ဝေါ့ …
နိုင်းယွင်သည် မြေပြင်ပေါ်သို့ ကျကာ သွေးတစ်ပွက် အန်သည်။ သူက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ သူကား အမှန်ပင် ဓားတစ်ချက်တည်း၌ ရှုံးနိမ့်ခဲ့၏။ အားလုံးကလည်း ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်နေကြသည်။
လေရိုင်းကလန်၏ နံပါတ်တစ်ဓားသမားကား ဓားတစ်ချက်တွင် ရှုံးနိမ့်ခဲ့ရသည်။ သတ္တမဓားသည် မည်မျှပင် အားကောင်းသနည်း။
လေရိုင်းဓားကလန်မှ လူများအားလုံးက စိတ်ပျက်ဟန်ဖြင့် ကြည့်ကြသည်။ သူတို့ထံမှ ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာခဲ့ကာ ရီဖူရှင်းထံသို့ ပျံသန်း လာခဲ့ကြ၏။ အပေါ်မှ ဓားများ မိုးစက်မိုးပေါက်များပမာ ကျဆင်း လာခဲ့တော့သည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ဓားရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့သည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် နေမင်းတစ်စင်းအလား ထွန်းလင်းလာခဲ့သည်ကို အားလုံးက မြင်ကြသည်။ နေမင်းထံမှ ဓားအသိများ ဖြာထွက်လာဟန်ရကာ လူတိုင်း၏ အမြင်အာရုံအား လာရောက် တိုက်ခိုက်သည်။ ဓားအသိနှင့် ထိတွေ့သူတိုင်းမှာ အလွန်တရာ ပူလောင်သော ခံစားချက်ကို ရကြပြီး မီးတောက်များ စတင် လောင်ကျွမ်းခံရ၏။ လောင်ကျွမ်းခံရသော နေရာများတွင် ထူးဆန်းစွာ ဓားဒဏ်ရာများ ဖြစ်ပေါ်လာခဲ့သည်။
အားလုံးက လှုပ်ရှားနေသည်များအား ရပ်တန့်ကာ အလွန်တရာ လင်းလက်နေသော လူငယ်အား ကြည့်ကြသည်။ အရှေ့ဘက် လျှို့ဝှက်တောင်ကုန်းက မည်သည့်အချိန်တွင် ဤသို့ ထက်မြက်သော ဓားသမား တစ်ဦးအား မွေးထုတ်ခဲ့သနည်း။
လေရိုင်းဓားကလန်မှ လူတိုင်းက စိတ်ပျက်စွာ ကြည့်ကြသည်။ သူတို့ကား သတ္တမဓားကို မည်သို့မှ မယှဉ်သာပေ။
“ဒါမှ တကယ့်ဓားသမားပဲ” လျူယွဲ့မြို့မှ လူငယ် အများအပြားက ရီဖူရှင်းအား လေးစား အားကျစွာ ကြည့်ကြသည်။ သူကား ဓားတစ်ချက်တည်းဖြင့် အားလုံးကို အနိုင်ယူနိုင်၏။
“လောကရဲ့ မမျှတတဲ့ကိစ္စရပ်တွေ အကုန်လုံးကို ဓားတစ်ချက်နဲ့ ဖြေရှင်းနိုင်တယ်။ ခင်ဗျားတို့အားလုံးက တော်ဝင်မြေတွေ ဖြစ်ရင်ရော … ဘာဖြစ်လဲ။ ကျုပ်ရဲ့ဓားတစ်ချက်ကို ခုခံနိုင်လား။ ခင်ဗျားတို့ မကြေနပ်ရင် ကိုယ့်ကလန်ကို ပြန်သွားပြီးတော့ ဖြစ်ပျက်ခဲ့တာတွေ ပြန်ပြောပြ။ ခင်ဗျားတို့ ရှန့်ထိုတွေက ဒီကိစ္စကို ကိုယ်တိုင် လာရောက် ဖြေရှင်းရဲမလား ကြည့်တာပေါ့” ရီဖူရှင်းက ပြောကာ လက်ဝှေ့ယမ်းလျှင် ဓားအသိများ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ကာ သူက ပြောသည် … “ခင်ဗျားတို့ ဘာလုပ် နေကြသေးတာလဲ”
“သွားကြမယ်” နိုင်းယွင်က ပြောသည်။ တန်ခိုးရှင်များက မြန်ဆန်စွာပင် နောက်ဆုတ် သွားကြ၏။ လူအများအပြားမှာ မှင်တက်ငေးမော နေကြဆဲဖြစ်သည်။ လေရိုင်းကလန်မှာ နံပါတ်၁ ဓားသမားသည်လည်း လူငယ်ထံတွင် ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရ၏။
သတ္တမဓားသည် မည်မျှပင် အားကောင်း လိုက်သနည်း။
“သခင်လေး သတ္တမဓား” သားအဖေနှစ်ယောက်က ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့ကား ကြီးစွာ စိတ်လှုပ်ရှားနေကြသည်။ လူငယ်ကား အလွန် အားကောင်းလွန်း နေသည်။
“ကျုပ်က အရှေ့ဘက် လျှို့ဝှက် တောင်တန်းတွေမှာ နှစ်ပေါင်းများစွာ ဓားပညာကို လေ့လာနေခဲ့ပြီးတော့ ပြင်ပလောကကြီးနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်။ အခု ဒီက ဓားသမားတွေနဲ့ ရင်ဆိုင်ရတော့ သူတို့က တကယ်ကို အားနည်းလှတယ်။ ရန်ဒေသမှာ တကယ်ပဲ ဓားသမားလို့ ခေါ်ထိုက်တဲ့သူတွေ ရှိသေးရဲ့လား” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည် … “အင်း … ဒါက ပျင်းစရာပဲ။ သေရည် သောက်ပြီးတော့ ဂီတသံ နားထောင်တာပဲ ကောင်းပါတယ်လေ”
“…” ရီဖူရှင်း၏စကားကို ကြားလျှင် လူအများအပြားမှာ ဆွံ့အရသည်။
“စီနီယာက ဓားပညာကို ဘယ်က လေ့လာ သင့်ယူခဲ့ပါသလဲ” လူငယ်တစ်ယောက်က ရီဖူရှင်းအား မေးသည်။
“အရှေ့ဘက် လျှို့ဝှက်တောင်တန်းမှာ မင်းက ဘယ်နေရာမှာ ဓားပညာကို သင်သလဲ” ရီဖူရှင်းက ပြန်လည်၍ မေးခွန်းထုတ်သည်။ လူငယ်သည် အံ့အားသင့် သွားပြီးမှ ဉီးညွှတ်လျက် ပြောသည် … “ကျုပ်က အများကြီး သင်ယူစရာ ရှိပါသေးတယ်။ စီနီယာက လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်”
“အင်း …” ရီဖူရှင်းက ဆရာသခင် တစ်ပါးကဲ့သို့ ခေါင်းညိတ်သည်။ လူငယ် မသိသည်ကား ရီဖူရှင်းက ဟန်ဆောင်နေခြင်းကိုပင်။ အရှေ့ဘက် လျှို့ဝှက်တောင်တန်းကား အလွန်တရာ နက်ရှိုင်း ကျယ်ပြောကာ ထိုနေရာတွင် ဘာတွေ ရှိနေသည်ကိုပင် ရီဖူရှင်း မသိပေ။
သတ္တမဓားကား အရှေ့ဘက် လျှို့ဝှက်တောင်တန်းတွင် ကြီးပြင်းလာသော မိဘမဲ့တစ်ဦး ဖြစ်သည်။ သူသည် မွေးကတည်းက ဓားပညာကိုသာ လေ့ကျင့်၏။ ထို့အတူ ဓားပညာတွင်လည်း အလွန်ပါရမီပါသည်။
ထိုအရာက တာလီပြည်ထောင်မှ သူ၏သရုပ်မှန် ဖြစ်သည်။
ရီဖူရှင်းက မြေပြင်ပေါ်တွင်ပင် ဆက်လက် လဲလျောင်းကာ ဂီတသံအား နားထောင်သည်။ ပတ်ဝန်းကျင်မှ လူများသည် လူငယ်၏ ပတ်ဝန်းကျင်ကို အလေးမထားသော ပုံစံကို ကြည့်ကာ ဆက်လက်၍ အနှောင့်အယှက် မပေးကြတော့ပေ။
ရီဖူရှင်း တွေးထင်ထားသည့် အတိုင်းပင် နိုင်းယွင်သည် ထိုနေ့၌ပင် ရီဖူရှင်းထံသို့ ပြန်ရောက်လာခဲ့သည်။
“မင်းက ထပ်ကြိုးစား ကြည့်ချင်တာလား” ရီဖူရှင်းက မြေပြင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်းက သူ့ထံ ရောက်လာသော နိုင်းယွင်အား မေးသည်။
“ကျုပ်တို့ ကလန်ခေါင်းဆောင်က မင်းကို ဖိတ်ခေါ်လိုက်တယ်” နိုင်းယွင်က ရီဖူရှင်းကို ပြောသည်။
ရီဖူရှင်းက သေရည်ကို သောက်နေရင်းက မျက်လုံးများ အရောင်လက် သွားသည်။ သူက ခွက်ကို ချကာ နိုင်းယွင်အား ပြောသည် .. “ကျုပ်က လေရိုင်းကလန်ကို ဝင်ဖို့ စိတ်မဝင်စားဘူး”
“ကျုပ်သိတယ် …” နိုင်းယွင်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူက ရီဖူရှင်း စွမ်းသည်ကို အသိအမှတ် ပြုသော်လည်း သူကား အလွန်တရာ စိတ်ကြီးဝင်လွန်း ပေသည်။ သို့သော်လည်း ရီဖူရှင်းက လေရိုင်းကလန်ကို ဝင်ရန် စိတ်ဝင်စားမည် မဟုတ်မှန်းလည်း သိပေသည်။
နိုင်းယွင်ကိုယ်တိုင်က ရှီအဆင့်၏အမြင့်ဆုံး၌ ရပ်နေသူဖြစ်ပေသည်။
“မင်းက ဓားပညာမှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုတယ်။ ဒါဆို ရန်ဒေသက တခြား ဓားသမားတွေနဲ့ မယှဉ်ကြည့်ချင်ဘူးလား” နိုင်းယွင်ကမေးသည်။
“မင်းက ရန်ဒေသမှာ ရှန့်ထိုအဆင့်အောက် ထိပ်သီး ဆယ်ယောက် စာရင်းဝင်လို့ ကြားတယ်။ ဒါဆို တခြား ဓားသမားတွေကလည်း ဒီစွမ်းရည် အတန်းအစားမှာပဲ ရှိမှာပဲ။ ဘာလို့ ဂရုစိုက်ရဦးမလဲ” ရီဖူရှင်းက ပြောလျှင် နိုင်းယွင်သည် မှင်တက်သွား၏။
သည်ခွေးကောင်ကား တစ်ဖက်သားကို လေးစားရကောင်းမှန်း မသိပေ။
“ကျုပ်က ရန်ဒေသမှာ အတော်ဆုံး ဓားသမားဖြစ်ဖို့ အဝေးကြီး လိုသေးတယ်။ ပုံမှန်အားဖြင့် ကျုပ်ထက် ထူးချွန်တဲ့သူတွေ အများကြီးရှိတယ်။ တာလီကိုးဒေသမှာ ထိပ်သီးပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ မင်းက သူတို့အားလုံးထက် အားကောင်းတယ်လို့ ပြောရဲလား” နိုင်းယွင်က အေးစက်စွာ မေးသည်။
“ဘာလို့ မပြောရဲရမှာလဲ” ရီဖူရှင်းက နိုင်းယွင်အား ကြည့်ကာ ဆက်ပြောသည် … “ကျုပ်က လျှို့ဝှက် တောင်တန်းတွေမှာ ဓားပညာ တစ်ခုတည်းကိုပဲ နှစ်သုံးဆယ် တစိုက်မတ်မတ် လေ့လာပြီးတော့ ပြီးပြည့်စုံခြင်းသို့ ရောက်စေခဲ့တယ်။ ဒါကြောင့်ပဲ ကျုပ်က ဒီနေရာသို့ ရောက်လာခဲ့တာပဲ။ တာလီကိုးဒေသဖြစ်ရင်ရော … ဘာအရေးလဲ”
နိုင်းယွင်က ရီဖူရှင်းအား ကြည့်ကာ စိတ်လှုပ်ရှားရသည်။ နှစ်သုံးဆယ်ကြာ ဓားပညာ သီးသန့်လေ့လာခြင်းကား အမှန်တကယ်ပင် ကြီးမားသော ဇွဲလုံ့လဖြစ်၏။ သူ့အနေဖြင့် ရှုံးနိမ့်ခြင်းမှာ မထူးဆန်းတော့။ သို့သော်လည်း နှစ် ၃၀ကျော်ကြာ ဓားပညာ တစ်ခုတည်းကိုသာ လေ့ကျင့်ခြင်းက တာလီပြည်ထောင် တစ်ခုလုံး ပြိုင်ဘက်ကင်းဟု မည်သို့ ကြွေးကြော်နိုင်ခွင့် ရှိမည်နည်း။
“တစ်လောကလုံးမှာ သန်းပေါင်းများစွာသော တန်ခိုးရှင်တွေ ရှိကြတယ်။ အောက်ဘုံတွေသာ မဟုတ်ဘူး။ အထက်ဘုံက တန်ခိုးရှင်တွေဆိုရင် အောက်ဘုံက ပြိုင်ဘက်ကင်း ပါတယ်ဆိုတဲ့ သူတွေတောင်မှ မယှဉ်နိုင်ကြဘူး။ ရှင်က ကျွန်မအစ်ကိုကို အနိုင်ယူခဲ့တယ် ဆိုပေမဲ့ တစ်လောကလုံးမှာ ပြိုင်ဘက် ကင်းတယ်လို့ပြောရင် ရေကန်ထဲက ဖားသူငယ်သာသာပဲ ရှိမယ်” နိုင်းယွင်၏ဘေးမှ မိန်းကလေး တစ်ယောက်က ပြောသည်။ သူမက နိုင်းယွင် ရှုံးနိမ့်သည်ကို သိပြီးနောက် သူမ၏အစ်ကိုနှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သူမသည်လည်း ချောမောလှပသော ရုပ်ရည်ရှိကာ မြင်သူတိုင်းက စိတ်ဝင်စား ရလောက်သော ဆွဲဆောင်မှုအား ပိုင်ဆိုင်သည်။
“ကျုပ်ရဲ့ ဓားလမ်းစဉ်က ကျုပ်လက်ထဲမှာပဲ ရှိတယ်။ တစ်လောကလုံးမှာ မရေမတွက်နိုင်တဲ့ ဓားသမားတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ သတ္တမဓားကတော့ တစ်ယောက်တည်းပဲ ရှိတယ်” ရီဖူရှင်းက ပြောသည်။
“အစ်ကို … ဒီလူက ထူးချွန်တယ် ဆိုပေမဲ့ သူ့ကို ဖိတ်ခေါ်ဖို့ မထိုက်တန် လှပေဘူး။ သွားရအောင်” မိန်းကလေးက နိုင်းယွင်ကို ပြောသည်။ သူမက ရီဖူရှင်း၏ ကြွားလုံးများနှင့် ပတ်သက်၍ စိတ်ပျက်နေဟန် ရသည်။
နိုင်းယွင်က ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ဒါက ဆရာရဲ့ အမိန့်ပဲ။ အထက်ဘုံက ထက်မြက်တဲ့သူတွေကို စုဆောင်းနေတယ်။ ဒါက မင်းအတွက် အခွင့်အရေး ဖြစ်နိုင်တယ်။ မင်းက တစ်ခါလောက် သွားကြည့်သင့်တယ်။”
“မင်းက ဒီလို ပြောမှတော့ ကျုပ်က သွားကြည့်ရတာပေါ့။ တခြားဒေသက တန်ခိုးရှင်တွေ ဘယ်လောက် စွမ်းမလဲ ကြည့်တာပေါ့” ရီဖူရှင်းက ထရပ်သည်။ နိုင်းယွင်က အံ့အားသင့် သွား၏။
မိန်းကလေးက ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူက သူမ၏အစ်ကိုကို အနိုင်ယူခဲ့သော်လည်း သူ၏စိတ်ကြီးဝင်နေသော ပုံစံကြောင့် အနာဂတ်မှာ ကောင်းမွန်မည်မဟုတ်ဟု သူမက ယူဆသည်။ သူမက သည်နေရာသို့ လာရောက်ခဲ့သည့် အတွက်ပင် စိတ်ပျက်နေ၏။
“သခင်လေး သတ္တမဓား” သက်လတ်ပိုင်းလူကြီးက ရီဖူရှင်းအား ခေါ်သည်။ ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည် … “ကံကြမ္မာက ကျုပ်တို့ကို တွေ့ဆုံစေခဲ့တယ်။ လျူယွဲ့မြို့မှာ ခင်ဗျားတို့ကို တခြားဘယ်သူမှ အနိုင်မကျင့်ရဲတော့ဘူးလို့ ကျုပ်ယူဆတယ်။ ကျုပ်သွားလိုက်ဦးမယ်” ရီဖူရှင်းက ပြောကာ နိုင်းယွင်တို့နှင့်အတူ ထွက်သွားတော့သည်။
ကု့ချင်းတီးနေသော မိန်းကလေးကား အဝေးသို့သာ ငေးကြည့်နေသည်။ မကြာခင် သူ၏နာမည်မှာ တစ်လောကလုံးသို့ ကျော်ကြား လာမည်ဟု သူမယုံကြည်နေ၏။
***
လေရိုင်းကလန်သည် ရန်ဒေသ၏ တော်ဝင်မြေငါးခုထဲမှ တစ်ခုဖြစ်သည်။ ကလန်ခေါင်းဆောင် ကျင့်ခွန်ရန်သည် ရှန့်ထိုပထမအဆင့်၌ ရှိ၏။
လေရိုင်းဓားကလန်သည် ရန်ဒေသရှိ တော်ဝင်မြေငါးခုတွင် အားအနည်းဆုံး ဖြစ်သည်။ ရီဖူရှင်းအနေဖြင့် လျူယွဲ့မြို့ကို ရွေးချယ်ခဲ့သည်မှာလည်း ထိုအကြောင်းပြချက်ကြောင့် ဖြစ်သည်။ လေရိုင်း ကလန်ခေါင်းဆောင်က သူ့အား ရန်ပြုလျှင်ပင် ရီဖူရှင်းက ဘေးမသီရန်မခဘဲ ထွက်သွားနိုင်အောင် ယုံကြည်ချက် ရှိပေသည်။
ရီဖူရှင်းက ကျင့်ခွန်ရန်အား လေရိုင်းဓား တောင်ကုန်းတွင်ပင် တွေ့ဆုံရသည်။ နိုင်းယွင်နှင့် မိန်းကလေးတို့က ကျင့်ခွန်ရန်၏ဘေးသို့ လျှောက်သွား လိုက်ကြသည်။ သူ့နောက်တွင် တခြား လေရိုင်းကလန်မှ တပည့်များ ရှိနေကြသည်။
“ကျုပ်က သတ္တမဓားပါ စီနီယာ … တွေ့ရတာ ဝမ်းသာပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။ ကျင့်ခွန်ရန်က ဘာမှ မပြောပေ။ သူက ရီဖူရှင်းအား စူးစိုက်စွာ ကြည့်လျှင် သူ့ထံမှ မမြင်ရသော ဖိအားများ ထွက်ပေါ်လာနေသည်။ သူက ရီဖူရှင်းထံမှ ရှန့်ထိုတစ်ပါးအပေါ် လုံလောက်သော လေးစားမှုများအား မတွေ့ရပေ။
“မင်းက ရှန့်ထိုတွေကို သိပ်စိုးရိမ်ပူပန်ပုံ မရဘူး” လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား ပြောသည်။
***