင်းသားဖြစ်သည်။ မှန်သည် … တာလီ နန်းမြို့တော်တွင် နန်းတွင်း မိသားစုဝင်တစ်ဦးနှင့် ရင်ဆိုင်တွေ့ရခြင်းက ထူးဆန်းသည်မဟုတ်ပေ။

“ မင်းက ငါ့ကို အနိုင်ယူနိုင်ရင် ငါ ဒီက ထွက်သွားမယ် ”

ရီဖူရှင်းက လီကျွမ်းကို ပြောသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset