အပိုင်း (၁၀၉၁)

ဆုလာဘ်နှင့် ပြစ်ဒဏ်

ရီဖူရှင်းက အင်ပါယာရှား နန်းတော်သို့ ရောက်သွားသောအခါ အစေခံ မိန်းကလေး တစ်ဦးက သူ့အား ခေါ်ဆောင်ရန် အရန်သင့် စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း သူမက ရီဖူရှင်းအား ဧကရီရှောင်၏ နန်းဆောင်သို့ ခေါ်မည့်အစား ရှားရှင်းယွန်၏ နန်းဆောင်သို့သာ ခေါ်ဆောင်လာခဲ့၏။

နန်းဆောင်ဘေးတွင် ရှိသော ရေကန်ကို ဖြတ်ကာ ဆောက်လုပ်ထားသော ကျောက်တံတား ငယ်လေးပေါ်တွင် လှပသော မိန်းကလေးတစ်ဦး ရပ်နေသည်။ သူမက လက်ကို ဝှေ့ယမ်းကာ ရေကန်ထဲမှ ရွှေငါးများအား အစာကျွေးနေဟန်ရသည်။ သူမကား ရှားရှင်းယွန် ဖြစ်သည်။

“မင်းသမီး …” ရီဖူရှင်းက ရှားရှင်းယွန်အား ဦးညွှတ်ကာ နှုတ်ဆက်သည်။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်ကာ တီးတိုးပြောသည် … “အမေက နင့်ကို တွေ့ချင်တယ်။ ငါနဲ့လိုက်ခဲ့ပါ”

သူမက ပြောပြောဆိုဆိုဖြင့် ကျောက်တံတား တစ်ဖက်ခြမ်းသို့ ဆက်လျှောက်သွားခဲ့လျှင် ရီဖူရှင်းလည်း သူမ၏နောက်မှ လိုက်ပါသွားခဲ့သည်။ သူတို့က ရေကန် တစ်ဖက်ခြမ်းကို ကျော်ဖြတ်ကာ မြူများ ရစ်သိုင်းနေကာ ပန်းပေါင်းစုံ ပွင့်ဖူးနေသော ဉယျာဉ်တစ်ခုထံသို့ ရောက်လာကြသည်။ ထိုနေရာတွင် နောက်မှ လှမ်းကြည့်လျှင်ပင် တော်ဝင်မြင့်မြတ်သော အငွေ့အသက်များ ခြုံလွှမ်းနေသာ မိန်းမတစ်ယောက်အား မြင်ရသည်။

သူမက နောက်သို့ ဖြည်းညင်းစွာ လှည့်လျှင် အင်ပါယရှားဘုံ၏ ပြိုင်စံရှား အလှပိုင်ရှင်အား သူ မြင်ရသည်။ လူသားများကား သူမကို သည်အတိုင်း ကြည့်ရန်ပင် ဝံ့ရဲမည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိတွင် ဧကရီရှောင်၏ မျက်နှာပေါ်၌ နွေးထွေးသော အပြုံးတစ်ခုရှိနေကာ တစ်ဖက်လူအား ရင်းနှီးသော ခံစားချက်ကို ပေးသည်။ သို့သော်လည်း ကိုယ်ရောင်ကိုယ်ဝါ ဟူသည်ကား သည်အတိုင်း ပြောင်းလဲ၍ ရသည်မဟုတ်ပေ။ သူမ၏ရှေ့တွင် ရပ်နေခြင်းကပင် အင်ပါယာရှားဘုံမှ လူအများစုကို ဖိအားများ ဖြစ်စေနိုင်ပေသည်။

“ရီဖူရှင်းက ဧကရီကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာ အရိုအသေပေးသည်။

“ကျင့်ဝတ် စည်းကမ်းတွေ မလိုဘူး” ဧကရီရှောင်က တိုးညင်းစွာ ပြောသည် … “ရှင်းယွန်က နတ္ထိဘုံတိုက်ပွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့တယ်။ မင်းက တစ်ကိုယ်တော် စွမ်းရည်နဲ့ပဲ အင်ပါယာရှားဘုံ အတွက် နိုင်ပွဲရယူပေးခဲ့တယ်”

“ဒါက ကျွန်တော့်ရဲ့တာဝန်ပါပဲ” ရီဖူရှင်က ဦးညွှတ်ကာ ပြောသည်။

“ဒီလို လုပ်နိုင်တယ် ဆိုကတည်းက ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်လို့ပဲ” ဧကရီရှောင်က ပြုံးလျက်ပြောသည် … “နတ္ထိဘုံတိုက်ပွဲမှာ မရေမတွက်နိုင်တဲ့လူတွေက အကောင်းဆုံး စွမ်းဆောင် ချင်ကြတယ်။ ဒါပေမဲ့ မင်းလို လုပ်နိုင်တဲ့သူတော့ မရှိဘူး”

“ဧကရီရဲ့ ချီးကျူးမှုကို ကျွန်တော် မခံယူရဲပါဘူး” ရီဖူရှင်းက ပြောသည်။

“မင်းက ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်” ဧကရီရှောင်က ဆက်ပြောသည် … “ကျင့်ဝတ် စည်းကမ်းတွေကို ဘေးချိတ်ထားဖို  ငါပြောပြီးပြီပဲ။ ဘာလို့ ဆက်ပြီးတော့ ဦးညွှတ်ထားတာလဲ။ ငါက အရုပ်ဆိုးနေလို့လား”

ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချသည်။ ဧကရီရှောင်က ရှောင်ရှမ်း၏ကိစ္စကို လုံးဝ ထုတ်ဖော် မပြောကြားဘဲ မိမိကိုသာ ချီးကျူးနေခဲ့ကာ ရင်းနှီးခင်မင်စွာ ပြောဆိုနေသည်။ မည်သို့ဆိုစေ သူမကား အင်ပါယာရှားဘုံ၏ နံပါတ်တစ်မိန်းမလှ ဖြစ်သည်။

ဘုရင်မကား ရင်ဆိုင်ရ ခက်ခဲပေသည်။

ခေါင်းမော့ကာ ရီဖူရှင်းက ပြန်ပြောသည် … “ကျွန်တော် မရဲပါဘူး”

ဧကရီရှောင်က ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ရှောင်ကလန်မှာ မင်းရဲ့ အပြုအမူတွေက သဘာဝကျပြီးတော့ မင်းလုပ်တဲ့အရာတွေမှာ သက်သောင့်သက်သာ ရှိတယ်။ အခု မင်းက အဲလို မဟုတ်‌တော့ဘူးဆိုတော့ ငါ့ကို သဘောမကျတာ တစ်ခုခု ရှိနေလို့လား”

“ဧကရီကို ကျွန်တော်က မလေးမစား မပြုမူရဲပါဘူး” ရီဖူရှင်းက ပြောသည်။

ဧကရီရှောင်က ပြုံးလျက်ပြောသည် … “ဒါဆို မင်းက ငါ့သမီးနဲ့ဆိုရင် သဘောရှိ နေထိုင်ပြုမူတယ်လို့ ကြားရပါလား”

ရီဖူရှင်းမှာ ထိုစကားကို ကြားကာ ဆွံ့အသွားရသည်။

သူက ဘေးတွင်ရှိနေသော ရှားရှင်းယွန်ကို ကြည့်လျှင် သူမကား ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့ရ၏။

“ထားလိုက်တော့။ မင်းက စကားလုံးတွေကို ရွှေထက် တန်ဖိုးထားရင် ငါတို့လို လူကြီးတွေထက် တန်ဖိုးရှိတယ်” ဧကရီက ပြောသည် … “ဒါပေမဲ့ အင်ပါယာနဲ့ ရှင်းယွန်တို့က မင်းကို တန်ဖိုးထားကြတယ်။ လီဟန်ဓား နန်းတော်သခင်က ရီဝူချင်းကို ဓားငှားပေးခဲ့တယ် ဆိုပေမဲ့လည်း သူက မင်းကို ကာကွယ်ဖို့ ရည်ရွယ်ချက်လည်း ပါခဲ့မှာပဲ”

“ဒါကြောင့် လူအများကြီးက မင်းကို တန်ဖိုးထားကြတယ်လို့ အဓိပ္ပာယ်ရတယ်။ ရှင်းယွန်က မင်းကို နတ္ထိဘုံတိုက်ပွဲအတွက် ဆုလာဘ်တွေ ပေးခဲ့ပေမဲ့ ဒါက မလုံလောက်ဘူး။ တိမ်တိုက်တောင်ကြားက မင်းအတွက် ရတနာလက်နက်တွေ သွန်းလုပ်ပေးဖို့ ရှင်းယွန်က ကတိပေးထားတယ်လို့ ငါကြားတယ်။ ငါက သူတို့ကို ထပ်ဆင့် မှာကြားပေးမှာဖြစ်လို့ သူတို့က အမြန်ပဲ လုပ်ပေးကြလိမ့်မယ်။ ရွှမ်ကျိတောင်သို့ သွားတာက ကျင့်ကြံခြင်း ပညာရပ်တွေကို ဝယ်ဖို့လို့ သိရတယ်။ မင်းကို နန်းတွင်းသို့ ဝင်ရောက်ခွင့် ပေးထားတယ်လို့ ရှင်းယွန်က ပြောတယ်။ အခု ငါက မင်းကို နန်းတော်ရဲ့ ရွှေကြာပန်းနန်းဆောင်သို့ ဝင်ရောက်ခွင့်ကို ငါကိုယ်တိုင် ပေးတယ်။ နန်းဆောင်ရဲ့ နဝမအလွှာကလွဲပြီး ကျန်တဲ့နေရာတွေကို မင်းက စိတ်ကြိုက် ဝင်ထွက်လေ့လာ နိုင်တယ်။ ပြီးတော့ မင်းက ပညာရပ် ဆယ်မျိုးကိုလည်း ကူးယူပြီးတော့ တော်ဝင်ကျဲနန်းတော်က လူတွေကို လက်ဆင့်ကမ်း ပေးနိုင်တယ်”

ဧကရီရှောင်က ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ဒီနည်းနဲ့ အနာဂတ်မှာ မင်းတို့က တခြားနေရာတွေမှာ ပညာရပ်တွေကို လိုက်လံရှာဖွေနေဖို့ မလိုတော့ဘဲ ကောင်းကောင်း လေ့ကျင့်နိုင်ပြီ။ ဘယ်လိုပြောပြော သူတို့အားလုံးကလည်း နတ္ထိဘုံတိုက်ပွဲမှာ အများကြီး အကျိုးဆောင် ပေးခဲ့ကြတာပဲ”

ရှားရှင်းယွန်က ဧကရီရှောင်၏စကားကို ကြားလျှင် သူမ၏အမေကို တစ်ချက်ကြည့်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများ၌ ထူးဆန်းသော အငွေ့အသက်များ ဖြစ်ပေါ်နေ၏။

အင်ပါယာရှား နန်းတော်မှ ရွှေကြာပန်း နန်းဆောင်သည်ကား နန်းတွင်း၌ တန်ဖိုးအရှိဆုံး နေရာဟုပင် ပြောနိုင်ပေသည်။

ရှားရှင်းယွန် ကိုယ်တိုင်ပင်လျှင် ကျင့်ကြံခြင်းများ၏ အချိန်အများစုကို ရွှေကြာပန်း နန်းဆောင်အတွင်း၌သာ ကုန်ဆုံးခဲ့သည်။

အင်ပါယာရှားနန်းတော်၌ အချို့သော ရှန့်ထိုများသည် အလွန်တရာ စွမ်းအားကြီးကြပေသည်။ သူတို့သည် တော်ဝင်မျိုးနွယ်များ မဟုတ်ကြသော်လည်း အင်ပါယာ၏ နောက်လိုက်ဖြစ်ရန် လိုလားကြသည်။ အကြောင်းပြချက် တစ်ခုမှာ သူတို့က ရွှေကြာပန်း နန်းဆောင်သို့ ဝင်ရောက်လိုသောကြောင့် ဖြစ်သည်။

သူမက မင်းသမီးတစ်ပါး ဖြစ်သည့်တိုင် ရွှေကြာပန်းနန်းဆောင်သို့ ဝင်ရောက်ခွင့်အား ဆုလာဘ်အနေဖြင့် ပေးပိုင်ခွင့် မရှိပေ။

ထိုသို့ ပေးပိုင်ခွင့်ရှိသူမှာ သုံးယောက်သာ ရှိပြီး သူတို့ကလည်း အင်ပါယာ၏ခွင့်ပြုချက်ကို ဦးစွာ တောင်းခံရန် လိုအပ်ပေသည်။

သည်ဆုလာဘ်က မည်မျှ တန်ဖိုးကြီးမားသည်ကို ခန့်မှန်းနိုင်၏။

ရီဖူရှင်းအား နန်းဆောင်သို့ ဝင်ရောက်ခွင့်သာမက နန်းဆောင်ထဲမှ ပညာရပ်ဆယ်ခုကိုပင် အပြင်သို့ ယူသွားခွင့်ပြုသေးပေသည်။ သည်ကဲ့သို့သော ချီးမြှောက်မှုကား ရှားမှ ရှားသော ဖြစ်ရပ်ပင်။

ဆိုလိုသည်က အင်ပါယာကိုယ်တိုင် သည်ကိစ္စကို သဘောတူခဲ့သည်။

ရီဖူရှင်းက ဧကရီရှောင်၏ ဆုလာဘ်က မည်မျှ အတိုင်းအတာအထိ ရှိသည်ကို နားလည်ပေသည်။ ဧကရီက သူ့အား တော်ဝင်မြေတစ်ခုစာ ဆုလာဘ်အား ချီးမြှင့်ခြင်းပင်။

“ဧကရီကို ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ဦးညွှတ်သည် … “ကျွန်တော်က တော်ဝင်ကျဲနန်းတော် ကိုယ်စား ဧကရီကို ထပ်ပြီး ကျေးဇူးတင်ပါတယ်”

ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချသည်။ သည်အရာက ရှောင်ရှမ်း၏အမှားအတွက် ဧကရီက လျော်ကြေး ပေးသည်လား။

လုပ်ကြံမှု၌ တော်ဝင်ကျဲနန်းတော်မှ လူအများအပြားလည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။

“ကောင်းပြီ … မင်း အခုသွားလို့ ရပြီ” ရှောင်ရှမ်းက ထပ်ပြောသည်။

“ဟုတ်ကဲ့ပါ” ရီဖူရှင်းက သူ၏လက်ကို ဆုပ်ကာ အရိုအသေပြုပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

ရှားရှင်းယွန်က ရှေ့သို့ တစ်လှမ်းတက်ကာ ရီဖူရှင်းအား စကားအချို့ပြောရန် ဟန်ပြင် လိုက်သော်လည်း ဧကရီရှောင်က သူမအား ခေါ်သည် … “ရှင်းယွန်”

ရှားရှင်းယွန်က ရပ်လိုက်ကာ ဧကရီရှောင်အား ကြည့်သည် … “အမေနဲ့ စကားနည်းနည်း ပြောရအောင်”

ရှားရှင်းယွန်က ထွက်ခွာသွားသော ရီဖူရှင်းအား ကြည့်ကာ ဧကရီရှောင်ထံသို့ လျှောက်လာပြီး ပြောသည် … “နောက်ထပ် ပြောစရာ ရှိသေးလား … အမေ”

“သမီးက အမေ့ရဲ့ဆုံးဖြတ်ချက်ကို သဘောမကျဘူးလား” ဧကရီရှောင်က မေးသည်။

သူမ၏အမေ ဆုံးဖြတ်ချက်နောက်ကွယ်မှ သဘောကို ရှားရှင်းယွန်က နားလည်ပေသည်။ သူမက ရှောင်ရှမ်းနှင့် ပတ်သက်၍ တစ်ကြိမ်မျှပင် ထုတ်ဖော်မပြောခဲ့ပေ။ သူမ လုပ်ခဲ့သည်ကား ရီဖူရှင်းကို ဆုလာဘ်များ ချီးမြှင့်ခြင်းသာ။ ရီဖူရှင်းကား ဉာဏ်ကောင်းသောသူ ဖြစ်သည်။ သူက သူမ၏ သဘောကို မှားယွင်း နားလည်စရာ အကြောင်း မရှိပေ။

“ရီဖူရှင်းက အခု အထက်ဘုံမှာ လာပြီးတော့ လေ့ကျင့်တယ်။ အတိတ်က သူရဲ့ အပေါင်းအပါတွေ အကုန်လုံးဟာလည်း ပါရမီမြင့်တဲ့ သူတွေချည်းပဲ။ သူ့နောက်ကို လိုက်ပြီး လေ့ကျင့်တာက ပိုကျယ်ပြောတဲ့ အတွေ့အကြုံတွေကို ရတယ်။ သူတို့အတွက် အလိုအပ်ဆုံးက ဘာလဲ” ဧကရီရှောင်က ရှားရှင်းယွန်ကို မေးသည် … “ရှောင်ရှမ်းရဲ့ အသက်ကို တောင်းဆိုတာက ရိုးရှင်းတယ်။ မြေရိုင်းပြည်နယ်က လူတွေအတွက် တကယ်လိုအပ်တာက ကျင့်ကြံခြင်း အထောက်အပံ့တွေ မဟုတ်ဘူးလား။ ရှောင်ရှမ်းအသက်က ဒါတွေနဲ့ နှိုင်းယှဉ်လို့ရလို့လား”

ရှောင်ရှမ်း၏ အသက်သည် သူမ၏အမေက ရီဖူရှင်းအား ပေးသော ဆုလာဘ်များနှင့် နှိုင်းယှဉ်၍ မရကြောင်း ရှားရှင်းယွန် ဝန်ခံရပေသည်။

အကယ်၍ ရွေးရလျှင် အားလုံးက ကျင့်ကြံခြင်း အထောက်အပံ့များကိုသာ ရွေးကြပေမည်။

“ဒါတွေ လုပ်တယ်ဆိုတာလည်း သမီးအဖေနဲ့ သမီးတို့က ရီဖူရှင်းကို တန်ဖိုးထားလို့ပဲ။ ရှောင်ရှမ်းရဲ့အသက်က ဒါတွေလုပ်ပေးဖို့ ထိုက်တန်တာ မဟုတ်ဘူး။ သမီးအဖေကလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဧကရီရှောင်က ဆက်ပြောသည် … “ဒါပေမဲ့ ဘယ်လိုပြောပြော သမီးဦးလေးရဲ့ တစ်ဦးတည်းသော သားလေ။ တခြားလူတွေအတွက်‌တော့ အရေးမပါဘူး ထင်ရပေမဲ့ သမီးဦးလေးအတွက်တော့ မတူဘူး”

“ရှင်းယွန် … ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့။ သမီးဦးလေးကို အမေက ပြောပြီးပြီ။ ရှောင်ရှမ်းကို နန်းတော်သို့ ဘယ်တော့မှ ဝင်ခွင့်မပြုတော့သလို ရှောင်ကလန်ရဲ့ ဆက်ခံသူကလည်း သူမဟုတ်တော့ဘူး” ဧကရီရှောင်က ထပ်ပြောသည်။

ရှားရှင်းယွန်က သူမအမေအား ကြည့်ကာ ခေါင်းညိတ်သည်။ သူမအမေ၏ လုပ်ဆောင်ချက်က သူမပင်လျှင် ထပ်မံပြောဆိုစရာ မဲ့စေခဲ့သည်။

***

ရီဖူရှင်းက အင်ပါယာရှား နန်းတော်မှ ထွက်ခွာသွားပြီးနောက် ဧကရီရှောင်က ရီဖူရှင်းအား အင်ပါယာရှား နန်းတော်၏ ရွှေကြာပန်းနန်းဆောင်သို့ ဝင်ခွင့်ပြုသည့်အကြောင်း သတင်းများ ပျံ့နှံ့လာခဲ့သည်။

ထို့အပြင် တိမ်တိုက် တောင်ကြားကိုလည်း ပြည်နယ်ကိုးခုအတွက် တော်ဝင်ရတနာများ သွန်းလုပ်ပေးရန် ဧကရီရှောင်က ကိုယ်တိုင် အမိန့်ပေးခဲ့သည်။

ရီဖူရှင်းက ရွှေကြာပန်းနန်းဆောင်သို့ ဝင်ခွင့်ရသလို ပညာရပ်များအားလည်း တော်ဝင်ကျဲနန်းတော်သို့ ဆက်လက် ယူသွားခွင့်ပြုသည်။

ထို့အပြင် ရှောင်ရှမ်းအတွက်လည်း ပြစ်ဒဏ်များ ချမှတ်ခဲ့၏။

ရှောင်ရှမ်းသည် နတ္ထိဘုံ၌ မနာလိုဝန်တိုစိတ်ဖြင့် အမိန့်တော်အတု ပြုလုပ်ကာ ရီဖူရှင်းအား လုပ်ကြံမှု၌ ဘေးအန္တရာယ် ကျရောက်စေခဲ့သည်။ နောင်တွင် ရှောင်ရှမ်းသည် နန်းတွင်းသို့ ဝင်ခွင့်မရတော့သလို တိမ်တိုက်တောင်ကြားမှ သွန်းလုပ်ပေးမည့် ပြည်နယ်ကိုးခုအတွက် တော်ဝင်ရတနာများ၏ကုန်ကျစရိုက်များကိုလည်း ရှောင်ကလန်က ပေးရပေမည်။

ထိုသတင်းများ ထွက်ပေါ်လာသောအခါ လူအများအပြားမှာ ဧကရီရှောင်၏ကိစ္စရပ်များ ဖြေရှင်းသည့် ဉာဏ်ပညာရင့်သန်မှုကို လေးစား ချီးကျူးကြရပေသည်။ သူမက ရီဖူရှင်း ဘာမှ မပြောနိုင်အောင် ကြီးမားသော ဆုလာဘ်များ ပေးအပ်ခဲ့ပေသည်။

တစ်ချိန်တည်းတွင် ရှောင်ရှမ်း၏အနာဂတ်မှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း အားလုံးက နားလည်ကြ၏။ နောင်တွင် ရှောင်ကလန်က သူ့အား ဆက်ခံသူအဖြစ် သတ်မှတ်တော့မည် မဟုတ်တော့ပေ။ ပြစ်ဒဏ်က သူ၏အနာဂါတ်အား အဆုံးသတ်စေခဲ့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset