Switch Mode

အခန်း ( ၈၆ )

ကောင်းချွမ်၏ အကြံအစည်

ထိုတိုက်ပွဲ ပြီးဆုံးသွားသောအခါ ကောင်းကင်တာအိုကျောင်း၏ ပြိုင်ပွဲမှာလည်း တစ်ဝက်တိတိ ပြီးဆုံးသွားပြီ ဖြစ်သည်။ ထပ်မံကျင်းပရမည့် ပွဲများမှာ လက်ကျန်နေရာများအတွက် တိုက်ပွဲသုံးပွဲခန့် အနိုင်ရရှိထားသော သူများ အချင်းချင်း ယှဉ်ပြိုင်ရမည့် အပိုပွဲစဉ်များ ဖြစ်သည်။

ပြိုင်ပွဲဝင်ခုနစ်ဆယ့်လေးယောက်မှာ သူတို့၏ တိုက်ပွဲ ငါးပွဲစလုံးကို အနိုင်ရရှိခဲ့ကြသည်။

ထိုခုနစ်ဆယ့်လေးယောက်ထဲတွင် အများစုမှာ စီနီယာကျောင်းသားများ ဖြစ်ကြပြီး ပထမနှစ်နှင့် ဒုတိယနှစ်မှ ကျောင်းသားအရေအတွက်မှာ အနည်းငယ်သာရှိသည်။ သူတို့မှာ မည်မျှပင် ထူးချွန်ထက်မြက်နေစေကာမူ နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သော စီနီယာကျောင်းသားများနှင့် ယှဉ်လိုက်မည်ဆိုပါက အတွေ့အကြုံများ လိုအပ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲ ငါးပွဲစလုံး အနိုင်ရရှိခဲ့သည့် ကျောင်းသားသစ် အရေအတွက်မှာ စုစုပေါင်း၏ ဆယ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။

သို့သော် ဤပြိုင်ပွဲထဲတွင် ထို ခုနစ်ဆယ့်လေးယောက်မှာ မည်မျှပင် တမူထူးခြားနေစေကာမူ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့၏ ကြောက်ခမန်းလိလိ တိုက်ပွဲကြီးနှင့် ယှဉ်လိုက်မည်ဆိုပါ အရန်အဆင့်သာ ရှိသည်။

ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့၏ တိုက်ပွဲကြီးမှာ တာအိုကျောင်း တစ်ကျောင်းလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့ပြီး ကျောင်းသားများစွာကိုလည်း မှင်တက်ဆွံ့အသွားစေခဲ့သည်။ အစပိုင်းတွင် ထိုတိုက်ပွဲကြီးအကြောင်းကို အရေးတယူ ပြောဆိုနေကြသည့် လူအရေအတွက်မှာ များများစားစား မရှိပါသော်လည်း သတင်းများ တစ်စတစ်စ ပျံ့နှံ့သွားပြီးနောက် ထိုတိုက်ပွဲကြီးမှာ တစ်ဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာ၏။ ထို့ကြောင့် ထိုတိုက်ပွဲကြီးကို မကြည့်လိုက်ရသည့် လူများမှာ အခြားသူများ၏ ပြောစကားမှတစ်ဆင့် ၎င်းကို စိတ်ကူးထဲတွင် အကြမ်းဖျင်း ပုံဖော်နိုင်သွားတော့သည်။

သူတို့၏တိုက်ပွဲမှာ တစ်ဝက်ကျော်ကျော်မျှသာ ရှိသေးသည်ဖြစ်ပြီး ပြီးဆုံးခဲ့သွားသည်ဟု သတ်မှတ်၍ မရပါသော်လည်း သူတို့နှစ်ယောက်စလုံး ထုတ်ပြခဲ့သော တိုက်ရည်ခိုက်ရည်များအရ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ကျိုးရိဖန်ကဲ့သို့ တိုက်ပွဲ ငါးပွဲစလုံးကို အနိုင်ရရှိခဲ့သည့် အခြား ပြိုင်ပွဲဝင်များပင် ကျောချမ်းသွားကြပြီး ခံစားချက်များ ယောက်ယတ်ခတ်သွားကြ၏။ မည်သည့် ပြိုင်ဆိုင်မှုမျိုးမဆို စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေ၏။

ထိုတိုက်ပွဲထဲတွင် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံး အသုံးပြုခဲ့သော တိုက်ခိုက်ရေးနည်းလမ်းများနှင့် တန်ပြန်ဗျူဟာများကို ဝိညာဉ်ကွန်ရက်ပေါ်ရှိ ကျောင်းသားများစွာက အနှစ်ချုပ်ထားကြသည်။ သူတို့နှစ်ယောက် အကြောင်းနှင့် ပတ်သတ်သည့် ဆွေးနွေးငြင်းခုံမှုများမှာလည်း ပလူပျံနေပြီး ဝိညာဉ်ကွန်ရက်ကြီးတစ်ခုလုံးမှာလည်း ပျားပန်းခပ်နေ၏။ ထို့ကြောင့် လက်ကျန်ပွဲစဉ်များကို သွားရောက်ကြည့်ရှုကြသည့် ပရိသတ်များပင် သိပ်မရှိတော့ပေ။

” ကျောက်ယမုန့်က တကယ်တမ်းတော့ ဝိညာဉ်ချီကို လိုသလိုထိန်းချုပ်ပြီး အသက်ရှူကြိမ် သုံးကြိမ်အတွင်း မန္တန်အစီအရင်တွေကို ဖန်တီးတာပဲကွ။ သူမရဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာက အလကား မဟုတ်ဘူးပဲ။ သူ အာနာပါနအဆင့် ကို ရောက်သွားတဲ့ အချိန်ကျရင် သူ့ဝိညာဉ်ချီ အာရုံခံနိုင်စွမ်းက တခြားရွယ်တူတွေထက်ကို အများကြီး သာလွန်သွားမှာ အမှန်ပဲ ”

” ဝမ်ပေါင်လဲ့ကလည်း အထင်ကြီးဖို့ ကောင်းတယ်နော်။ သူက မန္တန်အစီအရင်ကြီး အတွင်းပိုင်းထဲကနေ ပျက်စီးသွားအောင်လုပ်ဖို့အတွက် အရပ်မျက်နှာအနှံ့က ဝိညာဉ်ချီတွေကို စုပ်ယူနိုင်ဖို့ ဝိညာဉ်အမြုတေတွေကို ဖန်တီးခဲ့ပြီးတော့ ရအောင် ဖောက်ထွက်ခဲ့တာ။ သူ့ရဲ့ ဓမ္မလက်နက်ဌာနကျောင်းသားခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ် ”

” ဝမ်ပေါင်လဲ့ရဲ့ တန်ပြန်တိုက်ကွက်ကို ချက်ချင်းပြန်ပြီးတော့ တုံ့ပြန်နိုင်တဲ့ ကျောက်ယမုန့်ရဲ့ စွမ်းရည်ကလည်း ရှားမှရှားဗျ ”

ထိုကဲ့သို့ မရေမတွက်နိုင်လောက်အောင် များပြားသော ဆွေးနွေးငြင်းခုံမှုများထဲတွင် လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့သည့် အဓိက အချက်ကြီးနှစ်ချက် ရှိသည်။ ပထမဆုံးအချက်မှာ တိုက်ပွဲပြီးဆုံးခါနီးတွင် ကျောက်ယမုန့်၏ မျက်လုံးများထဲ၌ ပေါ်ထွက်လာ‌ခဲ့သော အပြာရောင် အလင်းများဖြစ်ပြီး ဒုတိယအချက်မှာ ဝမ်ပေါင်လဲ့၏ ဒါဇင်ပေါင်းများစွာသော ဓားပျံများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်းရှိနေသည့် အချက်ပင် ဖြစ်သည်။

ထိုအချက်နှစ်ချက်မှာ လူတိုင်းကို အမှန်တကယ်ပင် အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

” တိုက်ပွဲရဲ့ အဆုံးသတ်မှာ ကျောက်ယမုန့်ရဲ့ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေအရ တော်တော်ကြောက်စရာကောင်းတဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ ဖြစ်ရမယ် ”

” ဝမ်ပေါင်လဲ့က ဘာကိုသုံးလိုက်လို့ ဓားပျံတွေကို အဲဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်စွမ်း ရှိသွားရတာလဲ။ အဲ… အဲဒါမျိုးက ရှေးဟောင်းသိုင်းအဆင့်မှာ ဘယ်သူမှ မလုပ်နိုင်တဲ့ အရာမျိုးလေ ”

မရေမတွက်နိုင်သော ဆွေးနွေးငြင်းခုံမှုများမှာ မပြီးဆုံးနိုင်လောက်အောင် ပေါ်ထွက်လာနေ၏။ နောက်ဆုံးတွင် ကောင်းကင်တာအိုကျောင်း၏ ပြိုင်ပွဲကြီးမှာ ပြီးဆုံးသွား၏။ ထိပ်ဆုံးအယောက်တစ်ထောင်ထဲသို့ တက်လှမ်းနိုင်ခဲ့သော ပြိုင်ပွဲဝင်များကို စာရင်းပြုစုကာ နောက်သုံးရက်အကြာတွင် ထုတ်ပြန်ကြေညာတော့မည်ဖြစ်သည်။

လက်တွေ့တွင်မူ ထိုစာရင်းထဲရှိ အမည်များကို ကြေညာသည်ဖြစ်စေ မကြေညာသည်ဖြစ်စေ အရေးမကြီးပေ။ ထိုစာရင်းကို မပြုစုရသေးခင်ကတည်းက ဝိညာဉ်ကွန်ရက်ပေါ်၌ ပြိုင်ပွဲဝင်များ၏ စုစုပေါင်းရမှတ်များကို တွက်ချက်ပေးထားကြသည့် လူများ ရှိနေပြီးသား ဖြစ်သည်။ မည်သည့် ပြိုင်ပွဲဝင်များက ထိပ်ဆုံးအယောက် တစ်ထောင်ထဲသို့ ပါသွားမည် ဖြစ်ကြောင်း လူတိုင်းက သိထားကြပြီးသား ဖြစ်သည်။

ထိုပြိုင်ပွဲဝင်များအားလုံးထဲတွင် စိတ်အပျက်ဆုံး ဖြစ်ရမည့် လူများမှာ အဆင့်တစ်ထောင်ကျော်စွန်းစွန်းသာ ရရှိနိုင်ခဲ့သော သူများနှင့် အပိုပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့ရသော သူများသာ ဖြစ်သည်။ သို့သော် သူတို့မှာ အခြားမည်သည့်အရာကိုမှ လုပ်နိုင်မည်မဟုတ်ပေ။ တစ်ခါတရံတွင် အလွန် တိုတောင်းသည်ဟု ထင်ရသော ခြေလှမ်းတစ်လှမ်းစာ အကွာအဝေးလေးမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အကွာအဝေးကဲ့သို့ ဖြစ်နေတတ်သည်။

ပြိုင်ပွဲများ ပြီးဆုံးသွားပြီဖြစ်ရာ တာအိုကျောင်းကြီးမှာလည်း သိသိသာသာ သက်ဝင်လှုပ်ရှားလာ၏။ လူတိုင်းမှာ အနားယူခွင့် ရသွားသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအချိန်ကိုအသုံးချ၍ ကျောက်ယမုန့်နှင့် ရင်ဆိုင်ခဲ့ရသောတိုက်ပွဲထဲတွင် ကုန်ခမ်းသွားခဲ့သည့် အားအင်များကို ပြန်လည်ဖြည့်တင်းရန် နတ်ဝိဇ္ဇာဂူထဲ၌ အနားယူနေလိုက်တော့သည်။

သို့သော် သူသည် အပြင်သို့ လုံးဝမထွက်ခဲ့ပေ။ သူသည် အနားယူပြီးသည့်တိုင်အောင် ပြိုင်ပွဲပြီးဆုံးခါနီးတွင် ပေါ်ထွက်လာခဲ့သည့် ကျောက်ယမုန့်၏ ပေါက်ကွဲမှု ပုံရိပ်များမှာ သူ၏အတွေးထဲတွင် ထပ်ခါတလဲလဲ ပေါ်လာနေဆဲပင်။

” သူ့ မျက်လုံးထဲမှာ အပြာရောင် အလင်းတွေ ပေါ်လာပြီးတော့ သူ့ကြည့်ရတာ အသိစိတ်ပျောက်သွားတဲ့ပုံပဲ။ သူ သုံးခဲ့တဲ့ လျှို့ဝှက်အတတ်က သူထိန်းချုပ်နိုင်တဲ့ အဆင့်ထက် လွန်ကဲနေလို့ အဲဒီအတတ်ကို သုံးပြီးနောက်ပိုင်း သူ သတိလစ်သွားခဲ့ရတာ ”
ဝမ်ပေါင်လဲ့မှာ ထိုအဖြစ်အပျက်ကြီးကို သုံးသပ်ပြီးသွားသည့်တိုင်အောင် အံ့သြတုန်လှုပ်နေဆဲပင်။ အကယ်၍ ပါမောက္ခကြီးသာ သူတို့ကို တားဆီးရန် ထွက်မလာခဲ့ပါက မည်သည့် အခြင်းအရာများ ဆက်ဖြစ်သွားမည်ကို ဝမ်ပေါင်လဲ့မှာ မသိနိုင်ပေ။

” အဲဒီအချိန်တုန်းက ကျောက်ယမုန့်က တော်တော်ကို အစွမ်းထက်နေတာ။ မသိရင် … သူက ဝိညာဉ်ချီနဲ့ တစ်သားတည်း ဖြစ်သွားတဲ့အတိုင်းပဲ ”
ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်သွားပြီး ဝရန်တာပေါ်တွင်ထိုင်ကာ မျက်လုံးများကို မှိတ်လိုက်၏။ သူနှင့် ကျောက်ယမုန့်တို့၏ တိုက်ပွဲထဲမှ ပုံရိပ်များမှာ သူ၏ အတွေးထဲတွင် ဆက်တိုက်သလို ပြန်လည် ပေါ်ပေါက်လာပြီး သူသည် မည်သည့်အခန်းကဏ္ဍတွင် တိုးတက်လာအောင် လုပ်နိုင်ကြောင်း ဆင်ခြင်တွေးတောနေတော့သည်။

ဝမ်ပေါင်လဲ့မှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရသည်ကို နှစ်သက်သော လူတစ်ယောက်ဖြစ်သည်။ သူသည် ထိုအလေ့အကျင့်ကို အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိစာအုပ်များထဲမှ လေ့လာထားခြင်း ဖြစ်သည်။ အခြားသူများကို သူ ဆက်ဆံရာတွင်ဖြစ်စေ သူ၏ စွမ်းရည်များကို လေ့ကျင့်ရာတွင်ဖြစ်စေ သူသည် အမြဲတမ်း သူ့ကိုယ်သူ ပြန်လည်သုံးသပ်လေ့ရှိသည်သာ ဖြစ်သည်။

***

ပါမောက္ခတောင်ထိပ်၏ အလယ်တွင် ကျောက်စိမ်းများကို ထွင်းကာ တည်ဆောက်ထားသည့် ခန်းမကြီးတစ်ခုရှိသည်။ ထိုခန်းမကြီးမှာ ပါမောက္ခကြီး၏ ခန်းမလောက် ခမ်းနားကြီးကျယ်မှု မရှိပါသော်လည်း အလွန် ခံ့ညားထည်ဝါနေဆဲပင်။

ထိုခန်းမကြီးမှာ ဒုပါမောက္ခ နေထိုင်ပြီး အလုပ်လုပ်သည့် နေရာ ဖြစ်သည်။

ဝမ်ပေါင်လဲ့နှင့် မိုးသစ်တောထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူ၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ထဲရှိ လုပ်ပိုင်ခွင့်အာဏာများကို ရုတ်သိမ်းခံခဲ့ရပြီး အခြားသူများဆီသို့ လွှဲပြောင်းပေးခဲ့ရပါသော်လည်း သူသည် ဒုပါမောက္ခ ဖြစ်နေဆဲဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားဆဲပင်။

ယခုတွင် သူသည် ခန်းမကြီးနောက်တွင်ရှိသော ထပ်ခိုးထဲတွင် ရပ်နေရင်း အဝေးကို လှမ်းမျှော်ကြည့်နေ၏။ သူ၏ နောက်တွင်မူ အနက်ရောင်အဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေ၏။ ထိုလူကြီးမှာ တာအိုကျောင်း၏ ဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိတွင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်၏ ခေါင်းဆောင်လည်းဖြစ်သည်။ ထို့အပြင် သူသည် လွန်ခဲ့သော တစ်နှစ်ခန့်က ဝမ်ပေါင်လဲ့မှာ စာမေးပွဲထဲ၌ ကလိမ်ကကျစ်ကျခဲ့သည်ဟု လူသိရှင်ကြား ကြေညာခဲ့သည့်သူလည်း ဖြစ်သည်။ သူသည် ချီတုံချတုံ ဖြစ်နေပါသော်လည်း နောက်ဆုံးတွင် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ပါမောက္ခ။ တကယ်ပဲ ဒီကိစ္စကို ဒီလို ကိုင်တွယ်ဖြေရှင်းချင်လို့လား ”

ထိုအခါ ဒုပါမောက္ခ ကောင်းချွမ်မှာမူ နောက်သို့ပင် မလှည့်ဘဲ အဝေးတစ်နေရာရှိ ကောင်းကင်ကြီးကိုကြည့်ကာ တည်ကြည်စွာ ပြန်မေးလိုက်၏။
” မင်းက ကြောက်နေတာလား ”

” နည်းနည်းလေးတော့ ကြောက်တာပေါ့ ” ထိုအနက်ရောင်အဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီးက ရှုံ့မဲ့မဲ့ ရယ်မောကာ ပြန်ဖြေလိုက်၏။

” အခု ဝမ်ပေါင်လဲ့က ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်နေပြီ။ ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျင်းပခဲ့တဲ့ တိုက်ပွဲထဲမှာ ထုတ်ပြခဲ့တဲ့ သူ့ရဲ့တိုက်ကွက်တွေကြောင့် လူတိုင်းက အထင်ကြီးအံ့ဩနေကြတာ။ ဒီတော့ လက်ရှိမှာဆိုရင် သူ့ကို တာအိုကျောင်းရဲ့ အသည်းနှလုံးလို့တောင် သတ်မှတ်လို့ရတယ်။ အဲဒါကို ဘာလို့ ကျနော်တို့က သူ့ကိုထပ်ပြီးတော့ ပြဿနာရှာရမှာလဲဗျ ”

” အဆင့်သတ်မှတ်ချက်စာရင်းထဲက သူ့ရဲ့ အဆင့်ကို တရားမဝင်ဘူးလို့ ကျနော်တို့က ပယ်ဖျက်လိုက်ရင်တောင် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူးလေ။ နောက်နေ့ရောက်ရင် ပါမောက္ခကြီးက ဒေါပွသွားမှာ အမှန်ပဲ။ သူက ဒုပါမောက္ခကို အပြစ်ပေးမယ့်အပြင် ဝမ်ပေါင်လဲ့ရဲ့ အဆင့်က တရားဝင်ပါတယ်ဆိုတဲ့ ကြေညာချက်ကို ချက်ချင်း ပြန်ထုတ်လိုက်မှာပဲ ”

ထို အနက်ရောင်ဝတ်အစားနှင့်နှင့် သက်လတ်ပိုင်းလူကြီးမှာ သတ္တိမွေးကာ ဝေခွဲမရသော အမူအရာဖြင့် ဒုပါမောက္ခအား နားချရန် ကြိုးစားလိုက်သည်။

” ပြီးတော့ လင်းတျန်ဟောက်ကလည်း ကျောင်းသားမဟုတ်တော့ဘူး… ”

ထိုသက်လတ်ပိုင်းလူကြီးမှာ စကားကို ဆုံးအောင်မပြောပေ။ အမှန်တွင် ယခင်ကဆိုလျှင် သူသည် ထိုစကားကိုအစပင် ဖော်ရဲမည်မဟုတ်ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့ကို လုံးဝ ရန်မစချင်သည့်အပြင် ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်ကျွန်းသို့ သေချာပေါက် ဝင်ခွင့်ရသွားမည်ဖြစ်ကြောင်းကို ယခင်ကတည်းက ကြိုတင်မှန်းဆထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခုလို နောက်ထပ် ရန်သူတစ်ယောက် မွေးရသည်မှာ သူ့အတွက် အကျိုးရှိမည် မဟုတ်ပေ။ သို့သော် သူသည် ဒုပါမောက္ခ၏ အမိန့်ကို နာခံရမည်ဖြစ်ရာ ရွေးချယ်စရာမရှိဘဲ ဖြစ်နေရတော့သည်။ ထို့ကြောင့် သူသည် ဒုပါမောက္ခ စိတ်ပြောင်းသွားအောင် နားချရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

” လင်းတျန်ဟောက် ဟုတ်လား ”
အနက်ရောင်ဝတ်အစားနှင့် လူကြီး၏စကားကို ကြားလိုက်ရသောအခါ ဒုပါမောက္ခမှာ ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အခြားမည်သူမှ မမြင်နိုင်သော စက်ဆုပ်ရွံရှာနေသည့် အရိပ်အ‌ယောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။
” ဘာစကားမှ ထပ်မပြောနဲ့တော့။ မင်း လုပ်မှာလား မလုပ်ဘူးလား ဆိုတာကိုပဲ ငါ့ကိုပြော ”

ကောင်းချွမ်မှာ နောက်သို့လှည့်လာပြီး အနက်ရောင်ဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီးကို အေးစက်စက်ကြည့်ကာ ဆိုလိုက်၏။ ထိုအခါ ထိုလူကြီးမှာ ချက်ချင်းဆိုသလိုပင် ဖိအားများစွာ ခံစားလိုက်ရပြီး သူ၏နဖူး‌ပေါ်တွင် ချွေးများပြန်လာတော့သည်။

တစ်ခဏမျှ ကြာပြီးနောက် သူသည် အံကြိတ်ကာ ပြန်ဖြေလိုက်သည်။
” လုပ်ပါ့မယ် ဆရာ ”

” အဲဒါဆို လုပ်။ မင်းမှာ အချိန်သုံးရက်ရှိတယ်။ အဆင့်သတ်မှတ်ချက်စာရင်း ကြေညာတာနဲ့ ငါ ရလဒ်ကို မြင်ချင်တယ် ”
ကောင်းချွမ်မှာ သူ၏အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ခံစားချက်ကင်းမဲ့သော လေသံဖြင့် အမိန့်ပေးလိုက်သည်။ အနက်ရောင်ဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီးမှာ စိတ်နှလုံး နာကျည်းနေပါသော်လည်း အခြားရွေးချယ်စရာမရှိသည်ကို သိထားသောကြောင့် ခေါင်းညိတ်လိုက်ပြီး လိုအပ်သည်များကို ပြင်ဆင်ရန် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

အနက်ရောင်ဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီး ထွက်ခွာသွားသောအခါတွင် ကောင်းချွမ်၏ မျက်ဝန်းများထဲရှိ စက်ဆုပ်ရွံရှာနေသော အရိပ်အယောင်များမှာ ပို၍ပင် သိသာထင်ရှားလာ၏။

” လွှတ်တော်အမတ်တစ်ယောက်ကို ဖားဖို့အတွက် သူ့ရဲ့သား အလိုကျ လိုက်လုပ်ရလောက်အောင် ငါက အဆင့်အတန်း နိမ့်ကျနေတယ်လို့ မင်းက ထင်နေတာလားကွ ”

” ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရောက်နေတယ်လို့ မှတ်ယူထားတဲ့ ပါမောက္ခကြီးက ငါ တန်ဖိုးတက်တာလာကို မြင်ချင်နေတာလေ ”

” ဒီအဘိုးကြီးကတော့ကွာ…. လက်အောက်ငယ်သားတွေကို အနီးကပ်မြှောက်စားပြီးတော့မှ အောက်ဆုံးအထိ ပြန်ရိုက်ချတဲ့ သူ့ရဲ့ဗျူဟာကို ငါ မသိဘူးလို့ သူက ထင်နေတာ ”
ကောင်းချွမ်မှာ ထိုသို့တွေးတောရင်း သူ၏ မျက်ဝန်းများထဲမှ ရွံရှာစက်ဆုပ်နေသည့် အရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီး သုန်မှုန်ကာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။

” ဝမ်ပေါင်လဲ့ရဲ့ အဆင့်သတ်မှတ်ချက်က ချက်ချင်းပြန်ပြီးတော့ တရားဝင်သွားမှာ အမှန်ပဲ။ ဒါပေမဲ့ ငါက သူ့ကို မဖိနှိပ်ရင်၊ ရန်သူတွေ မမွေးရင်၊ ငါ့ကိုယ်ငါ တန်ဖိုးတက်လာအောင် မလုပ်ရင် ပါမောက္ခအိုကြီးက သူ့ရဲ့ ကြိုးစားအားထုတ်မှုက မျှော်မှန်းထားသလောက် အရာမထင်ဘူးဆိုပြီး ယူဆလိုက်မှာပဲ။ အဲဒီအချိန်ရောက်သွားလို့ သူ မပျော်မရွှင်ဖြစ်သွားရင် ငါ့ကို ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး ကန်ထုတ်လိုက်မှာ အသေအချာပဲ။ အဲဒါဆို သူ့ဘက်ကရော မရှုံးနိုင်ဘူးလား ”

ကောင်းချွမ်မှာ သူ၏လက်သီးများကို ဆုပ်လိုက်၏။

” ငါ့မှာ ရန်သူ ပိုများလာရင်၊ ငါ အပြစ်လုပ်ခဲ့တဲ့ လူအရေအတွက် ပိုများလာရင် ငါ့ကို ရှင်းထုတ်ပစ်ချင်တဲ့ လူအရေအတွက် ပိုများလာမှာပဲ။ ဒါပေမဲ့ သူတို့က ဘာလုပ်လုပ် ပါမောက္ခကြီးရဲ့ ခွင့်ပြုချက်ကိုတော့ လိုအပ်တယ်။ အဆင့်နိမ့်ကျွန်းမှာ ပါမောက္ခကြီးရဲ့ အာဏာက အကြွင်းမဲ့အဆင့်အထိ မရှိရင်တောင် အရမ်းကို အာဏာကြီးနေတုန်းပဲ ”

” ငါ့ကို ရှင်းထုတ်ချင်တဲ့ လူတွေ ရှိနေသရွေ့ သူတို့က ပါမောက္ခကြီးနဲ့ ညှိနှိုင်းရမှာပဲ။ အဲဒီေတာ့ ငါ့မှာ ရန်သူပိုများရင်၊ ငါ့ရဲ့ လုပ်ရပ်‌တွေက ပိုပြီးတော့ စေ့စပ်တိကျလာရင်၊ အကြင်နာမဲ့လာရင် ငါ့ကိုမုန်းတဲ့လူတွေ ပိုများလာမှာပဲ။ အဲဒါဆိုရင် ငါ့ရဲ့တန်ဖိုးကလည်း တက်လာမှာ။ အဲဒီေတာ့ သူ တခြားလူတွေနဲ့ ညှိနှိုင်းတဲ့အခါမှာလည်း သူ့ဘက်ကရမယ့် အမြတ်အစွန်းတွေက ပိုများလာမှာ။ ဝမ်ပေါင်လဲ့က အနာဂတ်မှာ သူနဲ့လာပြီးတော့ ညှိနှိုင်းလိမ့်မယ်လို့ ပါမောက္ခကြီးက တွေးထားမှာ အမှန်ပဲ ”

” ဒီသဘောတရား အရဆိုရင် ငါ့ရဲ့တန်ဖိုး ပိုကြီးလာရင် ငါ့ကို ရှင်းထုတ်နိုင်မဲ့ လူအရေအတွက်ကလဲ နည်းလာမှာပဲ။ အဲဒါဆိုရင် အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်ဖို့ အချိန်ပိုပေးလို့ ရပြီ ”

” ဒီနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် ငါ့ကို အချိန်နည်းနည်းလေးပဲ ထပ်ပေးစမ်းပါ ”

ကောင်းချွမ်အကြည့်မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လားပြီ သူသည် ယခင်ကထက်ပင် ပို၍ အကြင်နာကင်းမဲ့လာ၏။ သူသည် အန္တရာယ်နှင့် ကြုံနေရပြီဖြစ်သည်ဟု ခံစားနေရသည်ဖြစ်ပြီး အခြားတစ်နေရာသို့ တာဝန်လွှဲပြောင်းခြင်း မခံရခင် ပါမောက္ခကြီးက သူ့အား ရှင်းထုတ်လိုက်မည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် သူသည် သူ၏တန်ဖိုး မြင့်တက်လာစေရန်အတွက် ဝမ်ပေါင်လဲ့အား အသုံးချချင်နေခြင်း ဖြစ်သည်။ သူသည် ပါမောက္ခကြီးအကြောင်းကို ကောင်းကောင်းသိထားသည်ဖြစ်ရာ သူ၏ လုပ်ရပ်များကြောင့် ပါမောက္ခကြီးမှာ ပိုမိုကောင်းမွန်သော အကျိုးအမြတ်များ ရရှိနိုင်ရန်အတွက် သူ့အား ရှင်းထုတ်ပစ်မည့် အစီအစဉ်များကို သေချာပေါက် ရပ်တန့်လိုက်မည်သာဖြစ်ကြောင်း ယုံကြည်ထားသည်။

ဝမ်ပေါင်လဲ့မှာ ပါမွှားတစ်ကောင် မဟုတ်ပါသော်လည်း သူ၏ အတိတ်နှင့် ယှဉ်လိုက်ပါက အညတရအဆင့်တွင်သာ ရှိသည်။

” သူက ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသောကျောင်းသားခေါင်းဆောင် ဖြစ်နေပြီး နောက်ဆုံးတိုက်ပွဲမှာ လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့ရင်တောင် ဘာဖြစ်မှာမလို့လဲ။ ငါက အာနာပါန အစောပိုင်းအဆင့်မှာပဲ ရှိသေးပြီး သူက ရှေးဟောင်းသိုင်းအဆင့် ထိပ်ဆုံးအထိ ရောက်နေရင်တောင် ငါတို့ကြားမှာ ခြားနားချက်တွေ အများကြီးပါ။ သူက အာနာပါနအဆင့် မရောက်သေးတော့ ပြန်ပြီးတော့ တုံ့ပြန်နိုင်မှာမဟုတ်လို့ သည်းခံရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ ”

” သူနဲ့ ပြဿနာတက်တော့ရော ဘာဖြစ်လဲ။ တကယ်လို့ အနာဂတ်မှာ သူက တကယ်ပဲ အာနာပါနအဆင့်ကို ရောက်သွားလို့ လက်စားချေချင်တယ်ဆိုရင်တောင် အဆင့်မြင့်ကျွန်းမှာ ခြေကုပ်ကောင်းကောင်း ယူပြီးတဲ့အချိန်အထိ စောင့်ရဦးမှာပဲ။ အဲဒီအချိန်ရောက်ရင် ငါက ဒီနေရာမှာ ရှိနေမှာတောင် မဟုတ်တော့ဘူး။ အဲ့နောက်မှ ဖြစ်လာမယ့် ကိစ္စတွေကတော့… ”

ကောင်းချွမ်မှာ မျက်လုံးများကို မှိတ်ကာ လှောင်ပြုံးပြုံးလိုက်၏။
” အဲဒီအခါကျရင် သူ လက်စားချေခွင့် မရှိလောက်တော့ဘူးလေ “

Comment

Leave a Reply

Options

not work with dark mode
Reset