Switch Mode

အခန်း (၁၄၃)

ပျံသန်းသွားသည့်ဘဲကင်

အခန်း (၁၄၃) ပျံသန်းသွားသည့်ဘဲကင်

မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ် ထိုးထွက်လာသည့်အခါ ထိုအရာ၏ အစွန်းတစ်ခုက ပါးလွှာသည့်လေထုကို ရိုက်ခတ်မိသွားပြီး များစွာသော ခုခံစွမ်းအားများက နေရာတစ်ခုတည်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။

မူလက နက်မှောင်နေသည့် မြေအောက်ကမ္ဘာတွင် ခရမ်းရောင်အလင်းတန်းများ မြောက်မြားစွာ ထွက်ပေါ်လာပြီး မျက်လုံးများကို ကျိန်းစပ်သွားစေသည်။

“ကျီ ကျီ ကျီ ကျီ”

မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်ထဲတွင် ရှိနေသည့် ရန်ကျောက်ကဲနှင့် အားဟူတို့မှာ လျှပ်စီးများ အဆက်မပြတ်စီးဆင်းနေသံကို ကြားနေရသည်။

နှစ်ယောက်သား တစ်ခဏမျှ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကြပြီး နောက်တစ်ခေါက် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မြေအောက်ကျောက်သားလွှာအလယ်တွင် ကျောက်ဂူကြီးတစ်ခု တည်ရှိနေသည်ကို တွေ့မြင်လိုက်ကြရ၏။

ဘာမှမရှိသည့် မြေအောက်ကျောက်ဂူထဲတွင် ခရမ်းရောင်လျှပ်စီးများက အလယ်ဗဟိုမှ လေထုထဲသို့ ဖြန့်ထွက်နေသည်။ အလယ်ဗဟိုတွင်တော့ ခရမ်းရောင်အလင်းတန်းများက အဆက်မပြတ် ကခုန်နေကြသည်။

ကျောက်ဂူနံရံတွင် မသိမသာ ပြေးလွှားနေသည့် ပုံရိပ်များ အများအပြားရှိနေပြီး သူတို့၏ ဝိညာဉ်စွမ်းအားများက တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။

သင်္ကေတများသည် အနီ‌ရောင်နှင့် အဖြူ‌ရောင်များ ရောနှောနေပြီး မီးတောက်နှင့်‌‌ရေခဲများ ပေါင်းစပ်ဖွဲ့စည်းထားဟန်ရှိသည်။

ကြမ်းတမ်းသည့်ဆောင်းကြမ်းပမာ အေးစက်သည့်ချီစွမ်းအားနှင့် သည်းမခံနိုင်လောက်အောင်ပူပြင်းသည့်ချီစွမ်းအား (၂)ခုသည် လေထုထဲမှ ခရမ်းရောင်လျှပ်စီးများကို စောင့်ကြပ်နေပြီး လျှပ်စီးစွမ်းအားများ အပြင်သို့ထွက်သွားခြင်းမရှိအောင် ကာကွယ်ထားသည်။

တစ်ချိန်တည်းမှာပင် အပူနှင့်အအေးမျှခြေကို ထိန်းသိမ်းထားပြီး အအေးဓာတ်သို့မဟုတ် အပူဓာတ်တစ်ခုခုသည် ပြင်ပလောကသို့ စိမ့်ထွက်လာခြင်း မရှိပေ။

အလယ်ဗဟိုတွင်ရှိနေသည့် အရမ်းရောင်လျှပ်စီးများကြားတွင် မြူခိုးများဖုံးလွှမ်းနေပြီး မိုးကြိုးတိမ်တိုက်တစ်ခုနှင့် အလွန်ဆင်တူသည်။

ထို မိုးကြိုးတိမ်တိုက်အလယ်တွင် လူသားတစ်ယောက်၏လက်သီးဆုပ်ခန့်ရှိသော ခရမ်းရောင်အလုံးတစ်လုံး ရှိနေသည်ကို လျှပ်စီးအလင်းရောင်များအကူအညီဖြင့် တွေ့မြင်ရသည်။

ထို ခရမ်းရောင်အလုံးကိုတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးလိုက်ရင်း…

“ထင်တဲ့အတိုင်းပဲ…”

အားဟူက မျက်လုံးပြူးကာ စိုက်ကြည့်ရင်း…

“ဒဏ္ဍာရီအရဆိုရင်တော့ တာ့ပေဘိုးဘိုးရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက မိုးကြိုးဖုံးနေတဲ့ခရမ်းရောင်အလုံးအဝန်းတစ်ခုဆိုပေမယ့် ကြက်ဥအရွယ်အစားပဲရှိမယ်လို့ဆိုတယ် ၊ ဒီတစ်ခုက နည်းနည်းကြီးနေပါလား ၊ ဒါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ နောက်တစ်ခုများလား”

ရန်ကျောက်ကဲက…

“အမှန်ပဲ… ဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစရဲ့ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားက ပြင်းထန်လွန်းတော့ တာ့ပေဘိုးဘိုးကိုယ်တိုင်တောင် အဲဒါကို ခဲခဲယဉ်းယဉ်းဖိနှိပ်ကိုင်တွယ်ခဲ့ရတဲ့ပုံပဲ ၊ ဒါကြောင့် သူက ဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ဖြည်းဖြည်းချင်းသန့်စင်ပေးဖို့ ဝိညာဉ်စွမ်းအားအစီအရင်ကို တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်ပြီး များပြားလှသော မီးနှင့်ရေခဲများရောယှက်နေသည့် ဝိညာဉ်သင်္ကေတများကို တစ်ချက်ကြည့်လိုက်သည်။

“’အလွန်တရာဝမ်းနည်းခြင်း’ ၊ ဟုတ်တယ်… သူ ဒီပစ္စည်းကိုထပ်ပြီးရှာတွေ့ပေမယ့် အလုပ်တွေမပြီးပြတ်ခင် အသက်သေဆုံးရမှာမို့လို့ အဲဒီစာသားကို ကျောက်ခေါင်းတလားပေါ်မှာ ရေးထိုးခဲ့တာ”

အားဟူက အထစ်ထစ်အငေါ့ငေါ့ဖြင့်…

“သခင်… သခင်လေး… သခင်လေးက ဒါတွေကို တာ့ပေဘိုးဘိုး ခေါင်းတလား‌ပေါ်မှာ ရေးထိုးခဲ့တဲ့ မီးတောက်စာလုံးတွေကတစ်ဆင့် တွက်ချက်ခန့်မှန်းခဲ့တာလား”

စောစောက ရန်ကျောက်ကဲ လွန်းပြန်ယာဉ်နံရံတွင် တာ့ပေဘိုးဘိုး၏ ဝိညာဉ်သင်္ကေတ အစီအရင်များ အဘယ့်ကြောင့် ပုံတူကူးယူရေးသားနေသည်ကို အားဟူနားလည်သွားပြီ ဖြစ်သည်။

မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို ဤနေရာသို့ လမ်းပြရန်အတွက် တာ့ပေဘိုးဘိုး ကျန်ရစ်ခဲ့သည့် ခြေရာလက်ရာများကို လမ်းညွှန်အဖြစ် အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း…

“ငါတို့စီးလာတဲ့ လွန်းပြန်ယာဉ်က မြေအောက်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားတာလေ ၊ ဒီလိုလုပ်မှ မီးနဲ့ချော်ရည်တွေကို ရှောင်ပြီးအပြင်ကို ပြန်ရောက်နိုင်မှာပေါ့”

“ခေါင်းတလားပေါ်မှာ ချန်ထားခဲ့တဲ့ မီးတောက်စကားလုံးတွေက နှစ်ပေါင်းများစွာ ပျောက်ကွယ်မသွားဘဲ တည်ရှိနေတာလေ ၊ ဒါကိုကြည့်ခြင်းအားဖြင့် တာ့ပေဘိုးဘိုးရင်ထဲက နောင်တတရားတွေ ဘယ်လောက်တောင်ပြင်းထန်လဲဆိုတာ ပြနေတာပဲ ၊ အစွဲတစ်ခုလိုတောင် ဖြစ်နေတယ်ထင်တယ် ၊ ဒါ့ကြောင့် သူမသေခင်မှာ သူ့ရဲ့ အမြုတေ ၊ စွမ်းအားနဲ့ ဝိညာဉ်တွေဟာ ပေါင်းစပ်သွားခဲ့တယ်”

ရန်ကျောက်ကဲက မိုးကြိုးတိမ်တိုက်များကြားမှ ခရမ်းရောင်အလုံးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဒီဘိုးဘိုးရဲ့ ကျေးဇူးကြောင့် ငါတို့လည်း အကျိုးကျေးဇူးခံစားရတယ်လို့ ယူဆနိုင်ပါတယ်”

လင်ကျိုးရရှိသွားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစပဲဖြစ်ဖြစ် ၊ ယခု သူတို့မျက်စိရှေ့မှ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစပဲဖြစ်ဖြစ် (၂)ခုလုံးသည် တာ့ပေဘိုးဘိုး အချိန်နှင့်အမျှ ဖြည်းဖြည်းချင်း သန့်စင်ခဲ့သည့်အရာများ ဖြစ်သည်။

မဟုတ်ပါက သိုင်းပညာရှင်အဆင့် မဆိုထားနှင့် ၊ သိုင်းဆရာသခင်အဆင့်သည်ပင် ထိုရတနာပစ္စည်းကို အေးအေးဆေးဆေးဆုပ်ကိုင် ရယူနိုင်မည် မဟုတ်‌ပေ။

အားဟူက ပြုံးလိုက်ရင်း…

“သခင်လေး… ကောလဟလတွေကို ကိုးကားပြီး ကြည့်မယ်ဆိုရင်… အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ကျွန်တော်မတွေ့ဘူးပေမယ့် ဒီပစ္စည်း (၂)ခုက တူညီတဲ့ဝိညာဉ်စွမ်းအား အစိတ်အပိုင်းကနေ ဆင်းသက်လာတဲ့အရာတွေ ဖြစ်ရမယ်”

မိုးကြိုးတိမ်တိုက်ကိုကြည့်ရင်း ရန်ကျောက်ကဲအသံက တိုးတိတ်စွာ ထွက်ပေါ်လာသည်။

“အမှန်ပဲ ၊ အဲဒီပစ္စည်း (၂)ခုက အတူတူပဲ ၊ မိုးကြိုးဧကရာဇ်မျက်လုံး ၊ ဒါမှမဟုတ် မိုးကြိုးဧကရာဇ်မျက်ဆံဆိုပြီး ဒီပစ္စည်းကို နာမည်ပေးခဲ့တယ် မဟုတ်လား”

ရန်ကျောက်ကဲက မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်ထဲမှ ထွက်လိုက်ပြီး လေပေါ်ပျံသန်းကာ ထိုခရမ်းရောင်အလုံးဆီသို့ ချဉ်းကပ်သွားသည်။

ရန်ကျောက်ကဲ ချဉ်းကပ်သွားသည်နှင့် လျှပ်စီးကြောင်းများက မြွေများအလား ထွက်ပေါ်လာပြီး ကျယ်လောင်သည့်အသံများလည်း စတင်မြည်ဟည်းလာသည်။

ရန်ကျောက်ကဲက တုန်လှုပ်ခြင်းလည်းမရှိသလို အလျှင်လိုခြင်းလည်းမရှိဘဲ လေထဲတွင် လက်ချောင်းကိုအသုံးပြုကာ များစွာသော ဝိညာဉ်သင်္ကေတများကို ရေးထွင်းလိုက်သည်။

သူ၏ ကြယ်တာရာချီစွမ်းအားက အချိန်ကြာမြမင့်စွာ ပျောက်ကွယ်မသွားဘဲ ဝိညာဉ်သင်္ကေတများ လေထဲတွင် ကျန်ရှိနေအောင် ဖန်တီးပေးထားသည်။

ထိုအခါ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများ ချက်ချင်းခုန်တက်လာပြီး များစွာသော မီးနှင့်ရေခဲ ဝိညာဉ်သင်္ကေတများဖြင့် ပေါင်းစပ်သွားကာ ကျောက်ဂူနံရံများတွင် အလင်းရောင်များတောက်ပလာသည်။

ထို‌အလင်းရောင်များ တောက်ပလာသည့်အခါ ရန်ကျောက်ကဲကို တိုက်ခိုက်နေသည့် လျှပ်စီးကြောင်းများက တစ်ဖတ်ပြန်လည်ငြိမ်သက်သွားပြီး လျှပ်စီးကြောင်းများက အပိုင်းအစများအဖြစ် လေထုထဲတွင် ပျံ့ကျဲသွားသည်။

ရန်ကျောက်ကဲက လေပေါ်တွင် လမ်းလျှောက်ရင်း မိုးကြိုးတိမ်တိုက်အနီးသို့ ရောက်ရှိလာသည်။

သူက သေသေချာချာ ကြည့်ရှုပြီးနောက် အတွင်းထဲတွင် စီးဆင်းနေသည့် ဝိညာဉ်စွမ်းအားကို အာရုံခံကြည့်လိုက်သည်။ ထို့နောက် မိုးကြိုးတိမ်တိုက်ကို ထိကိုင်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။

ကျောက်ဂူနံရံများထက်မှ ရေခဲနှင့်မီးများ ရောယှက်နေသည့် ဝိညာဉ်သင်္ကေတများသည် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ထက်သို့ အနီရောင်နှင့်အဖြူရောင် အစင်းကြောင်းများအဖြစ် ဖြာကျနေသည်။

မိုးကြိုးတိမ်တိုက်အတွင်းမှ ခရမ်းပြာရောင် လျှပ်စီးကြောင်း အမြောက်အမြားထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် အဆက်မပြတ် ရွေ့လျားနေသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးကြောင်းများ ဖုံးလွှမ်းသွားသည်ကို တွေ့မြင်လိုက်သည့်အခါ လွန်းပြန်ယာဉ်အတွင်း ကျန်ရစ်ခဲ့သောအားဟူမှာ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ထို့နောက် မိုးကြိုးတိမ်တိုက်များသည် ရုတ်တရက် ဖောင်းပွလာပြီး ရန်ကျောက်ကဲကို ဝါးမျိုလုနီးပါး ဖြစ်သွားသည်။ ထို့နောက် နောက်ပြန်ဆုတ်သွားပြီး နောက်တစ်ကြိမ် ဖောင်းပွလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုးပစ်လိုက်တော့၏။

များပြားလှစွာသော လျှပ်စီးကြောင်းများက ခရမ်းရောင်အလုံးကို စုပ်ယူလိုက်ကြပြီး “ဝုန်း” ဆိုသည့်အသံနက်ကြီးထွက်ပေါ်လာကာ တောက်ပလင်းလက်သည့် လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်တိုင် ပျံသန်းသွားသည်။

ပတ်ဝန်းကျင်ရှိ ကျောက်ဂူနံရံများမှ ဝိညာဉ်သင်္ကေတများသည် တစ်ပြိုင်နက်တည်း မှိန်ဖျော့သွားပြီး မိုးကြိုးဧကရာဇ်မျက်လုံး အပိုင်းအစကို ဖိနှိပ်ထားနိုင်ခြင်း မရှိတော့‌ပေ။

မိုးကြိုးတိမ်တိုက်အတွင်းမှ ခရမ်းရောင်အလုံးသည် ချက်ချင်းပင် ကျောက်သားအလွှာကိုထိုးဖောက်ပြီး အဝေးသို့ ပြေးထွက်လွတ်မြောက်သွားတော့သည်။

ရန်ကျောက်ကဲက အန္တရယ်ကင်းစွာပင် မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်ဆီသို့ ပြန်လည်ရောက်ရှိလာပြီး…

“ငါတို့ သူ့နောက်လိုက်ကြမယ်”

မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်သည် ပျောက်ကွယ်သွားသည့် လျှပ်စီးကြောင်းများ၏ ဦးတည်ရာအတိုင်း ကျောက်လွှာများကိုထိုးခွင်းကာ လိုက်ပါသွားလေ၏။

***

ထိုအချိန် တာ့ပေဘိုးဘိုး၏ ရေခဲဂူအတွင်းမှထွက်လာသည့် လင်ကျိုးသည် ဂူအပြင်ဘက်တွင် စောင့်နေကြသည့် ရန်ကျောက်ကဲ၏ အနက်ရောင်ဝတ်လူများကို တွေ့သည့်အခါ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

ထို့နောက် မနှေးမမြန်ခြေလှမ်းဖြင့်ပင် သူတို့မသိအောင် တာ့ပေဘိုးဘိုး ဂူသင်္ချိုင်းတည်ရှိရာတောင်တန်းမှ ထွက်ခွာသွားတော့၏။

စီစဉ်ထားသည့်အတိုင်း ရတနာပစ္စည်းကို အောင်မြင်စွာရရှိခဲ့သည့်အပြင် မမျှော်လင့်ဘဲ ရန်ကျောက်ကဲကိုပါ လုပ်ကြံနိုင်ခဲ့သည့်အတွက် လင်ကျိုးစိတ်ထဲ အတော်လေး နေလို့ထိုင်လို့ကောင်းနေသည်။

သို့သော် ခပ်ဝေးဝေးမ‌‌ရောက်မီပင် သူ့မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

သူ၏ ရတနာပစ္စည်းများ သိမ်းဆည်းထားလေ့ရှိသောအိတ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခုက အိတ်ကိုထိုးခွင်းပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

ထိုခရမ်းရောင်လျှပ်စီးကြေင်းသည်ကား တာ့ပေဘိုးဘိုးဂူထဲမှ ရရှိလာသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဖြစ်သည်။

ကျယ်‌လောင်သောမိုးခြိမ်းသံများထွက်ပေါ်လာပြီး ကြက်ဥတစ်လုံးအရွယ်အစားရှိပြီး ချောမွတ်နေသော ခရမ်းရောင်အလုံးသည် အလွန်ဝေးကွာသည့်နေရာသို့ လွတ်မြောက်ထွက်ပြေးသွားသည်။

လင်ကျိုးက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း သူ့လက်တစ်ဖက် ဝှေ့ယမ်းလိုက်ကာ အနီရင့်ရောင်ပိုက်ကွန်တစ်ခု ပစ်လွှတ်လိုက်သည်။

ပိုက်ကွန်က လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး ကော်းကင်တစ်ခုလုံးကို ဖုံးကွယ်ကာ အနီရင့်ရောင်များ ပျံ့နှံ့သွားသည်။

လွတ်မြောက်သွားသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် ကြီးမားသည့် အနီရင့်ရောင်ပိုက်ကွန်အတွင်း ဝင်ရောက်သွားပြီး ပြန်လည်ဖမ်းဆီးမိသွးသည်။

တုန်လှုပ်နေသည့် အနီရင့်ရောင်ပိုက်ကွန်ကိုကြည့်ရင်း လင်ကျိုး၏မျက်ဝန်းများ တစ်လက်လက်တောက်ပလာသည်။

“ဒီဖြစ်စဉ်က… ဒါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းရဲ့ မူလပိုင်ရှင်ကို ဆင့်ခေါ်တာ မဟုတ်ဘူးဆိုရင်… ဒီအနီးပတ်ဝန်းကျင်မှာ နောက်ထပ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခု ရှိနေလို့ ဖြစ်ရမယ် ၊ ရုတ်တရက် ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့် အဲဒီအပိုင်းအစက ငါ့ဆီက အပိုင်းအစကို ဆွဲယူဖို့ ကြိုးစားနေတာ ဖြစ်ရမယ်”

အစိတ်စိတ်အမွှာမွှာကွဲကြေခဲ့ပြီဖြစ်သော အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ ပိုင်ရှင်မှာလည်း သေဆုံးသွားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ပထမအချက်က ဖြစ်နိုင်ခြေမရှိပေ။

သို့ဆိုလျှင် ဒုတိယတစ်ချက် ဖြစ်နိုင်ခြေသာ ကျန်တော့သည်။ ယင်းမှာ အနီးပတ်ဝန်းကျင်တွင် ပိုမိုစွမ်းအားမြင့်မားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခု ရှိနေရမည် ဖြစ်သည်။

လင်းကျိုး၏နှလုံးသားအတွင်း၌ ပြင်းထန်သောမျှော်လင့်ချက်တစ်ခု ဖုံးလွှမ်းသွားသော်လည်း နိမိတ်မကောင်းသော ခံစားချက်အနည်းငယ်လည်း ဖြစ်တည်လာသည်။

လင်ကျိုးမှာ သူရရှိထားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ပြန်လည်ဖမ်းယူနိုင်ခဲ့သည့်အတွက် စိတ်သက်သာရာရပြီး သက်ပြင်းမချနိုင်ခင်မှာပင် ထိုခရမ်းရောင်အလုံးက ပေါက်ကွဲထွက်သွားပြီး တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာကာ အနီရောင်ပိုက်ကွန်ကိုပါ သူနှင်အတူ အဝေးသို့ဆွဲယူ ထွက်ခွာသွားလေတော့၏။

ဘဲကင်တစ်ကောင် ပါးစပ်နားရောက်ခါနီးမှ ပျံထွက်သွားသည့်အလား လင်ကျိုးမှာ သွေးများအန်ထွက်လုနီးပါး ဖြစ်သွားရလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset