အပိုင်း (၁၀၉၃)

ကု့ချင်းဝိညာဉ်အား ဖျက်ဆီးခြင်း

ရှားရှင်းယွန်သည် ရီဖူရှင်း ရှိနေရာ ရှစ်လွှာသို့ ရောက်လာခဲ့သည်။ ရီဖူရှင်းသည် ထိုအခိုက်တွင် ဓားအသိများ ရစ်ပတ်လျက် ထိုင်နေသည်ကို မြင်သောအခါ သူမ၏မျက်လုံးများက နားမလည်ခြင်းများ၊ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့၏။

ရီဖူရှင်းနှင့်ပတ်သက်၍ သူမအဖေ၏ခန့်မှန်းမှုမှာ မှားယွင်းခြင်း မရှိပေ။ သူကား အမှန်တကယ် ထူးခြား ဆန်းကြယ်သော မျိုးရိုးမှ ဖြစ်ပေမည်။

ရီဖူရှင်း၏ သက်စောင့်ဟော်နန်းတွင် ရှိသော ကမ္ဘာသစ်ပင်တွင် ဓားတစ်လက် လှည့်ပတ် ပျံသန်းနေသည်။ ဓားအသိသည် ရီဖူရှင်းအတွက် ဓားဝိညာဉ် မွေးဖွားစေခဲ့၏။

ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်လျှင် ဓားအသိများ တဖျက်ဖျတ် လင်းလက်သွားသည်။ သူက နောက်လှည့်ကာ ရှားရှင်းယွန် ရပ်နေရာသို့ ကြည့်၏။

“ထိုက်စွမ်းဓားကျမ်းဟာ အရမ်းထူးဆန်းဖို့ ကောင်းပြီး‌တော့ နက်ရှိုင်းတယ်။ ငါ့ရဲ့ လောကပျက်သုဉ်းခြင်း ဓားကလည်း ထိုက်စွမ်းဓားပညာနဲ့ ပေါင်းစပ်ထားတာပဲ” ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်ပညာကား ရာရာကိုယ်တိုင်ကပင် ညွှန်းဆိုရသော ပညာဖြစ်ရာ သူက ကူးယူသွားရန် လိုပေသည်။ သူက ရွှေကြာပန်း နန်းဆောင်၌ ထပ်မံမရှာဖွေမီ ထိုက်စွမ်းဓားကျမ်းကို အတန်ကြာ ဆင်ခြင် လေ့လာနေခဲ့၏။

အတန်ကြာလျှင် သူက ထောင့်တစ်နေရာသို့ ရောက်လာခဲ့ပြီး စာအုပ်အချို့ကို လှန်လှော ကြည့်ရှုသည်။

“ဒီနေရာက စာအုပ်တွေဟာ သီးသန့်ဆန်တဲ့ ပညာရပ်တွေနဲ့ သက်စောင့်ဝိညာဉ်နဲ့ဆိုင်တဲ့ ကျင့်စဉ်တွေပဲ။ ဒါက တခြား ပညာရပ်တွေနဲ့ ပနံသိပ်မသင့်ဘူး။ ဒါတွေကို နင်က ကျင့်ကြံလို့ ရပေမဲ့ တော်ဝင်ကျဲနန်းတော်က လူတွေကိုတော့ လက်ဆင့်ကမ်းပေးဖို့ မသင့်တော်ဘူး” ရှားရှင်းယွန်က ပြောသည်။

ထိုက်စွမ်းဓားကျမ်းကား ဓားပညာဟု ပြောနိုင်သော်လည်း ဓား၏အဆီအနှစ်ကို ရှင်းလင်းပြဆိုသော ကျမ်းသာဖြစ်သည်။ ထိုကျမ်းသည် မည်သည့် ဓားသမားနှင့်မဆို သင့်တော်၏။ ရွှမ်ယွင်ခြေလှမ်းသိုင်းနှင့် ဟွမ်ချန် လက်သီးသိုင်းတို့သည်လည်း မည်သည့်စွမ်းရည်၊ ပညာရပ်နှင့်မဆို လိုက်လျောညီထွေရှိကာ လူတိုင်း ကျင့်ကြံနိုင်ပေသည်။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ တခြား စာအုပ်များကို ကြည့်သည်။

အတန်ကြာလျှင် စာအုပ်တစ်အုပ်အား သူက ကောက်ကိုင်လိုက်၏။

“မျက်နှာတစ်ထောင် ရုပ်ပြောင်းရုပ်လွှဲကျမ်း” ရီဖူရှင်းက စာအုပ်ကိုဖတ်လျှင် မည်သို့သော အမျိုးအစား ဖြစ်ကြောင်း သိလိုက်သည်။ စာအုပ်ကား ရုပ်ပြောင်းရုပ်လွှဲပညာ ဖြစ်သည်။

ပညာရပ်သည် ပုံရိပ်ယောင်အား အစစ်အမှန်သို့ ပြောင်းလဲနိုင်သလို အရှိတရား အစစ်အမှန်ကိုလည်း ပုံရိပ်ယောင်သို့ ပြောင်းလဲနိုင်၏။ သည်ပညာအား လေ့ကျင့်လျှင် တစ်စုံတစ်ယောက်က သူ၏ရုပ်သွင်နှင့် ကိုယ်ရောင် ကိုယ်ဝါကိုပင် ပြောင်းလဲနိုင်ပေသည်။

သည်ပညာကား စိတ်စွမ်းအား ပညာရှင်များသာ လေ့ကျင့်နိုင်သော ပညာဖြစ်သည်။ ပညာရပ်ကို ဖန်တီးခဲ့သူသည် ထူးခြားသော သက်စောင့်ဝိညာဉ်ဖြစ်သော ပုံရိပ်တစ်ထောင် အသွင်ပြောင်းမြေခွေးအား ပိုင်ဆိုင်ခဲ့ပေသည်။

ပုံရိပ်တစ်ထောင် အသွင်ပြောင်းမြေခွေးကား အသွင်အမျိုးမျိုး ပြောင်းနိုင်စွမ်းရှိသည်။ စာပေများ၌ ထိုမြေခွေးသည် လူသားများကို အကြည့်တစ်ချက်ဖြင့်ပင် ညို့ငင် ထိန်းချုပ်နိုင်သည် ဆို၏။

အချို့သော ပုံရိပ်တစ်ထောင် အသွင်ပြောင်းမြေခွေးများသည် အလွန်တရာ လှပသော မိန်းမပျိုများအဖြစ် ဖန်ဆင်းကာ လူသားများကို ညှို့ငင်စားသုံးသော သာဓကများ ရှိဖူးပေသည်။

ရီဖူရှင်းက သူ၏စိတ်စွမ်းအားကို စာအုပ်အတွင်းသို့ ဝင်ရောက်စေလျှင် မဟာလမ်းစဉ်၏ ကြီးမားသော စွမ်းအားကို ခံစားမိသည်။ သူ၏မျက်လုံးသည် ထူးဆန်းကာ စိမ်းညှို့သွားပြီး တခြားလူများကို ညှို့ငင်နိုင်စွမ်း ရှိလာသည်။

သူ၏စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ပုံရိပ်တစ်ထောင် အသွင်ပြောင်း မြေခွေးပေါ်လာခဲ့သည်။ သူ၏ညှို့ငင်နိုင်စွမ်းသော မျက်လုံးများသည် ရီဖူရှင်းအား ပုံရိပ်ယောင် ကမ္ဘာအတွင်းသို့ ကျဆင်းစေသည်။

ဘုန်း …

ရီဖူရှင်း၏ စိတ်ဝိညာဉ်နယ်ပယ်က ပြင်းထန်စွာ တုန်ခါပြီး ထိုမျက်လုံးများမှ လွတ်မြောက် လာခဲ့သည်။ သူက စာအုပ်၏ သီးသန့်နယ်အတွင်းမှ ထွက်လာခဲ့ပြီးသည့်တိုင် စိတ်နယ်ပယ်ထဲတွင် ထူးဆန်းသော မျက်လုံး၏ပုံရိပ်က ကျန်ရစ်ဆဲဖြစ်သည်။

ဧကရာဇ်ရီချင်က သူ့အား လက်ဆင့်ကမ်းပေးခဲ့သော မုန်တိုင်း မျက်လုံးများသည် သားရဲများကို အလုံးစုံ ထိန်းချုပ်နိုင်စွမ်းအား ပေးသည်။ ယခု ပုံရိပ်တစ်ထောင် အသွင်ပြောင်းမြေခွေးသည် သူ့အား လူသားများကို ထိန်းချုပ်ခွင့်ပေး၏။ သို့သော် ထိုသို့လုပ်ရန် မျက်လုံးချင်း ဆုံရန် လိုအပ်ပေသည်။ သို့တိုင်အောင် သည်ပညာရပ်ကား အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေသည်။

ရီဖူရှင်းက သူ့ရှေ့မှ ကျမ်းစာအုပ်ကို ကြည့်ကာ တစ်စုံတစ်ခုအား တွေးတောနေသည်။

အတန်ကြာလျှင် တခြား နေရာများသို့သွားကာ ပညာရပ်များအား ထပ်မံရှာဖွေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် ရီဖူရှင်းက ပညာရပ်ဆယ်ခုအား ရွေးချယ်ကာ အင်ပါယာရှား နန်းတော်မှ ထွက်ခွာလာခဲ့သည်။ ကော့တေးသို့ ရောက်လျှင် သူက အားလုံးကို ကြိုက်နှစ်သက်ရာ ပညာရပ်များအား ရွေးချယ် လေ့ကျင့်စေသည်။ တစ်ချိန်တည်းတွင် သူက ထောင်ကျန်း၊ ယူစီတို့အား ပညာရပ်စာအုပ်များကို သယ်ဆောင်လျက် တော်ဝင်ကျဲနန်းတော်သို့ ပို့ဆောင်စေသည်။

ကျမ်းစာ ဆယ်အုပ်ထဲတွင် ပိတ်ဆို့ခြင်း ပညာရပ်တစ်ခုလည်း ပါဝင်သည်။ ထိုပညာရပ်သည် ယွီကလန်သားတို့အတွက် အလွန်တရာ တန်ဖိုးရှိ၏။ ရီဖူရှင်းက လစန္ဒာရှန့်ထိုအား ကလန်၏ဆက်ခံသူကို တော်ဝင်ကျဲနန်းတော်သို့ ပို့ဆောင်စေကာ ထိုပညာရပ်အား လေ့ကျင့်စေသည်။

ရီဖူရှင်းက ထိုပညာရပ်အား ယူဆောင်လာခြင်းမှာ ယွီကလန်မှ တော်ဝင်စစ်ပွဲတွင် ပါဝင်ကူညီခဲ့ခြင်းအတွက် ပြန်လည် ကျေးဇူး တုံ့ပြန်ခြင်းဖြစ်ကြောင်း လစန္ဒာရှန့်ထို သိနားလည် ပေသည်။

သူကိုယ်တိုင်ပင် ထိုပညာရပ်အား လေ့ကျင့်ခွင့်ရရန် တော်ဝင်ကျဲ နန်းတော်သို့ ဝင်ရမလားဟု စိတ်ကူးနေခဲ့၏။

ထောင်ကျန်း၊ ယူစီနှင့် တခြားလူတို့သည်လည်း စီစဉ်စရာ ရှိသည်များအား စီစဉ်ရန် အောက်ဘုံသို့ ပြန်သွားခဲ့ကြသည်။

ရီဖူရှင်းက အင်ပါယာရှား နန်းတော်သို့ ထပ်မံ၍ ရောက်ရှိလာခဲ့ကာ ရှားရှင်းယွန်အား တွေ့သည်။

“ကျုပ် မင်းသမီးဆီက အကူအညီတစ်ခု တောင်းစရာ ရှိပါတယ်” ရီဖူရှင်းက ရှားရှင်းယွန်အား ဆိုသည်။

“ဘာများလဲ” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက အမှန်ပင် သူမအား အကူအညီ တောင်း၏။ သည်ကိစ္စမှာ မကြုံစဖူး ထူးကဲလွန်းပေသည်။

ရီဖူရှင်းက သူမအား ထိုကိစ္စကို ပြောလျှင် ရှားရှင်းယွန်၏ အမူအရာက ထိတ်လန့်တကြား ဖြစ်သွားကာ ပြောသည် … “နင် စိတ်လွတ် သွားပြီလား”

“ကျုပ်ရဲ့စွမ်းရည်တွေကို ဘယ်လို လေ့ကျင့်လဲဆိုတာ မင်းသမီး သိမယ် ထင်ပါတယ်။ ကျုပ်က ရွှေကြာပန်း နန်းဆောင်က ပညာရပ်တစ်ခုကို တွေ့ပြီးတော့ ဒီအကြံ ရလာတာပါ” ရီဖူရှင်းက ဆက်ပြောသည်။

“ဒါက တစ်ခုခုလွဲသွားရင် ဘယ်လိုလုပ်မလဲ” ရှားရှင်းယွန်က ရီဖူရှင်းအား အရူးတစ်ယောက်ကို ကြည့်သည့်အလား ကြည့်သည်။

လက်စားချေရန် ထိုမျှအထိ လုပ်စရာလား။

သူက အနည်းငယ်မျှပင် မစောင့်နိုင်ပေဘူးလား။

“ကျုပ်က ရှီအဆင့် အမြင့်ဆုံးမှာ ရှိပြီးတော့ ရှန့်ထိုအဆင့်သို့ တက်ဖို့ သိပ်မလိုတော့ဘူး။ ဒါပေမဲ့ စိတ်နှလုံးကို လေ့ကျင့်ဖို့တော့ လိုသေးတယ်။ ဒါက ကျုပ်အတွက် ပြီးပြည့်စုံတဲ့ အတွေ့အကြုံ ဖြစ်လိမ့်မယ်”

“ဒါက အန္တရာယ်များတယ်” ရှားရှင်းယွန်က ပြောသည်။

“ဒါကြောင့်ပဲ ကျုပ်က မင်းသမီးရဲ့ အကူအညီကို လိုတာပေါ့” ရီဖူရှင်းက ပြောသည်။

“ငါ သဘောမတူဘူး” ရှားရှင်းယွန်က သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည်။

ရီဖူရှင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူလုပ်လိုသည်က ရှားရှင်းယွန်၏ ပူးပေါင်းမှု လိုအပ်ပေသည်။ ထို့အပြင် သူက များစွာ‌သော သတင်း အချက်အလက်များ အားလည်း လိုအပ်၏။

“မင်းသမီးက ကျုပ်ကို စိတ်ပူနေတာ များလား” ရီဖူရှင်းက ရှားရှင်းယွန်ကို ရုတ်တရက် စိုက်ကြည့်ကာ မေးသည်။

ရှားရှင်းယွန်က အံ့အားသင့်သွားပြီးမှ ဆက်လက်၍ အေးစက်စွာ ကြည့်သည်။

“နင်က ငါ့ရဲ့ကိုယ်ရံတော်ပဲ။ ဒီလို အသေသွားခံမှာကို ကြည့်နေလို့ မရဘူး” သူမက အေးစက်စွာ ပြန်ပြောသည်။

“တန်ခိုးရှင်တွေဟာ သက်သောင့်သက်သာ ဖြစ်တဲ့နေရာတွေမှာ အမြဲနေလို့ မရဘူး။ မင်းသမီး ကိုယ်တိုင်ကလည်း လေ့ကျင့်ရေးခရီးတွေ သွားဖူးတာပဲမလား” ရီဖူရှင်းက ဆက်ပြောသည် … “ဒီလို သွားတာက အန္တရာယ်များတယ် ဆိုပေမဲ့ အရှင်မင်းကြီး အတွက်လည်း တစ်နည်းနည်းနဲ့ အထောက်အကူ ဖြစ်တာပဲမလား”

ရှားရှင်းယွန်က ရီဖူရှင်းအား ဒေါသတကြီးသာ ကြည့်နေသည်။

“မင်းသမီးက ကျုပ်ကို ဒီလောက် စိတ်ပူနေတာ စိတ်ဝင်စားနေလို့ များလား” ရီဖူရှင်းသည် ရှားရှင်းယွန်၏ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်ရာ မည်သို့ ပြောဆိုရမည်ကို သိပေသည်။

ထင်မှတ်ထားသည့် အတိုင်းပင် ရှားရှင်းယွန်က သူ့အား ဒေါသတကြီး ကြည့်ကာ ပြောသည် … “နင်က ဒီလောက် သေချင်နေမှတော့လည်း ကောင်းပြီ”

ရှားရှင်းယွန်၏ စကားကို ကြားလျှင် ရီဖူရှင်း ပြုံးသည် … “အခုလို ကူညီတာ ကျေးဇူးတင်ပါတယ် မင်းသမီး”

မင်းသမီးအား ကျေးဇူးတင်ပြီးနောက် သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ၏ကု့ချင်းဝိညာဉ် လေထဲတွင် ပေါ်လာ၏။ ရှားရှင်းယွန်က နားမလည်စွာ ကြည့်လျှင် ရီဖူရှင်းက ပြောသည် … “မင်းသမီးက ဒါကို ဖျက်ဆီး ပေးစေချင်ပါတယ်”

ရှားရှင်းယွန်၏ အမူအရာ ပြောင်းလဲသွားသည်။ သည်ခွေးကောင်ကား အမှန်တကယ် ရူးသွားလေပြီ။

သူကား သူမကို သူ၏သက်စောင့်ဝိညာဉ်အား ဖျက်ဆီးခိုင်းနေသည်။

ရီဖူရှင်းသည် ယခင်ကလည်း သက်စောင့်ဝိညာဉ်များ ဖျက်ဆီးခံရပြီး အသက်ရှင်နိုင်သည်ကို သိသော်လည်း ယခု သူက အဘယ်ကြောင့် ထိုသို့ လုပ်လိုသည်ကို နားမလည်ပေ။

“မင်းသမီးက တွန့်ဆုတ်နေတာပါလား” ရီဖူရှင်းက ဆက်ပြောသည် … “မင်းသမီးက ကျုပ် အသက် ဆက်ရှင်နေတာကို မြင်ချင်ရင် ကု့ချင်းဝိညာဉ်က ဖျက်ဆီးပစ်မှ ရမှာပါ”

သူ၏ စကားကိုကြားလျှင် ရှားရှင်းယွန်ထံမှ ကြောက်မက်ဖွယ် ကောင်းသော လောကပျက်သုဉ်းခြင်းဓား ဖြစ်ပေါ်လာကာ ဓားသည် ကု့ချင်းဝိညာဉ်အား ထွင်းဖောက် သွားတော့သည်။ ကု့ချင်းကြိုးများ ပြတ်တောက်သွားသလို ကု့ချင်းဝိညာဉ်သည်လည်း တစ်ဖြည်းဖြည်း ပြိုပျက်သွားတော့သည်။

ရီဖူရှင်းလည်း သွေးတစ်ပွက်အန်ကာ မျက်နှာများ ပြာနှမ်းသွား၏။ ရှားရှင်းယွန်က ဓားအသိကို ပြန်သိမ်းလိုက်ကာ အေးစက်စွာ ပြောသည် … “နင် အခု ကျေနပ်ပြီလား”

ထို့နောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။ လက်မောင်းအိုးထဲတွင် ရှိနေသော သူမ၏လက်သည် အမှန်တကယ်ပင် တဆတ်ဆတ် တုန်ယင်နေ၏။

သည်ခွေးကောင် …

“ကျုပ်တောင်းဆိုမှုကို လိုက်လျောပေးတဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခေါင်းမော့ကာ ထွက်ခွာသွားသော သူမအား ပြောသည်။ သူ၏မျက်နှာတွင် မသက်မသာ အပြုံးတစ်ခု ဖြစ်လာသည်။ ကု့ချင်းဝိညာဉ်ကား သူနှင့် နှစ်ပေါင်းများစွာ ရှိခဲ့ကာ ထိုအရာအား ဖျက်ဆီးရသည်မှာ နာကျင်ဖွယ် ကောင်းပေသည်။

သူ့အတွက် ကု့ချင်းဝိညာဉ်သည် အရေးပါသော နေရာ၌ ရှိ၏။

ယခုတွင် ကု့ချင်းဝိညာဉ်သည် သူ့ထံတွင် မရှိတော့။

သို့သော်လည်း သူ၏မျက်လုံးတွင် ခိုင်မာပြတ်သားသော အငွေ့အသက်များ ရှိနေသည်။ ကု့ချင်းဝိညာဉ် ပျက်စီး သွားသော်လည်း သူက နောင်တမရပေ။

သူ နောက်ထပ် လုပ်ရမည်ကား ကု့ချင်းဝိညာဉ်ကို ဖျက်ဆီးကာ နောက်ထပ်ဝိညာဉ်များ ဖန်ဆင်းရန် ဖြစ်သည်။

ရီဖူရှင်းက ဒူးထောက်ထိုင်ချကာ မင်းသမီး နန်းဆောင်၌ပင် ဒဏ်ရာများအား ပြန်လည်ကုစားသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset