အပိုင်း (၁၀၉၂)

ဓားအသိ

ရီဖူရှင်း ကော့တေးသို့ ပြန်ရောက်လာခဲ့ပြီး ဧကရီနှင့် တွေ့ဆုံခဲ့သည့် အကြောင်းကို ပြန်ပြောပြသည်။

ပြည်နယ်ကိုးခုမှ လူများအားလုံး ထိတ်လန့်ကြရသည်။ ဧကရီရှောင်ကား အမှန်ပင် ဉာဏ်ပညာ ကြီးမားကာ ကိစ္စရပ်များအား မည်သို့ ဖြေရှင်းရမည်ကို နားလည်၏။ သူမက ရှောင်ရှမ်းအကြောင်းကို တစ်ခွန်းမှ မဟဘဲ ရီဖူရှင်းအား ကြီးမားသော ဆုတော်လာဘ်တော်များ ပေးအပ်ခဲ့သည်။

ရှောင်ရှမ်းအား ရီဖူရှင်းက သတ်ဖြတ်လိုလျှင်ပင် အလွန်တရာ ခက်ခဲပေလိမ့်မည်။

“အစ်ကိုတို့ … ဘယ်လို သဘောရလဲ” ရီဖူရှင်းက သူ၏အစ်ကိုကြီးနှင့် အစ်ကို၃တို့အား မေးသည်။

“ဘုရင်မက မင်းကို ဆင့်ခေါ်တာက တကယ်ကို စိတ်ရင်းနဲ့ပဲ။ သူမရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးတော့ ရှောင်ရှမ်းကို လက်မလွှတ်ဘူးဆိုရင် ဒါက တကယ်ကို မိုက်မဲရာ ရောက်သွား လိမ့်မယ်။ ပြီးတော့ ရှောင်ရှမ်းရဲ့ အသက်က အဲဒီလောက် တန်ဖိုးမရှိဘူး”

“သတင်းတွေ ထွက်လာတဲ့ပုံအရ အင်ပါယာလီဘုံက မင်းနဲ့ ရှောင်ကလန်ကို တမင် ရန်တိုက်နေသလိုပဲ။ ဒီနည်းနဲ့ မင်းက ရှောင်ကလန်နဲ့ ဧကရီရှောင်တို့ကို ဆန့်ကျင်မိရင် အင်ပါယာလီဘုံအကြိုက် ဖြစ်သွားလိမ့်မယ်” ဂူတုံးလျိုက ဆက်ပြောသည် … “ရှောင်ရှမ်းက သူလုပ်ခဲ့တာတွေအတွက် သေသင့်တယ်ဆိုပေမဲ့ အခုလည်း သူ့အခြေအနေက သိပ်မထူးခြားပါဘူး။ ငါတို့ အမြန်လိုစရာ မလိုဘူးထင်တယ်”

“ရွှေကြာပန်း နန်းဆောင်မှာ ပညာရပ်တွေကို ရွေးခွင့်ရမှတော့ ဒါက ရှောင်ရှမ်း အသက်ထက် တန်ဖိုးရှိတာပဲ။ ဘာလို့ ငြင်းပယ်ရမှာလဲ” အသံတစ်သံအား ကြားရလျှင် ရီဖူရှင်းက လှမ်းကြည့်သည်။ ပြောလိုက်သူကား ရာရာဖြစ်သည်။

ရာရာသည်ပင် သည်ကိစ္စ၌ လက်လျှော့သင့်ကြောင်း သူမ၏သဘောကို ထုတ်ဖော်ပြောဆိုသည်။

“ရွှေကြာပန်းနန်းဆောင်မှာ ထိုက်စွမ်းဓားကျမ်းတစ်ဆူ ရှိတယ်။ ဒီပညာက ဘယ်ဓားသမားနဲ့မဆို သင့်တော်ပြီးတော့ လီဟန်ဓားသမားရဲ့ ဓားပညာနဲ့လည်း တချို့အပိုင်းတွေမှာ တူညီတယ်။ အဲဒီဓားပညာကို ဆယ်ခုစာရင်းထဲ ထည့်ပြီးတော့ တော်ဝင်ကျဲနန်းတော်သို့ လက်ဆင့်ကမ်း ပေးသင့်တယ်” ရာရာက ရီဖူရှင်းအား ပြောသည်။

“ကောင်းပြီ” ရာရာက ဤသို့ပြောမှတော့ သူကလည်း တခြားပြောနေစရာ မရှိတော့ပေ။

ထို့အပြင် တော်ဝင်ကျဲ နန်းတော်တွင်လည်း ဓားသမား အများအပြား ရှိကြပေသည်။ တော်ဝင်ကျဲနန်းတော်၌ ဓားပညာနှင့်ပတ်သက်၍ အဆင့်မြင့်ကျမ်းစဉ်များ ရှားပါးပေသည်။

“တခြားဘာ ကျင့်စဉ်တွေ လိုနေသေးလဲ” ရီဖူရှင်းက ရာရာကို မေးသည်။

“မင်းက ဟွမ့်ချန်လက်သီးသိုင်းကို ရှစ်လွှာမှာ တွေ့ခဲ့ရင် ရအောင် ယူလာခဲ့။ တခြား ပညာရပ်တွေနဲ့ ပတ်သက်ပြီးတော့ ငါက သိပ်မသိဘူး။ ဒါကြောင့် နင်က ကိုယ့်ဘာသာ လိုက်ပြီးတော့ ဖတ်ရှုလေ့လာဖို့ လိုမယ်” ရာရာက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ့အနေဖြင့် ပညာရပ်ဆယ်ခုအား သေသေချာချာ ရွေးချယ်ရန် လိုပေသည်။

“ရွှမ်ကျိတောင်က လျိုဖန်းယူလာတဲ့ ကျင့်စဉ်က တော်တော် ကောင်းပြီးတော့ ငါ့အတွက်ကတော့ ဒါနဲ့တင် လုံလောက်တယ်” ယူစီက ပြောသည်။ ရီဖူရှင်းက ပညာရပ်ဆယ်ခုကိုသာ ရွေးခွင့်ရရာ တခြားလူများအတွက် အသုံးဝင်သည်များကို သူက ရွေးစေလို၏။

“ဖူရှင်း … တခြားလူတွေ လိုအပ်တာတွေ သိပ်မတွေးနဲ့။ အကောင်းဆုံး ပညာရပ် ဆိုတာတွေကိုသာ ရွေးလာခဲ့” ထောင်ကျန်းကလည်း ပြောသည်။

“ဟုတ်ကဲ့ … တကယ်လို့ ပညာရပ်တွေထဲမှာ အဆင့်အမြင့်ဆုံးတွေ တွေ့ရင် သေချာပေါက် တော်ဝင်ကျဲ နန်းတော်အတွက် ယူလာခဲ့ပါ့မယ်” ရီဖူရှင်းက ပြောလျှင် အားလုံးက ခေါင်းညိတ်ကြသည်။

***

နောက်တစ်ပတ်ခန့် ကြာသောအခါ ရီဖူရှင်းသည် အင်ပါယာရှား နန်းတော်သို့ ရောက်လာခဲ့သည်။

သူရောက်လာလျှင် ရှားရှင်းယွန်က သူ၏ရည်ရွယ်ချက်ကို နားလည်ရာ အင်ပါယာရှား နန်းတော်၏အတွင်းပိုင်းအကျဆုံးတစ်နေရာသို့ ခေါ်ဆောင် လာခဲ့သည်။

အင်ပါယာရှား နန်းတော်ကား ကြီးမားသော နေရာဖြစ်ပေသည်။ နေရာတိုင်းတွင် ကြီးမားထည်ဝါသော အဆောက်အဦးများ၊ လှပသော ဥယျာဉ်များနှင့် ပြည့်နှက် နေပေသည်။ နန်းတော်သို့ ယခင်ကလည်း ရောက်ဖူးသော်လည်း ရီဖူရှင်းကား ရှားရှင်းယွန်၏ နန်းဆောင်သို့သာ ခြေချဖူးခြင်း ဖြစ်သည်။

ရီဖူရှင်းတို့က တိမ်များ ဖုံးအုပ်နေသော တစ်နေရာသို့ ရောက်လာသည်။ ထိုနေရာတွင်ကား ကြာပန်းပုံစံ ဆောက်လုပ်ထားသော နန်းဆောင်တစ်ခုရှိကာ နန်းဆောင်အား ကြာပန်းအလွှာများဖြင့် ဖွဲ့စည်းထားပြီး အလွှာမှာ ကိုးဆင့်ရှိပေသည်။ သည်နေရာကား အင်ပါယာရှား နန်းတော်၏ကျမ်းစာများ စုစည်းရာနေရာ ဖြစ်၏။

ရွှေကြာပန်း နန်းဆောင်တွင် မည်သူမဆို သဘောရှိ ဝင်ထွက်နိုင်သည့်အလား အစောင့်အကြပ်များလည်း မရှိပေ။ သို့သော်လလည်း သည်နေရာသည် နန်းတွင်း၌ အရေးအကြီးဆုံး နေရာဖြစ်ကြောင်း လူတိုင်း သိကြသည်။ မည်သူမှ အခွင့်မရှိဘဲ အတွင်းသို့ မဝင်ရဲကြပေ။

နန်းဆောင်ထဲသို့ ဝင်လာရင်း ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည် … “ရွှေကြာပန်း နန်းဆောင်မှာ ကျမ်းစာအမျိုးမျိုး ရှိပြီးတော့ အားလုံးက ရှန့်ထိုအဆင့်ထက် မနိမ့်တဲ့ ပညာရပ်တွေပဲ။ ဒါက အင်ပါယာရှားဘုံရဲ့ ရတနာသိုက်လို့တောင် ပြောလို့ရတယ်။ နင်ကြိုက်နှစ်သက်တဲ့ ဘယ်ပညာရပ်ကိုမဆို လေ့လာနိုင်ပြီးတော့ သင့်တော်တဲ့ ကျင်စဉ်တွေကို လေ့ကျင့်နိုင်တယ်”

ရီဖူရှင်းက ခေါင်းညိတ်သည်။

“အတွင်းသို့ ဝင်ရအောင်” ရှားရှင်းယွန်က ပြောကာ သူမနှင့် ရီဖူရှင်းတို့ အတွင်းသို့ ဝင်လာခဲ့ကြသည်။ သူမသည်လည်း ရှီအဆင့်အမြင့်ဆုံး၌ ရှိကာ ရှန့်ထိုအဆင့်သို့ တက်ရောက်ရန် လိုနေပေသည်။

စာအုပ်စာပေမျိုးစုံကို ဖတ်မှတ်လေ့လာခြင်းက လောက သဘောတရားများအား ပိုမိုနက်ရှိုင်းစွာ နားလည်စေနိုင်ကာ ကျင့်ကြံခြင်းများအား အထောက်အကူ ပြုပေသည်။

ထို့အပြင် သူမက ရီဖူရှင်းအား သင့်တော်သော အကြံဉာဏ်များလည်း ပေးနိုင်ပေ၏။ မည်သို့ဆိုစေ သူမက ရွှေကြာပန်းနန်းဆောင်နှင့် များစွာ ရင်းနှီးကျွမ်းဝင်သည် မဟုတ်ပါလား။

ရီဖူရှင်းကား နန်းဆောင်ထဲကို ခြေချလိုက်သည်နှင့် ဧရာမများပြားသော ကျင့်စဉ်ကျမ်းများကို ကြည့်ကာ အံ့အားသင့်ရသည်။

ယခုတွင် ရီဖူရှင်းသည် ရွှေကြာပန်း နန်းဆောင်၏ ခုနစ်လွှာတွင်ရှိနေပြီး ကျမ်းစာအချို့အား လှန်လှော ဖတ်ရှုနေသည်။

သည်နေရာတွင်ရှိသော ကျင့်စဉ်များ အားလုံးမှာ အမြန်နှုန်းနှင့် ပတ်သက်ပြီး လေဓာတ် အထူးပြုသူများအတွက် သင့်တော်ပေသည်။ ထိုအထဲတွင် သူက ထူးခြားသော ကျင့်စဉ်တစ်ခုအား တွေ့ရှိသည်။

“ရွှမ်ယွင်ခြေလှမ်း” ရီဖူရှင်းက ကျင့်စဉ်နာမည်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။ သည်ကျင့်စဉ်က ရွှမ်ယွင်နန်းတော်နှင့် ဆက်စပ်နေသည်များလား။

ရွှမ်ယွင်နန်းတော်၏ ဘိုးဘေးသည် ရန်ဟောင်တစ်ပါး ဖြစ်သည်ဟု ပြောကြပေသည်။ ရီဖူရှင်းက စာအုပ်ကို စတင်၍ လှန်လှောဖတ်ရှုသည်။ သည်ခြေသိုင်းသည် လွန်ခဲ့သော နှစ်များစွာက ရွှမ်ယွင်နန်းတော်၏ ရန်ဟောင် တန်ခိုးရှင်ကိုယ်တိုင် ဖန်တီးခဲ့သော ပညာရပ်ဖြစ်သည်ဟု ဆိုသည်။ ခြေသိုင်းသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ကာ ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ တက်နိုင်ပြီး မဟာလမ်းစဉ်နှင့် ပေါင်းစပ်နိုင်၏။ နောက်ပိုင်းမျိုးဆက်များတွင် ပညာရပ်မှာ ကွယ်ပျောက်သွားခဲ့ပြီး မူလပင်ရင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက်များ ရှာမတွေ့တော့ပေ။

“ဒီခြေလှမ်းသိုင်းက ရွှမ်ယွင်ကလန်ကပဲ။ နောက်ပိုင်း မျိုးဆက်တွေမှာ ပညာရပ်က ပျောက်ကွယ်သွားတော့ အဖေက ရွှမ်ယွင်ကလန်ကို သွားပြီးတော့ သူတို့ဆီက ကျန်ရစ်တဲ့ မူပိုင်ပညာရပ်အချို့နဲ့ ပေါင်းစပ်ပြီးတော့ သူရဲ့ကိုယ်ပိုင်နားလည်မှုကို အခြေခံပြီး ရွှမ်ယွင်ခြေလှမ်းသိုင်းကို ပြန်တီထွင်ခဲ့တယ်။ ဒါက မူလပညာရပ်ကို မမီပေမဲ့လည်း အရမ်းကောင်းတဲ့ ပညာရပ်တစ်ခု ဖြစ်နေဆဲပဲ။ ဒီကျမ်းကို ရွှမ်ယွင်နန်းတော်သို့ အဖေက ကိုယ်တိုင် လက်ဆောင် ပြန်ပေးခဲ့တယ်” ရှားရှင်းယွန်က ရှင်းပြသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်ပညာကား အင်ပါယာရှား ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ပါက အလွန်ထူးခြား ကောင်းမွန်ရပေမည်။ ရန်ဟောင်တစ်ပါး၏ နားလည် တတ်ကျွမ်းမှုက မည်သို့ သာမန်ဖြစ်မည်နည်း။

သူက ကျမ်းစာအုပ်အား ဖတ်ရှုရင်း ပညာရပ်၏ အနှစ်သာရ အသေးစိတ်ကို လေ့လာသည်။ သူ၏ခေါင်းထဲတွင် လူတစ်ယောက် ကောင်းကင်၌ ရပ်နေသည်ကို မြင်ယောင်လာ၏။ ထိုသူ၏ ခြေလှမ်းတိုင်းသည် ကောင်းကင်နှင့်မြေပြင်အား အက်ကွဲစေဟန်ရပြီး အလွန်တရာ စွမ်းအား ကြီးပေသည်။

ရီဖူရှင်းက သူသည်းခံနိုင်သော ဖိအားထက်ပင် ပိုမို အားကောင်းသော ဖိအားကို ခံစားရပြီး ခြေသိုင်းသည် မဟာလမ်းစဉ်နှင့် ပေါင်းစပ်ကာ ဝင်္ကပါပုံစံ အသွင်ဆောင်ပြီး အသုံးပြုသူအား စိတ်ရှိတိုင်း သွားလာနိုင်စွမ်းကို ပေးသည်။

“ခြေသိုင်းက လေဟာနယ်ကို ဖိနှိပ်နိုင်စွမ်း ရှိပြီးတော့ အချိန်တို အတွင်းမှာ လိုရာကို သွားလာနိုင်စွမ်း ရှိတယ်။ ဒါက တိုက်ခိုက်ခြင်းနဲ့ ခုခံခြင်းနှစ်မျိုးလုံးမှာ အသုံးပြုနိုင်တယ်” ရီဖူရှင်းက ခြေသိုင်း၏ထူးခြားမှုကို သတိပြုမိပေသည်။

“ဒါပဲ” ရီဖူရှင်း ပြောသည်။ သူက ရွှမ်ယွင်ခြေသိုင်းအား ကျင့်စဉ်ဆယ်ခု စာရင်းထဲသို့ သွင်းထားလိုက်သည်။

ရီဖူရှင်းက တခြားသော ပညာရပ်များကိုလည်း လေ့လာ ဖတ်ရှုသည်။ ဤနည်းဖြင့် ရသတ္တပတ်များစွာ ကြာမြင့်လာခဲ့သည်။

ရွှေကြာပန်း နန်းဆောင်တွင် ကျမ်းစာများက များပြားလွန်းကာ အနိမ့်ဆုံး ရှန့်ထိုအဆင့်၌ ရှိပေသည်။ သူ့အနေဖြင့် ပညာရပ်များ အားလုံးကိုသာ ဖတ်မှတ်မည်ဆိုပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေ၏။ ထို့ကြောင့် နောင်ပိုင်း နေ့ရက်များတွင် သူက အချို့စာအုပ်များကို ခဏမျှသာ အချိန်ယူကာ ဖတ်ရှုခဲ့ရသည်။

အချိန်များ ကုန်ဆုံးသွားလျှင် ရီဖူရှင်းက အလွန်ကောင်းမွန်သော ပညာရပ် အတော်များများကို ရွှေးချယ်နိုင်ခဲ့၏။ သူ့အနေဖြင့် အပြီးသတ် ဆုံးဖြတ်ရန်သာ လိုတော့သည်။

ရီဖူရှင်းက ရှစ်လွှာတွင် ဟွမ်ချန်း လက်သီးသိုင်းကို တွေ့သည်။ ပညာရပ်တွင် ၃၃ဆင့်ရှိပြီး တစ်ဆင့်ချင်းမှာ ပိုမို အားကောင်းလာခဲ့သည်။ တစ်စုံတစ်ယောက်သည် ၃၃ဆင့်အထိ အောင်မြင်အောင် လေ့ကျင့်နိုင်ပါက ကောင်းကင်ကိုပင် ထွင်းဖောက်နိုင်သည်ဟု ပြော၏။

ထို့အပြင် သူက ဟွမ်ချန် လက်သီးသိုင်းအား ရှားရှင်းယွန် အသုံးပြုသည်ကို တွေ့မြင်ဖူးသည်။ ရာရာက သည်ပညာရပ်အား ရွေးရန် ပြောခဲ့သည်မှာ မထူးဆန်းပေ။

ဟွမ်ချန် လက်သီးသိုင်းသည် သူနှင့် ယူချင်းတို့အတွက် အလွန် အသုံးဝင်ပေသည်။

သူက တခြားသော စာအုပ်များကိုလည်း ဆက်လက်၍ ဖတ်ရှုလျှင် နောက်ဆုံးတွင် ထိုက်စွမ်း ဓားကျမ်းသို့ ရောက်လာခဲ့သည်။

ထိုက်စွမ်းဓားကျမ်းသည် ဓားပညာ၏နှလုံးသားကို လေ့ကျင့်ခြင်းဖြစ်ကာ ဓားအသိကို သန့်စင်၏။ သူက စိတ်စွမ်းအားကို ကျမ်းစာထဲသို့ ဝင်ရောက်စေလျှင် သီးသန့်နယ် တစ်ခုထဲသို့ ရောက်သွားသည်ကို တွေ့ရ၏။

ထိုနေရာတွင် ဓားများ နေရာတိုင်း၌ ရှိနေသည်။

မဟာလမ်းစဉ်၏ ဓားများ မိုးစက်များပမာ ကျဆင်းလာပြီး သူ၏စိတ်အသိနှင့် ပေါင်းစပ်သည်။ ဓားသည် ဓားလမ်းစဉ် အမျိုးမျိုးနှင့် ပေါင်းစပ်နေခဲ့၏။

လေထဲတွင် အလွန်တရာ ထူးခြားသောသူတစ်ဦး ရပ်နေပြီး သူက လက်ဝှေ့ယမ်းလျှင် ဓားများ ဖြစ်ပေါ်လာသည်။ ဓားတစ်လက်စီက ဓားလမ်းစဉ်ကို ကိုယ်စားပြုသည်။ ဓားသည် လှုပ်ရှားလျှင် ကောင်းကင်နှင့်မြေပြင်က တုန်ခါသွားရ၏။

ထိုအခိုက်တွင် ရီဖူရှင်းက သူ့အား ဓားအသိများ စီးဆင်းလာသည်ကို ခံစားရသည်။ သူ့သက်စောင့် ဟော်နန်းထဲမှ ကမ္ဘာသစ်ပင်သည်လည်း လှုပ်ယမ်းလာခဲ့သည်။ ဓားအသိများ စတင် မွေးဖွားလာခဲ့ကာ တဖြည်းဖြည်း ရင့်သန်လာခဲ့ကြသည်။

ထိုဖြစ်စဉ်တွင် သူ၏ သက်စောင့်နန်းတော် တစ်ခုလုံး ဓားအသိများဖြင့် ပြည့်နှက် လာခဲ့တော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset