Switch Mode

အပိုင်း (၁၀၉၅)

သတ္တမဓား

အင်ပါယာလီဘုံကား အင်ပါယာလီကိုယ်တိုင် အုပ်ချုပ်ကာ အထက်ဘုံနှင့် အောက်ဘုံကို တာလီပြည်ထောင်အဖြစ် ဖွဲ့စည်းထားခဲ့သည်။

အထက်ဘုံကို အင်ပါယာလီ ကိုယ်တိုင် အုပ်ချုပ်ကာ အောက်ဘုံအား တော်ဝင်မျိုးနွယ်များက အုပ်ချုပ်၏။ အောက်ဘုံမှ သင့်တော်သော ပါရမီရှင်များကိုလည်း အထက်ဘုံ၌ လေ့ကျင့်ရန် စေလွှတ်လေ့ရှိသည်။

တာလီပြည်ထောင်၏ အောက်ဘုံကိုလည်း ဒေသကိုးခုအဖြစ် ခွဲထားကာ အင်ပါယာရှားဘုံမှ ပြည်နယ်ကိုးခုနှင့် ဆင်ဆင်ရပေသည်။

ကွဲပြား ခြားနားသည်ကား ဒေသတစ်ခုစီကို ထိုဒေသအတွင်းမှ စွမ်းအား အကြီးဆုံးလူများက အုပ်ချုပ်ခြင်းပင်။ ရန်ဒေသသည် ဒေသကိုးခုအတွင်း၌ နံပါတ်၃အဆင့် ရှိပေသည်။ ရန်ဒေသမှ နာမည်ကျော် ဓားသမားများ ထွက်ပေါ်လေ့ရှိ၏။

ပုံမှန်အားဖြင့် တာလီပြည်ထောင်၏ ဓားသမားများ အားလုံးသည် ရန်ဒေသမှ လာကြသည်။ ရန်ဒေသတွင် တော်ဝင်မြေငါးခု ရှိပြီး ရှန့်ထိုဓားသမား ၁၈ပါး ရှိပေသည်။ ဤသည်ကပင် ရန်ဒေသ၏အင်အားကို ခန့်မှန်း သိရှိနိုင်ပေသည်။

ဓားပညာကို လူအများအပြားက နှစ်သက်သဘောကျကာ လေ့ကျင့်ကြပြီး ဓားသမားများ၏ ပုံပြင်များမှာလည်း ပြောမဆုံးအောင် များပြားပေသည်။ ယခုလည်း ရန်ဒေသ၏လျူယွဲ့မြို့တွင် ပုံပြင်တစ်ပုဒ် ဖြစ်ပေါ်နေသည်။

လျူယွဲ့မြို့တွင် နာမည်ကျော်ကြားလာသော ဓားသမားတစ်ဦး ရှိပေသည်။ သူကား အရှေ့ဘက် လျှို့ဝှက်ဓား တောင်ကုန်းများမှ ထွက်ပေါ်လာသည်ဟု ဆိုကြပြီး လမ်းခရီးတွင် မကောင်းမှုတစ်ခုကို ရင်ဆိုင်ဖြေရှင်းရင်း နာမည်ကျော်ကြား လာခဲ့၏။

ပုံပြင်များကား ဤသို့ဖြစ်သည်။ အရှေ့ဘက် လျှို့ဝှက်ဓား တောင်ကုန်းများတွင် ခိုးဆိုးလုယက် နေသူများသည် အားနည်းသူများကို အနိုင်ကျင့်လျက်ရှိစဉ် ထိုဓားသမားက ဓားတစ်လက်ဖြင့် မိုင်ပေါင်းများစွာ အဝေးမှ ပျံသန်းလာခဲ့ပြီး ထိုလူဆိုးများအား တစ်ယောက်တည်း ဖြတ်တောက်ခဲ့သည် ဆို၏။

ထိုလူဆိုးများထဲတွင် ကလန်တစ်ခုမှ သခင်လေးတစ်ဦးလည်း ပါဝင်ခဲ့ရာ ထိုဓားသမားက ထိုသခင်လေး၏ ကလန်ထံသို့ သွားရောက်ပြီး ကလန်ခေါင်းဆောင်၏ ခေါင်းကို ဖြတ်တောက်ခဲ့သည်ဟု ကြားကြရသည်။

မှန်သည် … နာမည် အကျော်ကြားဆုံးသော အဖြစ်အပျက်မှာ လျူယွဲ့မြို့၌ ဖြစ်ပျက်ခဲ့ပေသည်။

လျူယွဲ့မြို့တော်ဝန်တွင် သားတစ်ဦး ရှိပေသည်။ သူသည် အလွန်တရာ မိန်းမပွေကာ မြို့မှ မိန်းကလေးငယ် တစ်ဦးအား သဘောကျနှစ်သက်ပြီး အလိုမတူဘဲ မိသားစုအင်အားဖြင့် အတင်းကြံစည်ခဲ့၏။ ထိုဓားသမားက သတင်းကြားကာ ထိုမြို့တော်ဝန်သားအား သတ်ဖြတ်ခဲ့သည်။

မြို့တော်ဝန်က သူ၏သားကို သတ်ဖြတ်ခဲ့သော ဓားသမားအား တန်ခိုးရှင်များ စေလွှတ်ကာ ဖမ်းဆီးစေသော်လည်း အားလုံးမှာ အလားတူ သတ်ဖြတ်ခံရသည်သာ။ မြို့တော်ဝန်ကား ဒေါသထွက်လွန်းရကား သူ၏စစ်တပ်ကိုပင် စေလွှတ် တိုက်ခိုက်စေ၏။

သို့သော်လည်း တိုက်ပွဲတွင် သူ့စစ်တပ်မှ လူများအားလုံး အသတ်ခံခဲ့ရသလို မြို့တော်ဝန်လည်း သေဆုံးခဲ့ရသည်။ မြို့တော်ဝန်သည် ရှီအဆင့်အမြင့်ဆုံး၌ ရှိသော်လည်း ဓားသမားက သူ့အား ဓားတစ်ချက်သာ အသုံးပြုခဲ့၏။

သူ၏နာမည်ကား သတ္တမဓားဟု အမည်တွင်ခဲ့ကာ ထိုသို့ နာမည် တွင်လာခြင်းမှာ သူနှင့်အတူ ဓားခုနစ်သယ်ဆောင်လျက် သွားလာနေသည်ကို လူအများက မြင်သောကြောင့်လည်း ဖြစ်နိုင်၏။

လျူယွဲ့မြို့တော်ဝန် သေဆုံးခဲ့ခြင်းက အတော်အတန် လှုပ်ခတ် သွားခဲ့သည်။ သတင်းများအရ မြို့တော်ဝန်သည် တော်ဝင်မြေတစ်ခု ဖြစ်သော လေရိုင်းဓားကလန်၏ တပည့်တစ်ဦးဖြစ်သည်။ လေရိုင်းဓားကလန်၏ ခေါင်းဆောင်မှာ ဓားရှန့်ထိုတစ်ဦးဖြစ်သော ကျင့်ခွန့်ရန်ဖြစ်သည်။

လျူယွဲ့မြို့သည် လေရိုင်းဓားကလန်၏ လက်အောက်မှ ဖြစ်သည်။

လေရိုင်းကလန် အနေဖြင့် သူတို့၏မြို့တော်ဝန် သေဆုံး သွားသည့်အပေါ် သည်အတိုင်း လက်ပိုက်ကြည့် နေမည်တော့ မဟုတ်ပေ။ သူတို့၏စွမ်းအားမြင့် တန်ခိုးရှင်များ လျူယွဲ့မြို့သို့ ဦးတည် လာနေသည်ဟု သတင်းများက ဆိုကြသည်။

ယခု လျူယွဲ့မြို့၏ စားသောက်ဆိုင် တစ်ခုတွင် မိန်းကလေးတစ်ဦးသည် ကု့ချင်းအား သာယာနာပျော်ဖွယ် တီးခတ်နေ၏။ သူမ၏ရုပ်ရည်မှာလည်း အတော်အတန် လှပကာ ကြည့်ကောင်းပေသည်။

သူမ၏ဘေးနားတွင် ဘူးသီးခြောက်တစ်ခုနှင့် ဓားတစ်ဖက်ကို ဘေးချကာ လဲလျောင်းနေသော လူတစ်ယောက် ရှိနေသည်။ လူငယ်ကား ချောမောကာ သူ့မျက်လုံးများက ထူးဆန်းစွာ နက်ရှိင်းပေသည်။ ထိုအခိုက်တွင် သူကား ဂီတသံ၌ နစ်မျောနေဟန်ရသည်။

ထိုလူငယ်ကား လတ်တလော နာမည်ကျော်ကြားလာသော သတ္တမဓားဖြစ်သည်။ သူသည် ရီဖူရှင်းလည်း ဖြစ်၏။သူက အင်ပါယာရှားဘုံမှသည် တာလီပြည်ထောင်၏ အောက်ဘုံသို့ တိုက်ရိုက် ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးက သံစဉ်ကို တဖြည်းဖြည်း ရပ်တန့်လိုက်ကာ ဘေးတွင် သေရည် သောက်နေသော လူငယ်အား ကြည့်သည်။ သူမက ပြောသည် … “သခင်လေး သတ္တမဓား … ရှင် ထွက်သွားတာ ကောင်းမယ်။ လေရိုင်းဓားကလန်က လူတွေ  မကြာခင် ရောက်လာတော့မယ်”

“ဘေးမှ မိန်းမလှက အဖော် လုပ်ပေးနေမှတော့ ဒီနေရာက ကောင်းကင်ဘုံပဲ။ ဘာလို့ ထွက်သွားရမှာလဲ” ရီဖူရှင်းက ပြုံးလျက်မေးသည်။ မိန်းကလေးက ရှက်ရွံ့သည့်ဟန်များ ဖြစ်လာခဲ့သည်။ သူမအနေဖြင့် သည်ကြည့်ကောင်းသော လူငယ်လေးနှင့် ဆုံတွေ့ရသည့်အပေါ် ပျော်ရွင်ရပေသည်။

“ဒါနဲ့ လေရိုင်းဓားကလန်က တော်တော် အားကောင်းလို့လား” လူငယ်က ဘူးသီးခြောက်ကို ချလိုက်ကာ မေးသည်။ သူ၏ဆွဲငင်အားပြင်းသော မျက်လုံးများဖြင့် မိန်းကလေး၏မျက်လုံးများ ဆုံမိလျှင် သူမသည် အတန်ကြာ အေးခဲသွားရသည်။

သူမက မျက်လုံးကို တစ်ဖက်သို့ လွှဲလိုက်ကာ ထပ် မကြည့်ရဲတော့။ သူမက ခေါင်းငုံ့ကာ ပြောသည် … “သခင်လေး သတ္တမဓားက ထူးခြား ထက်မြက်တယ် ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့လည်း လေရိုင်းဓားကလန်က တော်ဝင်မြေပဲ။ သူတို့မှာ အရမ်းအားကောင်းတဲ့ ဓားပညာရှင်တွေ ရှိတယ်”

“ကျုပ်အတွက် လေရိုင်းဓားကလန်နဲ့ လက်ရည်စမ်းရတာလည်း ကောင်းတဲ့ အခွင့်အရေးပဲ။ သူတို့က ကျုပ်ကို ဒုတိယဓားချက် ထုတ်အောင် စွမ်းမလား ကြည့်ရတာပေါ့” ရီဖူရှင်းက ပျင်းရိစွာ ပြောသည်။သူက အောက်ဘုံတွင် လူအများ၏ အာရုံစိုက်ခံရရန် လိုအပ်သလို တာလီပြည်ထောင်မှ အရေးပါ ပုဂ္ဂိုလ်များ သတိပြုမိရန်လည်း လိုအပ်ပေသည်။

ထို့ကြောင့် သူက ဖြတ်လမ်းနည်း အချို့ကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ဖက်က သံသယမဝင်စေရန်၊ ခြေရာလက်ရာများ ကင်းရှင်းစေရန်လည်း သတိပြုရပေသည်။

“သခင်လေး သတ္တမဓား …” ထိုအခိုက်တွင် စိုးရိမ်ပူပန်သော အသံတစ်သံအား ကြားကြရသည်။ သတ်လတ်ပိုင်း လူကြီးတစ်ဦးသည် အမြန်လိုသောပုံစံဖြင့် ရောက်လာပြီး ရီဖူရှင်းအား ပြောသည် … “သခင်လေးက ဒီက မြန်မြန်ထွက်သွားရင် ကောင်းမယ်။ လေရိုင်းဓားကလန်က ဓားသမားနိုင်းယွမ်ကိုယ်တိုင် ဒီကို သူ့လူတွေနဲ့အတူ ရောက်လာတယ်တဲ့။ ခင်ဗျားသာ ဒီအရှုပ်ထုပ်ထဲ အသတ်ခံရရင် ကျုပ် စိတ်မကောင်း ဖြစ်ရလိမ့်မယ်”

“နိုင်းယွင်က ဒီလောက် အားကောင်းလို့လား” ရီဖူရှင်းက ထူးမခြားနားစွာ မေးသည်။

“သူက လေရိုင်းကလန်ထဲမှာ နံပါတ်၁ ဓားသမားပဲ။ ရန်ဒေသထဲမှတောင် သူက အတော်ဆုံး ဆယ်ယောက်ထဲ ပါတယ်” သက်လတ်ပိုင်း လူကြီးက ပြောသည်။

“ရန်ဒေသတစ်ခုလုံးမှာ အတော်ဆုံး ဆယ်ယောက်ထဲ ပါတယ်ဟုတ်လား” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည် … “ရန်ဒေသက အတော်ဆုံးလူ ရောက်လာရင်တောင် ကျုပ်ရဲ့ ဒုတိယဓားချက်ကို ထုတ်ဖို့ မလိုဘူးမှတ်ပါ”

“ဟုတ်လား …” အဝေးမှ အသံတစ်သံကို ကြားကြရသည်။ အဝေးမှ လေတိုးသံများနှင့်အတူ လူတစ်စု ရောက်လာခဲ့၏။ သူတို့အားလုံးက ဓားများကို စီးနင်းလာခဲ့ကြသည်။

ထို့အပြင် အနီးတစ်ဝိုက်မှ တခြားသော တန်ခိုးရှင်များကလည်း အခြေအနေကို လာရောက် ကြည့်ရှုကြသည်။

“ရန်ဒေသက အတော်ဆုံး တန်ခိုးရှင်တောင်မှ မင်းရဲ့ ဒုတိယဓားချက်ကို ထုတ်ဖို့ မလိုဘူး ဟုတ်လား။” အေးစက်သော အသံတစ်သံအား ကြားကြရသည်။ သတ္တမဓားသည် အမှန်တကယ် အားကောင်းသည်ကို သူတို့သိကြသော်လည်း ဤစကားက အများစုအတွက် မယုံကြည်နိုင်ဖွယ် ကြွားဝါသော စကားအဖြစ်သာ မှတ်ယူကြသည်။

ရန်ဒေသတွင် မရေမတွက်နိုင်သော ပါရမီရှင်များ ရှိပေသည်။ ရှန့်ထိုအဆင့်အောက်၌ နံပါတ်တစ် တန်ခိုးရှင်ဖြစ်ရန် ထိုသူက မည်မျှ စွမ်းအားကြီးမည်ကို ခန့်မှန်းနိုင်သည်။

သက်လတ်ပိုင်းလူကြီးနှင့် မိန်းကလေးတို့၏ အမူအရာများ ပျက်ယွင်း သွားကြသည်။ သူတို့အနေဖြင့် အလွန်တရာ နောက်ကျသွားပြီကို သိလိုက်ကြ၏။

သက်လတ်ပိုင်းလူကြီးက ရှေ့သို့ တက်သွားကာ ပြောသည် … “စီနီယာ … မြို့တော်ဝန်ရဲ့ လူတွေက တကယ်ပဲ လွန်ကဲတယ်ဆိုတာ အားလုံး သိကြပါတယ်။ သတ္တမဓားသမားက ကျုပ်တို့ကို ကူညီခဲ့တာပါ။ တကယ်လို့ စီနီယာတို့က အပြစ်တင်မယ်ဆိုရင် ကျုပ်တို့ကိုပဲ အပြစ်ပေးပါ”

“ဒါက ခင်ဗျားတို့ နှစ်ယောက်နဲ့ မဆိုင်ဘူး” နိုင်းယွင်က ပုံမှန်လေသံဖြင့် ပြောသည်။ လူအများအပြားက အံ့အားသင့် သွားကြသည်။ သူတို့ကား အမှန်ပင် တော်ဝင်မြေဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ သူတို့၏ပုံစံများအရ သည်ကိစ္စကို သေသေချာချာ စုံစမ်းထားပြီး ဖြစ်ရပေမည်။ ဆိုလိုသည်က သူတို့သည် မြို့တော်ဝန်ကိစ္စတွင် ပါဝင် ပတ်သက်သူများအား ခွင့်လွှတ်ပေသည်။ သို့သော်လည်း မြို့တော်ဝန်အား သတ္တမဓားက သတ်ဖြတ်ခြင်းကိုမူကား သည်းခံသည်ဟု မဆိုလိုပေ။

လူအများအပြားက စားသောက်ဆိုင်သို့ ကြည့်လျှင် သတ္တမဓားသည် ကြမ်းပြင်တွင် ပျင်းရိစွာ လဲလျောင်းနေဆဲ ဖြစ်သည်ကို တွေ့ရ၏။ သူကား နိုင်းယွင်တို့အုပ်စု ရောက်လာခြင်းအား ဂရုစိုက်ဟန်ပင် မတူ။

“ခင်ဗျားတို့က အမှားနဲ့အမှန်ကို သိသေးတယ်ဆိုမှတော့ ကျုပ်က အသက်ချမ်းသာ ပေးရတာပေါ့။ ဒီက ထွက်သွားကြ” ရီဖူရှင်းက ပြောသည်။

“အတင့်ရဲတယ်” နိုင်းယွင်က ဒေါသတကြီး ပြောသည်။ သူက ရှေ့သို့ တက်လာလျှင် ပြင်းထန်သော လေပြင်းများ ရိုက်ခတ်လာပြီး ရီဖူရှင်းထံသို့ ဦးတည်လာခဲ့သည်။

“မင်းတို့က ဘာလို့ ဒီလို လုပ်ရတာလဲ” ရီဖူရှင်းက ပျင်းရိစွာဖြင့် ဖြည်းညင်းစွာ ထရပ်ကာ လေထဲမှ နိုင်းယွင်အား ကြည့်သည်။

“မင်းရဲ့ဓားကို ထုတ်ပါ” ရီဖူရှင်းက နိုင်းယွင်အား ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်ကာ ပြောသည်။

ဓားများသည် နိုင်းယွင်အနီးတွင် စတင်ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့ကာ ပြင်းထန်သော မုန်တိုင်းများ ရိုက်ခတ်လာခဲ့သည်။ ထိုအခိုက်တွင် သူသည် အလွန်တရာ အားကောင်းဟန်ရှိသည်။

လူတိုင်းက ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါများ ရစ်ပတ်ထားသော နိုင်းယွင်အား ကြည့်ကြသည်။ သူတို့က နာမည်ကျော်ကလန်၏ နံပါတ်တစ်ဓားသမား အစွမ်းကို မြင်တွေ့ရပေတော့မည်။

ဟူး .. ဝရော …

လေပြင်းများ ရိုက်ခတ်လာခဲ့ကာ နိုင်းယွင်က ရှေ့သို့ တက်လာခဲ့သည်။ မုန်တိုင်းသည် ရီဖူရှင်းကို အလွန်တရာ ပြင်းထန်စွာဖြင့် ရိုက်ခတ်လာခဲ့သည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ဓားရောင်များ ဝင်းလက်နေခဲ့သည်။

မုန်တိုင်းက အနီးသို့ ရောက်လာခဲ့လျှင် ရီဖူရှင်းက ဓားတစ်ချက် ထုတ်လိုက်သည်။

လေထုတွင် အလင်းတစ်ချက် ဝင်းလက်သွားကာ လျှပ်စီးပမာ အလင်းတန်းသည် အရာအားလုံးကို ဖြတ်တောက်လျက် မုန်တိုင်းကို ထိုးခွင်းသွားသည်။

ဘုန်း …

နိုင်းယွင်၏ခန္ဓာကိုယ်သည် ထိုနေရာတွင် ရုတ်တရက် ရပ်တန့်သွားကာ အောက်သို့ ပြုတ်ကျသွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset