Switch Mode

အခန်း ( ၈၅ )

အကြိတ်အနယ်ပြိုင်ပွဲ

ကျောက်ယမုန့် စတင်လှုပ်ရှားလိုက်သည့် အချိန်မှာပင် ဝမ်ပေါင်လဲ့အား ဝန်းရံနေခဲ့သော ဝိညာဉ်ချီ မန္တန်အစီအရင်ကြီးမှာ စတင်၍ ယိမ်းထိုးလာ၏။ ထို မန္တန်အစီအရင်ကြီး ထိုကဲ့သို့ ရွေ့လျားလာသောအခါ ဝမ်ပေါင်လဲ့ ရှာတွေ့ခဲ့သည့် ဟာကွက်ငါးကွက်မှာ စတင်၍ မှုန်ဝါးလာပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

ထိုမန္တန်အစီအရင်ကြီးမှာ လည်ပတ်နေရင်း ဝိညာဉ်ချီများကို စုပ်ယူနေသောကြောင့် အရပ်မျက်နှာအနှံ့တွင် ဖိအားတစ်မျိုး ပေါ်ထွက်လာသည်။ ထိုဖိနှိပ်အားမှာ လည်ပတ်ရင်းဖြင့် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ဝမ်ပေါင်လဲ့၏ ရှေ့သို့ တလိမ့်လိမ့် ရောက်ရှိလာ၏။

ဝမ်ပေါင်လဲ့မှာမူ မျက်မှောင်ကြုတ်လိုက်ပြီး ညာလက်ကိုမြောက်၍ အင်္ကျီလက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းလည်ဆွဲတစ်ခုကို ချက်ချင်းပင် ထုတ်ယူလိုက်သည်။ ဝိညာဉ်အင်အားများမှာ ထိုကျောက်စိမ်းလည်ဆွဲထဲသို့ ဝင်ရောက်သွားကြသောအခါ ၎င်းထံမှ ခရမ်းရောင် အလင်းတစ်ခု ပေါ်ထွက်လာပြီး ခရမ်းရောင် နဂါးငယ်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနဂါးလေးမှာ အသံတိတ် အော်ဟစ်မြည်တမ်း၍ ဘေးပတ်ပတ်လည်တွင် ရှိနေကြသော ဖိအားများကို ပြန်လည်တွန်းလှန်လိုက်၏။

” အထဲကနေ ရအောင် ဖောက်ထွက်ဖို့က ခက်ခဲနေမှာဆိုတော့ သူ့ရဲ့အားကိုပဲ ပြန်ပြီး အသုံးချရတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးလိုက်ပြီး ညာလက်ကို မြှောက်လိုက်သောအခါ သက်တန့်ရောင် ဝိညာဉ်ကျောက်တုံးတစ်တုံး ချက်ချင်းပင် ပေါ်လာ၏။

သူသည် ခေါင်းငုံ့၍ မန္တန်အစီအရင်ထဲမှ ပျံ့လွင့်လာသော ဖိနှိပ်အားများကို လျစ်လျူရှုကာ ထို ဝိညာဉ်ကျောက်တုံးပေါ်တွင် ကမ္ဗည်းစာလုံးများကို စတင်ရေးထိုးနေလိုက်တော့သည်။ သူ၏ လုပ်ရပ်များကြောင့် ပရိတ်သတ်များမှာ မှင်တက်သွားကြပြီး သူ့အား တအံ့တဩ ငေးကြည့်နေကြတော့သည်။

” ဝမ်ပေါင်လဲ့က ကမ္ဗည်းစာလုံးတွေ ရေးထိုးနေတာလား ”

” ဘာအဓိပ္ပါယ်လဲကွ။ သူက ဓမ္မအဆောင်‌တွေ ဖန်တီးဖို့များ တွေးနေတာလား။ လက်ရှိအခြေအနေနဲ့ သူ အများဆုံး ဖန်တီးနိုင်မှာဆိုလို့ ဝိညာဉ်အမြုတေတွေပဲ ရှိတယ်လေ။ ဝိညာဉ်အမြုတေတွေက အဲဒီ မန္တန်အစီအရင်ကြီးကို ဖျက်ဆီးနိုင်လို့လား ”

ကျောင်းသားများမှာ အပြန်အလှန် ဆွေးနွေးငြင်းခုံနေကြစဉ် ပါမောက္ခကြီးနှင့် အခြားဌာနမှလူများမှာ အထင်ကြီးအံ့ဩနေကြတော့သည်။ ဆရာမုတ်ဆိတ်မှာ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြီး မျက်လုံးများ ဝင်းလက်ကာ ပြုံးနေ၏။ မန္တန်အစီအရင်ဌာနမှ ဌာနမှူးကမူ စိုးရိမ်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်နေ၏။

ကျောက်ယမုန့်မှာ သူမ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် သူမ၏ လက်များကို ဝှေ့ယမ်းကာ နောက်ထပ် မန္တန်အစီအရင်များကို ဖန်တီးလိုက်ပြန်သည်။ ၎င်းမှာ သူမ၏ တတိယမြောက် တိုက်ကွက်ဖြစ်၏။ သို့သော် ထိုအခိုက်အတန့်တွင် မန္တန်အစီအရင်ထဲ၌ ပိတ်မိနေခဲ့သော ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာ၏။ ယခုတွင် သူ၏ လက်ထဲမှ သက်တံ့ ဝိညာဉ်ကျောက်တုံးပေါ်၌ ကမ္ဗည်းစာလုံးများစွာ ရှိနေပြီဖြစ်သည်။ အချိန်တိုလေးအတွင်း သူသည် ကမ္ဗည်းစာလုံးရေ သုံးထောင်ကျော်ကို ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို ကမ္ဗည်းစာလုံးများကို ကြုံရာကျပန်း ရေးထိုးထားခြင်း မဟုတ်ပေ။ ထို တစ်လုံးချင်းစီတိုင်းမှာ ဝိညာဉ်ချီ စုစည်းခြင်းနှင့် ပတ်သက်သော စာလုံးများဖြစ်သည်။ အတိအကျ ဆိုရမည်ဆိုလျှင် ၎င်းကို ဝမ်ပေါင်လဲ့ ဖန်တီးထားသော ရိုးရှင်းသည့် ဝိညာဉ်အမြုတေတစ်ခုဟု သတ်မှတ်နိုင်သည်။

ထို ဝိညာဉ်အမြုတေမှာ မည်သည့်ဓမ္မအဆောင်ကိုမှ ဖန်တီးနိုင်စွမ်းမရှိပေ။ ၎င်း၏ တစ်ခုတည်းသော အသုံးမှာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီအားလုံးကို စုစည်းရန်သာ ဖြစ်သည်။ ထို့အပြင် တစ်လုံးပေါ်တစ်လုံး ထပ်နေသည့် ကမ္ဗည်းစာလုံး အရေအတွက် သုံးထောင်ကျော် ရှိနေသည်ဖြစ်ရာ ဝိညာဉ်ချီ စုစည်းနိုင်စွမ်းမှာ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ထို ဝိညာဉ်အမြုတေမှာ တစ်ကြိမ်ခန့် အသုံးပြုပြီးရုံနှင့် ပျက်စီးသွားမည်ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ထိုတစ်ကြိမ်နှင့်ပင် လုံလောက်၏။

” စတင်စေ ”
ဝမ်ပေါင်လဲ့က လေသံတိုးတိုးနှင့် အမိန့်ပေးလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို ကြမ်းပြင်ပေါ်သို့ ဖိချလိုက်၏။ မည်သည့် အကျိုးဆက်နှင့် ကြုံရကြုံရ သူသည် ထိုကျောက်တုံး တစ်စစီ ပျက်စီးသွားလျှင်တောင် ၎င်းအား အသုံးချကာ ဖိနှိပ်ထားသော ဝိညာဉ်ချီအားလုံးကို ထုတ်လွှတ်ရန် ကြံရွယ်ထား၏။ ထို့နောက် ကျောက်တုံးပေါ်ရှိ ကမ္ဗည်းစာလုံးများကို နှိုးဆွကာ ထိုဝိညာဉ်ချီများကို အတတ်နိုင်ဆုံး အဝေးဆုံးအထိ ပျံ့လွင့်သွားအောင် လုပ်လိုက်မည် ဖြစ်သည်။

ထိုအချိန်တွင် ထိုဝိညာဉ်ကျောက်တုံးထဲမှ သက်တံ့ရောင် အလင်းတန်းတစ်တန်း ခေတ္တမျှ ထိုးထွက်လာ၏။ ကျောက်တုံးပေါ်ရှိ ကမ္ဗည်းစာလုံးများမှာလည်း စူးရှတောက်ပနေသည်ဖြစ်ပြီး အားပြင်းသော စုပ်အားတစ်မျိုးအသွင် ပြောင်းလဲသွား၏။ ထို စုပ်အားများမှာ အသံအကျယ်ကြီးမြည်ဟည်းကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မန္တန်အစီအရင်ကြီးကို ဖြတ်ကာ ပြင်ပကမ္ဘာထဲသို့ ရောက်ရှိသွားကြသည်။

ချက်ချင်းဆိုသလိုပင် ထိုတိုက်ခိုက်ရေးကွင်းကြီး တစ်ခုလုံး ဧရာမဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး သိုင်းပညာတောင်ထိပ်အား ဝန်းရံနေသည့် ဝိညာဉ်ချီအားလုံးကို စုပ်ယူလိုက်တော့သည်။

ထိုဝဲကြီး၏နောက်တွင် ပြင်းထန်သော တုန်ရီမှုများလည်း ပေါ်ထွက်လာ၏။ အရပ်မျက်နှာအနှံ့မှ ဝိညာဉ်ချီများမှာ တိုက်ခိုက်ရေးကွင်းထဲရှိ ဝဲကြီးဆီသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာကြသည်။ ဝမ်ပေါင်လဲ့မှာ ဝဲကြီးထဲတွင် ရှိနေပါသော်လည်း ဝိညာဉ်ချီမန္တန်အစီအရင်ကြီးလည်း ရှိနေသေးသည်။

ဝမ်ပေါင်လဲ့အား ဝန်းရံနေသည့် ဝိညာဉ်ချီမန္တန်အစီအရင်ကြီးမှာ ထိုအရပ်မျက်နှာ အနှံ့မှ အရှိန်အဟုန်ဖြင့် စီးဝင်လာကြသော ဝိညာဉ်ချီများ၏ ပြင်းအားကို အတိုင်းတာတခုအထိ ကာကွယ်ပေးနေသော ဒိုင်းကာတစ်ခုကဲ့သို့ ဖြစ်နေ၏။ ၎င်းမှာ အရှိန်အဟုန်ဖြင့် ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကို ခုခံနေရသည့် လှိုင်းကာနံရံတစ်ခုကဲ့သို့ပင်။ ထို့ကြောင့် ၎င်းမှာ တောင့်တင်းခိုင်မာမှု မည်မျှပင် ရှိနေစေကာမူ အားပြင်းသော လှိုင်းလုံးကြီးများ၏ဒဏ်ကို တောင့်ခံနိုင်စွမ်း မရှိပေ။

ထိုအခါမှသာ ပရိသတ်များမှာ အခြေအနေများကို ရိပ်စားမိသွားကြပြီး ပင့်သက်များ ရှိုက်သွားကြတော့သည်။

” ဝမ်ပေါင်လဲ့က အပြင်ကို ထွက်လာနေပြီဟ ”

” သူက အပြင်ကို ထွက်လာနိုင်အောင်လို့ ဝိညာဉ်ချီတွေ စုဆောင်းနိုင်တဲ့ ကမ္ဗည်းစာလုံးတွေ အပြည့်ထိုးထားတဲ့ ဝိညာဉ်အမြုတေတစ်ခုကို ဖန်တီးပြီးတော့ အဲဒီစွမ်းအင်ကို အသုံးပြုပြီး မန္တန်အစီအရင်ကြီးကို တစ်စစီဖောက်ခွဲလိုက်တာ‌ပဲ ”

” တော်တော်ကို ဖြတ်ထိုးဉာဏ်ကောင်းတာပဲကွ။ သူ ဘယ်လိုလုပ်ပြီးတော့ အဲဒီနည်းလမ်းကို စဉ်းစားမိသွားတာလဲ ”

ပါမောက္ခကြီးမှာလည်း သဘောကျနေပြီး သူ၏မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့အား ချီးကျူးနေသည့် အရိပ်အယောင်များကို မြင်နိုင်သည်။ ဆရာမုတ်ဆိတ်မှာမူ ဟက်ဟက်ပက်ပက် ရယ်မောနေပြီး မန္တန်အစီအရင်ဌာနမှ ဌာနမှူး၏ အမူအရာမှာမူ အရုပ်ဆိုးနေ၏။

အမှန်တွင် ဝမ်ပေါင်လဲ့ ထိုနည်းလမ်းကို အတိအကျ စဉ်းစားနိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူ၏ ဝါးမျိုခြင်းသစ်စေ့ကြောင့် ဖြစ်သည်။ သူသည် ဝါးမျိုခြင်းသစ်စေ့၏ အစွမ်းများကို ထုတ်မပြချင်သောကြောင့်သာ ထိုမန္တန်အစီအရင်ကြီးကို ဖျက်ဆီးရန်အတွက် ယခုလို ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ခဲ့ရခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်များမှာ နှေးကွေးသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင်မူ ဝမ်ပေါင်လဲ့ ဝိညာဉ်ကျောက်တုံးကို ဖိချလိုက်သည့် အခိုက်အတန့်နှင့် ဝိညာဉ်ချီများ လှိုင်းလုံးများကဲ့သို့ ပေါက်ကွဲထွက်လာသည့် အခိုက်အတန့်ကြားရှိ ကုန်ဆုံးသွားသောအချိန်မှာ အလွန် တိုတောင်း၏။ ထိုအချိန်တွင် တိုက်ခိုက်ရေးကွင်းထဲတွင် ရပ်နေသော ကျောက်ယမုန့်၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားရတော့သည်။ သူမသည် ထိုအခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိလောက်အောင် နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး သူမသည် နောက်သို့ဆုတ်သွားရသည်။

သူမ နောက်သို့ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် မြေကြီးကိုပင် ကွဲအက်သွားစေနိုင်သော ဟိန်းသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာ၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများမှာ မန္တန်အစီအရင်ကြီးက ဖန်တီးထား‌သည့် အတားအဆီးများကို လှိုင်းထန်နေသော သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့အား ဝန်းရံထားသည့် မန္တန်အစီအရင်ကြီးမှာ တစ်လွှာပြီးတစ်လွှာ ပျက်စီးလာပြီးနောက် နောက်ဆုံးတွင် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ချက်ချင်းပင် ပျက်စီးသွားရတော့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ အပြင်သို့ ထိုးထွက်လာ၏။

သူ၏ နောက်တွင်မူ ဝိညာဉ်ချီများမှာ ဖိနှိပ်ခံထားရခြင်း မရှိတော့သောကြောင့် သက်တံ့ရောင် ဝိညာဉ်ကျောက်တုံးထဲသို့ စုပ်ယူခံလိုက်ရ၏။ ထို ဝိညာဉ်ကျောက်တုံးမှာ အစွမ်းထက်သော စုပ်အားများကို ပိုင်ဆိုင်ထားပါသော်လည်း ၎င်းတို့၏ ပြင်းအားကို အချိန်အကြာကြီး တောင့်ခံနိုင်စွမ်းမရှိပေ။ ၎င်းတွင် စုပ်ယူခြင်း ဂုဏ်သတ္တိတစ်ခုသာ ပါသည် မဟုတ်ပါလော။ ထို့ကြောင့် နောက်ဆုံးတွင် ၎င်းမှာလည်း ပျက်စီးသွားရတော့သည်။

ထို့ကြောင့် အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွားပြီး တိုက်ခိုက်ရေကွင်းထဲရှိ မြေကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွား၏။ ဝမ်ပေါင်လဲ့ကမူ သူ၏ ခုခံမှုပစ္စည်းအားလုံးကို သူ၏ ပတ်ပတ်လည်တွင် အသုံးပြုလိုက်ပြီး သက်တံ့ရောင်ဝိညာဉ်ကျောက်တုံးဆီမှ ပေါက်ကွဲထွက်လာသော အားကို အသုံးပြုကာ သူ၏ အမြန်နှုန်းကို နှစ်ဆမြှင့်တင်လိုက်၏။ ထို့နောက် သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ကျောက်ယမုန့်ဆီသို့ အလျင်အမြန် ဦးတည်သွားလိုက်ပြီး သူ၏ ညာလက်သီးဖြင့် အားပြင်းစွာ ထိုးနှက်လိုက်တော့သည်။

မန္တန်အစီအရင်ကြီး ပျက်စီးရာမှ ထွက်ပေါ်လာသော အားများပါ ပါဝင်နေသည်ဖြစ်ရာ ထို တန်ပြန်တိုက်ကွက်၏ အမြန်နှုန်းမှာ ကျောင်းသားများ ထင်ထားသည်ထက်ပင် အဆပေါင်းများစွာပို၍ မြန်ဆန်နေ၏။

ကျောက်ယမုန့်မှာမူ အလွန် တုန်လှုပ်ချောက်ချားသွားသည်။ သူမက နောက်ဘက်သို့ ပျံထွက်သွားပြီး မန္တန်လက်ကွက်များကို ဖော်လိုက်၏။ ထိုအခါ သူမ၏ရှေ့တွင် မန္တန်အစီအရင် အလွှာပေါင်းများစွာ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ လက်သီးကို တားဆီးပိတ်ဆို့လိုက်သည်။

အုန်း

ကျောက်ယမုန့်၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ မန္တန်အစီအရင်များက ထိုပြင်းအားများကို တားဆီးပေးလိုက်သောကြောင့် သူမမှာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် လွတ်ထွက်လာပြီးနောက် အငိုက်ဖမ်း၍ ထိုးနှက်ခဲ့သည့် လက်သီးချက်ကို အောင်မြင်စွာ ရှောင်တိမ်းသွားနိုင်ခဲ့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာလည်း တိုက်ပွဲအတွေ့အကြုံ ရင့်သန်နေသူတစ်‌ယောက် မဟုတ်ပါလော။ ထို့ကြောင့် ကျောက်ယမုန့် ငုံ့ရှောင်လိုက်သည်အချိန်တွင် သူ၏ဘေးရှိ ခရမ်းရောင် နဂါးငယ်လေးမှာ ဟိန်းဟောက်ကာ ကျောက်ယမုန့်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာ၏။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ သိုလှောင်လက်ကောက်မှာ ဖျတ်ခနဲလက်သွားပြီး ဒါဇင်ပေါင်းများစွာသော ဓားပျံများ ထွက်ပေါ်လာကာ ကျောက်ယမုန့်ဆီသို့ ဦးတည်လာပြန်သည်။

ထိုဓားပျံများမှာ မြန်ဆန်ပြီး အလွန် ချွန်ထက်နေသောကြောင့် လေကိုထိုးခွင်း၍ ပျံသန်းသွားသောအခါ စူးရှသောအသံများ ထွက်ပေါ်လာ၏။

ကျောက်ယမုန့်မှာမူ အသက်ရှူသံများ မြန်နေပြီဖြစ်သည်။ သူမသည် ဓားပျံများကို သိပ်၍ဂရုမစိုက်ပေ။ သို့သော် ခရမ်းရောင်နဂါးငယ်လေး ပေါ်ပေါက်လာမှုကြောင့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူမသည် ချက်ချင်းဆိုသလိုပင် လက်ဝါးနှစ်ဖက်ကိုပူး၍ ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို စုပ်ယူကာစုစည်းလိုက်၏။ ထိုအခါ ဝိညာဉ်ချီများမှာ မျက်လုံးဖြင့် မမြင်နိုင်သော ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ထို ခရမ်းရောင် နဂါးငယ်လေးကို ရိုက်နှက်လိုက်၏။

ထို့ကြောင့် အသံများ မြည်ဟည်းသွားပြီး ခရမ်းရောင် နဂါးငယ်လေးမှာ ဓားပျံများနှင့်အတူ လွင့်စင်သွားတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အရောင်လက်သွား၏။ သူသည် ညာလက်ကို ဆန့်ထုတ်ကာ အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားသော ဓားပျံများကို လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထိုဓားပျံများမှာ ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်သို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားသည့်အလား ချက်ချင်းဆိုသလိုပင် တုန်ရီသွား၏။ ၎င်းတို့မှာ ရပ်တန့်သွားကြပြီး နောက်သို့ပြန်လှည့်လာကာ ကျောက်ယမုန့်ဆီသို့ တည့်မတ်စွာ ဦးတည်ပျံသန်းလာကြတော့သည်။

ထိုအခြင်းအရာအားလုံးကြောင့် ကျောက်ယမုန့်မှာ အံ့ဩတုန်လှုပ်ကာ ကြက်သေသေသွားပြီး သူမ၏အမူအရာမှာလည်း ပြောင်းလဲသွား၏။ ပရိတ်သတ်များအပြင် ဆရာများ၊ ဌာနမှူးများနှင့် ပါမောက္ခကြီးတို့ပင် အံ့ဩမှင်တက်ကာ ဆွံ့အနေကြရတော့သည်။

” ဓားထိန်းချုပ်အတတ်ပါလား။ သူက ဓားထိန်းချုပ်အတတ်ကို အသုံးပြုပြီးတော့ အဲဒီဓားပျံတွေကို ထိန်းချုပ်နေတာပဲ ”

” ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ ရှေးဟောင်းသိုင်းအဆင့်မှာ အများဆုံး ဓားပျံတစ်လက်ကိုပဲ ထိန်းချုပ်နိုင်စွမ်းရှိတာလေ။ ဒီလောက် ဒါဇင်အများကြီးရှိတဲ့ ဓားပျံတွေကို ထိန်းချုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ”

ပရိတ်သတ်များမှာ အံ့ဩတုန်လှုပ်နေကြစဉ် ကျောက်ယမုန့်မှာမူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။ သူမ၏ ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့ခြင်း ဖြစ်၏။ အန္တရာယ်ပြုနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု သူမ ထင်မှတ်ထားခဲ့သော ဓားပျံများမှာ အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်နေသည်။ ဝမ်ပေါင်လဲ့က ထိုဓားပျံများအား ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်း ရှိနေမည့် အချက်ကို သူမ လုံးဝ မတွေးထားမိပေ။

ရှေးဟောင်းသိုင်းအဆင့်တွင်ရှိသော ဝါရင့်သိုင်းသမားတစ်ယောက်က ဓားပျံတစ်လက်တည်းကို ထိန်းချုပ်လျှင်တောင် ၎င်း၏ လမ်းကြောင်းကို ဆန္ဒရှိသလို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဓားပျံပေါင်း ဒါဇင်များစွာ ဆိုလျှင်မူ အမြင့်ဆုံး လုပ်နိုင်မည့် အဆင့်မှာ ၎င်းတို့ကို အသက်ဝင်လာအောင် လုပ်ပြီး မျဉ်းဖြောင့်အတိုင်း ပျံသန်းသွားအောင် စေလွှတ်နိုင်ခြင်းသာ ဖြစ်သည်။

ထိုကဲ့သို့ သေရေးရှင်ရေး ဖြစ်နေသည့် အခိုက်အတန့်တွင် ပါမောက္ခကြီးနှင့် အခြား ရာထူးအကြီးပိုင်းမှ လူများမှာ တိုက်ပွဲကိုရပ်တန့်ရန် ရှေ့သို့ လှမ်းလာကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ကျောက်ယမုန့်၏ မျက်လုံးနှစ်လုံးထဲ၌ ကျောက်မျက်ရတနာတစ်ပါးကဲ့သို့ အပြာရောင် အလင်းတန်းတစ်တန်း လင်းလက်တောက်ပလာ၏။ ထိုမျက်လုံးများထဲမှ ချောက်ချားဖွယ်ရာ အငွေ့အသက်တစ်မျိုး ပျံ့လွင့်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်တုန်လှုပ်သွားရသည်။

ထိုအခိုက်အတန့်တွင် ဘေးပတ်ပတ်လည်၌ ရစ်ဝဲနေကြသော မျက်လုံးဖြင့် မမြင်နိုင်သည့် ဝိညာဉ်ချီများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။ ထို့နောက် ကျောက်ယမုန့်အား ဗဟိုချက်အဖြစ် သဘောထားကာ လေမုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ဓားပျံများမှာ နောက်ထပ်တစ်ကြိမ် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကာ ကျောက်ယမုန့် ပေါ်ထွက်လာ၏။ သူမသည် လေမုန်တိုင်းကြီး၏ အားကို အသုံးပြုကာ ဝမ်ပေါင်လဲ့ဆီသို့ အမြန်ဆုံးနည်းဖြင့် ချဉ်းကပ်လာသည်။

ထို့နောက် သူမသည် မန္တန်လက်ကွက်များ ဖော်လိုက်သောကြောင့် ဝိညာဉ်ချီလေမုန်တိုင်းကြီးမှာ မန္တန်အစီအရင်များစွာအသွင် ခံ့ညားထည်ဝါစွာ ထပ်မံပြောင်းလဲသွားသည်။

ဝမ်ပေါင်လဲ့မှာမူ အသက်ရှူသံများပင် ရပ်တန့်သွားသည်။ ဘေးပတ်ပတ်လည်မှ ကျောင်းသားများမှာ လေမုန်တိုင်းကြီးကိုဖြစ်စေ၊ မန္တန်အစီအရင်များကိုဖြစ်စေ လုံးဝမမြင်ရပေ။ သူတို့က ၎င်းတို့ကို ခံစားမိပါသော်လည်း သိသာထင်ရှားနေခြင်း မရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ၎င်းတို့ကို ရှင်းလင်းပြတ်သားစွာ ခံစားနေရ၏။ သူသည် ၎င်းတို့ကို မျက်လုံးဖြင့် မမြင်နိုင်သည့်တိုင်အောင် သူ၏ ဝိညာဉ်ချီ အာရုံခံနိုင်စွမ်းများကြောင့် ထိုမြင်ကွင်းကြီးကို သူ၏အတွေးထဲတွင် အတိအကျ ပုံဖော်နိုင်စွမ်းရှိနေ၏။

သူ၏ အတွေးထဲရှိ ထိုပုံရိပ်ထဲတွင် ကျောက်ယမုန့်၏ ဝိညာဉ်ချီလေမုန်တိုင်းကြီးမှာ ဝုန်းဒိုင်းကျဲနေ၏။ မန္တန်အစီအရင် မြောက်မြားစွာလည်း ပေါ်ပေါက်လာနေပြီး ၎င်းတို့မှာ ကျောက်ယမုန့်နှင့်အတူ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြသည်။

ကျောက်ယမုန့်၏ မျက်ဝန်းများထဲရှိ အပြာရောင် အလင်းများမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။ သူမသည် အသိစိတ် မရှိတော့သည့်အလား ဖြစ်နေပြီး ယခင်ကထက်ပင် ပို၍ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။

ထို သေရေးရှင်ရေး အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာလည်း စိတ်ပိုင်းဖြတ်လိုက်၏။ အစပိုင်းတွင် သူသည် ဝါးမျိုခြင်းသစ်စေ့ကို သေရေးရှင်ရေး တိုက်ပွဲများမှလွဲ၍ အခြားအချိန်များတွင် ထုတ်မသုံးရန် ဆုံးဖြတ်ထားပါသော်လည်း ယခုတွင်မူ ၎င်းကို အသုံးပြုရန် လိုအပ်လာပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ တိုက်ကွက်ကိုထုတ်ရန် ပြင်လိုက်စဉ်မှာပင် ပါမောက္ခကြီး ပေါ်လာပြီး ညာလက်ကို‌မြှောက်ကာ ကျောက်ယမုန့်ဖန်တီးထားသည့် အရာထက် ပို၍အားပြင်းသော ဖိအားတစ်မျိုးကို ဆင့်ခေါ်လိုက်သည်။ ထိုအားကြောင့် ကျောက်ယမုန့်နှင့် ဝမ်ပေါင်လဲ့တို့မှာ ရောက်နေသည့်နေရာတွင် ရပ်တန့်သွားကြတော့သည်။

” ကောင်းပြီ။ ဒီပွဲက ဒီလောက်နဲ့ပဲ ပြီးပြီ ”

ထိုအခိုက်အတန့်တွင် မန္တန်အစီအရင်ဌာနမှ ဌာနမှူးနှင့် ဆရာမုတ်ဆိတ်တို့မှာ အလျင်အမြန် ရောက်လာကြ၏။ သူတို့က သူတို့၏ဌာနမှ ကျောင်းသားခေါင်းဆောင်များကို ချုပ်ကာ နောက်သို့ဆုတ်ခွာသွားကြသည်။

သူတို့ နောက်သို့ဆုတ်သွားသောအခါ ပါမောက္ခကြီးမှာ ညာလက်ကို ထပ်၍မြှောက်လိုက်ပြီး ဖိအားများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထိုအခါ ကျောက်ယမုန့်၏ မျက်လုံးများထဲရှိ အပြာရောင် အလင်းများမှာလည်း ပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလိုပင် သတိလစ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ဇောချွေးများပြန်လာ၏။ သူသည် ကျောက်ယမုန့်၏ မျက်လုံးများထဲရှိ အပြာရောင် အလင်းများကို ကြည့်ရင်း အလွန် ကြောက်ရွံ့တုန်လှုပ်နေ၏။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများပင် မတည်မငြိမ် ဖြစ်နေပြီဖြစ်သည်။ ကံကောင်းသည်မှာ ဝါးမျိုခြင်းသစ်စေ့က အနည်းငယ် လှုပ်ရှားသွားပြီး ထိုဝိညာဉ်ချီများကို ဖိနှိပ်ကာ တည်ငြိမ်သွားအောင် လုပ်လိုက်၏။

” ကျောက်ယမုန့်က ထိန်းချုပ်လို့မရတဲ့ လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုရင်း အသိစိတ် ပျောက်သွားခဲ့တာ။ သေရေးရှင်ရေး အခြေအနေမျိုးမဟုတ်ရင် အဲဒီ လျှို့ဝှက်အတတ်ကို ထုတ်မသုံးသင့်ဘူး။ ပါမောက္ခတစ်ယောက်အနေနဲ့ ဒီပွဲကို ဝမ်ပေါင်လဲ့ အနိုင်ရတယ်လို့ ကြေညာလိုက်တယ် ”

ထို့နောက် ပါမောက္ခကြီးက ဝမ်ပေါင်လဲ့ဘက်သို့လှည့်ကြည့်လိုက်၏။ သူ၏အကြည့်ထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များကို ခပ်ရေးရေး မြင်နိုင်၏။ သူသည် ဓားပျံများ၏ လျှို့ဝှက်ချက်ကို ခန့်မှန်းလိုက်ပြီး ၎င်းတို့မှာ သံလိုက်အား ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ သို့သော် ထိုသို့ ဖြစ်နေလျှင်တောင် ဝမ်ပေါင်လဲ့မှာ ယခင်အကြိမ်ကထက်ပင် ပို၍ သာလွန်နေပြီ ဖြစ်ပြီး သူ့အား နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့ပြန်ပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset