အပိုင်း (၁၀၈၉)

ရန်သူနှင့် ပူးပေါင်းခဲ့သလား

ရှားရှင်းယွန်၊ ရီဖူရှင်းနှင့် တခြားလူများသည် မူလက နတ္ထိဘုံတွင် အချိန်တစ်ခုကြာ လေ့ကျင့်လိုခဲ့ကြ၏။ မည်သို့ဆိုစေ ရတနာ သလင်းကျောက်များအား တစ်နှစ်တာ ကာလအတွင်း ခွဲဝေပေးမည် မဟုတ်ပေလာ။

သို့သော် ရီဖူရှင်း၏ မတော်တဆမှုက သူတို့အား အင်ပါယာရှားဘုံသို့ စောလျင်စွာ ပြန်ဖြစ်စေခဲ့၏။ ရှားရှင်းယွန်က နန်းတော်သို့ ပြန်သောအချိန်တွင် တခြားလူများက မိမိတို့နေရပ်များသို့ အသီးသီး ပြန်ကြသည်။ ရီဖူရှင်းတို့ကလည်း သူတို့၏ တောင်ကုန်းသို့ ပြန်ကာ ဒဏ်ရာများကို ကုစားခြင်းများ ပြုလုပ်ကြ၏။ သည်တစ်ကြိမ် သူတို့ လူအများအပြား ဒဏ်ရာရပေသည်။

သိပ်မကြာခင် ရှားရှင်းယွန်က နန်းတော်မှ စွမ်းအားမြင့် ရှန့်ထို သမားတော်များအား စေလွှတ်ကာ ဒဏ်ရာရသူများအား ကုစားစေခဲ့သည်။

နတ္ထိဘုံမှ တခြား အင်အားစုများလည်း အသီးသီး ပြန်ရောက် လာခဲ့ကြရာ တိုက်ပွဲသတင်းများမှာ အင်ပါယာရှားဘုံသို့ လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။

နတ္ထိဘုံတိုက်ပွဲတွင် အနိုင်ရသည့် သတင်းကို မကြားခဲ့ကြရသည်မှာ အင်ပါယာဘုံသားတို့ အတွက် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ယခု တိုက်ပွဲ၏အသေးစိတ် သတင်းများကို ကြားသိရသောအခါ ရီဖူရှင်း၏စွမ်းဆောင်မှုအပေါ် အားလုံးက လေးစား အံ့အားသင့် ကြရပေသည်။

သို့သော်လည်း သူ၏ထူးခြား ပြောင်မြောက်သော စွမ်းဆောင်ရည်က တစ်ဖက်ဘုံအပေါ် ကြီးစွာသော အမုန်းတရားအား မွေးဖွားစေခဲ့ကာ အလွန်တရာ အန္တရာယ်များသော လုပ်ကြံမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပေသည်။

လုပ်ကြံမှု၌ မရဏဓားနတ်မယ် တစ်ဖန် ပေါ်လာခဲ့သလို လီဟန်ဓားသမားလည်း သူ၏ဓားဖြင့် ကူညီခဲ့၏။ လူအများမှာ အမှန်တကယ် အံ့အားသင့် ကြရသည်။ ရီဖူရှင်းနှင့် ဝမ်ချွန်းတို့ လီဟန်ဓားနန်းတော်၌ တိုက်ခိုက်ခဲ့ကြစဉ် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

လီဟန်ဓားသမား ဘာတွေးနေသည်ကို မည်သူမှ မသိကြသော်လည်း သူ၏သဘောထား ရင့်သန်မှုက လူအများထံမှ ပိုမိုလေးစားမှု ရရှိစေခဲ့သည်။

နောက်ပိုင်းတွင် ပိုမို အသေးစိတ်ကျသော သတင်းများအရ မူလက မင်းသမီးသည် ရီဖူရှင်းအား ကာကွယ်ရန် လူများ စေလွှတ်ထားခဲ့သည်။ သို့သော်လည်း ထိုလူများအား ရှောင်ရှမ်းက ပြန်လည် လာရောက် ခေါ်ဆောင်ခဲ့သဖြင့် ရီဖူရှင်းအား အန္တရာယ်နှင့် ကြုံတွေ့စေခဲ့ရသည်။

ယခု မင်းသမီးက ထိုကိစ္စအား စုံစမ်း စစ်ဆေးနေသည်။

ရှောင်ရှမ်းက မင်းသမီးကို အမှန်တကယ် ကယ်တင် လိုခဲ့သည်လား၊ သို့မဟုတ် ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်လား။

ဒုတိယ ကောက်ချက်သည် မှန်ကန် နိုင်စရာတော့မရှိ။ ရီဖူရှင်းနှင့် ရှောင်ရှမ်းတို့အကြား မည်သည့် ရန်ငြိုးရန်စမှ မရှိခဲ့ကြပေ။ ရှောင်ရှမ်းက ရီဖူရှင်းအား အဘယ်ကြောင့် သတ်ဖြတ်လို ရပေမည်နည်း။

သို့သော် နတ္ထိဘုံသို့ သွားရောက်ခဲ့ သူများသည် ပိုမို အသေးစိတ်သော အကြောင်းအရာများအား သိနားလည်ကြရာ ရှောင်ရှမ်းတွင် ရီဖူရှင်းအား လုပ်ကြံ သတ်ဖြတ်ရန် လုံလောက်သော အကြောင်းပြချက်များ ရှိသည်ကို သိကြသည်။

သို့သော် အပေါ်ယံတွင်ကား ရှောင်ရှမ်းသည် အမှန်တကယ် မင်းသမီး အကျိုးကျေးဇူးကို လိုလားကာ သူမအား ကာကွယ်ရန် ကြိုးစားခဲ့ခြင်းသာ။

***

ရှောင်ကလန်၏ ပင်မမျိုးရိုး မိသားစုဝင်များ အားလုံးသည် ရှောင်ကလန်၏ အိမ်တော်ကြီး တစ်နေရာ၌ စုဝေးနေကြသည်။

မိသားစုဝင်များ အားလုံး၏ရှေ့၌ ထိုင်နေသူကား ရှောင်မိသားစု ခေါင်းဆောင် ရှောင်အဘိုးအို ဖြစ်သည်။ သူ့အနီးတွင်ရှိနေသူများအားလုံးမှာ သူ၏သားများ ဖြစ်ကြ၏။

သူတို့၏ရှေ့တွင် ထိုင်နေသူကား ရှောင်ရှမ်း ဖြစ်သည်။

ယခု ရှောင်အဘိုးအို၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေသည်။ သူက ရှောင်ရှမ်းအား အေးစက်စွာ ကြည့်ကာ ပြောသည် … “မင်းက ဘာတွေ လုပ်လာတာလဲ ရှောင်ရှမ်း … ရှင်းယွန်ကတောင် စုံစမ်း စစ်ဆေးရအောင် မင်းလုပ်ခဲ့တယ်”

ရှားရှင်းယွန်က ရှောင်ကလန်နှင့် ကလန်၏လှုပ်ရှားမှု၊ ပတ်သက်မှုများ အားလုံးကို စုံစမ်းရန် လူများ စေလွှတ်ခဲ့သည်။

သူသည် ရှားရှင်းယွန်၏ အဘိုးလည်း ဖြစ်သည်။ ကလန်အတွင်းရှိ လူများ အားလုံးမှာလည်း ရှားရှင်းယွန်၏ ဆွေမျိုးများ ဖြစ်ကြသည်။ သူမက မင်းသမီး ဆိုသော်လည်း သူမအနေဖြင့် ရှောင်ကလန် အပေါ်တွင် အနည်းနှင့်အများ စိတ်ခံစားချက်များ ရှိပေသည်။

သို့သော် သူ၏မြေးမ မင်းသမီး ရှားရှင်းယွန်က လူများ စေလွှတ်ကာ ရှောင်ကလန်ကို စုံစမ်း စစ်ဆေးစေသည်။ ဆိုလိုရင်းက အဘယ်နည်း။

သည်ကိစ္စကို အပြင်လူများမြင်လျှင် ရှောင်ကလန်နှင့် မင်းသမီးတို့အကြား အက်ကွဲကြောင်းများ ဖြစ်နေသည်ကို ကောင်းကောင်း မြင်နိုင်သည်။ ရှောင်ရှမ်းက မင်းသမီး စိတ်ဆိုးအောင် တစ်ခုခု လုပ်ခဲ့သည်မှာ သေချာသည်။

ယခု ရှောင်ရှမ်း၏ မျက်နှာမှာ ပြာနှမ်းနေသည်။ ရှားရှင်းယွန်က ရီဖူရှင်းအပေါ် လွန်စွာ အလေးထားသည်ဟု သူနားလည်သော်လည်း ဤမျှလောက်အထိ သူမမှန်းထားခဲ့ပေ။ ပြင်ပလူတစ်ယောက် အတွက် သူမက ရှောင်ကလန်ကို အမှန်တကယ် စုံစမ်း စစ်ဆေးစေခဲ့သည်လား။ သူမက သူမ၏ ဝမ်းကွဲအစ်ကိုအားသာ စုံစမ်းသည်မဟုတ်၊ ရှောင်ကလန် တစ်ခုလုံး ဖြစ်နေသည်။

“ကျွန်တော် ပြောစရာ‌‌တွေ အကုန် ပြောပြီးပါပြီ။ အဲဒီအခြေအနေကို အဘိုးလည်း နားလည်မှာပါ။ မင်းသမီးရဲ့ ဘေးကင်းမှုကို စိုးရိမ်နေရတဲ့အချိနမှာ ကျွန်တော်က သူမကို ကာကွယ်ဖို့ လူတွေ ပြန်ခေါ်ဖို့လိုတယ်” ရှောင်ရှမ်းက ပြောသည် … “မင်းသမီးက ဘယ်သူလဲ။ ရီဖူရှင်းက ဘယ်သူလဲ။ အဲဒီအခြေအနေမှာ ရီဖူရှင်းကို ကျွန်တော်က စိတ်ပူရမှာလား”

ရှားရှင်းယွန်၏ခန္ဓာကိုယ်ထဲတွင် ရှောင်မျိုးရိုး၏သွေးများ စီးဆင်းနေပေသည်။

“ဒီလောက်ပဲလား …” ရှောင်အဘိုးအိုက အေးစက်စွာ ပြောသည်။

“ကျွန်တော်က လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ။ တကယ်လို့ မင်းသမီးက ကျွန်တော့်ကို အပြစ်တင်ရင်လည်း ကိစ္စမရှိပါဘူး” ရှောင်ရှမ်းက ဖြေသည်။ သူက ရှားရှင်းယွန်နှင့် စကားပြောပြီး ကတည်းက သူမသည် ရီဖူရှင်းအား အလွန် အလေးထားကြောင်း သိခဲ့ပြီးဖြစ်သည်။

ရီဖူရှင်း အသက်ရှင်ခဲ့ရာ ပုံမှန်အားဖြင့် ပြဿနာ သိပ်မရှိပေ။ လက်ရှိအခြေအနေတွင် အခွင့်အရေးကို စောင့်နေခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ အဆိုးဆိုး ဖြစ်နိုင်ဖွယ်မှာ သူ့အနေဖြင့် ရှားရှင်းယွန်၏ဘေးတွင် ဆက်နေခွင့် မရရှိတော့မည်ကိုပင်။ သို့သော်လည်း ရီဖူရှင်းသာ အသက်ရှင် နေပါကလည်း သူ့အနေဖြင့် ထိုသို့ အခွင့်အရေး ရှိမည် မဟုတ်တော့ပေ။ သူ့အနေဖြင့် ရီဖူရှင်း အသက်ရှင် နေပါကလည်း သိပ်မထူးခြားပေ။

ထို့ကြောင့် သူလုပ်ခဲ့သည်အတွက် နောင်တမရပေ။

“ခေါင်းဆောင် … တင်ပြစရာတစ်ခု ရှိပါတယ်” အပြင်ဘက်မှ အသံတစ်သံကို ကြားကြရသည်။

“ဝင်လာခဲ့ …” ရှောင်အဘိုးအိုက ပြောသည်။

အပြင်ဘက်မှ လူတစ်ယောက် ဝင်လာခဲ့သည်။ သူက ရှောင်အဘိုးအိုအား ဦးညွှတ်ကာ ပြောသည် … “အင်ပါယာရှားဘုံမှာ ကောလာဟလတွေ ထွက်နေပါတယ်။ သခင်လေးရှောင်ရှမ်းက အင်ပါယာလီဘုံနဲ့ အဆက်အသွယ် ရှိပါသတဲ့”

သူ၏စကားကို ကြားလျှင် အားလုံးက ထိတ်လန့် သွားကြသည်။

ရှောင်ရှမ်းက အင်ပါယာလီဘုံမှ လူများနှင့် အဆက်အသွယ် လုပ်ခဲ့သည်တဲ့လား။

ဤသို့ဆိုလျှင် ရီဖူရှင်း၏ဘေးမှ လူများအား ပြန်လည် ခေါ်ဆောင်သွားခြင်းမှာ သူက မင်းသမီးအား စိုးရိမ်ပူပန်ခြင်း တစ်ခုတည်းတော့ မဖြစ်နိုင်တော့။

သူက ရန်သူများဖြင့် ပူးပေါင်းကာ မိမိလူတစ်ယောက်အား လုပ်ကြံရန် ကြံစည်မှုဖြစ်သည်။

သည်ကဲ့သို့သော ပြစ်မှုကား ရှောင်ရှမ်းကို အဆုံးသတ်ရန် လုံလောက်စေသလို ရှောင်ကလန် တစ်ခုလုံးအားလည်း အမည်းစက် ထင်စေပေတော့မည်။

“ကျုပ် မလုပ်ဘူး” ရှောင်ရှမ်း၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သည်ကဲ့သို့သော ပြစ်မှုကို သူခံယူနိုင်စွမ်း မရှိကြောင်း သူနားလည်သည်။

လျှပ်တပြက်အတွင်း အေးစက်သော မျက်လုံးအစုံတို့က ရှောင်ရှမ်းထံသို့ ရောက်လာသည်။ ရှောင်ကလန် မိသားစုဝင်များအားလုံးက သူ့အား အေးစက်စွာ ကြည့်နေကြသည်။ အခြေအနေမှာ ရုတ်တရက်အားဖြင့် ပြောင်းလဲ သွားခဲ့သည်။

ရှောင်ကလန်ကား ဧကရီရှောင်၏ မိသားစုဖြစ်သည်။ သူမက အင်ပါယာရှား၏ အချစ်ဆုံးသမီးကိုလည်း မွေးထုတ် ပေးထားခဲ့သေးသည်။ ထိုမျှသော အကြောင်းပြချက်က ရှောင်ကလန်အား အင်ပါယာရှားဘုံတွင် အမြင့်ဆုံးသော အဆင့်အတန်းအား ရရှိစေသည်။

သူတို့လုပ်ဆောင်သမျှက အင်ပါယာရှားနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ရှိရန်ဖြစ်သည်။ သူတို့က ဧကရီရှောင်၏ အဆင့်အတန်းကိုပင် အသားမယူဘဲ နောင်တွင် ရှားရှားယွန်၏ ခြေလှမ်းနောက်သို့သာ လိုက်ပါ လိုခဲ့ကြသည်။

ရှောင်ရှမ်းသာ ရန်သူများနှင့် ပူးပေါင်းခဲ့သည်ဆိုပါက သည်အပြစ်အတွက် ရှောင်ရှမ်း တစ်ဦးတည်းသာမဟုတ်၊ ရှောင်ကလန်သည်လည်း အနည်းနှင့်အများ ထိခိုက်ပေလိမ့်မည်။

သည်ကိစ္စသာ အမှန်ဆိုပါက အင်ပါယာရှားနှင့် ရှားရှင်းယွန်တို့က နောင်တွင် ရှောင်ကလန်အား အလေးထားတော့မည် မဟုတော့ပေ။

“ဒီသတင်း ဘယ်ကလာတာလဲ” ရှောင်အဘိုးအိုက မေးသည်။

“ကျုပ် အတိအကျ မသိပါဘူး။ သတင်းက ကောလာဟလ ဖြစ်ပြီးတော့ တစ်စုံတစ်ယောက်က တမင်ဖြန့်နေသလိုပဲ” ထိုလူက ဖြေသည်။

“အဘိုး … တစ်ယောက်ယောက်က ကျွန်တော့်ကို စွပ်စွဲဖို့ ကြိုးစားနေပါတယ်” ရှောင်ရှမ်း၏ အမူအရာမှာ လွန်စွာ ပျက်ယွင်းနေသည်။ အကယ်၍ သူသာ ရန်သူနှင့် ပူးပေါင်းသည့် ပြစ်ဒဏ်ဆိုပါက အခြေအနေမှာ သူထင်သည်ထက် ဆိုးဝါးနိုင်ပေသည်။

ရှောင်အဘိုးအိုသည် ပုံမှန်အားဖြင့် နွေးထွေးဟန် ရသော်လည်း ယခု အေးစက် တင်းမာနေသည်။ သူ၏မျက်လုံးများက ရှောင်ရှမ်းအား ထွင်းဖောက်မတတ်  ကြည့်၏။

“ရှောင်ရှမ်း … မင်းလုပ်သမျှ ခြေရာလက်ရာ မကျန်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ရှင်းယွန်ရဲ့ စိတ်နေစိတ်ထားကို ငါသိတယ်။ သူမက တစ်ခုခုလုပ်မယ်ဆိုရင် ရေဆုံးရေဖျား လိုက်လုပ်တတ်တယ်။ တစ်ခုခုကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့။ နောက်မကျခင် မြန်မြန် ဝန်ခံလိုက်”

ရှောင်အဘိုးအို၏အသံက ရှောင်ရှမ်း၏နားထဲသို့ ရောက်လာသည့် အခိုက်တွင် သူသည် ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားရသည်။

သူ၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ နောက်ဆုံးတွင် ရှောင်ရှမ်းက ခေါင်းငုံ့ကာ ဦးညွှတ်လျက်ပြောသည် … “အဘိုး … ကျွန်တော်က ရန်သူနဲ့ မပူးပေါင်းရပါဘူး။ မင်းသမီးရဲ့ သွေးကြောထဲမှာ ရှောင်ကလန်ရဲ့ သွေးတွေ စီးဆင်းနေတယ်။ ကျွန်တော်က ဘယ်လိုလုပ် အင်ပါယာလီဘုံနဲ့ ပူးပေါင်းပါ့မလဲ”

သူက ထိုသို့ပြောလျှင် အားလုံး၏ မျက်လုံးများက သူ့အား စိုက်ကြည့်နေကြဆဲ ဖြစ်သည်။ ရှောင်ရှမ်းသည် ချွေးများပင် စို့လာကာ ဆက်ပြောသည် … “ကျွန်တော်က နတ္ထိဘုံမှာ တန်ခိုးရှင် မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့ သူမက မင်းသမီး တိုက်ခိုက်ခံရကြောင်း ပြောခဲ့တယ်။ ဒါကြောင့်ပဲ သူမကို ကာကွယ်ဖို့ ကြိုးစားခဲ့တာပါ”

“ဒါပဲလား” ခန်းမတစ်ခုလုံး အေးစက်သော အသံက ဟိန်းသွားသည်။

“စကားတစ်ခွန်းတည်းက မင်းကို ဆင်ခြင်ဉာဏ် ကင်းမဲ့စေတာလား။ မင်းနဲ့သူမနဲ့ ရင်းနှီးလား” ရှောင်အဘိုးအိုက မေးသည်။ ရှောင်ရှမ်းက တစ်စုံတစ်ခုအား ဖုံးကွယ်နေသည်မှာ သေချာသည်။

ရှောင်ရှမ်းက ကြမ်းပြင်တွင် ဒူးထောက်လိုက်ကာ ပြောသည် … “ကျွန်တော် ဝန်ခံပါတယ်။ အဘိုးထင်သလို အမှန်တကယ်ပဲ ဖြစ်ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အင်ပါယာလီဘုံနဲ့ လုံးဝ အဆက်အဆံ မရှိခဲ့ပါဘူး ဆိုတာကို ကျိန်ရဲပါတယ်။ ကျွန်တော်က အင်ပါယာရှားဘုံကို တစ်ခါမှ သစ္စာမဖောက်ခဲ့ပါဘူး”

“မင်းလုပ်ခဲ့တာတွေက သံသယဝင်စရာ မကောင်းဘူးလို့ မင်းမပြောနဲ့” ရှောင်အဘိုးအိုက အေးစက်စွာ ပြောသည် … “မင်းက အခြေအနေကို အခွင့်ကောင်း ယူပြီးတော့ ရီဖူရှင်းကို ရှင်းလိုက်ချင်တာပဲ”

ရှောင်ရှမ်းက‌ ခေါင်းငုံ့ကာ ပြောသည်… “ကျွန်တော်လုပ်ခဲ့တာက ကလန်အတွက်ပဲ စဉ်းစားပြီး လုပ်ခဲ့တာပါ”

ဘန်း …

ရှောင်အဘိုးအိုက ထိုင်ခုံလက်တန်းအား ပြင်းထန်စွာ ရိုက်လိုက်သည်။ သူ၏မျက်နှာက အလွန်တရာ အေးစက်စွာဖြင့် ပြောသည် … “ဒီစကားတွေက ငါနဲ့ပဲ အလုပ်ဖြစ်မယ်။ ရှောင်ကလန်ကလည်း မင်းကို ယုံကြည်တယ်။ ဒါပေမဲ့ ရှင်းယွန်ကို မင်း ဘယ်လို ရှင်းပြမှာလဲ”

ရှောင်ရှမ်း ခေါင်းငုံ့ကာ ပြောသည် … “အဒေါ်က ကျွန်တော့်ကို နားလည်ပါလိမ့်မယ်”

ရှောင်ကလန်မှ လူတိုင်းက သူ့အား ဒေါသတကြီး ကြည့်ကြသည်။

ယခုတွင် ရှောင်ရှမ်းအား နန်းတွင်းသို့ စေလွှတ်ရန် မျှော်လင့်ချက် မရှိတော့သည်ကို သူတို့အားလုံး နားလည်ကြသည်။ ရှားရှင်းယွန်က သူ့အား မည်သို့မှ ယုံကြည်တော့မည် မဟုတ်တော့ပေ။

“အဖေ…ရှောင်ရှမ်း အပြစ်ရှိပါတယ်။ ဒါကြောင့် သူ့ကို နန်းတွင်းသို့ အပြစ်ဝန်ခံဖို့ ခေါ်သွားပါ့မယ်” ရှောင်ရှမ်း၏အဖေက ရှောင်အဘိုးအိုအား ပြောသည်။

“မင်းက မင်းညီမဆီကို သွားမလို့ မဟုတ်လား …” ရှောင်အဘိုးအိုက သူဘာတွေးနေသည်ကို မသိဘဲ မည်သို့ နေမည်နည်း။ ရှောင်ရှမ်းကား အလွန်တရာ ကြီးမားသော အမှားကို ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ဧကရီရှောင်တစ်ဦးတည်းသာ ရှောင်ရှမ်းအား ကယ်တင်နိုင်ပေလိမ့်မည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset