သတ္တမဓားက တာလီဓားတောင်ကုန်းအား စိန်ခေါ်သည်။
တာလီကိုးဒေသမှ မရေမတွက်နိုင်သော တန်ခိုးရှင်များနှင့် တော်ဝင်မြေများက ရှေ့သို့ ကြည့်ကြ၏။
သူ့ဓားကို တာလီကိုးဒေသတွင် မည်သူမှ ယှဉ်နိုင်သူမရှိကြောင်း သက်သေပြပြီး ဖြစ်သည်။
တာလီကိုးဒေသမှ အတော်ဆုံး သုံးယောက်ဖြစ်သော လီဟန်ရှင်း၊ ကျိုးကျန်းတောက်နှင့် ချင်ထန်တို့သည်ပင် မယှဉ်နိုင်။ အမှန်ကို ပြောလျှင်လျင် သူတို့သည် သတ္တမဓားသမား၏ ဓားတစ်ချက်ကိုပင် မခံနိုင်။
သည် သတ္တမဓားက မည်သူ ဖြစ်သနည်း။
ရန်ဒေသမှ လူများသာမဟုတ်၊ ဘုရင်ခံရန်သည်ပင် ရီဖူရှင်း၏ စွမ်းရည်ကို ကြီးစွာ အံ့အားသင့်ရသည်။ လေရိုင်းရှန့်ထိုဓားက သူ့အား မိတ်ဆက်ပေးခဲ့သော လူငယ်သည် ရှန့်ထိုအဆင့် အောက်၌ ပြိုင်စံရှား ဓားသမားတစ်ဦး ဖြစ်နေ၏။
“အရမ်းကောင်းတယ် … ”
ပလ္လင်ပေါ်တွင် ထိုင်နေသော ဘုရင်ခံလီက ချီးကျူးသည်။ သူကား စည်းမျဉ်းများကို သူ၏ဓားဖြင့် ရိုက်ချိုးကာ တာလီဓားတောင်ကုန်းကို စိန်ခေါ်နိုင်၏။
သည်သည် မောက်မာကာ တစ်မူထူးသည်။
ဘုရင်ခံလီက အပြစ်တင်ဟန် မတူ။ သည်ကဲ့သို့သော ထူးခြားထက်မြက် သူများသည် အစဉ်အလာကို သွေဖည်နိုင်စွမ်း ရှိကြောင်း သူနားလည်၏။
တာလီအောက်ဘုံတွင် မရေမတွက်နိုင်သော တန်ခိုးရှင်များသည် အကဲဖြတ်ပွဲ၌ ပါဝင် တိုက်ခိုက်ခဲ့ကြ သော်လည်း ချင်ထန်၊ ကျိုးကျန်းတောက်နှင့် လီဟန်ရှင်းတို့သည်ပင် သိပ်မဆိုးသော ရွေးချယ်မှုများသာ ဖြစ်သည်ဟု ဆိုနိုင်၏။
သို့သော်လည်း တစ်စုံတစ်ခု လိုအပ်နေသည်ဟု ဘုရင်ခံလီက ခံစားရသည်။
ထိုလိုအပ်နေသူကား တကယ်တမ်းတွင် အားလုံး၏ အပေါ်ဆုံး၌ ရပ်နိုင်ကာ တစ်မူထူးခြားပြီး ထက်မြက်သူ ဖြစ်ရပေမည်။ ထိုသူသည် အထက်ဘုံမှ အင်အားစုများကိုပင် တုန်ခါစေနိုင်စွမ်းသူ ဖြစ်ရပေမည်။ ချင်ထန်က ကျိုးကျန်းတောက်အား အနိုင်ရခဲ့သော်လည်း သူသည် တစ်စုံတစ်ခု လိုအပ်နေပေသေးသည်။
ရီဖူရှင်း ပေါ်ထွက်လာခြင်းက ထိုလိုအပ်ချက်ကို ပြည့်စုံသွားစေသည်။ သည်လူငယ်သည် အမှန်အကန် အချုပ်အနှောင် ကင်းပြီး အမြင့်ဆုံးသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ကြောင်း သူမြင်သည်။
အောက်ဘုံ၏အကြီးအမှူး တစ်ယောက် အနေဖြင့် တာလီအောက်ဘုံတွင် ပါရမီရှင်များ မရှားပါးကြောင်း သူသိသည်။ သို့သော် တကယ်တမ်း လိုအပ်နေသူကား လုချွန်ကဲ့သို့သော နတ္ထိဘုံ တိုက်ပွဲကို နိုင်ပွဲ ဆောင်ကြဉ်းနိုင်သူ၊ ရီဖူရှင်းကဲ့သို့ တစ်ဦးတည်းဖြင့် နတ္တိဘုံ တိုက်ပွဲအား အဆုံးအဖြတ် ပေးသူတို့ ဖြစ်ကြသည်။
အထက်ဘုံသို့ တက်ရောက်ကာ လေ့ကျင့်ခွင့်ရခြင်းသည် ကောင်းမွန်သော အခွင့်အရေး ဖြစ်သော်လည်း တာလီပြည်ထောင် နန်းတွင်း အကြံပေး၏အာရုံကို ဖမ်းစားရန်ကား လွယ်အံ့မထင်။
သတ္တမဓားက ထိုအဆင့်အထိ ရောက်မည်လား သူမပြောတတ် သော်လည်း ဖြစ်နိုင်ဖွယ် ရှိကြောင်း သူ ယူဆသည်။
လုချွန်က ရီဖူရှင်းအား ကြည့်သည်။ သူက မည်သို့မှ ဝင်ရောက် ပြောဆိုခြင်း မပြုဘဲ အခြေအနေကိုသာ ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေ၏။
တာလီဓားတောင်ကုန်းမှ တန်ခိုးရှင်များအား ဦးဆောင်ကာ အောက်ဘုံသို့ ရောက်လာသူများကို ဦးဆောင်သူမှာ အရိပ်ရှန်ထိုဓား ဖြစ်၏။ သူ၏မျက်လုံးများက ရီဖူရှင်းထံသို့ ဓားတစ်လက်အလား ရောက်လာသည်။
တာလီဓားတောင်ကုန်းကား အထက်ဘုံတွင် နံပါတ်၁ ဓားပညာ အင်အားစု ဖြစ်ကာ တပည့် အများအပြား ရှိ၏။ ထိုအထဲတွင် အများစုမှာ ခက်ခဲကြမ်းတမ်းသော စမ်းသပ် စစ်ဆေးမှုများကို ကျော်ဖြတ်ပြီးမှ ဓားတောင်ကုန်း၏ရွေးချယ်မှုကို ခံကြရသည်။ သူတို့အားလုံးသည် မြင့်မားသော ပါရမီကို ပိုင်ဆိုင်ကြသော်လည်း ပိုအားကောင်းသူ၊ ပိုအားနည်းသူမှာ ရှိစမြဲ။
အမှန်တကယ် အားဖြင့် ရီဖူရှင်းက ရန်ဒေသမှ တန်ခိုးရှင်များကို အနိုင်ယူပြပြီး ကတည်းက သူ၏ဓားလမ်းစဉ်ကို သက်သေပြပြီး ဖြစ်သည်။
သို့သော်လည်း နံပါတ်၁ ဓားပညာ တော်ဝင်မြေတစ်ခု ဖြစ်သည့်အလျောက် လူတစ်ယောက်က သူတို့အား သည်အတိုင်း စိန်ခေါ်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ပထမဦးစွာ ထိုသူက စိန်ခေါ်ရန် ထိုက်တန်ကြောင်း သက်သေပြရန် လိုပေသည်။
ရီဖူရှင်းက ထိုနေရာတွင် အလွန် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ကြောင်း သူမြင်ပြီး ဖြစ်၏။
“မင်းက ရန်ဒေသကလား … ”
အရိပ်ရှန့်ထိုဓားက မေးသည်။
“ဟုတ်ပါတယ် ”
ရီဖူရှင်းက ဖြေသည်။
“မင်း ဆရာ ဘယ်သူလဲ ”
ရှန့်ထိုဓားက ဆက်လက်၍ မေးမြန်းသည်။
“ကျုပ်က ခြေသလုံးအိမ်တိုင် ဓားသမားတွေနဲ့ နေရာအနှံ့က ပညာရှင်တွေဆီမှာ လေ့လာ ဆည်းပူးခဲ့တယ် ဆိုပေမဲ့ ဓားလမ်းစဉ်ကို လျှောက်လှမ်းတဲ့အခါ တကယ်တမ်း ဆရာ တစ်ယောက်ဆီမှာ သတ်သတ်မှတ်မှတ် သင်ယူခဲ့တာတော့ မရှိဘူး ”
ရီဖူရှင်းက ဆိုသည်။
“ဒါဆို မင်းက ကိုယ့်ကိုယ်ကိုယ် လေ့လာသင်ယူသူပေါ့ ”
အရိပ်ရှန့်ထိုဓားက ဆက်မေးသည် …
“မင်းက ဓားပညာတွေ ဘယ်နှခုလောက် လေ့ကျင့်လဲ။ မင်းက နေမင်းမီးတောက်ဓား၊ ရေခဲဓား၊ မုန်တိုင်းဓားနဲ့ တခြားဓားတချို့ကို ဖန်တီးတာ ငါမြင်တယ်။ ဒါတွေ အကုန်လုံးက မင်းရဲ့ ဆင်ခြင် နားလည်မှုတွေလား ”
“ကျုပ်က ဓားပညာမှာ ကွဲပြားတဲ့ ပညာရပ်တွေ အတော်များများကို လေ့ကျင့်ခဲ့တယ်။ ဆရာ ရှိသလားလို့ မေးရင် ကျုပ်က နေ၊ လ၊ ကြယ်တာရာ၊ လေနဲ့မိုး စတဲ့ သဘာဝတွေကို ဆင်ခြင်လေ့လာတယ်။ သဘာဝတရားကြီးက ကျုပ်ရဲ့ဆရာပဲ ”
ထို့နောက် ရီဖူရှင်းက ရှန့်ထိုဓားကို မေးသည် …
“စီနီယာက မေးခွန်းထုတ်လို့ ပြီးပါပြီလား ”
“မင်း ငါနဲ့အတူ လိုက်ပြီးတော့ အထက်ဘုံတာလီဓား တောင်ကုန်းမှာ လေ့ကျင့်မလား”
အရိပ်ရှန့်ထိုဓားက ရီဖူရှင်းအား ဖိတ်ခေါ်သည်။
တာလီဓားတောင်ကုန်းတွင် လေ့ကျင့်ရန် ဖိတ်ခေါ်ခြင်း …။
ထိုအရာက အများစုကို အံ့အားသင့်စေခြင်း မရှိခဲ့။ ရီဖူရှင်းတွင် သမာရိုးကျ မဟုတ်သော စိတ်နေ သဘောထားများ ရှိသော်လည်း သူ၏ ဓားပညာသည်ကား အမှန်တကယ် ထူးခြား ကောင်းမွန်လွန်း နေသည်။ သူတို့အနေဖြင့် ဓားပညာတွင် သန့်စင်သော စိတ်နှလုံးရှိသောသူ တစ်ဦးအား မည်သို့ လက်လွှတ်နိုင်မည်နည်း။
“ကျုပ်က ဓားပညာကို နှစ် ၃၀ လေ့ကျင့်ခဲ့ပြီးတော့မှ အပြင်လောကကို ထွက်လာခဲ့တယ်။ ရန်ဒေသကို ရောက်လာပြီးနောက်မှာ အဲဒီက ဓားသမားတွေက ကျုပ်ဓားနဲ့ မထိုက်တန်ဘူး ဆိုတာ တွေ့ခဲ့ရတယ်။ အခု ဒီနေရာမှာ ကိုးဒေသက တန်ခိုးရှင်တွေ စုစည်းကြတဲ့အတွက် ကျုပ်က ရောက်လာခဲ့တယ်။ ဒါပေမဲ့လည်း ဘယ်သူမှ ကျုပ်နဲ့ တိုက်ခိုက်ဖို့ မထိုက်တန်ဘူး”
ရီဖူရှင်း၏လေသံက ဓားတစ်လက်အလား ထက်ရှနေသည် …
“အထက်ဘုံက တာလီဓားတောင်ကုန်းဟာ ဓားပညာမှာ နံပါတ်၁ဖြစ်တယ်လို့ သိရတယ်။ တကယ်လို့ ဓားတောင်ကုန်းက တစ်စုံတစ်ယောက်သာ ကျုပ်ကို အနိုင်ယူနိုင်ခဲ့ရင် ကျုပ်က ဓားတောင်ကုန်းကို လိုက်ပြီးတော့ လေ့ကျင့်ပါမယ်… စီနီယာ ”
“ဆိုလိုတာက ငါတို့ထဲက ဘယ်သူမှ မင်းကို အနိုင်မယူနိုင်ခဲ့ရင် မင်းက ဓားတောင်ကုန်းကို မဝင်ဘူးပေါ့ ”
အရိပ်ရှန့်ထိုဓားက မေးသည်။
“တာလီဓား တောင်ကုန်းမှာ ဘယ်တပည့်ကမှ ကျုပ်ကို အနိုင်မယူနိုင်ဘူး ဆိုရင် အဲဒီနေရာမှာ ကျုပ်က ဘာကို သွားသင်ယူရမှာလဲ”
ရီဖူရှင်းက ဝင့်ကြွားစွာ ပြောသည်။ သူ၏စကားကို ကြားရသူများ အားလုံးမှာ ဆွံ့အသွားရ၏။
သူ့အား မည်သည့် ဓားသမားမှ အနိုင်မယူနိုင်လျှင် ထိုနေရာတွင် သူက မည်သည့်ဓားပညာကို သင်ယူရမည်နည်း။
သူကား မူလကဲ့သို့ပင် မောက်မာကာ အရိုင်းဆန်နေဆဲ ဖြစ်သည်။ သို့သော်လည်း ယခင်ကလို ရီဖူရှင်းအား ကြွားလုံး ထုတ်လွန်းသည်ဟု မမြင်ကြတော့ပေ။ ထိုအရိုင်းဆန်သော ဓားသမားသည် တာလီဓား တောင်ကုန်းကို ဝင်လိုပါက သည်အတိုင်း ခေါင်းညိတ်လိုက်ရုံသာ ရှိသည်။
သို့သော်လည်း သူကား ဓားလမ်းစဉ်ကိုသာ လိုက်နာကျင့်ကြံသည်။
“ကောင်းတဲ့ အမြင်တစ်ခုပဲ”
အရိပ်ရှန့်ထိုဓားက ပြုံးလျက်ပြောသည်။ သူက ရီဖူရှင်း၏သဘောထားကို စိတ်မဆိုးပေ။
တချို့ ဓားသမားများသည် ထူးဆန်းသော စိတ်နေသဘောထား ရှိကာ သူတို့၏ စိတ်နှလုံးသည် ဓားတစ်ခုတည်း အပေါ်တွင်သာ အလုံးစုံ မြှုပ်နှံထားကြ၏။ ထိုအရာကပင် ဓားပညာကို မည်မျှ ရူးသွပ်သည်ဟူသော အချက်ဖြစ်၏။ ထိုအရာကပင် သူတို့အား ဓားလမ်းစဉ်၏ အဆုံးစွန်သော ခရီးလမ်းကို ပေါက်မြောက် အောင်မြင်စေနိုင်သည်။
ထိုအရာများ အားလုံးကို သူက ရီဖူရှင်းထံ၌ မြင်နေရ၏။
“ယွင်ကန်း … ”
အရိပ်ရှန့်ထိုဓားက ခေါ်လိုက်သည်။ သူ့နောက်မှ လူငယ်တစ်ဦး ရှေ့သို့ တက်လာသည်။
သူနှင့်အတူ အောက်ဘုံသို့ လိုက်ပါလာသော တာလီဓားတောင်ကုန်းမှ တပည့်အချို့ ရှိပေသည်။ တိုက်ဆိုင်စွာပင် လတ်တလောတွင် မဟာလမ်းစဉ်နှင့် ထိတွေ့ထားသော လူငယ်ဓားသမား တစ်ဦးလည်း ပါလာသည်။ မဟုတ်လျှင် သတ္တမဓားအား အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။
သည်မတိုင်ခင် တိုက်ပွဲတွင် သူက ရီဖူရှင်း၏ ကြီးမားသော ဓားစွမ်းရည်နှင့် ထူးခြားသော ပညာရပ်များအား မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ယွင်ကန်းက သူ့အား အနိုင်ရရန် သူမျှော်လင့်၏။
ယွင်ကန်းက ရှေ့သို့ တက်လာသည်။ သူ့ထံမှ ထွက်ပေါ်နေသော ကိုယ်ရောင်ကိုယ်ဝါ အရ သူ့ဓားပညာသည် ကြီးမားသော ပေါက်ကွဲအားများ ရှိမည်ကို သိသာစေသည်။ သူ၏ခြေလှမ်းတိုင်းက လေးလံကာ ကြီးမားသော ဖိအားကို ခံစားရစေသည်။ သူ့ထံမှ ထက်ရှသော ခံစားချက်ကိုပင် မရရှိကြပေ။
“မင်း ဓားကို ထုတ်ပါ ”
ယွင်ကန်းက ရီဖူရှင်းအား ပြောသည်။
လူအများအပြားက သူ၏လှုပ်ရှားမှုကို မြင်ကာ ရယ်ချင်ကြ၏။ ယွင်ကန်း၏ လက်ထဲမှ ဓားသည် တုံးတိကာ လူတစ်ယောက်၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်နိုင်ဟန်ပင် မရပေ။
သို့သော်လည်း သူက တာလီဓားတောင်ကုန်းမှ တပည့်တစ်ယောက် ဖြစ်ရကား သူ၏ စွမ်းရည်ကိုတော့ အထင်မသေးရဲကြပေ။
ရီဖူရှင်းက ရှေ့သို့ တက်လာခဲ့သည်။ နေမင်းအလင်းသည် အပေါ်မှ ဖြန့်ကြက် ဖြစ်ပေါ်လာခဲ့သည်။ သူက နေမင်း မီးတောက်ဓားအား မြှောက်လိုက်ခြင်း ဖြစ်သည်။ ဓားတစ်ချက် အဝှေ့တွင် လေထဲ၌ မီးနဂါးတစ်ကောင် ကခုန်သည့် မြင်ကွင်းဖြစ်လာခဲ့၏။
ယွင်ကန်းသည် တုံးတိသောဓားအား သည်အတိုင်း တင်းတင်း ဆုပ်လိုက်ဟန်ရသည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်မှ ငွေရောင် အလင်းများ ဖြာထွက်လာခဲ့ကာ ချပ်ဝတ်တန်ဆာ တစ်ခု ရစ်ပတ်လာခဲ့၏။
ဘုန်း …
သူက ရှေ့သို့ တက်လာခဲ့လျှင် သူ့လှုပ်ရှားမှုများသည် ထိုင်းမှိုင်း လေးလံနေသည်။ သူက ဓားကို ကိုင်ကာ ရီဖူရှင်းထံသို့ ဒေါင်လိုက် ဝှေ့ယမ်းလိုက်၏။
ယွင်ကန်းက ဓားဖြင့် ထိုးသွင်းခြင်း မပြုခဲ့ဘဲ သည်အတိုင်း ရိုက်နှက်လိုက်သည့် ပုံဖြစ်သည်။
နေမင်းမီးတောက် သည်လည်း ကျဆင်းလာခဲ့ကာ တုံးတိသောဓားဖြင့် ထိပ်တိုက် ရင်ဆိုင်မိသည်။ ထိုအခိုက်တွင် ကျယ်လောင်သော အသံနှင့်အတူ လေထဲတွင် အလင်းမှုန်များ ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။ ရီဖူရှင်း၏နေမင်းမီးတောက် ဓားသည် ယွင်ကန်း၏ဓားကို ဖြတ်သန်းသွားကာ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များသည် အမှန်တကယ် သူ့ထံသို့ ဆက်လက် စီးဆင်းလာခဲ့သည်။
ဘုန်း … တုံးတိသောဓားသည် လေထုကို တုန်ခါစေလျက် ရောက်လာသော်လည်း ရီဖူရှင်းကား ထိုနေရာတွင် မရှိတော့ဘဲ တိမ်များပေါ်သို့ တက်သွားကာ အောက်သို့ ကြည့်သည်။
ဘုန်း …
ယွင်ကန်းက သူ့ဓားနှင့်အတူ လေထဲသို့ ခုန်တက်လာခဲ့သည်။ ကောင်းကင်ထက်တွင် များစွာသော ဓားပုံရိပ်များ ဖြစ်ပေါ်လာခဲ့ကာ သူတို့သည် အရွယ်အစားများ ကြီးမားလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဓားချင်း ရိုက်ခတ်သံများသာ ဖြစ်ပေါ်လာခဲ့သည်။
“လောကကြီးမှာ ဘယ်အရာကိုမဆို ဓားနဲ့ပေါင်းစပ်လို့ရတယ် ”
အရိပ်ရှန့်ထိုဓားက ထုတ်ဖော် ပြောဆိုသည်။
အရိပ်ရှန့််ထိုဓားက ယွင်ကန်းကို ဥပမာပေးသာ တခြား ဓားသမားများအား သင်ခန်းစာပေးခြင်း ဖြစ်သည်။
“စီနီယာ ပြောတာ မှန်ပါတယ်။ လောကကြီးရဲ့ အရာခပ်သိမ်းဟာ ဓားဖြစ်နိုင်ပါတယ်”
ကောင်းကင်ထက်မှ ရီဖူရှင်း၏အသံကို ကြားရ၏။ သူက လက်ကို ဆန့်တန်းလိုက်လျှင် သူ့အနီးတွင် များစွာသော ဧရာမဓားကြီးများ ဖြစ်လာသည်။ ဓားများသည် ကြယ်တာရာ လောကဓာတ်များကို သယ်ဆောင်ထားရာ အလွန်တရာ လေးလံ အားကောင်းကြ၏။
သူ့လက်ထဲတွင် ဧရာမ ဓားကြီးတစ်လက် ဖြစ်တည်လာသည်။
ကျယ်လောင်သော အသံနှင့်အတူ ယွင်ကန်းက ဓားပုံရိပ်လွှာများနှင့် အတူ ရီဖူရှင်းထံသို့ ဦးတည်လာခဲ့သည်။
“သွား … ”
ရီဖူရှင်းကလည်း ရှေ့သို့ တစ်လှမ်းတက်ကာ ပျံသန်းလာခဲ့လျှင် ဓားသည် သူနှင့် ပေါင်းစပ်သွား၏။ သူနှင့်အတူ ဧရာမဓားကြီးများ ကလည်း လိုက်ပါပျံသန်းကာ ပြိုင်ဘက်အား ဖိအားပေး လာခဲ့သည်။
ကောင်းကင်ထက်တွင် များစွာသော ပေါက်ကွဲသံများ ကြားရ၏။ ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်ခါသည်။
တုံးတိသော ဓားများသည် ရီဖူရှင်း၏ ဧရာမဓားကြီးများနှင့် ရင်ဆိုင်တွေ့သည်။ ယွင်ကန်းသည် နောက်ဆုံးတွင် သူ၏ပစ်မှတ်ထံသို့ ရောက်လာခဲ့၏။ သူက မာန်သွင်း အော်ဟစ်ကာ ဧရာမ ဓားပုံရိပ်များအား ရှေ့သို့ ကျဆင်းစေသည်။
သို့သော်လည်း ရီဖူရှင်းသည် သူ၏အရှေ့သို့ ရောက်လာခဲ့ကာ အဆုံးအစမဲ့သော စွမ်းအားများ ပါဝင်သော ဓားကြီးဖြင့် ခုတ်ချလိုက်သည်။ အနီးတွင် ကြယ်တာရာများ ကျဆင်းလာသည့်အလား ဓားများသည် ကျယ်လောင်သော မြည်သံများ ပေးလျက် ရောက်လာကြ၏။
ကြီးမားသော အင်အားနှစ်ခု ရင်ဆိုင်မိလျှင် ပြင်းထန်သော မုန်တိုင်းများပင် ဖြစ်လာခဲ့သည်။
ဘုန်း … ဘုန်း … ဘုန်း …
ကျယ်လောင်သော အသံများ ကြားကြရသည်။ ထိုအခိုက်တွင်ပင် ယွင်ကန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ပြင်းထန်စွာ ကျဆင်းလာပြီး ကမ္ဘာမြေသို့ လွင့်စဉ် ကျဆင်းလာခဲ့၏။ သူ၏မျက်နှာမှာ ပြာနှမ်းနေခဲ့ကာ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက် များစွာ ဖြစ်နေခဲ့သည်။
ကောင်းကင်တွင် ရီဖူရှင်းက ဝင့်ကြွားစွာဖြင့် အရိပ်ရှန့်ထိုဓားအား ကြည့်ကာ ပြောသည် …
“ဘယ်သူ ရှိသေးလဲ ”
သူ၏အသံကို ကြားလျှင် လူတိုင်း၏ရင်ထဲတွင် ဗလောင်ဆူ လာခဲ့ကြသည်။
သတ္တမဓားသည် တာလီကိုးဒေသတွင်သာ ပြိုင်စံရှားသည် မဟုတ်ပေ။ သူက အထက်ဘုံမှ တော်ဝင်မြေ၏ဓားသမားကိုပင် အနိုင်ယူနိုင်စွမ်းရှိ၏။
သူ၏ပြိုင်ဘက်က အထက်ဘုံမှ ဖြစ်နေခြင်းသည် ပြဿနာ မဟုတ်ပေ။ သူ့ဓားက တူညီစွာပင် အနိုင်ယူနိုင်၏။
အရိပ်ရှန့်ထိုဓားက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယွင်ကန်းအား ကြည့်ကာ ရီဖူရှင်း၏ မေးခွန်းအား ပြန်ဖြေရန် ဆွံ့အနေခဲ့သည်။
***