Switch Mode

အပိုင်း (၁၀၉၇)

အတူတူ ခရီးနှင်ခြင်း

“လူငယ်မျိုးဆက် တစ်ယောက်အနေနဲ့ ကျုပ်က စီနီယာတွေကို လေးစားပါတယ်။ ဒါပေမဲ့ ဓားသမား တစ်ယောက်ဖြစ်တဲ့ ကျုပ်က ထုံးတမ်းစဉ်လာတွေကို ဒီလောက် အလေးထားစရာ လိုလို့လား” ရီဖူရှင်းက ဖြေသည်။

လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား ကြည့်သည်။ သည်လူငယ်ကား အမှန်တကယ်ပင် စိတ်ကြီးဝင်လွန်း လှပေသည်။

“ကြည့်ရတနာ မင်းက ရှန့်ထိုအဆင့်သို့ တက်ဖို့ အပြည့်အဝ ယုံကြည်ချက် ရှိပုံပဲ။ မင်းရဲ့ ဒုတိယဓားချက်ကို ထုတ်ဖော်ရလောက်တဲ့ ဓားသမား မတွေ့သေးဘူးလို့ ကျုပ်ကြားတယ်” လေရိုင်းရှန့်ထိုဓားက မေးသည်။

“သူက ရန်ဒေသကိုထား … တာလီပြည်ထောင်ရဲ့ ဒေသကိုးခုလုံးကိုတောင် အလေးထားတာ မဟုတ်ဘူး” ဘေးမှ မိန်းကလေးက ဝင်ပြောသည်။

ရီဖူရှင်းက မိန်းကလေးကို ကြည့်ကာ ပြောသည် … “ခင်ဗျားတို့က ကျုပ်ကို မေးမြန်းဖို့ ခေါ်တာဆိုရင်တော့ … ကျုပ်ထွက်သွားတာ အကောင်းဆုံးပဲ” သူက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောပြီး ထွက်သွားရန် ပြင်သည်။

“မင်းက မင်းရဲ့ဓားပညာကို ဒီလောက် ယုံကြည်နေမှတော့ ဒေသကိုးခုလုံးက တန်ခိုးရှင်တွေနဲ့ တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူးလား။ တာလီပြည်ထောင်က ဒေသကိုးခုက လူတွေကို အသစ်ထပ်မံ ခေါ်ယူစုဆောင်းနေတယ်။ မင်းက အဲဒီပွဲမှာ ကိုယ်တိုင် စမ်းသပ်နိုင်တယ်” လေရိုင်းရှန့်ထိုဓားက တည်ငြိမ်စွာ ပြောသည်။

“ကျုပ်က ဘယ်ကို သွားရမလဲ” ရီဖူရှင်းက မေးသည်။

“ဒေသကိုးခုက တန်ခိုးရှင်တွေဟာ လီဝမ်မြို့မှာ စုစည်းနေကြတယ်။ မင်းက ပါရမီကောင်းတယ်ဆိုရင် အထက်ဘုံမှာတောင် လေ့ကျင့်ခွင့် ရလိမ့်မယ်။ အထက်ဘုံ တာလီပြည်ထောင်က အရေးကြီး ပုဂ္ဂိုလ်တွေလည်း ပွဲလာတက်လိမ့်မယ်။ မင်း အဲဒီမှာ နာမည် ကျော်ကြားလာနိုင်တယ်။ မင်း စိတ်ဝင်စားတယ်မလား”

“စိတ်မဝင်စားဘူး။ ခင်ဗျားက အောက်ဘုံမှာ ပြိုင်ပွဲရှိမယ်လို့ ပြောလိုက်သလားလို့” ရီဖူရှင်းက မေးသည်။

“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လေရိုင်းရှန့်ထိုဓားက ခေါင်းညိတ်သည်။

“တာလီပြည်ထောင် တစ်ခုလုံးမှာ ကျုပ်ဓားနဲ့ထိုက်တန်တဲ့သူ ဘယ်နှယောက် ရှိပါ့မလဲ” ရီဖူရှင်းက အေးဆေးစွာ ပြောသည် … “ဒီလို ပြိုင်ပွဲတွေက ပျင်းစရာ ကောင်းတယ်။ အထက်ဘုံမှာ လေ့ကျင့်ဖို့ကတော့ ကျုပ်က ဒီအတိုင်း သွားလိုက်လည်း ရတာပဲ။ ကျုပ်လိုချင်တာက ဓားရဲ့ အကြီးမြတ်ဆုံး လမ်းစဉ်ပဲ။ ကျုပ်က အောင်မြင်မှုနောက်ကို လိုက်ဖို့ဆိုရင် နှစ်၃၀လောက် တောထဲမှာ အချိန်ကုန်နေမှာ မဟုတ်ဘူး”

“ဓားရဲ့ အကြီးမြတ်ဆုံးလမ်းစဉ် … စိတ်ဝင်စားစရာပဲ” လေရိုင်းရှန့်ထိုဓားက ပြုံးလျက်ပြောသည်။ သူက ထပ်ပြောသည် … “ဓားသမားတွေက တကယ်ပဲ အောင်မြင်မှုတွေကို စိတ်ဝင်စားလေ့ မရှိကြဘူး။ ကြည့်ရတာ မင်းက အတန်းအစားမြင့် စိတ်နှလုံးကို ပိုင်ဆိုင်တာပဲ။ ဒါပေမဲ့ မင်းရဲ့ ပညာကို ဒီထက် ထူးချွန်ချင်တယ်ဆိုရင် အထက်ဘုံကို သွားသင့်တာပဲ မလား”

“အမှန်ပဲ” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဒါဆိုလည်း အတူတူ ခရီးသွားကြမယ်။ ငါလည်း မင်းရဲ့ဓားလမ်းစဉ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်။ ဒေသကိုးခုမှာ မင်းရဲ့ဓားနဲ့ထိုက်တန်သူ မရှိဘူးဆိုရင် ထိုက်တန်သူ ပေါ်လာတဲ့အထိ ငါတို့ စောင့်ကြည့်နိုင်တာပဲ”

“ကောင်းပြီ … ကျုပ်က စီနီယာနဲ့ ခရီးအတူ သွားပါ့မယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်အရာကပင် သူလိုလားသော အချက်ဖြစ်သည်။ သည်နည်းဖြင့် သူသည် တော်ဝင်မြေတစ်ခု၏ ခြုံထည် နောက်တစ်ခုဖြင့် မိမိ၏ဇာစ်မြစ်ကို ဖုံးကွယ်ထားနိုင်ပေသည်။

“ဟွမ်ရွှဲ … သူလေ့ကျင့်ဖို့ နေရာ စီစဉ်ပေးလိုက်” လေရိုင်းဓားက သူ့ဘေးမှ မိန်းကလေးအား ပြောသည်။

“သမီး …” မိန်းကလေးက စိတ်တိုဟန်ဖြင့် ပြောသည် … “သမီး မလုပ်ဘူး” မိန်းကလေးကား လေရိုင်းရှန့်ထိုဓား၏သမီးအရင်းဖြစ်သည်။

“ကြည့်ရတာ သမီးက အဖေတို့နဲ့အတူ ခရီးမှာ မလိုက်ချင်ဘူးပေါ့” လေရိုင်းရှန့်ထိုဓားက ပြောလျှင် မိန်းကလေးက သူမ၏အဖေကို ဒေါသတကြီး ကြည့်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ကျွန်မနဲ့လိုက်ခဲ့ပါ” သူမက ရီဖူရှင်းအား ခေါ်လာခဲ့သည်။ ကလန်ခေါင်းဆောင်က သည်ဓားသမားအပေါ် အဘယ်ကြောင့် ဖော်ရွေနေသည်ကို မည်သူမှ နားမလည်ကြပေ။ သူက ပါရမီမြင့်သည့်တိုင် ကလန် ခေါင်းဆောင်ကား ရှန့်ထိုတစ်ပါးဖြစ်သည်။

“မင်းတို့အားလုံး သွားလို့ ရပြီ” လေရိုင်းရှန့်ထိုဓားက လက်ဝှေ့ယမ်းကာ ပြောလျှင် တခြား လူများအားလုံး ထွက်သွားကြသည်။ နိုင်းယွင်ကား လေရိုင်း ရှန့်ထိုဓားအနီးတွင်ပင် ကျန်ရစ်ကာ မေးသည် … “ဆရာက သတ္တမဓားကို အရမ်း သဘောကျနေပုံပဲ”

“ကောင်လေးမှာ လမ်းစဉ်အပေါ် ပြတ်သားတဲ့ ခံယူချက် ရှိတယ်” လေရိုင်းရှန့်ထိုဓားက နိုင်းယွင်အား မကြည့်ဘဲ ပြောသည် … “ရန်ဒေသမှာ သူနဲ့ယှဉ်နိုင်တဲ့သူ တကယ်ပဲ မရှိဘူး။ တာလီပြည် အောက်ဘုံ တစ်ခုလုံးမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ ရှားပါးလိမ့်မယ်”

“ဒါဆိုလည်း ဘာလို့ သူ့ကို တပည့်အဖြစ် လက်မခံတာလဲ ဆရာ …” နိုင်းယွင်က မေးသည်။

“သူက ဒီအထိ ကိုယ့်ဘာသာ ရောက်လာနိုင်မှတော့ လေရိုင်းကလန်က သူ့ကို မထိန်းထားနိုင်ဘူး။ သူ့အနာဂတ်က အထက်ဘုံမှာပဲ ရှိတယ်။ သူ့ကို ငါတို့နဲ့အတူ ခရီးသွားစေတာက ငါ့မှာ တခြား အစီအစဉ်ရှိလို့ပဲ။ လေရိုင်းဓားကလန်က ရန်ဒေသမှာ အားနည်းနေခဲ့တာ ကြာပြီ။ တကယ်လို့ လမ်းမှာ တခြား တော်ဝင်မြေတွေက ငါတို့ကို အထင်သေး အမြင်သေးနဲ့ ရန်စပြီး သူတို့ကို ဖိနှိပ်နိုင်ခဲ့ရင် ဒါက ကျေနပ်စရာပဲမလား” လေရိုင်းရှန့်ထိုဓားက ပြုံးလျက်ပြောသည်။ အမှန်တကယ်အားဖြင့် ထိုအရာက အစီအစဉ်ဟုပင် မခေါ်နိုင်။ ရှန့်ထိုများအတွက် ထိုသို့သော ကိစ္စမှာ စိတ်ပျော်ရွှင်ဖွယ်ရာ တစ်ခုသာ ဖြစ်သည်။

“အာ… ဟုတ်သားပဲ… ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းညီမကို မပြောနဲ့” လေရိုင်းရှန့်ထိုဓားက ပြောသည်။

“ဘာလို့လဲ ဆရာ” နိုင်းယွင်က နားမလည်ပေ။

“ကလေးမက သင်ခန်းစာ နည်းနည်း ပေးဖို့လိုတယ်။ ဒီကိစ္စမှာ သူမက စိတ်နှလုံး ပိုမို ရင့်သန်နိုင်ပါစေလို့ပဲ ဆုတောင်းရမယ်” လေရိုင်းရှန့်ထိုဓားက ပြုံးလျက်ပြောကာ တစ်ဖက်သို့ လှည့်သွားသည်။

သူ၏သမီး ဟွမ်ရွှဲက ရီဖူရှင်းအား ကလန်အတွင်းရှိ ခြံဝင်းတစ်ခုသို့ ခေါ်လာခဲ့ကာ ပြောသည် … “ဒီမှာနေပြီးတော့ လေ့ကျင့်ပါ။ လေရိုင်းဓားကလန်က တော်ဝင်မြေဖြစ်လို့ တားမြစ်ထားတဲ့ နေရာတွေ အများကြီးရှိတယ်။ ဒါကြောင့် လျှောက်မသွားပါနဲ့”

“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခြံဝင်းထဲသို့ ဝင်သွားကာ မိန်းကလေးကိုပင် မကြည့်ဘဲ ပြောသည်။ သူမ၏သဘောထားကို ရီဖူရှင်းက ကောင်းကောင်း ခံစားမိပေသည်။ မိန်းကလေးကလည်း ရီဖူရှင်း၏ အမူအရာကို ကြည့်ကာ အံ့အားသင့်ရသည်။ သူမက နောက်လှည့်ကာ ထွက်သွား၏။

***

နောက်တစ်ပတ်ခန့် ကြာသောအခါ လေရိုင်းဓားကလန်မှ တန်ခိုးရှင်များ စတင် ထွက်ခွာကြသည်။ ရီဖူရှင်းကလည်း သူတို့နှင့်အတူတူ လိုက်ပါသည်။ သို့သော်လည်း သူတို့၏ ဦးတည်ရာကား လီဝမ်မြို့ မဟုတ်ပါချေ။ သူတို့က ရန်ဒေသ၏ဘုရင်ခံရှိရာ ရန်တူမြို့သို့ ဦးစွာ သွားကြရသည်။

ဒေသတိုင်း၌ ဘုရင်ခံများ ရှိပေသည်။ တော်ဝင်မြေတိုင်းက ဘုရင်ခံများ၏စည်းမျဉ်းများကို လိုက်နာရပေသည်။ ယခု ယန်တူမြို့၏ ဘုရင်ခံအိမ်တော်တွင် ထိပ်သီးတန်ခိုးရှင် အများအပြားတို့အား တွေ့မြင်နိုင်ပေသည်။

ရန်ဒေသဘုရင်ခံသည် သူ၏ထိုင်ခံတွင် ထိုင်နေသည်။ သူ့ဘေးတစ်ဖက် တစ်ချက်တွင် များစွာသော တန်ခိုးရှင်များ တိတ်ဆိတ်စွာ ရှိနေကြသည်။ ယနေ့ကား ရန်ဒေသမှ တော်ဝင်မြေများနှင့် တွေ့ရန် ချိန်းဆိုထားသော နေ့ရက်ဖြစ်ပေသည်။ သူတို့က သည်နေရာတွင် စုစည်းကာ လီဝမ်မြို့သို့ အတူတူသွားကြမည် ဖြစ်သည်။

“လီဝမ်မြို့သို့ ခရီးမှာ ဘယ်တန်ခိုးရှင်တွေက ခေါင်းဆောင်မလဲ” ဘုရင်ခံက လူအုပ်ကို မေးသည်။ အထက်ဘုံမှ တန်ခိုးရှင်များအား ရွေးချယ်ခြင်းမှာ ရှားပါးသည့် အခွင့်အရေး ဖြစ်ကြောင်း သူသိပေသည်။ ရန်ဒေသမှလည်း တန်ခိုးရှင်အချို့ ရွေးချယ်ခွင့်ရရန် သူမျှော်လင့်ပေသည်။

“မင်းသမီးလေးနှစ်ပါးက ဦးဆောင်နိုင်မယ်လို့ ကျုပ်ယုံတယ်” တစ်ယောက်က ပြောလျှင် အားလုံး၏အကြည့်က ဘုရင်ခံ၏ဘေးတွင်ရှိသော မိန်းကလေးနှစ်ဦးထံသို့ ရောက်သွားသည်။ မိန်းကလေးနှစ်ဦးသည် အလွန်တရာ လှပချောမောကြပြီး တစ်ယောက်နှင့် တစ်ယောက်လည်း ရုပ်ချင်း ဆင်တူကြသည်။ သူတို့သည် အမြွှာများ ဖြစ်ကြကာ စိတ်ချင်းဆက်နွှယ်ကြ၏။ ထို့အတူ သူတို့သည် ဓားပညာကို လေ့ကျင့်ကြကာ ပါရမီလည်း မြင့်၏။

“စီဝေ့ဓားကလန်က လီဟန်ရှင်း …” မင်းသမီးတစ်ပါးက ဆိုသည်။

“ကျူချွဲဓားကလန်က ခိုင်ဟွမ် …” နောက်မိန်းကလေးတစ်ဦးက ဆိုသည်။

အားလုံးက ခေါင်းညိတ်ကြသည်။ စီဝေ့ဓားကလန်နှင့် ကျူချွဲဓားကလန်တို့သည် တော်ဝင်မြေများထဲတွင် အားအကောင်းဆုံး ဖြစ်သည်။ မင်းသမီးနှစ်ပါး ညွှန်းဆိုသော နှစ်ယောက်မှာလည်း ထိုကလန်နှစ်ခုမှ အတော်ဆုံး နှစ်ယောက်ဖြစ်ကြသည်။ ရန်ဒေသတွင် အထက်ဘုံမှ ရွေးချယ်ခံရသူများရှိလျှင် သူတို့နှစ်ဦးသာ ဖြစ်ရပေမည်။

ဘုရင်ခံက အဝေးသို့ လှမ်းကြည့်လျှင် ရယ်မောသံတစ်ခုနှင့်အတူ ပြောလိုက်သော စကားသံအား ကြားရသည် … “မင်းသမီးက ကျုပ်ရဲ့တပည့်ကို ချီးကျူးတာ ကျေးဇူးတင်ပါတယ်”

အဝေးမှပင် အားကောင်းသော ဓားအရောင်အဝါအား ခံစားရသည်။ ဓားကလန်နှစ်ခုက အတူတူ ရောက်လာကြသော်လည်း ကလန်နှစ်ခုမှာ သီးသန့်ပုံစံဖြစ်သည်။ သူတို့ကား စီဝေ့ဓားကလန်နှင့် ကျူချွဲဓားကလန်တို့ဖြစ်ကြသည်။

ဘုရင်ခံက သူတို့အား ပြုံးလျက် ကြိုဆိုသည်။ ဖီးနစ်ဓားကလန်နှင့် မုန်တိုင်းဓား ကလန်တို့လည်း မရှေးမနှောင်းတွင် ရောက်လာကြသည်။

လေရိုင်းဓားကလန်ကား နောက်ဆုံးမှ ရောက်လာခဲ့ကာ သူတို့အထဲတွင် ရီဖူရှင်းလည်း လိုက်ပါလာပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset