အားလုံးက တာလီဓားတောင်ကုန်းမှ တန်ခိုးရှင်များအား ကြည့်လျှင် အရိပ်ရှန့်ထိုဓားသည် တိတ်ဆိတ် နေသည်ကို တွေ့ရ၏။ အားလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ နောက်မှ ပါလာသည်က ထိတ်လန့်မှုဖြစ်၏။ ဆိုလိုသည်က တာလီဓား တောင်ကုန်းမှ တပည့်များသည်လည်း ရီဖူရှင်းအား မယှဉ်နိုင်ကြသည်လား။
လေထဲမှ ပြိုင်စံရှားလူငယ်အား ကြည့်ကာ သူတို့အားလုံးမှာ ဆွံ့အရသည်။ သူကား တာလီအောက်ဘုံ ကိုသာ စိုးမိုးရုံမက အထက်ဘုံ တာလီဓား တောင်ကုန်းကပင် သူ့အား မတိုက်ခိုက်ရဲကြတော့။
လေရိုင်းရှန့်ထိုဓားက သူ့အား တိတ်ဆိတ်စွာ ကြည့်နေသည်။ သူက သတ္တမဓားသည် တစ်ခုခု ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှလောက်အထိ မထင်ထားပေ။
သူ့ဘေးမှ ဟွမ်ချွဲ့ကား ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပြီဖြစ်သည်။ ရီဖူရှင်း၏ကြွားဝါသော စကားလုံးများမှာ သူမနားထဲ ကြားယောင်နေဆဲဖြစ်၏။ သို့သော် ထိုစကားများမှာ ကြွားဝါခြင်းလား။
“ရန်ဒေသမှာ ဒီလို ဓားသမား တစ်ယောက် ပေါ်ထွက်လာမယ်လို့ ကျုပ် မထင်ထားဘူး”
ဘုရင်ခံလီက ပြုံးလျက်ပြောသည် …
“သတ္တမဓား … မင်းရဲ့ ပညာအဆင့်နဲ့ ဆိုရင် အထက်ဘုံမှာ လေ့ကျင့်ဖို့ ထိုက်တန် လွန်းနေတယ်။ တာလီဓားတောင်ကုန်းက အထက်ဘုံမှာ ဓားပညာနဲ့ ပတ်သက်ပြီးတော့ အဆင့်အတန်း အမြင့်ဆုံးပဲ။ မင်းက သူတို့နဲ့ လိုက်သွားသင့်တယ်။ ဒီတိုက်ပွဲမှာ မင်းနိုင်တယ် ဆိုပေမဲ့ တာလီဓား တောင်ကုန်းက အောက်ဘုံကို လာတဲ့အခါ သူတို့ရဲ့ အတော်ဆုံးတပည့်တွေကို ခေါ်လာတာ မဟုတ်ဘူး။ တကယ်လို့ မင်းက တာလီဓား တောင်ကုန်းကို ဝင်ရောက်ခဲ့ရင် မင်းရဲ့ ပြိုင်ဘက်တွေကို အဲဒီမှာ တွေ့ရလိမ့်မယ်”
ဘုရင်ခံလီက တာလီဓား တောင်ကုန်း၏သက်သောင့်သက်သာ မဖြစ်သော အခြေအနေကို ထိန်းညှိရင်း ဝင်ပြောသည်။
လူအများအပြားက ခေါင်းညိတ်ကြသည်။ တာလီဓား တောင်ကုန်းက အောက်ဘုံကို ရောက်လာသည့်အခါ သူတို့၏ အတော်ဆုံးများအား ခေါ်ဆောင်လာမည် မဟုတ်သည်မှာ သေချာ၏။ အထက်ဘုံတွင် သည့်ထက် ထူးချွန်သူများ အများအပြား ရှိပေသည်။
“ဒီနေ့ ဒီလောက်နဲ့ ရပ်လိုက်ကြရအောင် … ”
ဘုရင်ခံလီက ပြောသည်။ ရီဖူရှင်းက သူ့စွမ်းအားများကို ရုပ်သိမ်းလိုက်ကာ မူလနေရာသို့ ဆင်းလာခဲ့သည်။ သူ၏ ရည်ရွယ်ချက်များကား ပြီးမြောက်ခဲ့ပြီ ဖြစ်ပြီး အထက်ဘုံနှင့် အောက်ဘုံ တစ်ခွင်တွင် သတ္တမဓား ဟူသော နာမည်မှာ မကြာခင် ကျော်ကြားလာတော့မည် ဖြစ်သည်။
သူက အကဲဖြတ်ပွဲ၌ ပထမရခဲ့လျှင် လူအများက သတိထားမိမည် ဖြစ်သော်လည်း သက်ရောက်မှုက သိပ်ရှိမည်မဟုတ်ပေ။ သို့သော် သူကသာ စည်းမျဉ်းများကို သွေဖည်၍ တာလီဓား တောင်ကုန်းကို တိုက်ရိုက် စိန်ခေါ်နိုင်ပါက မည်သူမဆို သူ့အား အမှတ်ရကြတော့မည် ဖြစ်သလို အထက်ဘုံမှ ထိပ်သီးအင်အားစုများ သည်လည်း အသိအမှတ်ပြကြပေမည်။
“အရှင် … ကျုပ်က ဒီကို ပြိုင်ဘက် လာရှာတာပါ။ ဓားတောင်ကုန်းမှာ ကျုပ်ရှာဖွေတဲ့ ဓား မရှိမှတော့ အဲဒီကို မသွားတော့ပါဘူး ”
ရီဖူရှင်းက ပြန်ပြောသည်။
“မင်းက ယွင်ကန်းကို အနိုင်ယူခဲ့တယ် ဆိုပေမဲ့ ဓားတောင်ကုန်းမှာ တခြားထက်မြက်တဲ့ ဓားသမားတွေ အများကြီးရှိသလို မင်းရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးနိုင်တဲ့ စီနီယာတွေလည်း အများကြီး ရှိတယ်။ အဲဒီမှာ မင်းလိုချင်တဲ့ဓား မရှိဘူးလို့ ဘယ်လိုသိသလဲ”
အရိပ်ရှန့်ထိုဓားက မေးသည်။ သူက ရီဖူရှင်း၏ပါရမီကို တန်ဖိုးထားဟန်ရှိ၏။ ရီဖူရှင်းက ဓားတောင်ကုန်းကို မလေးမစား ပြုလူလျှင်ပင် သူက ဓားပညာ၌ ထူးခြားသော ပါရမီကို ပြသခဲ့ခြင်းက ထိုမလေးမစားမှုကို လျစ်လျူရှုစေခဲ့သည်။
စစ်မှန်သော ဓားသမားက ထိုသို့ ဖြစ်နေရပေမည်။
“မင်းက ဓားတောင်ကုန်းမှာ မင်းလိုချင်တဲ့ဓားမရှိရင် တာလီပြည်ထောင်မှာ တခြား မင်းလိုချင်တဲ့ဓားကို ဘယ်မှာ သွားရှာတွေ့နိုင်ဦးမလဲ”
ဘုရင်ခံလီကလည်း ဓားတောင်ကုန်းကို မျက်နှာသာပေးသည့် အနေဖြင့် ဝင်ပြောသည်။
“အရှင့်ရဲ့ သဘောထားကို ကျုပ် လေးစားပါတယ် ”
ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ကာ ဆိုသည် …
“ဒါပေမဲ့ ကျုပ်က ဓားပညာကို ဇာတ်မြှုပ်ပြီး နှစ်၃၀ကြာ ဆင်ခြင် လေ့လာခဲ့ပြီး အခုမှ ပြင်ပလောကကို ထွက်လာခဲ့တာပါ။ ဓားတောင်ကုန်းဟာ အဆင့် အမြင့်ဆုံးသော ဓားပညာတွေကို ပိုင်ဆိုင်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်ဟာ ဂိုဏ်းတစ်ခုခုကို ဝင်ရောက် လေ့ကျင့်ပြီးရင် အထိန်းအချုပ် အကန့်အသတ်တွေကြားမှာ ကျုပ်ရဲ့ လမ်းစဉ်ဟာ သွေဖည်သွားမှာ စိုးရိမ်ရပါတယ်။ အခုလိုမျိုး ကျုပ်ဟာ အရာအားလုံးကို လွတ်လွတ်လပ်လပ် လေ့လာ ဆင်ခြင်နိုင်မှာ မဟုတ်တော့ပါဘူး။ အခု ကျုပ်လိုက်နာ ကျင့်သုံးတာက အကန့်အသတ် မဲ့ပြီးတော့ လောကကြီးရဲ့ အသိပညာ အတတ်ပညာတွေကို သင်ယူလေ့လာခြင်းပါ ”
“ဒါကြောင့် ဓားတောင်ကုန်းမှာ ကျုပ်ရဲ့ အဆင့်တူအတွင်း ကျုပ်ကို အနိုင်ယူနိုင်တဲ့သူ ရှိတယ်ဆိုရင် ဓားတောင်ကုန်းရဲ့ လမ်းစဉ်က ကျုပ်လမ်းစဉ်ထက် သာလွန်တယ်လို့ ယူဆနိုင်လို့ ကျုပ်ဟာ ဓားတောင်ကုန်းမှာ လိုလိုလားလား ဝင်ရောက်လေ့လာမှာပါ။ တကယ်လို့သူတို့က ကျုပ်ကို အနိုင်မယူနိုင်ဘူး ဆိုရင် ကျုပ်ရဲ့ အခုလက်ရှိ လမ်းစဉ်ဟာ မှန်ကန်တယ်လို့ ယူဆနိုင်တာဖြစ်လို့ ဘာလို့ ဓားတောင်ကုန်းကို ဝင်ပြီး မှန်ကန်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ရမှာပါလဲ”
ရီဖူရှင်းက ဆက်ပြောသည်။
“အရှင်နဲ့ အကြီးအကဲတွေက ကျုပ်ရဲ့လမ်းစဉ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်”
ရီဖူရှင်းက စကားကို အဆုံးသတ်သည်။ ဤတွင် ရှန့်ထို တတိယအဆင့်တွင် ရှိသော ဘုရင်ခံလီပင် အငိုက်မိသွားကာ ရီဖူရှင်းအား ကြည့်သည်။ ရှီအဆင့်တွင်သာ ရှိသော သတ္တမဓားက ဤသို့သော စကားမျိုးကို ပြောနိုင်ခြင်းက သူ့အား အလွန်တရာ အံ့အားသင့်စေခဲ့ရ၏။
အထက်ဘုံမှ များစွာသော နာမည်ကျော် ရှန့်ထိုများသည်ပင် ခေါင်းညိတ် ထောက်ခံကြ၏။ မည်သူမဆို ဓားတောင်ကုန်းကို ဝင်ရောက် လေ့ကျင့်ခွင့် ရခြင်းအား ဂုဏ်မယူဘဲ နေမည်နည်း။ အားလုံးက တာလီပြည်ထောင်၏ နံပါတ်တစ် ဓားပညာတော်ဝင် မြေတွင် သွားရောက် လေ့ကျင့်လိုကြပေသည်။
သို့သော်လည်း သည်လူငယ်ကား သူ၏ ဓားလမ်းစဉ်ကိုသာ ရှာဖွေ၏။ ဤသို့သော စိတ်နှလုံး အဆင့်အတန်းသည် ရှန့်ထိုများကိုပင် လေးစား ချီးကျူးစိတ်များ ဖြစ်ပေါ်စေသည်။
“ကောင်းတယ် …”
အရိပ်ရှန့်ထို ဓားကား စိတ်ဆိုးခြင်း မရှိပေ။ သတ္တမဓားကား ရှီအဆင့်မျှသာ ရှိသော်လည်း သူ၏ လမ်းစဉ်အပေါ် ခံယူချက်ကား အဆမတန် မြင့်မားပေသည်။ တာလီပြည်ထောင်တွင် ဓားသမားများက သူကဲ့သို့သော စိတ်နေသဘောထားများ ရှိပါလျှင် တာလီပြည်၏ ဓားပညာ အဆင့်အတန်းမှာ သေချာပေါက် မြင့်မားလာပေလိမ့်မည်။
“မင်းက ဓားတောင်ကုန်းကို ဝင်ဖို့ စိတ်မပါဘူးဆိုရင်တောင်မှ အထက်ဘုံကို သွားသင့်တယ်။ အထက်ဘုံကို ရောက်တဲ့အခါ ဓားတောင်ကုန်းက တပည့်တွေကို မင်းနဲ့လေ့ကျင့်ဖို့ စီစဉ်ပေးပြီး တော့မှ မင်းက ဓားတောင်ကုန်းကို ဝင်ဖို့ မဝင်ဖို့ကို ဆုံးဖြတ်နိုင်တယ်။ မင်း သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ မင်းဆုံးဖြတ်ချက်ကို ငါလေးစားတယ် ”
မရေမတွက်နိုင်သော မျက်လုံးများက အရိပ်ရှန့်ထိုဓားအား ကြည့်ကြသည်။ သူ၏ စိတ်နေ သဘောထား သည်လည်း လေးစားဖွယ်ရာ ကောင်းပေသည်။ သည်အရာကပင် ဓားသမားများ အကြား လေးစားမှု ဖြစ်ပေသည်။ ဂျူနီယာ ဓားသမားက သူ၏ ဓားလမ်းစဉ်ကိုသာ ရှာဖွေကာ စီနီယာ ဓားသမားက ထိုဆုံးဖြတ်ချက်အား လေးစားသည်။
“ ကျေးဇူးတင်ပါတယ် … စီနီယာ ”
ရီဖူရှင်းက အရိပ်ရှန့်ထိုဓားအား ဦးညွှတ်ကာ ဆိုသည်။ သူက မာနကြီးမား သော်လည်း အကြီးအကဲ များကိုတော့ လေးစားမှုအား ပြသရန် လိုပေသည်။
“ဒီနေ့ အဖြစ်အပျက်က အမှတ်ရစရာတစ်ခုပဲ ”
ဘုရင်ခံလီက ပြုံးလျက်ပြောသည်။ သူကား အဆုံးသတ်တွင် စိတ်ကျေနပ်ရပေသည်။ သတ္တမဓားသာ မပေါ်လာခဲ့ပါက အရာအားလုံးမှာ သမာရိုးကျ ဖြစ်နေပေလိမ့်မည်။
“သတ္တမဓား … အထက်ဘုံသို့ မသွားချင်စပ်ကြား မင်းက ငါ့နန်းတော်မှာ နေတာ မကောင်းဘူးလား။ ပြီးမှ အကြီးအကဲတွေနဲ့ အတူ အထက်ဘုံကို အတူသွားကြပေါ့ ”
ဘုရင်ခံလီက ပြောသည်။
“သေချာတာပေါ့ ”
ရီဖူရှင်းက ခေါင်းညိတ်သည်။ ဘုရင်ခံလီနှင့် ဓားတောင်ကုန်းမှ အကြီးအကဲတို့က ရီဖူရှင်းအား တန်ဖိုးထားသည်ကို ကြည့်ကာ အနာဂတ်တွင် သတ္တမဓားသည် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဟု တထစ်ချ သတ်မှတ်ကြ၏။
စားပွဲပြီးသောအခါ တာလီအောက်ဘုံမှ အင်အားစုများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာကြ၏။ သို့သော်လည်း လူအများအပြားမှာ ရောင့်ရဲခြင်း မရှိကြပေ။ ရက်များစွာ အကဲဖြတ် တိုက်ပွဲများအား ကြည့်ရှုခဲ့ကြရခြင်း၊ သတ္တမဓား ရုတ်တရက် ပေါ်ထွက်လာကာ ပါရမီရှင်များအား အနိုင်ယူပြခြင်း တို့က သူတို့၏မှတ်ဉာဏ်တွင် မေ့ပျောက်ရန် ခက်ခဲသော အရာများဖြစ်ပေသည်။
ရန်ဒေသမှ ဘုရင်ခံသည်လည်း သူ၏ တော်ဝင်မြေများနှင့်တူ ထွက်ခွာရန် ပြင်ဆင်သည်။ သူတို့က ဘုရင်ခံလီအား ဦးညွှတ်လျှက် နှုတ်ဆက်ကြ၏။ သူ့နောက်မှ ရန်ချိန်ရီ၊ ခိုင်ဟွမ်၊ ဟွမ်ချွဲ့၊ နိုင်းယွင်နှင့် တခြားလူများ အားလုံးက ရီဖူရှင်းအား ကြည့်ကြသည်။ ရီဖူရှင်း ယူဆောင်လာခဲ့သော အံ့အားသင့်ဖွယ်ရာက သူတို့အား အချိန်တစ်ခုကြာ အမှတ်ရစေမည် ဖြစ်သည်။
“သတ္တမဓား … မင်းက ဓားပညာ တစ်ခုတည်းကို လိုက်စားတယ် ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အထက်ဘုံကို ရောက်တဲ့အခါ သိုသိုသိပ်သိပ်နေပါ။ အထူးသဖြင့် အထက်ဘုံက နာမည်ကျော်တွေနဲ့ ထိပ်တိုက် ရင်မဆိုင်မိစေနဲ့။ လူအများရဲ့အာရုံစိုက်မှုကို အတတ်နိုင်ဆုံး ရှောင်ပါ ”
လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည်။
သူက သတ္တမဓား၏ပါရမီကို သဘောကျပေသည်။ ထို့အတူ သူ၏ ဓားလမ်းစဉ်အပေါ် ခံယူချက် အားလည်း လေးစား၏။ သို့သော်လည်း သူ၏ စိတ်နေ သဘောထားက ထူးဆန်းကာ လူအများနှင့် ပနံသင့်ရန် မလွယ်ပေ။ ထိုစရိုက်က သူ့အား တစ်နေ့နေ့တွင် ဒုက္ခပေးနိုင်သည်ဟု သူယူဆ၏။ ထို့ကြောင့် သူမသွားမီ သတိပေးခြင်း ဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် … စီနီယာ … ”
ရီဖူရှင်းက ပြန်ပြောသည်။
ထို့နောက်တွင် ရန်ဒေသမှ တန်ခိုးရှင်များကလည်း နန်းတော်မှ ထွက်ခွာကြ၏။ နန်းတော်တွင် အထက်ဘုံမှ တန်ခိုးရှင်အချို့၊ ဘုရင်ခံလီနှင့် ရွေးချယ်ခံ အချို့တို့သာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် အကြည့်တစ်ခုက ရီဖူရှင်းထံသို့ ရောက်လာသည်။ ရီဖူရှင်းက ခေါင်းမော့ကာ သူ့အား ပြုံးပြသည်။ ထိုလူကလည်း သေရည်ခွက်ကို မြှောက်ကာ နှုတ်ဆက်သည် …
“ လုချွန် … တာလီပြည်ထောင် … ”
ရီဖူရှင်းက လုချွန် မည်သူဖြစ်သည်ကို သိပြီဖြစ်၏။ သူကား တာလီပြည်ထောင် နန်းတွင်း အကြံပေး၏ လက်ရင်းတပည့် တစ်ယောက်ဖြစ်ကာ ရင့်ကျက်သော ဟန်ပင်ဖြင့် ကောင်းမွန်သော စရိုက် လက္ခဏာများအား ပိုင်ဆိုင်သည်။ သည်လုချွန်သည် သာမန် မဟုတ်သောသူ ဖြစ်ကြောင်း ရီဖူရှင်း ခန့်မှန်းမိ၏။
“ဓားပညာကို လေ့လာလိုက်စားတဲ့ သတ္တမဓား … ”
ရီဖူရှင်းကလည်း ဆိုသည်။ သူက လုချွန်ကို ခေါင်းညိတ်ပြ သော်လည်း သူ့မျက်လုံးများက သူ့ထံတွင် သိပ်တာကြည် ရှိမနေခဲ့ပေ။
“ဆရာလုနဲ့ သတ္တမဓားတို့က အနာဂတ်မှာ တာလီပြည်ထောင် အတွက် အားထားရတဲ့ သူတွေ ဖြစ်လာမှာပါ … ဂုဏ်ပြုပါတယ် ”
မင်းသမီး လီယိုရှင်းက အနည်းငယ် ပြုံးလျက်ပြောသည်။
“ဒါက ဂုဏ်ယူစရာပါ”
ရီဖူရှင်းက ပြန်ပြောသည်။ တာလီပြည်ထေထာင်မှ တန်ခိုးရှင်များ သည်လည်း အင်ပါယာရှားဘုံမှ လူများထက် နိမ့်ကျခြင်း မရှိပေ။
နောက်တစ်နေ့ နံနက်တွင် တာလီအောက်ဘုံရှိ ဘုရင်ခံလီ၏ နန်းတော်တွင် အထက်ဘုံမှ အင်အားစုများ အားလုံးက အာကာသခရီးသွား အစီအရင်တစ်ခုရှေ့၌ ရပ်နေကြသည်။ ထိုအထဲတွင် တာလီပြည်ထောင် နန်းတွင်းအကြံပေး၏ တပည့်ဖြစ်သော လုချွန်၊ ဓားတောင်ကုန်းမှ တန်ခိုးရှင်များနှင့် ရီဖူရှင်း တို့လည်း ပါဝင်သည်။ သူက အထက်ဘုံသို့ လိုက်ပါရန် သဘောတူ ခဲ့သည်။ သူက ဓားတောင်ကုန်းကို ဝင်ရန် သဘောမတူခဲ့ သော်လည်း သူ၏ ပညာအဆင့်အတန်းဖြင့် ဆိုပါက အထက်ဘုံတွင်သာ လေ့ကျင့်သင့်ပေသည်။
ဘုရင်ခံလီက သူတို့အား ကိုယ်တိုင်လိုက်ပါ ပို့ဆောင်သည်။ နန်းတော်မှ လူအများ အပြားလည်း သူတို့နှင့်အတူ လိုက်ပါကြမည်ဖြစ်ကာ ထိုအထဲတွင် မင်းသမီး လီယူလည်း ပါဝင်သည်။ ဘုရင်ခံလီသည် အောက်ဘုံ၏ အကြီးအမှူး ဖြစ်သော်လည်း သူသည် အထက်ဘုံ နန်းတွင်းမျိုးရိုး မှလည်း ဖြစ်ပေသည်။ သူ၏သား၊ သမီးများသည်လည်း တော်ဝင်သွေးများ စီးဆင်းနေကြသူများ ဖြစ်ရာ သူတို့အနေဖြင့် အထက်ဘုံသို့ သွားရောက် လေ့ကျင့်ရန် စစ်ဆေး အကဲဖြတ်ခံစရာ မလိုပေ။ သူတို့အနေဖြင့် အထက်ဘုံတွင် အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ကြမည် ဖြစ်သည်။
သူတို့ရှေ့မှ ဧရာမ အစီအရင်ကြီးသည် အထက်ဘုံမှ ဘုရင်ခံလီ၏ ရဲတိုက်နှင့် တိုက်ရိုက် ဆက်သွယ်ထားခြင်း ဖြစ်သည်။
“အရှင်မင်းကြီး … ကျုပ်တို့ သွားပါတော့မယ် ”
လုချွန်က ဘုရင်ခံလီအား ဦးညွှတ်ကာ ပြောသည်။ ဓားသမားများကလည်း အရိုအသေပြုကာ ပြောကြသည် …
“ နန်းတော်ကို ပြန်ကြွပါ… အရှင်မင်းကြီး … ကျုပ်တို့ တစ်နေ့ အခွင့်အရေးရရင် အရှင်မင်းကြီးဆီကို လာရောက် လည်ပတ်ပါ့မယ် ”
“ ကောင်းပါပြီ … ဂရုစိုက်ကြပါ ”
ဘုရင်ခံလီက ခေါင်းညိတ်သည်။ အားလုံးက အစီအရင်၌ ရပ်ကြလျှင် တစ်ယောက်က အစီအရင်အား အသက်သွင်းလိုက်သည်။ လင်းလက်သော အရောင်များ ဖြစ်ပေါ်လာခဲ့ကာ ရုတ်တရက် အာကာသ မုန်တိုင်းသည် သူတို့အားလုံးကို ရစ်ပတ်သွားခဲ့တော့သည်။ ထို့နောက်တွင် သူတို့အားလုံး ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
***