ရီဖူရှင်းက ဒဏ်ရာများအား ပြန်လည် ကုစားပြီးနောက် ရွှေကြာပန်း နန်းဆောင်သို့ ပြန်ကာ လေ့ကျင့်ပြီး ရက်များစွာ ကြာအောင် အတွင်း၌သာ နေခဲ့သည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ကာ ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၂၁ ခုနှစ်သည် ကုန်ဆုံးခါနီးသို့ ရောက်လာခဲ့သည်။
ယနေ့တွင် ရီဖူရှင်းသည် ရွှေကြာပန်း နန်းဆောင်ထဲမှ ထွက်လာပြီး မင်းသမီးနန်းဆောင်သို့ ရောက်လာခဲ့သည်။
ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။ သူမက သည်ရက်ပိုင်းတွင် ရွှေကြာပန်း နန်းဆောင်သို့ တစ်ခေါက်မှ မရောက်ခဲ့ပေ။ ယခု သူမက ရီဖူရှင်းအား တွေ့သောအခါ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ လုံးဝ ပြောင်းလဲသွားသည်ကို တွေ့ရသည်။
ယခုက လွတ်လပ်ပေါ့ပါးကာ တည်ငြိမ်အေးဆေးဟန် ရှိသော အငွေ့အသက်များသည် ယခု သိမ့်မွေ့ကာ သူ၏မျက်လုံးများသည် မိစ္ဆာဆန်နေပြီး ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါများ ရှိနေသည်။
ထိုအခိုက်တွင် ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်ပြီး ညှို့ငင်ခံရသော ခံစားချက်ကို ရသည်။ သူမကသာ သူ့အား ကြာကြာ ကြည့်မိလျှင် အချိန်မရွေး အသိစိတ် ပျောက်သွားတော့မည်ဟု ခံစားရ၏။
“နင် ဘာလုပ်နေတာလဲ” ရှားရှင်းယွန်က အကြည့်ကို လွှဲလိုက်ကာ ပြောသည်။
“ကျုပ်က တစ်ခါလောက် စမ်းကြည့်ရုံပါပဲ။ ခွင့်လွှတ်ပါ မင်းသမီး” ရီဖူရှင်းက ပြောသည်။ သူ၏အမူအရာက ပုံမှန် ပြန်ဖြစ်သွားသော်လည်း မူလကကဲ့သို့ ချောမောခန့်ညားနေဆဲ ဖြစ်သည်။
သို့သော်လည်း သူ၏ကိုယ်ရောင်ကိုယ်ဝါသာ မဟုတ်၊ သူ၏ ရုပ်သွင်များသည်လည်း ပြောင်းလဲသွားကာ ဆံပင်များလည်း နက်မှောင်သွား၏။
“ကြည့်ရတနာ နင်က မျက်နှာတစ်ထောင် အသွင်ပြောင်းပညာကို ကျွမ်းကျင်သွားတာပဲ” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူမက ရီဖူရှင်း၏ ပြောင်းလဲမှုကိုသာ မတွေ့မမြင်ခဲ့ရပါက သူ့အား မှတ်မိမည် မဟုတ်ကြောင်း သူမက ဝန်ခံရသည်။
တန်ခိုးရှင်တစ်ယောက်သည် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲနိုင်သော်လည်း သူတို့၏ကိုယ်ငွေ့အား ပြောင်းလဲနိုင်ခြင်း မရှိပေ။ သို့သော်လည်း ယခု ရီဖူရှင်းသည် နောက်တစ်ယောက်အဖြစ်သို့ အစစ်အမှန် ပြောင်းလဲနေခဲ့သည်။
“မင်းသမီး … အရှင်မင်းကြီးက ကျုပ်ကို တစ်ခေါက်လောက် စစ်ဆေးကြည့်ပေးဖို့ ပြောပေးလို့ ရမလား” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောသည်။
ရှားရှင်းယွန်က ရီဖူရှင်း ဘာကို လိုချင်သည် သိ၏။
“ခဏစောင့်နေ” ရှားရှင်းယွန်က ထိုနေရာမှ ထွက်ခွာသွားသည်။ အတန်ကြာလျှင် သူမက ရီဖူရှင်းအား ပြောသည် … “နင် စိတ်ချလို့ရပြီ”
“ကျေးဇူးတင်ပါတယ် မင်းသမီး” ရီဖူရှင်းက ခေါင်းညိတ်သည်။ ရှားရှင်းယွန်က ထိုသို့ပြောလျှင် သူ့အား အင်ပါယာရှားက မြင်သည်ဟူသော သဘောဖြစ်သည်။
မျက်နှာတစ်ထောင် အသွင်ပြောင်းပညာက ကောင်းမွန်သည် ဆိုသည့်တိုင် သူက သတိထားရန် လိုအပ်ပေသေးသည်။ ရန်ဟောင်တန်ခိုးအဆင့်က စိတ်ချရပါသည်ဟူသော အာမခံရပြီဖြစ်ရာ သူ့အနေဖြင့် စိတ်ပူရန် မလိုတော့ပေ။
“ကျုပ်က မင်းသမီးရဲ့ အချိန်တွေကို ဖြုန်းမိပါပြီ” ရီဖူရှင်းက ပြောသည် … “ကျုပ်က အဆင်သင့် သွားလုပ်လိုက်ပါဦးမယ်။ အနာဂတ်မှာ ကျုပ်က မင်းသမီးရဲ့ အကူအညီကို ယူရဦးမှာပါ။ ကျုပ်မရှိတဲ့အချိန် ကော့တေးက လူတွေကို ဂရုစိုက်ပေးပါ။ ပြီးတော့ ကျုပ်စီးတော်ကို နန်းတွင်းသို့ စေလွှတ်လိုက်ပါ့မယ်။ မင်းသမီးက ကျုပ်နဲ့ အချိန်မရွေး ဆက်သွယ် နိုင်ပါလိမ့်မယ်”
ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်လျှင် သူ၏မူလသွင်ပြင်သို့ ပြောင်းသွားပြီး နန်းတွင်းမှ ထွက်ခွာသွားခဲ့သည်။
ရီဖူရှင်း ထွက်ခွာသွားပြီးနောက် သူမ၏ဘေးသို့ လူတစ်ယောက် ရောက်လာကာ တီးတိုးပြောသည် … “တကယ် စိတ်ဝင်စားစရာ ကောင်လေးပဲ”
“အဖေက ဒီလောက် ချောင်းကြည့်ရတာ ဝါသနာပါလား” ရှားရှင်းယွန်က အင်ပါယာရှားအား ဒေါသတကြီး ကြည့်သည်။
“ဒီနန်းတော်က ငါ့အပိုင်ပဲ။ ငါက နေရာတကာ ခိုးကြည့်ဖို့ လိုသေးလို့လား” အင်ပါယာရှားက ရယ်မော၍ ပြောသည်။
“သမီးက ဒီကလေးကို ကြိုက်သွားတာတော့ မဟုတ်ပါဘူးနော်” အင်ပါယာရှားက မေးသည်။
ရှားရှင်းယွန်က သူ့အား ဒေါသတကြီး ကြည့်ကာ ပြောသည် … “သမီး သူကလွဲရင် ဘယ်သူ့ကို မဆို ကြိုက်နိုင်တယ်”
“ဒါလည်း ဟုတ်တာပဲ။ ဒီကလေးက လူတွေကို ဒေါသထွက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိတယ်။ ငါတောင်မှ တစ်ခါလောက် သူ့ကို ရိုက်ပစ်ချင်တယ်” အင်ပါယာရှားက ပြုံးလျက်ပြောသည်… “သူက သွားချင်မှတော့ သွားပါစေ။ သူနဲ့ အဆက်အသွယ် လုပ်စရာလည်း မလိုဘူး။ အနာဂတ်မှာ သမီးကို ဘယ်သူမှ စိတ်အနှောင့်အယှက် ပေးတော့မှာ မဟုတ်ဘူး”
“…” ရှားရှင်းယွန်က သူမ၏အဖေအား ကြည့်ကာ ဆွံ့အရသည်။
“သမီးက အဖေ့ကို ဘာလို့ ဒီလို ကြည့်နေရတာလဲ” အင်ပါယာရှားက ပြုံးသည်။
“သူ့စရိုက်က တော်တော်ဆိုးတယ် ဆိုပေမဲ ပါရမီကတော့ ခြွင်းချက်မရှိ ကောင်းတယ်။ အဖေ့ရဲ့ လျှို့ဝှက်သက်တော်စောင့် တစ်ယောက်လောက်တော့ လွှတ်ပြီးတော့ သူ့ကို ကာကွယ်သင့်တယ်” ရှားရှင်းယွန်က ပြောသည်။
“သူက သေချင်နေမှတော့ ဘာလုပ်မှာလဲ … ထားလိုက်” အင်ပါယာရှားက ပြောသည်။
ရှားရှင်းယွန်က အင်ပါယာရှားအား ဒေါသတကြီး ကြည့်ကာ ပြောသည် … “အဖေ့သဘောပဲ”
သူမက နောက်လှည့်ကာ ထွက်သွားသည်။
“တစ်စုံ တစ်ယောက်ကတော့ စိတ်မပါဘဲ ပြောနေပြီ” အင်ပါယာရှားက ပြုံးသည်။ သူမက ဘာမှ မပြောဘဲ ထွက်ခွာသွားခဲ့၏။
အင်ပါယာရှားက ပြုံးကာ အဝေးသို့ ကြည့်သည်။ သည်ကောင်လေးကား အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းပေသည်။
***
ရီဖူရှင်းတစ်ယောက် ကော့တေးတောင်ကုန်း၏ အနောက်ဘက်တွင် လေ့ကျင့်နေခဲ့သည်။
ရီဖူရှင်း၏ တစ်ကိုယ်လုံးအား ဓားအသိများ စီးဆင်းနေ၏။ ဓားအသိများနှင့်အတူ မီးတောက်များ ထွက်ပေါ်လာကာ နောက်ဆုံးတွင် ဓားတစ်လက်အဖြစ် ပြောင်းလဲ သွားတော့သည်။ တစ်ဖက်တွင် ဓားအသိသည် အလွန်တရာ အေးစက်သော အငွေ့အသက်များအား ပေးပြီး သူ့ရှေ့တွင် နောက်ထပ် ဓားတစ်လက် ဖြစ်ပေါ်လာသည်။
တတိယဓားကား ဓားမုန်တိုင်း ဖြစ်သည်။
စတုတ္ထိဓားသည် ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်နိုင်စွမ်းသော ကြယ်တာရာဓား ဖြစ်သည်။
ပဉ္စမဓားသည် မရေမတွက်နိုင်သော ဓားများအဖြစ် ပြောင်းလဲနိုင်စွမ်းသော အမှုန်အမွှားဓား ဖြစ်သည်။
ဆဋ္ဌမဓားသည် လျှပ်စီးဓားဖြစ်၏။
သတ္တမဓားသည် သဏ္ဌာန်မဲ့ဓားဖြစ်သည်။
အဋ္ဌမဓားသည် လေဟာနယ်ဓားဖြစ်၏။
ဓားရှစ်လက်သည် ကွဲပြားခြားနားသော ဓားအသိများအား ထုတ်လွှတ်နေကြ၏။ ရီဖူရှင်း၏ မျက်လုံးများက ဓားအသိများ လင်းလက်နေခဲ့ကာ ဓားရှစ်လက်သည် သူ့အား စက်ဝိုင်းပုံစံဖြင့် လှည့်ပတ် ပျံသန်းကြသည်။
ရီဖူရှင်းသည် ရွှေကြာပန်းနန်းဆောင်၌ ထိုက်စွမ်းဓားပညာသာ မဟုတ်ဘဲ တခြားသော ဓားပညာ အများအပြားကိုလည်း လေ့လာဆင်ခြင်ခဲ့သည်။ သူလေ့ကျင့်သည်ကား ဓာတ်သဘာဝ တစ်ခုစီအား ဓားအနှစ်သာရဖြင့် ပေါင်းစပ်ခြင်းဖြစ်သည်။
သူ၏ဓားပညာသည် တခြားဓားသမားများနှင့် မတူဘဲ တစ်မူထူးကဲနေ၏။
ရာရာ သူ့အား နောက်မှ ရပ်ကြည့်နေသည်။
သူမကား ရီဖူရှင်းကဲ့သို့သော တန်ခိုးရှင်ကို တစ်ခါမှ မတွေ့ဖူးပေ။ သူကား မည်သည့် ပညာရပ်ကိုမဆို အလွယ် နားလည်တတ်ကျွမ်းနိုင်ဟန် ရသည်။
ယခုတွင် ရီဖူရှင်းသည် ဓားသမားဖြစ်ကြောင်း မည်သူမှ သံသယဖြစ်မည် မဟုတ်ပေ။
ထို့အပြင် သူသည် ပုံမှန်ဓားသမားများထက် အဆများစွာ အစွမ်းထက်ပေသေး၏။
ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် ဓားများသည် အဝေးမှ တောင်ကုန်း တစ်နေရာအား သွားရောက်ထိမှန်သည်။
သူ့ထံမှ ဓားအသိများလည်း ကွယ်ပျောက်သွားကြ၏။ သူ၏လေ့ကျင့်မှု အနေအထားမှာ မဆိုးပေ။ သူက ရွှမ်ယွင်ခြေသိုင်းနှင့် ဟွမ်ချန် လက်သီးသိုင်းတို့ကိုလည်း ပေါင်းစပ်နိုင်ပါက ပိုမို အားကောင်းလာနိုင်မည်ဟု တွေးမိသည်။ ဤနည်းဖြင့် သူသည် ယခင် မူပိုင်ပညာရပ်များကို အသုံးမပြုလျှင်ပင် ရှန့်ထိုအဆင့်အောက်၌ ပြိုင်ဘက်ကင်း နိုင်ပေသည်။
“နင်က ကိုယ်ရောင်ကိုယ်ဝါကိုလည်း ပြောင်းတယ်။ ဓားပညာကိုလည်း လေ့ကျင့်တယ်။ ဘာတွေ လုပ်နေတာလဲ” ရာရာက မေးသည်။ ရီဖူရှင်းကဲ့သို့ လုပ်သူ အနည်းငယ်မျှသာ ရှိပေသည်။ သူက ထိုသို့လုပ်ရသည့် အကြောင်းပြချက် ရှိရပေမည်။
“ရာရာ … ငါ အချိန်တစ်ခုကြာ ထွက်သွားရမယ်။ ကော့တေးကို ငါ့အတွက် ဂရုစိုက်ပေးပါ” ရီဖူရှင်းက ပြောသည်။
“နင် ဘယ်ကို သွားမှာလဲ” ရာရာက ထပ်မေးသည်။
“အဝေးတစ်နေရာ” ရီဖူရှင်းက ပြောသည် … “ငါက ရှန့်ထိုအဆင့်တက်ဖို့ဆို လေ့ကျင့်ရေးခရီး ထွက်ဖို့လိုတယ်”
“နင်က အင်ပါယာလီဘုံသို့ သွားမလို့ မဟုတ်ဘူးလား” ရာရာက ရီဖူရှင်း လုပ်လိုသည်ကို ချက်ချင်း နားလည်သည်။
“သိပ်အများကြီး မတွေးနဲ့ ကလေးမ …” ရီဖူရှင်းက လက်ဆန့်တန်းကာ ရာရာ၏ခေါင်းကို ပွတ်သည်။
ရာရာက သူ့အား ဒေါသတကြီး ကြည့်ကာ မေးသည် … “နင်က ရုပ်ပြောင်းရုပ်လွှဲပညာကို လေ့ကျင့်ပြီးပြီလား”
“အမှန်ပဲ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏ရုပ်သွင်က ပြောနေရင်းနှင့်ပင် ပြောင်းလဲသွား၏။ သူကား ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားသည့်ပုံဟန်ပင် မရှိပေ။ သူက နောက်တစ်ယောက် အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။
“မင်း ဘယ်လိုထင်လဲ” ရီဖူရှင်း မူလရုပ်သွင်သို့ ပြောင်းကာ မေးသည်။
“နင်က အားလုံးကို ပြောင်းလဲပြီး ဟန်ဆောင် နိုင်ရင်တောင်မှ လီယောင်ကို သတ်ပြီးတော့ ထွက်ပြေး လွတ်မြောက်နိုင်မယ်လို့ ထင်လား” ရာရာက မေးသည်။
“ငါက လီယောင်ကို သတ်ဖို့ သွားတယ်လို့ ဘယ်သူက ပြောလဲ” ရီဖူရှင်းက ပြုံးလျက်ပြောသည် … “ငါက အင်ပါယာလီဘုံကို သွားလေ့ကျင့်တာပဲ ရှိတာ … စိတ်အေးအေး ထားပါ”
ရာရာ၏မျက်လုံးများက ယုံကြည်ဟန် မရှိပေ။ အင်ပါယာလီဘုံသို့ သွားလေ့ကျင့်သည်လား။ မည်သူက ယုံကြည်မည်နည်း။
သို့သော်လည်း ရီဖူရှင်းက ဆုံးဖြတ်ပြီးမှတော့ သူမက ပြော၍ ရမည် မဟုတ်သည်ကို သိသည်။
“နောက်အကြောင်းအရာတွေကိုပဲ ပြောရအောင် … မနက်ဖြန်က နှစ်သစ်ကူးနေ့ပဲ။ အားလုံးအတူတူ စားသောက်ကြရအောင်” ရီဖူရှင်းက ပြောကာ သူမနှင့်အတူ တောင်ပေါ်သို့ လျှောက်လာခဲ့သည်။
သိမ်းငှက်နက်က ရီဖူရှင်းရှိရာသို့ အတောင်ပံကို တဖျတ်ဖျတ် ခတ်လျက် ရောက်လာကာ အဝေးမှပင် လှမ်းပြောသည် … “နှစ်သစ်ကူးနေ့မှာ ဘာတွေ စားရမှာလဲ … အသားကင်လား …”
“သိမ်းငှက်ကင် …” ရီဖူရှင်းက ငှက်ကို ကြည့်ကာ ပြောသည် … “ဟေး … ငှက်စုတ် … မင်းကြည့်ရတာ ဝလာသလိုပဲ။ ငါတို့ အသားနည်းနည်း ဖဲ့ယူရင် ကောင်းမလား”
သိမ်းငှက်သည် ရုတ်တရက် တုန်သွားကာ ရီဖူရှင်းအား သနားစဖွယ် ကြည့်သည်။
***