ဘုရင်ခံ၏ အိမ်တော်တစ်ခုလုံး လူစည်ကား လာခဲ့သည်။ ဂိတ်တံခါးသို့ လူများ အဆက်မပြတ် ရောက်ရှိလာခဲ့ကြကာ တော်ဝင်မြေများမှ ထိပ်သီး ပုဂ္ဂိုလ်များအား ကြည့်ရှုလိုကြ၏။
ရန်ဒေသဘုရင်ခံက အိမ်တော်သို့ လာရောက် လည်ပတ်သူများနှင့် အထူး ဧည့်သည်တော်များအတွက် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ဧည့်ခံပွဲ ပြီးသွားသောအခါမှ သူတို့က လီဝမ်မြို့သို့ ထွက်ခွာကြမည် ဖြစ်သည်။
ရီဖူရှင်းက လေရိုင်းရှန့်ထိုဓားနှင့် ရောက်လာရာ သူနှင့်အတူ ထိုင်ရပေသည်။ သို့သော်လည်း ညစာစားပွဲတွင် လေရိုင်း ရှန့်ထိုဓားသည် မိမိကိုယ်ကို နှိမ့်ချနေထိုင်၏။ မည်သို့ဆိုစေ သူကား တော်ဝင်မြေငါးခုတွင် အားအနည်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူက စကားအနည်းငယ်သာ ပြောကာ များများ နားထောင်ပေသည်။
“ဘုရင်ခံ … ဒီတစ်ခါ အထက်ဘုံကနေ အောက်ဘုံသို့ ဘယ်သူ လာမှာလဲ” စီဝေ့ရှန့်ထိုဓားက မေးသည်။ အောက်ဘုံမှ ပါရမီရှင်များအား ရွေးချယ်ရန် အထက်ဘုံမှ တစ်စုံတစ်ဦး လာမည်ကို သူတို့အားလုံး သိကြသည်။
“ကျုပ်က အသေးစိတ်တော့ မသိဘူး။ လီဝမ်မြို့သို့ ရောက်ရင်တော့ သိလောက်တယ်” ရန်ဒေသဘုရင်ခံက ပြောသည်… “ဒါပေမဲ့ ဒီကိစ္စက တာလီနန်းတွင်း အကြံပေးကိုယ်တိုင် အမိန့်ပေး ညွှန်ကြားတာဖြစ်လို့ အရေးကြီးပုံရတယ်။ ဒါက ပြီးခဲ့တဲ့နှစ် နတ္ထိဘုံတိုက်ပွဲနဲ့ သက်ဆိုင်မယ် ထင်တယ်”
“နန်းတွင်း အကြံပေး …” အားလုံး၏မျက်လုံးများတွင် လေးစားသော အငွေ့အသက်များ ဖြစ်ပေါ်လာကြသည်။ နန်းတွင်းအကြံပေးနှင့် ပတ်သက်၍ ကောလာဟလများစွာကို သူတို့ ကြားဖူးကြပေသည်။ သူကား တာလီပြည်ထောင် အင်အား ကြီးမားလာခြင်းတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်ပေသည်။
အောက်ဘုံမှ လူများသည်ပင် တာလီပြည် နန်းတွင်းအကြံပေး၏ ဂုဏ်သတင်းများကို ကြားဖူးကြပေသည်။ သူကား အင်ပါယာပြီးလျှင် အမြင့်ဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်သူဖြစ်၏။
“နန်းတွင်း အကြံပေးက ဒီကိစ္စကို စီစဉ်တာဆိုရင် အထက်ဘုံကတောင်မှ အရေးတယူ လုပ်ရမှာပဲ။ အားလုံး ဘယ်နှနေရာစာ ရှိလဲ” ကျူချွဲရှန့်ထိုဓားက မေးသည်။
“အရေအတွက် အတိအကျ မသိရဘူး။ သေချာတာကတော့ သူတို့ သဘောကျတဲ့သူတွေက အထက်ဘုံမှာ လေ့ကျင့်ခွင့် ရလိမ့်မယ်” ဘုရင်ခံက ထပ်ပြောသည် … “ခင်ဗျားတို့ တပည့်တွေကို လွှတ်ဖို့ တွန့်ဆုတ်နေတာ များလား”
“အင်း … ကျုပ်တို့က တာလီပြည်အတွက် မျိုးဆက်သစ်တွေ ပျိုးထောင်ရာမှာ အကူအညီ ပေးရတာပဲ။ ကျုပ်တို့ တပည့်တွေကလည်း ပိုမြင့်မားတဲ့ နေရာတွေကို ရောက်မယ့်ကိစ္စဆိုတော့ ဘာကို တွန့်ဆုတ်နေရမှာလဲ” စီဝေ့ရှန့်ထိုဓားက ပြုံးလျက်ပြောသည် … “ဟန်ရှင်းက အထက်ဘုံမှာ လေ့ကျင့်ခွင့်ရမှာကို ကျုပ်က သိပ်လိုလားတာပေါ့။ တကယ်တမ်းကျတော့ ခင်ဗျားပဲ မင်းသမီးလေးတွေနဲ့ ခွဲရမှာကို တွန့်ဆုတ်နေတာပဲ မလား”
ရန်ဒေသဘုရင်ခံက ဘေးမှ မိန်းကလေးနှစ်ဦးအား ကြည့်ကာ ပြောသည် … “အင်း … ကျုပ်က ဘယ်လိုလားပါ့မလဲ။ ဒါပေမဲ့လည်း သူတို့လည်း လောက အပြင်ဘက်ကို ထွက်ဖို့ လိုတာပဲလေ။ ပြီးတော့ အနာဂတ်မှာ သူတို့က သင့်တော်တဲ့ လက်တွဲဖော်တွေကို ရှာတွေ့ဖို့လည်း လိုသေးတယ်။ ကျုပ်က သူတို့ဘေးမှာ ထာဝရ ရှိနေနိုင်မှာမှ မဟုတ်တာ”
“သူတို့ရဲ့ ရုပ်ရည်နဲ့ ပါရမီအရဆို အနာဂတ်မှာ သူတို့က ခင်ဗျားထက်တောင် သာနိုင်တာပဲ။ ဘာကို စိတ်ပူရမှာလဲ” စီဝေ့ရှန့်ထိုဓားက ပြုံးလျက်ပြောသည်။
“ပြောရမယ်ဆိုရင် အပြင်လောကကို သွားတဲ့အခါ မိန်းကလေးတွေက အားနည်းတယ်။ သူတို့က ဓားလမ်းစဉ်ကို ရွေးချယ် ထားတော့လည်း ဒါတွေက မဖြစ်မနေ ရင်ဆိုင်ရမဲ့ ကိစ္စတွေပါပဲလေ” ရန်ဒေသဘုရင်ခံက မသက်မသာပြုံးကာ ပြောသည်။
“စီဝေ့ဓားကလန်က လီဟန်ရှင်း၊ ကျူချွဲဓားကလန်က ခိုင်ဟွမ်၊ ဖီးနစ်ဓားကလန်က ချီရှားနဲ့ ချီယောင်၊ မုန်တိုင်းဓားကလန်က လင်းရာနဲ့ လေရိုင်းဓားကလန်က နိုင်းယွင် … မင်းတို့ ပါရမီတွေက မြင့်မားပြီးတော့ အထက်ဘုံသို့သွားဖို့ အခွင့်အရေး ရှိတယ်။ တကယ်လို့ မင်းတို့က အထက်ဘုံသို့ ရောက်သွားခဲ့ရင် အချင်းချင်း အကူအညီပေးကြဖို့ ငါမျှော်လင့်တယ်” ဘုရင်ခံက တော်ဝင်မြေများမှ ပါရမီရှင်များအား ပြောသည်။
သူရည်ညွှန်းသော သူများ အားလုံးသည် ရန်ဒေသ၌ နာမည် အကျော်ကြားဆုံးသော လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။
“တကယ်လို့ ကျုပ်က အထက်ဘုံ ဓားတောင်ကုန်းမှာသာ လေ့ကျင့်ခွင့် ရမယ်ဆိုရင် မင်းသမီးလေးတွေကို သေချာပေါက် ကူညီကြည့်ရှု ပေးမှာပါ” လီဟန်ရှင်းက ဘုရင်ခံကို ပြောသည်။
“ကျုပ်က လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ် … ရန်ဘုရင်ခံ …”
အသံတစ်သံကို ကြားရလျှင် ဘုရင်ခံက အသံလာရာသို့ ကြည့်သည်။ သူက လေရိုင်းရှန့်ထိုဓားအား ကြည့်ကာ ပြောသည် … “ဘယ်သူများလဲ”
သူ၏တပည့်နိုင်းယွင်နှင့် သူ့သမီးဟွမ်ချွဲ့တို့အပြင် နောက်ထပ် လူငယ်တစ်ဦးသည် လေရိုင်းရှန့်ထိုဓား၏ ဘေးတွင် ထိုင်နေ၏။ လူအများအပြားက အလွန်တရာ ချောမော ခန့်ညားသော လူငယ်အား သတိပြုမိကြပေသည်။ ထို့အပြင် သူက လေရိုင်း ရှန့်ထိုဓား၏ဘေးတွင် ထိုင်နေရာ သူ့အား လူတိုင်းက သတိထားမိကြပေသည်။
သို့သော်လည်း လူငယ်ကား တခြား အကြောင်းအရာများကို စိတ်မဝင်စားပုံဖြင့် သေရည်နှင့် အစားအသောက်များကိုသာ သောက်စားနေခဲ့သည်။
“သတ္တမဓား …” လေရိုင်းရှန့်ထိုဓားက ခေါ်သည်။
ရီဖူရှင်းက ဘုရင်ခံကို ကြည့်ကာ လက်နှစ်ဖက်ဆုပ်လျက် ပြောသည် … “ကျုပ်က သတ္တမဓားပါ .. ဘုရင်ခံကို တွေ့ရတာ ဝမ်းသာပါတယ်”
ဘုရင်၏နက်ရှိုင်းသော မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာသည်။ ရီဖူရှင်း၏ မျက်လုံးများမှ ထူးဆန်းသော ဆွဲငင်အားတစ်ခုကို သူ ခံစားရ၏။ သူ၏မျက်လုံးများသည် ကြယ်များကဲ့သို့ လင်းလက်တောက်ပကာ နက်ရှိုင်းသည်။ ရှီအဆင့်သာ ဖြစ်သော်လည်း လူငယ်သည် ထူးခြားသောသူ ဖြစ်ကြောင်း သိသာထင်ရှား၏။
“မဆိုးဘူး … ခင်ဗျား အသစ်ခေါ်ထားတဲ့ တပည့်လား” ရန်ဘုရင်ခံက မျက်လုံးကို လွှဲကာ လေရိုင်းရှန့်ထိုဓားအား မေးသည်။
“မဟုတ်ဘူး …” လေရိုင်းရှန့်ထိုဓားက ခေါင်းယမ်းကာ ပြောသည် … “ဒီကလေးက လျှို့ဝှက်တောင်တန်းမှာ ဓားပညာ တစ်ခုတည်းကိုပဲ နှစ် ၃၀ ဆင်ခြင် လေ့လာခဲ့တယ်။ သူ့ဓားလမ်းစဉ်က အောင်မြင်သွားခဲ့တော့ လောက အပြင်ဘက်ကို စူးစမ်းလေ့လာဖို့ ထွက်လာခဲ့တယ်။ သူက ကျုပ်နေရာမှာ အတော်လှုပ်ခတ်အောင် လုပ်ခဲ့ပြီးတော့ ကျုပ်တပည့် တစ်ယောက်ဖြစ်တဲ့ မြို့တော်ဝန်ကိုလည်း သတ်ခဲ့သေးတယ်။ ဒါနဲ့ ကျုပ်လည်း သူ့ကို ဖမ်းဖို့ နိုင်းယွင်ကို စေလွှတ်ခဲ့ပေမဲ့ နိုင်းယွင်က သူ့ဆီမှာ တစ်ကွက်တည်းနဲ့ ရှုံးနိမ့်ခဲ့တယ်”
“ဟုတ်လား …” ဘုရင်ခံ၏မျက်လုံးများ အရောင်လက် သွားသည်။ ရီဖူရှင်းက ထက်မြက်မည်ကို သိသော်လည်း လေရိုင်းဓားကလန်၏ နံပါတ်၁ ပါရမီရှင်က သူ့ထံတွင် ဓားတစ်ချက်မျှပင် မခံနိုင်သည်ကို ကြားသောအခါ အံ့အားသင့်ရသည်။
ရန်ဒေသ၏ တော်ဝင်မြေ၅ခုထဲတွင် လေရိုင်းရှန့်ထိုဓားသည် နောက်ဆုံး၌ ရှိသော်လည်း သူ့တပည့်သည်လည်း အားနည်းသော အထဲတွင် မပါဝင်ပေ။ ထို့ကြောင့်ပင် သူက ရန်ဒေသ၏ အတော်ဆုံး လူငယ် ဆယ်ဦးစာရင်းထဲတွင် ဝင်ခြင်းဖြစ်သည်။ သို့သော်လည်း ယခု သူက လူငယ်ထံတွင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုနေရာမှ လူများအားလုံးက ရီဖူရှင်းကို အနည်းနှင့်အများ စိတ်ဝင်စား ကြပေသည်။
သည်နေရာတွင်ရှိနေသော သူတို့အားလုံးသည် အချင်းချင်း ရင်းနှီး ကျွမ်းဝင်ကြကာ တစ်ယောက်နှင့် တစ်ယောက်လည်း တိုက်ခိုက် ဖူးကြပေသည်။ သို့သော် … သည်သတ္တမဓားသမား … သူက ရုတ်တရက် ထွက်ပေါ်လာကာ နိုင်းယွင်အား ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်လား။
“မင်းက နှစ် ၃၀ကြာအောင် ဓားပညာ တစ်ခုတည်းကိုပဲ လေ့ကျင့်ခဲ့တယ်။ ဒါက တော်တော်ကို အားကောင်းတဲ့ စိတ်ဓာတ်ခံယူချက်ပဲ။ ကျုပ်ကို ပြောပါ … သတ္တမဓား … မင်းက အဲဒီနှစ်တွေမှာ ဘာဓားပညာကို လေ့ကျင့်လဲ” ရန်ဒေသဘုရင်ခံက မေးသည်။
“နေမင်းမီးတောက်ဓား၊ ရေခဲဓား၊ မုန်တိုင်းဓား၊ လျှပ်စီးဓား … နှစ် ၃၀အတွင်း လေ့ကျင့်ခဲ့တဲ့အထဲမှာ ကျုပ် ထုတ်မသုံးနိုင်တဲ့ ဓားပညာမရှိဘူး” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
သူ ထုတ်မသုံးနိုင်သော ဓားပညာ မရှိတဲ့လား။
သည်လူငယ်ကား အမှန်ပင် လေလုံးကြီးလွန်း ပေသည်။
“ဒါဆို မင်းက ဓာတ်သဘာဝမျိုးစုံကို ဓားပညာနဲ့ပေါင်းစပ် အသုံးပြုနိုင်တဲ့ သဘောပေါ့။ အင်း … ရန်ဒေသမှာ နောက်ထပ် ဓားပါရမီရှင်တစ်ဦး ပေါ်ထွက်လာပြီပေါ့” ဘုရင်ခံက ရီဖူရှင်း၏ လေလုံးကြီးမှုကို ခေါင်းထဲမထားဟန်ဖြင့် ပြောသည်။ သူကား နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့ကာ လူငယ်ပါရမီရှင်များ၏ သဘောသဘာဝကို နားလည်ပေသည်။
“နင့်ရဲ့ဘယ်ဓားက အားအကောင်းဆုံးလဲ” ဘုရင်ခံဘေးမှ မိန်းကလေး တစ်ယောက်က မေးသည်။ ရီဖူရှင်းက သူမအား ကြည့်၏။ သည်မိန်းကလေး နှစ်ယောက်မှာ တစ်ချက်ကြည့်ရုံမျှဖြင့် အမြွှာများ ဖြစ်ကြောင်း သိနိုင်ပေသည်။
“သူတို့အားလုံးက အတူတူ အားကောင်းကြတယ်” ရီဖူရှင်းက ဖြေသည်။
လူတိုင်းက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်ကြသည်။ သူက နိုင်းယွင်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ခြင်းက အလွန်အားကောင်းသည် ဆိုသော်လည်း သည်ကဲ့သို့သော အခြေအနေတွင် နှိမ့်ချနေထိုင်ရမည်ကို နားမလည်သလော။
သူ၏ဓားများ အားလုံးက အတူတူ အားကောင်း ကြသည်တဲ့လား။
ဟွမ်ချွဲ့သည် တခြားလူများက ရီဖူရှင်းကို ကြည့်သော အကြည့်များအား မြင်ကာ သည်နေရာမှ ထထွက်သွားလိုစိတ်ပင် ဖြစ်မိသည်။
သည်လူက နှိမ့်ချနေထိုင်ရန် မတတ်သလော။
သို့သော်လည်း ရီဖူရှင်းကား အေးအေးလူလူပင်။ တခြားလူများက သူ့ကို မည်သို့ ကြည့်သည်ကိုပင် သတိထားမိဟန်မတူ။
သည်အရာကပင် ပြိုင်ဘက်ကင်း ဓားပါရမီကို ပိုင်ဆိုင်ထားကာ လွတ်လပ်ပြီး အချုပ်အနှောင် ကင်းမဲ့သော သတ္တမဓားဖြစ်သည်။
ရီဖူရှင်း၏အဖြေကို ကြားသော မင်းသမီးလေးသည် ဆွံ့အသွား၏။
“တစ်စုံတစ်ယောက်က ကျင့်ကြံတဲ့အခါ ပညာရပ် တစ်ခုတည်းကိုပဲ အလေးထားသင့်တယ်။ အထူးသဖြင့် ဓားပညာမှာပေါ့ …။ ပညာရပ်မျိုးစုံကို လေ့ကျင့်တာက ဓားရဲ့သန့်စင်ခြင်းကို အနှောင့်အယှက် ဖြစ်တယ်။ မင်းက ပါရမီ ကောင်းရင်တောင်မှ မင်း အထူးပြုလေ့ကျင့်တဲ့ ပညာရပ်ရှိဖို့ လိုတယ်” စီဝေ့ဓားကလန်မှ လီဟန်ရှင်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
“မဟာလမ်းစဉ်က အချင်းချင်း ဆက်စပ်နေတယ်။ တစ်စုံတစ်ခုကို အဆုံးစွန်အထိ နားလည်ခြင်းက အရာအားလုံးကို နားလည်ခြင်းပဲ။ ဓားပညာမှာလည်း အတူတူပဲ” ရီဖူရှင်းက မော့မကြည့်ပါဘဲ ပြောသည် … “နှစ် ၃၀ ကြာအောင် ဓားပညာ တစ်ခုတည်းကို လေ့ကျင့်ခဲ့ပြီးနောက်မှာ ကျုပ်ရဲ့ဓား ဘယ်လောက် သန့်စင်လဲဆိုတာ ကျုပ်အသိဆုံးပဲ။ ဓားပညာတွေက ဘယ်လောက် ကွဲပြားခြားနားပါစေ ကျုပ် လေ့ကျင့်တာကတော့ ဓားပညာ တစ်ခုတည်းပဲ … တခြားဘာမှ မရှိဘူး”
“ဒါဆို မင်းက ဓားပညာကို အလုံးစုံ နားလည်သွားပြီလို့ ဆိုလိုတာလား” ကျူချွဲ့ဓားကလန်မှ ခိုင်ဟွမ်က မေးသည်။
“ဒီနေရာမှာ ရှန့်ထိုဓားသမားတွေ အများကြီး ရှိနေတယ်။ ဒီက စီနီယာတွေကို မေးကြည့်ပါ။ ဘယ်သူက ဓားပညာမှာ အလုံးစုံ နားလည်တယ်လို့ ပြောနိုင်သလဲ။ ဓားလမ်းစဉ်ဟာ အဆုံးအစမရှိဘူး” ရီဖူရှင်းက ပြောသည်။
မည်သူမှ ဘာမှ မပြောဘဲ ရီဖူရှင်းအား ကြည့်နေကြသည်။
သူပြောခဲ့သော စကားများအား သူတို့အားလုံးကို ဆွံ့အစေသည်။
“အရမ်းကောင်းတယ်” ရန်ဘုရင်ခံက ပြုံးလျက်ပြောသည် … “မဟာလမ်းစဉ်က တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီးတော့ တစ်ခုကို နားလည်ခြင်းက အရာအားလုံးကို နားလည်ခြင်းပဲ။ ဓားလမ်းစဉ်က အဆုံးအစမရှိဘူး။ အသက်ငယ်ငယ်နဲ့ ဒီလောက်အထိ နားလည်နိုင်တာက ဓားပညာမှာ ဘာကြောင့် ထူးချွန်နေလဲဆိုတဲ့ အချက်ပဲ။ ကြည့်ရတာ အထက်ဘုံသို့ တက်ရောက်နိုင်တဲ့ ဓားသမား နောက်တစ်ယောက် ငါတို့ ရန်ဒေသက ပေါ်ထွက်လာခဲ့ပြီပဲ”
ဘုရင်ခံက ထိုသို့ပြောမှတော့ မည်သူမျှ ဘာမှ ထပ်မပြောကြတော့။ သို့သော်လည်း ရီဖူရှင်း၏ ဓားလမ်းစဉ်သည် သူပြောသကဲ့သို့ ကောင်းမွန်သလား ဟူသော သံသယကား အားလုံးသူ၏ စိတ်ထဲတွင် ရှိကြပေသည်။
ညစာစားပွဲကား သိပ်ကြာမြင့်ခဲ့ခြင်း မရှိပေ။ သည်အရာက ဘုရင်ခံအနေဖြင့် ဧည့်သည်များကို အိမ်ရှင်သဘောဖြင့် ဧည့်ခံခြင်းမျှသာ ဖြစ်ကာ ရည်ရွယ်ချက်ကား လူစုခြင်းဖြစ်၏။ လူစုံသောအခါ သူတို့က လီဝမ်မြို့သို့ ထွက်ခွာကြပေမည်။
“သွားကြမယ် …” ရန်ဘုရင်ခံက ပြောကာ ညစာစားပွဲအား အဆုံးသတ်သည်။ အားလုံးက ခေါင်းညိတ်ကာ တစ်ယောက်ပြီး တစ်ယောက် လေထဲသို့ တက်ကြ၏။ ကောင်းကင်တွင် ဓားအသိများ စတင် ဖြစ်ပေါ်လာသည်။ ဘုရင်ခံက ရှေ့ဆုံးမှ ပျံသန်းကာ တော်ဝင်မြေ၅ခုက နောက်မှ လိုက်ကြသည်။
ကောင်းကင်ထက်တွင် ဓားများ ပျံသန်းနေပြီး ရီဖူရှင်းသည် လေရိုင်းရှန့်ထိုဓား၏ ဧရာမဓားကြီးပေါ်တွင် လိုက်ပါသည်။ လေရိုင်းရှန့်ထိုဓား၏သမီး ဟွမ်ချွဲ့သည် ရီဖူရှင်းနှင့် တမင်ပင် ခပ်ခွာခွာ နေသည်။ သူမက ရီဖူရှင်း၏မောက်မာ ဝင့်ကြွားသော စရိုက်ကို သဘောမကျပေ။ သို့သော်လည်း ရီဖူရှင်းကား သူမကို သတိပြုမိဟန်ပင်မတူ။ သူ့အနေဖြင့် တာလီပြည်ထောင်ကို လာသည်မှာ မိတ်ဆွေလာရှာခြင်း မဟုတ်ပေ။ တစ်ဘက်လူများ မည်သို့ တွေးမည်ကိုလည်း သူဂရုမစိုက်ပေ။
လီဝမ်မြို့သို့ ခရီးပြီးနောက်တွင် သည်လူများမှာ သူ၏ မောက်မာဝင့်ကြွားမှုများနှင့် အသားကျ သွားပေလိမ့်မည်။ အထက်ဘုံမှ လူများကလည်း သူတို့၏ကလန်များ အဖွဲ့များသို့ ဝင်ရန် ကမ်းလှမ်း ကြပေလိမ့်မည်။ ဤသည်ကပင် သူ၏ရည်ရွယ်ချက် ဖြစ်၏။
“မင်းသမီး ရန်ချိန်ရီနဲ့ ရန်စီရီတို့က အမြွှာဓားပညာကို လေ့ကျင့်ကြတယ်။ သူတို့နှစ်ယောက် ပူးပေါင်း တိုက်ခိုက်ရင် အရမ်း အားကောင်းပြီးတော့ ရှန့်ထိုအဆင့်အောက်မှာ သူတို့ နှစ်ယောက်ပေါင်းကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူး။ စီဝေ့ဓားကလန်က လီဟန်ရှင်းနဲ့ ကျူချွဲ့ဓားကလန်က ခိုင်ဟွမ်တို့ပဲ သူတို့ကို ခြိမ်းခြောက် နိုင်လောက်တယ်” လေရိုင်းရှန့်ထိုဓားက တီးတိုးပြောသည် … “ပြီးတော့ ဖီးနစ်ဓားကလန်က ချီရှားနဲ့ ချီရာ၊ မုန်တိုင်းဓားကလန်က လင်းရာတို့ကလည်း တော်တော် အားကောင်းတယ်”
ရှေ့သို့ ကြည့်ကာ ပြောနေခြင်း ဖြစ်သော်လည်း လေရိုင်းရှန့်ထိုဓားက သူ့အား ပြောနေခြင်း ဖြစ်ကြောင်း ရီဖူရှင်း သိပေသည်။ ရီဖူရှင်းက မေးသည် … “စီနီယာက ဘာလို့ ကျွန်တော့်ကို ဒါတွေ ပြောနေတာပါလဲ”
“ရန်ဒေသက ဓားသမားတွေကို လီဝမ်မြို့သို့ခရီးမှာ ဦးဆောင်သူတွေဖြစ်ဖို့ ကျုပ်က မျှော်လင့်တယ်။ တကယ်လို့ မင်းရဲ့ ဓားလမ်းစဉ်မှာ ပိုအားကောင်းတဲ့ ဓားသမားတွေနဲ့ တွေ့ချင်တယ်ဆိုရင် ဒီခရီးမှာ တခြား ဓားသမားတွေထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ လိုတယ်။ အခု ပြောတဲ့သူတွေကလည်း ခေတဲ့သူတွေ မဟုတ်ဘူး” လေရိုင်းရှန့်ထိုဓားက ပြောသည်။
“ကျုပ် သိပြီ” ရီဖူရှင်းက ပြောသည်။
“မင်းက ဘာမှ မပြောတော့ဘူးလား” လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား ကြည့်ကာ ပြောသည်။
“ကျုပ်ရဲ့ဓားကို ထုတ်ဖို့ ဘယ်သူက ထိုက်တန်မလဲ ကြည့်တာပေါ့” ရီဖူရှင်းက ပြောသည်။
လေရိုင်းရှန့်ထိုဓားက ရယ်မောလိုက်သည်။ သူကား ရီဖူရှင်း၏ စရိုက်နှင့်ပတ်သက်၍ ပိုမိုနားလည်လာဟန် တူသည်။ သည်လူငယ်သည် နှစ်ပေါင်းများစွာ ဓားပညာ တစ်ခုတည်းကိုသာ လေ့ကျင့်ခဲ့ကာ လူအများနှင့် မည်သို့ ပြောဆိုပြုမူရမည်ကို သိပ်မသိတော့သည့်ပုံပါပေ။
ဤသို့ဆိုလျှင် သည်လူငယ်က တာလီပြည်ထောင်မှ ဓားသမားများနှင့် ပတ်သက်၍ ပိုမို သိနားလည် လိုသည့်ပုံစံပင်။
***