အပိုင်း (၁၁၀၀)

ဘာအမှားလုပ်မိလို့လဲ

သုံးရက်အကြာတွင် ဘုရင်ခံလီ၏ နန်းတော်၌ လူများဖြင့် ပြည့်နှက်နေခဲ့သည်။ မရေမတွက်နိုင်သော တန်ခိုးရှင်မျာက အပြင်ဘက်တွင် စောင့်ဆိုင်းနေကြ၏။ ယနေ့တွင် နန်းတော်၏ ဂိတ်တံခါးကို ဆောလျင်စွာ ဖွင့်လှစ်ထား၏။ တာလီပြည်ထောင်မှ မည်သည့် တန်ခိုးရှင်မဆို နန်းတွင်းသို့ ဝင်ရောက်ခွင့် ရှိပေသည်။

ထိုအခိုက်တွင် လူတစ်စု လေထဲမှ ပျံသန်း ရောက်ရှိ လာကြသည်။ ခေါင်းဆောင်လာသူများ အားလုံးမှာ ရှန့်ထိုများ ဖြစ်ကြ၏။ သူတို့က ဘုရင်ခံလီ၏ နန်းတော် အပြင်ဘက်သို့ ဆင်းသက် လာခဲ့ကြလျှင် လူအချို့က သူတို့အား ကြိုဆိုသည်။

“စီချူဒေသက တန်ခိုးရှင်တွေ ရောက်လာကြပြီ” လူတစ်ယောက်က သူတို့အား ကြည့်ကာ ပြောသည်။

“ချန်းကဲ့ဒေသက တန်ခိုးရှင်တွေ ရောက်လာကြပြီ”

“ဒွန်ယန်ဒေသက တန်ခိုးရှင်တွေ ရောက်လာကြပြီ”

တန်ခိုးရှင်များ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာကြ၏။

“ရန်ဒေသ တန်ခိုးရှင်တွေ ရောက်လာကြပြီ” မရေမတွက်နိုင်သော လူများက အသစ်ရောက်လာသော လူစုအား ကြည့်ကြသည်။ ရန်ဒေသမှ ဓားသမားများမှာ နာမည်ကျော်ကြား ကြပေသည်။ တာလီပြည်ထောင်၏ တစ်ဝက်မျှသော ဓားသမားများမှာ ရန်ဒေသမှ ဖြစ်ကြ၏။

နန်းတွင်း၌ ဘုရင်ခံလီသည် ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ့ဘေး တစ်ဖက်တစ်ချက်တွင် စွမ်းအားမြင့် တန်ခိုးရှင်များ ထိုင်နေကြသည်။ အထက်ဘုံမှ လူများအားလုံး ရောက်ရှိနေကြကာ သူတို့အားလုံးက ဒေသအသီးသီးမှ လာသော တန်ခိုးရှင်များအား စောင့်စားနေကြ၏။

“ဒီလို ကြီးမားတဲ့ အခိုက်အတန့်မျိုးတွေက ကျုပ်နန်းတော်မှာ ရှားရှားပါးပါးပဲ” ဘုရင်ခံလီက ပြုံးလျက်ပြောသည်။ ယခု အောက်ဘုံမှ တော်ဝင်မြေတိုင်းသည် သူ့နန်းတော်သို့ အခစား ဝင်ကြပေသည်။

“အရှင် … ကျုပ်တို့က စီချူဒေသကပါ” စီချူဘုရင်ခံက လီဘုရင်ခံအား အရိုအသေပေးသည်။ တာလီပြည်ထောင် အောက်ဘုံကို လီဘုရင်ခံက အုပ်ချုပ်ရာ တခြားသော ဘုရင်ခံများ အားလုံးမှာ သူ့အမိန့်ကို နာခံရပေသည်။

“ထိုင်ကြပါ …” ဘုရင်ခံလီက ပြုံးလျက်ပြောသည်။ ဒေသကိုးခုမှ တန်ခိုးရှင်များက ထိုင်ခံများတွင် အသီးသီး ထိုင်ကြသည်။ ကြီးမားသော စင်မြင့်ကြီးများသည် ဒေသကိုးခုမှ လူများဖြင့် ပြည့်နှက်သွား၏။ အလယ်တွင်ကား ဧရာမ စင်မြင့်ကြီးတစ်ခု ရှိနေပေသည်။

ရီဖူရှင်းက ရန်ဒေသမှ လူများနှင့်အတူ ထိုင်နေသည်။ ကြီးမားသော လူအုပ်ကြားထဲတွင် သူ၏တည်ရှိမှုအား မည်သူမှ မသိမထားမိကြပေ။ သူက ဘုရင်ခံလီအား မြင်သလို အထက်ဘုံမှ အင်အားစုများအားလည်း တွေ့မြင်၏။ သူက လုချွန်အားလည်း သတိထားမိသည်။ လုချွန်ကား ဘုရင်ခံလီ၏ဘေးနားတွင် ထိုင်နေရာ မည်သူမဆို သူ့အား သတိထားမိ နိုင်ပေသည်။

လတ်တလောတွင် အထက်ဘုံမှ လူများသည် အောက်ဘုံသို့ ရောက်လာကာ သင့်တော်သော ပါရမီရှင်များအား လာရောက် ရွေးချယ်ကြ၏။ သည်ပွဲအား ဘုရင်ခံလီကိုယ်တိုင် စီမံခန့်ခွဲခြင်းဖြစ်ရာ တာလီပြည်ထောင် သည်လည်း ကျင့်ကြံခြင်း ယဉ်ကျေးမှုကို မည်မျှ အလေးထားသည်ကို သိသာထင်ရှား စေပေသည်။

ထိုအခိုက်တွင် ဘုရင်ခံလီ၏ နန်းတော် အပြင်ဘက်တွင် နေရာတိုင်း၌ တန်ခိုးရှင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဘုရင်ခံလီက လူအုပ်ကြီးအား ကြည့်ကာ ပြောသည် … “ဒီနေ့ ကျုပ်က ဒေသအသီးသီးက တန်ခိုးရှင်တွေကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်က အထက်ဘုံရဲ့ နန်းတွင်းက အမိန့်ပေးလို့ပဲ။ အထက်ဘုံက အင်အားစုတွေက သူတို့ သဘောကျနှစ်သက်တဲ့ တန်ခိုးရှင်တွေကို ရွေးချယ်ကြလိမ့်မယ်။ တာလီအောက်ဘုံကလည်း ထူးခြား ထက်မြက်တဲ့ တန်ခိုးရှင်တွေ ထွက်ပေါ်လာဖို့ ကျုပ်မျှော်လင့်တယ်” ဘုရင်ခံလီက ပြောသည်။

မရေမတွက်နိုင်သော လူများက ဘုရင်ခံလီကို ကြည့်ကြသည်။ ဘုရင်ခံလီသည် ရှန့်ထို တတိယအဆင့်တွင် ရှိနေပြီဖြစ်ကာ တာလီအောက်ဘုံ၌ အားအကောင်းဆုံး ဖြစ်သည်။ တာလီအောက်ဘုံမှ တန်ခိုးရှင်များ အားလုံးက ဘုရင်ခံလီအား လေးစားကြသည်။

“ကျုပ်က လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်” ဘုရင်ခံလီက ပြောသည်။ သူက လက်ဆန့်တန်းကာ လုချွန်ရှိနေရာသို့ လက်ညှိုးထိုးပြကာ ပြောသည် … “တာလီပြည်ထောင် နန်းတွင်း အကြံပေးရဲ့ တပည့်ဖြစ်တဲ့ လုချွန် … လွန်ခဲ့တဲ့ ဆယ်နှစ်က နတ္ထိဘုံတိုက်ပွဲမှာ အင်ပါယာလီဘုံကို အနိုင်ရအောင် သူက စွမ်းဆောင် ပေးခဲ့တယ်။ နတ္ထိဘုံ တိုက်ပွဲအပြီးမှာပဲ သူက ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီးတော့ အခု ရှန့်ထိုပထမအဆင့် အမြင့်ဆုံးမှာ ရှိနေတယ်။ သူ့ကို တာလီပြည်ထောင် အောက်ဘုံမှာ ပါရမီရှင်တွေ ရွေးချယ်တဲ့ကိစ္စကို ကိုယ်တိုင် ကြည့်ရှုလေ့လာဖို့ နန်းတွင်း အကြံပေးက စေလွှတ်ခဲ့တယ်”

လူအများအပြားက လုချွန်အား ကြည့်ကြသည်။ နန်းတွင်း အကြံပေး၏ တပည့်ကား နာမည်ဂုဏ်သတင်း ကျော်စောရာ လူတိုင်းက သူ့ကို ကြားဖူးကြပေသည်။

ထိုအခါမှပင် လူငယ် မည်သူဖြစ်သည်ကို ရီဖူရှင်း သိလိုက်သည်။ တာလီပြည်ထောင် နန်းတွင်း အကြံပေး၏တပည့်ဖြစ်ရာ သည်လူသည် ယွင်ကျင်း၏စီနီယာအစ်ကိုဟု ပြောနိုင်ပေသည်။

ဘုရင်ခံလီ၏ မိတ်ဆက်မှုကို ကြားလျှင် လုချွန်က ထရပ်ကာ လက်နှစ်ဖက်ကို ဆုပ်လျက်ပြောသည် … “ဘုရင်ခံလီက ချီးကျူးလွန်းပါပြီ။ ဆရာရဲ့အမိန့်နဲ့ ဒီအခမ်းအနားကို လာရောက် ကြည့်ရှုခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဒီနေ့မှာ တာလီပြည်ထောင် အောက်ဘုံက ပါရမီရှင်တွေဟာပဲ တကယ့် အဓိက ဇာတ်ဆောင်တွေပါပဲ။ သူတို့အားလုံးရဲ့ စွမ်းဆောင်ရည်ကို ကျုပ်က စောင့်မျှော်နေပါတယ်”

ရန်ဒေသ ဘုရင်ခံက ထရပ်ကာ ပြောသည် … “တာလီပြည်ထောင် နန်းတွင်း အကြံပေးကာ တကယ်ပဲ တာလီပြည်ထောင်ရဲ့ ထောက်တိုင်လို့ ပြောနိုင်တယ်။ သူ့တပည့်တွေ အကုန်လုံးဟာလည်း သံသယရှိစရာ မလိုအောင် ထူးခြား ထက်မြက်ကြတယ်။ မင်းတို့အားလုံး သူ့ဆီက သင်ယူသင့်တယ်”

ရန်ဒေသ၊ တော်ဝင်မြေများမှ တန်ခိုးရှင်များအားလုံး ခေါင်းညိတ် ထောက်ခံကြ၏။ ဟွမ်ချွဲ့က ရီဖူရှင်းအား တစ်ချက် လှမ်းကြည့်သည်။ သို့သော် သူမက ဘာမှ မပြောပေ။ သူမ၏အမြင်တွင် သတ္တမဓားနှင့် လုချွန်တို့၏ အပြုအမူ အဆင့်အတန်းများသည် မိုးနှင့်မြေပမာ ကွာခြားကာ လုချွန်သည် လူများကြားမှ ကြီးမြတ်သော နဂါးတစ်ကောင်ဖြစ်ပြီး ရီဖူရှင်းကား လေလုံးကြီးသော ကျီးကန်းတစ်ကောင်သာ ဖြစ်၏။

ရီဖူရှင်းသည်လည်း အနည်းငယ် အံ့အားသင့်ရ၏။ လုချွန်၏ ယဉ်ကျေးသော ဟန်ပင်၊ နှိမ့်ချတတ်သော စရိုက်လက္ခဏာတို့က ရန်သူဖြစ်သည့်တိုင် သူ့အနေဖြင့် လေးစား ချီးကျူးရပေသည်။

“နန်းတွင်း အကြံပေးတဲ့ တပည့်ဖြစ်တဲ့ လုချွန်ပဲ မဟုတ်ဘူး၊ အထက်ဘုံက တခြား အင်အားစုတွေလည်း ပါရမီရှင်တွေကို ရွေးချယ်ဖို့ ရောက်လာကြတယ်။ အောက်ဘုံမှာ ဒီလို အခွင့်အရေးမျိုး ဆိုတာ အင်မတန် ရှားပါးလို့ အားလုံးက အကောင်းဆုံး ကြိုးစားကြမယ်လို့ ကျုပ် မျှော်လင့်တယ်”

ဘုရင်ခံလီက ပြုံးလျက် ထပ်ပြောသည် … “ဒီရွေးချယ်ပွဲမှာ ရှီအဆင့်တွေပဲ ဝင်ပြိုင်ခွင့်ရှိတယ်။ မင်းတို့က စင်မြင့်ထက်ကို တက်ပြီး ကြိုက်သလို စွမ်းဆောင် ပြနိုင်တယ်။ ရွေးချယ်ခံရတဲ့ သူတွေကိုလည်း တခြားလူတွေက လွတ်လွတ်လပ်လပ် စိန်ခေါ်နိုင်တယ်”

တာလီအောက်ဘုံ ကိုးဒေသတွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ ရှိသော်လည်း သည်ရွေးချယ်ပွဲမှာ ရှီတန်ခိုးရှင်များ အတွက်သာ ဖြစ်သည်။

“စရအောင် …” ဘုရင်ခံလီက ပြောသည်။ ဤတွင် သူ့ဘေးမှ တန်ခိုးရှင်က ကျယ်လောင်စွာ ပြောသည် … “သေရည်တွေကို အဆင်သင့်လုပ်ပြီး စင်မြင့်ကို ဖွင့်လှစ်မယ်”

သူ၏အသံက ထိုနေရာ တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ ဤတွင် အစေခံ မိန်းကလေးများက တော်ဝင်မြေများမှ တန်ခိုးရှင်များကို သေရည်များဖြင့် ဧည့်ခံသည်။

သည်ရွေးချယ်ပွဲမှာ ရက်များစွာ ကျင်းပရမည် ဖြစ်သည်။ တော်ဝင်မြေများမှ တန်ခိုးရှင်များက တစ်ယောက်ပြီး တစ်ယောက် ထရပ်ကာ စင်မြင့်ထက်သို့ လမ်းလျှောက် တက်ကြသည်။ ထိုအထဲတွင် ရန်ဒေသမှ ဓားသမား အများအပြားလည်း ပါဝင်ကြ၏။ စင်မြင့် အလယ်ဗဟိုသို့ ရောက်လာသူ နှစ်ဦးနှင့်အတူ ရွေးချယ်ပွဲက အမှန်တကယ် အစပြုခဲ့ပြီဖြစ်သည်။ ထိုနှစ်ယောက်မှာ မူလရှီအဆင့်၌သာ ရှိကြပေသည်။

ရီဖူရှင်းက စင်မြင့်ထက်ကို ကြည့်သည်။ သူက ဘုရင်ခံလီ၏ နန်းတော်ထဲတွင် ထိုင်ကာ တာလီပြည်ထောင်မှ တန်ခိုးရှင်များ အချင်းချင်း တိုက်ခိုက်သည်ကို ကြည့်ခွင့်ရမည်ဟု တစ်ခါမှ မထင်ထားဖူးပေ။ သည်ပွဲတွင် တာလီအောက်ဘုံ၏ အထူးချွန်ဆုံးသော ပါရမီရှင်များ အားလုံး လာရောက် ယှဉ်ပြိုင်ကြရာ သူ့အနေအထားဖြင့် အကြီးမားဆုံးသော ပွဲတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ယှဉ်ပြိုင်ပွဲများ ဆက်လက် ကျင်းပခဲ့ကာ ချင်ဒေသ၊ ဒွန်ရန်ဒေသနှင့် ရန်ဒေသတို့မှ ယေဘုယျအားဖြင့် အများဆုံး ပါဝင် ယှဉ်ပြိုင်ကြသည်။ ထိုဒေသသုံးခုသည် တာလီအောက်ဘုံ၌ အင်အား အကြီးဆုံးဖြစ်ကာ တော်ဝင်မြေများမှ ပါဝင်သော အရေအတွက်မှာလည်း ပိုမို များပြားပေသည်။

“မင်း ဘယ်လိုထင်လဲ” လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား မေးသည်။

“ကျုပ် ထင်တာထက် အားနည်းတယ်။ အရင်တုန်းက ကျုပ် အဲဒီတန်ခိုးအဆင့်မှာ ဆိုရင် စင်မြင့်ပေါ်မှာ အနိုင်ယူဖို့ ဓားဆွဲထုတ်ဖို့တောင် လိုမှာ မဟုတ်ဘူး” ရီဖူရှင်းက ပြောသည်။

“မင်းက တစ်ခုခုပဲ” လေရိုင်းရှန့်ထိုဓားက ပြုံးလျက် ခေါင်းယမ်းသည်။ သူကား ရီဖူရှင်း၏ လေလုံးထွားခြင်းများနှင့် ပတ်သက်၍ အသားကျနေပြီ ဖြစ်သည်။ သူက ဆက်ပြောသည် … “ကွန်းရှီအဆင့်တွေရဲ့ တိုက်ပွဲက နောက်ဆုံးမှာပဲ ဖြစ်လိမ့်မယ်။ မင်းက လေရိုင်းကလန် နာမည်နဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်”

“ကျေးဇူးတင်ပါတယ် … စီနီယာ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် … “ဒါပေမဲ့ ကိုးဒေသမှာ ကျုပ်ဓားနဲ့ ထိုက်တန်တဲ့သူ ရှိမလားဆိုတာ စောင့်ကြည့်ရဦးမယ်”

“တကယ်လို့ တစ်ယောက်မှ မရှိခဲ့ရင်ရော” လေရိုင်းရှန့်ထိုဓားက ထူးဆန်းသော အမူအရာဖြင့် မေးသည်။

“ဒါဆိုလည်း ကျုပ်ရဲ့ဓားကို မထုတ်ဘဲ နေရမှာပေါ့” ရီဖူရှင်းက ပြောသည်။

လေရိုင်းရှန့်ထိုဓားက ပြောသည် … “တာလီကိုးဒေသမှာ နန်းမြို့တော်က တော်ဝင်မြေတွေလည်း ရှိကြတယ်။ မင်းရဲ့ဓားနဲ့ ထိုက်တန်တဲ့သူတော့ ရှိမှာပါ”

“ဒါက အကောင်းဆုံးပဲ” ရီဖူရှင်းက ခေါင်းညိတ်သည်။

သူတို့နှစ်ဦးက စကားသံများကို နှိမ့်ထားခြင်း မရှိပေ။ တန်ခိုးရှင်များမှာ ပုံမှန်အားဖြင့် နားပါးကြရာ တခြားဒေသမှ တန်ခိုးရှင်များကလည်း သူတို့နှစ်ယောက်၏ စကားကို ကြားကာ ထူးဆန်းစွာ လှမ်းကြည့်ကြသည်။

“တကယ်လို့ မင်းသာ အထက်ဘုံမှာ သွားပြီးတော့ လေ့ကျင့်ခွင့် ရမယ်ဆိုရင် အဲဒီကို မဖြစ်မနေ သွားပါ” လေရိုင်းရှန့်ထိုဓားက ရုတ်တရက် ပြောသည် … “ဓားတောင်ကုန်းက တန်ခိုးရှင်တွေကို ကြည့်လိုက် … သူတို့က အထက်ဘုံနဲ့ အောက်ဘုံမှာ အတော်ဆုံး ဓားသမားတွေပဲ။ မင်းရဲ့ ပြိုင်ဘက်ကို အဲဒီမှာ တွေ့နိုင်လိမ့်မယ်။ နန်းတွင်း အကြံပေးရဲ့ တပည့်လုချွန်ကို ကြည့် … အောက်ဘုံမှာ သူ့လို ကိုယ်ရောင် ကိုယ်ဝါနဲ့လူ ရှားတယ်”

ရီဖူရှင်းက လေရိုင်းရှန့်ထိုဓားအား ကြည့်သည်။ တကယ်တမ်းတွင်လည်း သူ၏အပြုအမူ အနေအထိုင်များက ထူးခြား ကောင်းမွန်ကြောင်း သူဝန်ခံရသည်။

စင်မြင့်ပေါ်မှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ရီဖူရှင်းကလည်း တိုက်ပွဲကို ကြည့်ရှုကာ သောက်စားနေရင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့တော့သည်။

***

အင်ပါယာရှားဘုံ၏ အင်ပါယာရှား နန်းတော်တွင် မင်းသမီး ရှားရှင်းယွန်က သူမ၏ရှေ့မှ သိမ်းငှက်နက်အား စူးရဲစွာ ကြည့်နေသည်။

“သူ ဘယ်မှာလဲ” ရှားရှင်းယွန်က သိမ်းငှက်နက်အား မေးသည်။ ရီဖူရှင်းက သိမ်းငှက်နက်နှင့် စိတ်ချင်း ဆက်နွယ်ထားကြောင်း သူမ သိထားပြီးဖြစ်သည်။

“ဘုရင်ခံလီရဲ့ နန်းတော်မှာ” သိမ်းငှက်နက်က ရှားရှင်းယွန်အား ပြောသည်။

ရှားရှင်းယွန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ အေးစက်စွာ ပြောသည် … “သူက ဘုရင်ခံလီရဲ့ နန်းတော်မှာ ဘာလုပ်နေတာလဲ”

“တာလီပြည်ထောင် နန်းတွင်းက အထက်ဘုံက အင်အားစုတွေကို အောက်ဘုံမှာ ပါရမီရှင်တွေ သွားရောက် စုဆောင်းခိုင်းခဲ့တယ်။ အခု သူတို့က အောက်ဘုံမှာ တော်ဝင်မြေတွေ အကုန်လုံးကို စုစည်းပြီးတော့ လက်ရည် စမ်းစေတယ်။ ဒီပွဲကို တာလီပြည်ထောင် နန်းတွင်း အကြံပေးကိုယ်တိုင်က သူ့တပည့်ကို စေလွှတ်ပြီး ကြည့်ရှုစေခဲ့တယ်။ ဒါက ဘာအတွက် ဖြစ်မလဲ မင်းသမီးကိုယ်တိုင် ခန့်မှန်းကြည့်လေ” သိမ်းငှက်နက်က ပြောသည်။ သူမအား ပြန်ပြောနေသူမှာ သိမ်းငှက်နက် မဟုတ်ဘဲ ရီဖူရှင်းကိုယ်တိုင်ဟု ရှားရှင်းယွန်က ခံစားရသည်။

“သူ ဘယ်သူလဲ” ရှားရှင်းယွန်က မေးသည်။

“လုချွန်” သိမ်းငှက်နက်က ပြန်ဖြေသည်။

ရှားရှင်းယွန်၏ မျက်လုံးများ အရောင်လက် သွားသည်။ လုချွန် မည်သူဖြစ်သည်ကို သူမ သိပေသည်။

“နင် ဘာလုပ်မလို့လဲ” ရှားရှင်းယွန်က သိမ်းငှက်နက်ကို စိုက်ကြည့်ကာ ပြောသည်။

“လေ့ကျင့်ရေးခရီး ဆိုမှတော့ လေ့ကျင့်မလို့ပေါ့” သိမ်းငှက်နက်က ဖြေသည်။

ရှားရှင်းယွန်က သိမ်းငှက်နက်အား စိုက်ကြည့်ကာ မေးသည် … “နင်က တာလီပြည်ထောင်က ထိပ်သီး အင်အားစုတွေမှာ သွားလေ့ကျင့်ဖို့ ကြိုးစားနေတာလား။ လီယောင်အနီးကို ရောက်ဖို့ ကြိုးစားနေတာလား”

“ခွင့်ပြုပါဦး … မင်းသမီး” သိမ်းငှက်နက်က ပြောသည်။ ရီဖူရှင်း သူ၏စိတ်အသိကို    ပြန်ရုပ်သိမ်းလိုက်ရာ သိမ်းငှက်နက်က အတောင်ပံများကို တဖျတ်ဖျတ် ခတ်ကာ ပြောသည် … “သခင် ထွက်သွားပါပြီ။ ကျုပ် အိမ်ပြန်လို့ ရပါပြီလား … မင်းသမီး”

ရှားရှင်းယွန်၏ အမူအရာက အေးစက်နေသည်။ သည်ခွေးကောင်က ဘာတွေ ကြံစည်နေသနည်း။ သူက တာလီအောက်ဘုံ၏ နန်းတော်သို့ အဘယ်ကြောင့် ရောက်နေရသနည်း။ သူမက တွေးသည်။

“မရဘူး … မင်းက နန်းတော် အပြင်ဘက်သို့ ခြေတစ်လှမ်းတောင် ထွက်လို့ မရဘူး” ရှားရှင်းယွန်က သိမ်းငှက်နက်ကို ပြောသည်။

သိမ်းငှက်နက်၏ မျက်လုံးများ ပြူးကျယ် သွား၏။ ခင်ဗျားက ဆရာနဲ့ အဆင်မပြေတာနဲ့ ဘာလို့ ကျုပ်ကို အပြစ်ရှာ နေရတာလဲ … သူက တွေးသည်။

“မင်းသမီး … ကျွန်တော်က သွားစရာ ရှိပါသေးတယ်” သိမ်းငှက်နက်က အမြန် ထွက်ပြေးရန် ကြံသည်။ နန်းတော် အတွင်း၌ကား တင်းကျပ်ကာ ပျော်စရာ မကောင်းပေ။

“အစောင့်တွေ …” ရှားရှင်းယွန်က ပြောလျှင် အစောင့်အချို့ ရောက်လာသည်။

“ဒီငှက်က နန်းတော်အပြင်သို့ တစ်လှမ်း ထွက်တာနဲ့ မီးကင်လိုက် …” ရှားရှင်းယွန်က ပြောသည်။

ဖရူး …

သိမ်းငှက်နက်သည် ခြေထောက်များ ပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားသည်။ ကျုပ် ဘာအမှားလုပ်မိလို့လဲ … မင်းသမီး … သိမ်းငှက်နက်က စိတ်နာစွာ တွေးသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset