အခန်း ( ၈၄ )

ဝိညာဉ်ချီများကို မန္တန်အစီအရင်များအဖြစ် ပြောင်းလဲခြင်း

ပွဲစဉ်အပြီးတွင် ပြိုင်ပွဲဝင်များ၏ ရမှတ်များကို ဝိညာဉ်ကွန်ရက်ပေါ်တွင် တင်ပေးထားသည်။ လေးပွဲလုံးဆက်တိုက် နိုင်ခဲ့သူများ တစ်ရာကျော် ရှိလေသည်။

ထိုတစ်ရာကျော် ပြိုင်ပွဲဝင်တိုင်းမှာ အာရုံစိုက်ခံရလေသည်။ သို့ရာတွင် ဤပြိုင်ပွဲဝင်တို့မှာ ယခင်က တစ်ဦးနှင့် တစ်ဦး ရင်ဆိုင်တွေ့ဖူးခြင်း မရှိသဖြင့် မည်သူက အသာစီးရမည်ကို ခွဲခြားရန် ခက်ခဲလှသည်။ အမှန်တွင် ဤသို့ဖြစ်အောင် တာအိုကျောင်းက တမင်စီစဉ်ထားခြင်း ဖြစ်သည်။ ဤပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက်တည်းကို အောင်နိုင်သူအဖြစ် ထွက်ပေါ်လာစေရန် ကျင်းပခြင်းမဟုတ်ဘဲ ထိပ်ဆုံး လူတစ်‌ထောင်ထဲတွင် မည်သူရှိမည်ကို ရှာဖွေခြင်းဖြစ်သည်။

ဤသို့ရည်ရွယ်ထားသည့်တိုင် တာအိုကျောင်းမှ ကျောင်းသားများက ဌာနအလိုက် ပြိုင်ပွဲဝင်များ၏ ရလဒ်များကို စိစစ်သုံးသပ်ကြည့်မြဲဖြစ်သည်။ နောက်ဆုံးတွင် သူတို့က အဆင့်စာရင်းတစ်ခုကို ထုတ်လိုက်ပြီး ထိုစာရင်းထဲရှိ လူအားလုံး၏ တိုက်ခိုက်ရေးစွမ်းရည်များကို ခန့်မှန်းလိုက်သည်။

ထိုစာရင်း၏ ထိပ်ဆုံးမှ လူမှာ စီနီယာကျောင်းသားတစ်ယောက် မဟုတ်သကဲ့သို့ ဝမ်ပေါင်လဲ့လည်း မဟုတ်‌ပေ။ အဆင့်တစ်မှာ ကျောက်ယမုန့်ဖြစ်သည်။

သူမ၏ တိုက်ကွက်များမှာ ကြိုတင်မှန်းဆ၍ မရနိုင်ပေ။ အစမှ အဆုံးထိ သူမသည် လက်ကလေး တစ်ချောင်း လှုပ်၍ အသက်ရှူချိန်အနည်းငယ်အတွင်း မန္တန် အစီအရင်များကို ဖန်တီးနိုင်သည်။ သူမနှင့် ရင်ဆိုင်ရသည်မှာ မည်သူဖြစ်စေ၊ သူမလက်ထဲမှ လွတ်အောင် မပြေးနိုင်ကြပေ။ သူမ၏ ပြိုင်ဘက်များမှာ မန္တန်အစီအရင်ထဲ၌ ပိတ်မိနေသည်ဖြစ်ရာ ဖိအားကို မခံနိုင်ကြတော့ဘဲ နောက်ဆုံးတွင် အရှုံးပေးလိုက်ကြသောကြောင့် ဒုတိယအကြိမ် တိုက်ခိုက်ရန်ပင် မလိုလိုက်ပေ။

သူမ၏ ပြိုင်ဘက်များမှာ အားနည်းသူ တစ်ယောက်မှ မပါပေ။ စတုတ္ထအကြိမ်ထိ ရောက်ခဲ့သည့် ပြိုင်ပွဲဝင်များမှာ ဌာနတစ်ခုတည်းမှ ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့်တိုင် အသက်ရှူချိန်သုံးကြိမ်စာအတွင်း အရှုံးပေးကြရသည်။

ရလဒ်အနေဖြင့် ကျောက်ယမုန့်၏ ကျော်ကြားမှုမှာ တိုးတက်လာခဲ့သည်။ တချို့က သူမသည် ယခုနှစ်ပိုင်းများအတွင်း ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားများအားလုံးထဲမှ ထိပ်ဆုံးကျောင်းသားဖြစ်သည်ဟု ဆိုကြသည်။

ကျောက်ယမုန့်အပြင် ကျိုးရိဖန်နှင့် အခြားသော ထိပ်သီးစီနီယာကျောင်းသား အတော်များများမှာ လေးပွဲဆက်တိုက် နိုင်ခဲ့ကြသော်လည်း သူတို့၏ ကျော်ကြားမှုမှာ ကျောက်ယမုန့်ကို မယှဉ်နိုင်ကြပေ။

ဝမ်ပေါင်လဲ့သည်ပင် လေးပွဲဆက်တိုက် နိုင်ခဲ့သော်လည်း ရှေ့ဆုံး သုံးပွဲ၌ အမှန်တကယ် လေးလေးနက်နက် မပြိုင်လိုက်ရပေ။ ထို့ကြောင့် သူ့အဆင့်မှာ မမြင့်ဘဲ ကျိုးရိဖန်နှင့် အခြားသူများနောက် ရောက်နေသည်။ သို့ရာတွင် စတုတ္ထအကြိမ် ပွဲစဉ်တွင် အနိုင်ရသွားပြီးနောက် သူ့အဆင့်ကို ကျောင်းသားအများအပြားက တိုးပေးလိုက်ကြသည်။

“ ဒီလူတွေအတွက် ငါးပွဲလုံးနိုင်ဖို့က အလွယ်လေးပဲ”

“ နောက်ဆုံးပွဲကျရင် အဓိက သော့ချက်က ဒီတစ်ရာထဲက ဘယ်သူတွေ သူတို့ချင်း ယှဉ်ပြီး တိုက်ရမလဲဆိုတာ စောင့်ကြည့်ဖို့ပဲ”

“ ဟုတ်တယ်။ သူတို့ချင်း ထိပ်တိုက်တွေ့တဲ့ပွဲကိုမှ တကယ့်တိုက်ပွဲအစစ်လို့ ပြောလို့ရမှာ။ သူတို့ရှုံးရင်တောင် အဆင့်ကတော့ ရဦးမှာပဲ။ ဒါပေမဲ့ ဘယ်သူကမှ စိတ်လိုလက်ရ အရှုံးပေးကြမှာ မဟုတ်ဘူး”

အားလုံးက လာမည့်ပွဲစဉ်များကို စောင့်စားနေကြစဉ် လူတစ်ယောက်၏ အဆင့်နှင့် မှော်ဝင်နယ်မြေကို ဝင်နိုင်စွမ်းရှိ၊ မရှိ ဆုံးဖြတ်ပေးမည့် နောက်ဆုံး ပွဲစဉ် ယှဉ်ပြိုင်ရန် အချိန်ကျရောက်လာခဲ့သည်။

ဝမ်ပေါင်လဲ့၏ ပဉ္စမအကြိမ် ပွဲစဥ်မှာ သိုင်းပညာဌာနရှိ ကွင်းအမှတ်တစ်ထဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အကောင်းဆုံး အခြေအနေတွင် ရှိနေသည်။ သူရောက်လာပြီး ကွင်းထဲတွင် ပေါ်လာချိန်၌ ကြည့်ရှုသူ ကျောင်းသားအားလုံး၏ မျက်လုံးများက သူ့ဆီရောက်သွားကြသည်။

သူတို့သည် ဝမ်ပေါင်လဲ့ ကွင်းနားသို့ တစ်လှမ်းပြီးတစ်လှမ်း နီးလာနေသည်ကို စောင့်ကြည့်နေကြသည်။ နောက်ဆုံး ကွင်းထဲသို့ ခြေချလိုက်ချိန်၌ ပရိသတ်များထံမှ တီးတိုးပြောသံများ၊ ဆွေးနွေးသံများ မကြားရဘဲ ငြိမ်ကျသွားသည်။ သို့ရာတွင် ရုတ်တရက် ခပ်လှမ်းလှမ်းဆီမှ အံ့ဩတကြီး၊ အလန့်တကြား ရေရွတ်သံများ ပျံ့နှံ့လာသည်။

“ဘုရားရေ၊ ဝမ်ပေါင်လဲ့ရဲ့ ပြိုင်ဘက်က … ”

“ ဒါက… ”

“ ကျောက်ယမုန့်”

လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် မိန်းမလှလေး ကျောက်ယမုန့်က သူမ၏ တာအိုကျောင်းသားခေါင်း‌ဆောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြားသော ကျောင်းသားများနှင့်အတူ မျက်နှာချင်းဆိုင်ဘက်မှ ဖြည်းဖြည်းချင်း လှမ်းလာသည်။ ဝမ်ပေါင်လဲ့ ကွင်းထဲတွင် ရပ်နေသည်ကို တွေ့သောအခါ တည်ငြိမ်ကာ ကျက်သရေရှိသည့် ကျောက်ယမုန့်က သိလိုစိတ်ဖြင့် ငေးကြည့်လိုက်သည်။

ကျောက်ယမုန့်ကို တွေ့လျှင် ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ အသက်ရှူရပ်သွားသည်။

“ သူကိုး ”

ကွင်းသို့ လာနေစဉ် မည်သူနှင့် ရင်ဆိုင်ရမည်ကို ခန့်မှန်းကြည့်နေခဲ့သော်လည်း ကျောက်ယမုန့်နှင့် တကယ်ကြီး ယှဉ်ပြိုင်ရလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။ အမှန်တွင် ဝမ်ပေါင်လဲ့ တိုက်ခိုက်ရန် အကြောက်ဆုံး ပြိုင်ဘက်မှာ ကျောက်ယမုန့်ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် ကျောက်ယမုန့်၏ မန္တန်အစီအရင် စွမ်းရည်များကို လူကိုယ်တိုင် မမြင်ဖူးခဲ့ချေ။ သို့သော် ဝိညာဉ်ကွန်ရက်ပေါ်မှ လူများ၏ ဖော်ပြချက်အရ မည်မျှ ထူးခြားဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်းကြည့်နိုင်သည်။

“ ငါ ကံမကောင်းတာလား။ ဒါမှမဟုတ် သူပဲ ကံဆိုးတာလား”
ဝမ်‌ပေါင်လဲ့က တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ကျောက်ယမုန့်က ကွင်းထဲသို့ ဝင်လာသည်တွင် တစ်ယောက်နှင့် တစ်ယောက် မျက်လုံးချင်းဆုံကာ ကြည့်လိုက်ကြသည်။

စကားမပြောရသေးမီ ကြည့်ရှုသူများ၏ စိတ်လှုပ်ရှားမှုမှာ ထိန်းမရတော့ဘဲ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ချက်ချင်းပင် ဝိညာဉ်ကွန်ရက်ပေါ်၌ သူတို့ပြိုင်ပွဲအကြောင်း သတင်းများ တောမီးအလား ပျံ့သွားသည်။

ကျောက်ယမုန့်၏ ကျော်ကြားမှုမှာ သူမ၏ ယခင် ပြိုင်ပွဲလေးပွဲအပြီးတွင် တရှိန်ထိုး မြင့်တက်လာရာ လူအများ၏ အာရုံစိုက်ခြင်း ခံရသည်။ ဝမ်ပေါင်လဲ့သည်မှာလည်း အလားတူ နာမည်ကြီး ကျော်ကြားသည်။ ထို့ကြောင့် သူတို့နှစ်ယောက် ထိပ်တိုက်ဆုံခြင်းမှာ လူထုအကြား စိတ်လှုပ်ရှားမှုများ မြင့်တက်စေသည်။

“ ဝမ်ပေါင်လဲ့နဲ့ ကျောက်ယမုန့်ရဲ့ ပြိုင်ပွဲက ဒီပြိုင်ပွဲတစ်ခုလုံးရဲ့ ပွဲစဉ်တွေ အားလုံးမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနေမှာပဲ”

“ ဝမ်ပေါင်လဲ့က ဓမ္မအဆောင်တွေ သုံးတာကို အထူးလေ့လာထားပြီးတော့ သူ့ရဲ့ အပြင်ခန္ဓာကိုယ်ကလည်း သိုင်းပညာဌာနက ကျောင်းသားခေါင်းဆောင်ရဲ့ တိုက်ကွက်တွေကိုတောင် ခံနိုင်ရည်ရှိတယ်။ ကျောက်ယမုန့်ကလည်း လျှို့ဝှက်ဆန်းကြယ်ပြီးတော့ မှန်းလို့ မရနိုင်ဘူး။ သူက အရင်ပွဲလေးပွဲလုံးမှာ အနိုင်ရဖို့ ဒုတိယတိုက်ကွက် ထုတ်စရာတောင် မလိုခဲ့ဘူး”

“ ဘယ်သူနိုင်မလဲဆိုတာ လောင်းချင်တဲ့သူ ရှိလား။ ငါကတော့ ဝမ်ပေါင်လဲ့ဘက်က လောင်းမယ် ”

“ ဟား၊ ငါကတော့ ငါ့ရဲ့ နတ်မိမယ်လေး ကျောက်ယမုန့်ကိုပဲ လောင်းကြေးထပ်မှာ”

တာအိုကျောင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေရာ ကျိုးရိဖန်ကဲ့သို့ လေးပွဲဆက်တိုက် နိုင်ထားသူများမှာ ဤအဖြစ်အပျက်ကို ကြားသိသွားကြသည်။ သူတို့ထဲမှ တချို့မှာ ပြိုင်ဘက်များကို တွေ့နေပြီ ဖြစ်ပြီး မတွေ့ရသေးသူများမှာ သက်ပြင်းချနိုင်သွားသည်။

ဝမ်ပေါင်လဲ့ကဲ့သို့ပင် အခြား ပြိုင်ပွဲဝင်များကလည်း ကျောက်ယမုန့်နှင့် မတွေ့လိုပေ။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာလည်း ကွင်းထဲတွင် ရင်ဆိုင်တွေ့ရန် မလိုလားသည့် အခြားတစ်ယောက် ဖြစ်သည်။

“ ကောင်းတယ်။ ဒီကြောက်စရာကောင်းတဲ့ နှစ်ယောက်၊ သူတို့ချင်းတွေ့သွားတာ တော်သေးတာပေါ့”

“ ဟားဟား၊ ကြည့်ရတာ ငါတော့ ငါးပွဲလုံး နိုင်တော့မယ်ထင်တယ် ”

“ ဒီပွဲ မြန်မြန်ပြီးသွားစေချင်တယ်။ အဲ့ဒါမှ သူတို့တိုက်ပွဲကို ငါကိုယ်တိုင် သွားကြည့်လို့ရမှာ”

တာအိုကျောင်းမှ ဆရာများ၊ ဌာနမှူးများနှင့် ပါမောက္ခတို့ အားလုံး သိုင်းပညာဌာနအတွင်းရှိ ကွင်းထဲသို့ ဦးတည်လာကြသည်။ သူတို့သည် မထင်မှတ်ထားသည့် အခြေအနေများ ဖြစ်လာခြင်း မရှိစေရန် ဤပွဲကို ကိုယ်တိုင်လာကြည့်ကြပုံ ပေါ်သည်။

ကြည့်ရှုသူ အရေအတွက် တိုးလာသည်နှင့် အမျှ ပွဲကို တာဝန်ယူထားရသည့် ဆရာများမှာလည်း ဖိအားများလာသည်။ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်နေသည့် နှစ်ယောက်ကို ကြည့်ကာ နောက်ဆုံးတွင် ပြိုင်ပွဲစတင်ကြောင်း လေးနက်စွာ ကြေညာလိုက်သည်။

ကြေညာချက်နှင့်အတူ အားလုံး၏ အသံများက ချက်ချင်းပင် ငြိမ်ကျသွားကာ ကွင်းထဲမှ နှစ်ယောက်ကို လုံးလုံးလျားလျား အာရုံရောက်သွားကြသည်။

ကျောက်ယမုန့်သည် ကွင်းထဲသို့ ဝင်လာကတည်းက သူ့ကို မျက်တောင် တစ်ချက်မှ မခတ်ဘဲ အေးအေးဆေး‌ဆေး ကြည့်နေသည်ကို သတိပြုမိကာ ဝမ်ပေါင်လဲ့က ချောင်းဟန့်ကာ စကားပြောလိုက်သည်။ “ ဟေး၊ ကျောက်ယမုန့်၊ ငါတို့နှစ်ယောက်လုံး တစ်သုတ်တည်း၊ နှစ်အတူတူပဲလေ။ ငါတို့ အဆင့်စာရင်းထဲမှာလည်း ပါပြီးပြီပဲ။ နောက်ပြီး ငါက ဒီလောက် ချောတာ။ ဘယ်လိုသဘောရလဲ။ ဒီပွဲကို ပေါ့ပေါ့ပါးပါးဘဲ ပြိုင်ကြတာပေ့ါ။ ငါ နောက်ကျ မုန့်လိုက်ကျွေးမယ်လေ ”

ထိုအရှက်မရှိ ပြောလိုက်သောစကားများကို ဘေးမှ ကြည့်နေကြသော ပရိသတ်များ ကြားသောအခါ တဝါးဝါး ပွဲကျသွားသည်။ တချို့က ဝမ်ပေါင်လဲ့ကို ၊ လှောင်ပြောင်သည့် မျက်လုံးများဖြင့် ကြည့်ကြသည်။ ဝမ်ပေါင်လဲ့၏ မထင်မှတ်ထားသည့် ဤအကွက်ကြောင့် ဆရာများသည်ပင် မျက်စိလည်သွားကြသည်။

“ ဝမ်‌ပေါင်လဲ့၊ နင်က အစွမ်းထက်တယ် … အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ ခံစားလို့ရတယ် ”
ကျောက်ယမုန့်က ဝမ်ပေါင်လဲ့၏ စကားများကို လျစ်လျူရှုလိုက်သည်။ ဝမ်ပေါင်လဲ့ကို ငေးကြည့်ရင်း လေးနက်တည်ကြည်ဟန်ဖြင့် နူးညံ့စွာ ဆိုလိုက်သည်။

“ နင် အစွမ်းကုန် ထုတ်ပြီး ငါနဲ့ ရင်ဆိုင်တိုက်မှာလား”
ကျောက်ယမုန့်အသံမှာ ချိုသာကြည်လင်စွာဖြင့် ကွင်းပြင်ထဲသို့ ပဲ့တင်ထပ်သွားသည်။

ဝမ်ပေါင်လဲ့က ကျောက်ယမုန့်ကို သေချာစွာ ကြည့်လိုက်ပြီး သူမ၏ စိတ်ဓါတ်ခိုင်မာမှုကို ခံစားမိသွားသည်။ တခဏမျှ တွေးလိုက်ပြီးနောက် သူ့ပုံစံမှာ လေးနက်တည်ကြည်သွားသည်။ ဝမ်ပေါင်လဲ့သည် ပုံမှန်အားဖြင့် ကပြက်ကချော်နိုင်သော်လည်း တချို့လူများမှာ စိတ်ဓာတ်ခိုင်မာပြတ်သားကြပြီး ထိုလူများအား လေးစားစွာ ဆက်ဆံရမည်ကို ကောင်းစွာ နားလည်ထားသည်။ ထိုသို့သောလူများမှာ ယခင်ပွဲမှ သိုင်းပညာဌာန၏ သိုင်းရူး စုန့်ပင်းလုံနှင့် ယခုသူ့ရှေ့တွင် ရပ်နေသည့် ပွင့်လင်းရိုးရှင်းသည့် ကျောက်ယမုန့်ကဲ့သို့ လူမျိုးဖြစ်သည်။

အမှန်တကယ်တွင် ကျောက်ယမုန့်သည် ခန္ဓာကိုယ်အားဖြင့် အားနည်းပြီး အပြင်အားအရာ၌ သူနှင့် မယှဉ်နိုင်ဟု ခံစားရသည်။ သို့ရာတွင် သူ၏ ဝမ်းတွင်းသိစိတ်အရ ကျောက်ယမုန့်သည် အလွန်အမင်း အန္တရာယ်များသူတစ်ယောက်ဟု ပြောနေသည်။

ဤအန္တရာယ်ခံစားချက်မှာ ဝတ်ရုံနက်လူများ၏ ခေါင်းဆောင် အကြီးအကဲနှင့် ဆုံစဉ်က ခံစားချက်နှင့် ဆင်ဆင်တူသည်။

မွေးရာပါ ဝိညာဉ်ခန္ဓာ … ဝမ်ပေါင်လဲ့က ဤအမျိုးသမီး တာအိုကျောင်းသို့ ရောက်လာသည့် အချိန်ကို တွေးမိသွားသည်။ သူမသည် ဝိညာဉ်ကွန်ရက်ပေါ်၌ ဟိုးလေးတကြော်ကြော်ဖြစ်ကာ ဆွေးနွေးမှုများ၏ ခေါင်းစဉ်ဖြစ်ခဲ့သည်။ တိုက်ခိုက်ချင်စိတ်များ တဖြည်းဖြည်း ပေါ်လာပြီး ဝမ်ပေါင်လဲ့က ခေါင်းညိတ်ပြလိုက်သည်။
“ ကျေးဇူးပြုပြီး ငါ့ကို ညွှန်ပြပေးပါဦး”

ကျောက်ယမုန့်က ပြုံးလိုက်ပြီး ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ဝမ်ပေါင်လဲ့ကို လက်ညှိုးညွှန်လိုက်သည်။ သူမ၏ လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်တွင် ရှိနေသော ဝိညာဉ်ချီက တဖြည်းဖြည်း စုဝေးလာပြီး မျက်စိဖြင့် မမြင်နိုင်သည့် ဝဲဂယက်တစ်ခု ဖြစ်လာသည်။

ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူကလည်း တွေဝေနေခြင်း မရှိဘဲ ချက်ချင်းပင် ရှေ့တိုးသွားသည်။ သို့သော် တစ်ဖြောင့်တည်း သွားခြင်းမဟုတ်ဘဲ ကျောက်ယမုန့်ဆီသို့ ဦးတည်ကာ မြွေလိမ်မြွေကောက်ပုံစံ သွားခြင်း ဖြစ်သည်။ သို့ရာတွင် နောက်ကျသွားလေပြီ။ ကျောက်ယမုန့်က စူးစမ်းသည့်အကြည့်နှင့်အတူ ညာလက်မှ လက်ချောင်းလေးများကို မြှောက်လိုက်ပြီး ထိုတခဏတွင် တင်းကြပ်စွာ ဆုပ်လိုက်သည်။

သူမ၏ ဆုပ်ဆွဲလိုက်ခြင်းနှင့်အတူ နေရာမှန်းဆမရဘဲ ပေါက်ကွဲသံ အကျယ်ကြီး ထွက်လာသည်။ ဝိညာဉ်ချီဖြင့် ဖွဲ့စည်းထားသည့် မမြင်ရသော ဝဲဂယက်က ချက်ချင်းပင် ကျောက်ယမုန့်၏ မှော်ဆန်ဆန် နည်းလမ်းများ‌ကြောင့် မန္တာန်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လေထဲမှ မန္တာန်အစီအရင်တစ်ခုက ဝမ်ပေါင်လဲ့ကို ချုပ်နှောင် ရစ်ပတ်သွားသည်။

ထိုအခိုက် ဝမ်ပေါင်လဲ့ဘေးမှ ဝိညာဉ်ချီများသည် မမြင်နိုင်သည့် မုန်တိုင်းအလား ပေါက်ကွဲကာ နေရာတိုင်းသို့ လွင့်ပျံသွားရာ ဝမ်‌ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်သွားသည့်အပြင် အသက်ရှူရပ်သွားရသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် မြူခိုးများကိုသာ မြင်ရပြီး ပြင်ပကမ္ဘာကို မမြင်ရတော့ပေ။

ယခင်ပွဲစဥ်လေးပွဲမှ ပြိုင်ဘက်များ အရှုံးပေးသွားရသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူမသည် အမှန်တကယ်ပင် ဝိညာဉ်ချီကို စုစည်းကာ မန္တန်အစီအရင်များ အဖြစ် ပြောင်းလဲနိုင်သည်။ ဤသည်မှာ ကြောက်ခမန်းလိလိ တိုက်ကွက်တစ်ခု ဖြစ်သည်။

အခြားသော ကျောင်းသားများမှာ ကျောက်ယမုန့်၏ တိုက်ကွက်များကို နားမလည်နိုင်သော်လည်း ဝမ်ပေါင်လဲ့မှာ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်ကို လေ့လာထားရာ ဝိညာဉ်ချီကို ကောင်းစွာ အာရုံခံနိုင်ပြီး သူမ၏ တိုက်ကွက်ကို နားလည်သဘောပေါက်သည်။

ယခု သူ့မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး သူ၏ ဝိညာဉ်ချီ အာရုံခံနိုင်စွမ်း မြင့်မားသည်ကို သူ ယုံကြည်ကာ ဝိညာဉ်ချီ အားနည်းသည့် နေရာတစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။

“ ငါးနေရာရှိတယ် ”
ဝိညာဉ်ချီ အားနည်းနေသည့် နေရာများမှာ အမြန်ဆုံးနှုန်းဖြင့် အားကောင်းလာနေသည်ကို တွေ့ရသောကြောင့် ဝမ်ပေါင်လဲ့က လျင်မြန်စွာ လက်သီးချက်တစ်ချက်ကို ထိုးသွင်းလိုက်သည်။ တချိန်တည်းမှာပင် ဓမ္မအဆောင်အများအပြား သူ၏ သိုလှောင်လက်ပတ်ထဲမှ ပျံထွက်လာကာ သူ့ဘေးသို့ ကျလာသည်။

မြည်ဟီးသံကြီး ပဲ့တင်ထပ်နေစဥ် စောင့်ကြည့်နေကြသည့် ကျောင်းသားအားလုံးမှာ ဝိညာဉ်ချီ မန္တန်အစီအရင်၏ အပြင်ဘက်မှ ပြိုင်ပွဲကို ကြည့်နေရင်း အံ့အားသင့်သွားကြသည်။

“ အဲဒီတိုက်ကွက်ပဲ၊ နောက်တစ်ခါ သုံးပြန်ပြီ ”

“ အရင်လေးပွဲတုန်းက ကျောက်ယမုန့်က လက်လေးယမ်းပြီး မန္တာန်အစီအရင်တွေ ဆင့်ခေါ်လိုက်ရုံနဲ့ ပြိုင်ဘက်တွေကို ချုပ်နှောင်ထားခဲ့တာ”

“ ကျောက်ယမုန့်က အရမ်းအစွမ်းထက်တာ ဝမ်ပေါင်လဲ့တောင် မန္တာန်အစီအရင်ရဲ့ ချုပ်နှောင်မှုကို ခံနေရတယ်”

ကျောင်းသားများက အချင်းချင်း ဆွေးနွေးနေစဉ် ပါမောက္ခနှင့် အခြား ဆရာများ၊ အထူးသဖြင့် မန္တန်အစီအရင်ဌာနမှူးတို့ အားလုံးက ကျောက်ယမုန့်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

“ ကျောက်ယမုန့်က မွေးတကည်းက ဝိညာဉ်ခန္ဓာနဲ့ဆိုတော့ မန္တာန်အစီအရင် ပညာမှာ သူ့ရဲ့ ထူးကဲတဲ့ အရည်အချင်းက အခြားသူတွေကို ကျော်တက်နေတာ။ ထပ်ပြီး လေ့ကျင့်သင်ကြားလိုက်ရင် သူက အနာဂတ်မှာ ပြည်ထောင်စု ထိပ်သီးလက်ရွေးစင် တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။ ဝမ်ပေါင်လဲ့ကလည်း နာမည်ကြီး ထင်ရှားပေမဲ့ ကျောက်ယမုန့်နဲ့တော့ ယှဉ်လို့ မရဘူး ”

မန္တာန်အစီအရင်ဌာနမှူး၏ စကားဆုံးလျှင် ဘေးနားတွင် ရပ်နေသည့် ဓမ္မလက်နက်ဌာနမှ ဆရာမုတ်ဆိတ်က အသံတိုးတိုးဖြင့် မြည်တွန်လိုက်သည်။

“ ခုမှ အစရှိသေးတာကို။ ဓမ္မလက်နက်ဌာနက အသင့်ပြင်ပြီးသွားရင် မင်းတို့ရဲ့ မန္တာန်အစီအရင်တွေက အလကားဖြစ်သွားမှာ”

သူတို့နှစ်ယောက်မှာ နောက်ဆုတ်မည့် အရိပ်အယောင်မရှိပေ။ ယခု သူတို့၏ တန်ဖိုးအထားရဆုံး တပည့်များ တိုက်ခိုက်နေရာ အငြင်းအခုံစကားသံများ ချက်ချင်း ထွက်လာလေသည်။

ဘေးနားမှ ရပ်ကြည့်နေသည့် ပါမောက္ခသည်လည်း ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများကို သတိထားမိကာ စိတ်ဝင်တစား စောင့်ကြည့်နေသည်။

ဝိညာဉ်ချီ အားနည်းနေသည့်နေရာကို အချိန်တိုအတွင်း မြင်နိုင်သည်မှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီ အာရုံခံနိုင်စွမ်း မည်မျှ မြင့်မားသည်ကို ဖော်ပြနေသည်။

ကွင်းထဲတွင် ဝမ်ပေါင်လဲ့မှာ အာရုံခံနိုင်စွမ်းမြင့်မားပြီး ဟာကွက်အား လျင်မြန်စွာ သတိထားမိသည်ကို တွေ့လိုက်ရသည့် ကျောက်ယမုန့်မှာ အလန့်တကြား ဖြစ်သွားသည်။ မန္တန်အစီအရင်၏ အားပျော့နေသည့်နေရာများကို ဝမ်ပေါင်လဲ့က မပြီးဆုံးခင်မှာပင် ပိတ်ချနိုင်လိုက်ပြီး ၎င်းနေရာများက အပေါက်များ ဖြစ်သွားကြသည်။

ကျောက်ယမုန့်၏ မျက်လုံးများ တောက်ပသွားပြီး ညာလက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ကို တည့်တည့် လက်ညှိုးညွှန်လိုက်ပြန်သည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ဒုတိယအကြိမ် လှုပ်ရှားရသည်မှာ ယခုအကြိမ်က ပထမဆုံး ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset