ယွင်ကျင်းက ခေါင်းမော့ကာ ရီဖူရှင်းအား ကြည့်သည်။ လူသား တစ်ယောက်၏ခန္ဓာကိုယ်က မဟာလမ်းစဉ်၏တိုက်ခိုက်ခြင်းအား ဤသို့ ခံနိုင်ရည် ရှိပါသလား။
ရှန့်ထို အစစ်အမှန်တစ်ပါးပင် ဤသို့ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်စွာဖြင့် ရီဖူရှင်းအား ထိတ်လန့်တကြား ကြည့်နေကြ၏။ ထိုလှံချက်က မည်မျှ ပြင်းထန်လိုက် သနည်း။
ထိုအချိန်တွင် ရီဖူရှင်း၏ အခြေအနေကလည်း သိပ်ဟန်သည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်က ရှန့်ထိုအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသော်လည်း နတ်ဘုရားဆေးကြောခြင်း စွမ်းအားဖြင့် သန့်စင်ခြင်း ခံထားရသည် မဟုတ်ပေ။ အတွင်းကလီစာတို့ထံမှ နာကျင်မှုများသည် သူ့အား အတန်ကြာသည်အထိ ဗလောင်ဆူစေသည်။ သူ၏မျက်နှာက အနည်းငယ် ပြာနှမ်းနေပြီး ပါးစပ်ထောင့်မှလည်း သွေးစများ ထွက်နေသည်။ သို့သော်လည်း ရတနာလှံကို တင်းတင်းဆုပ်လျှင် လောကဓာတ်များစွာက သူ့ထံသို့ စီးဆင်း လာကြသည်။
ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းများ ကွဲထွက်လာခဲ့ကာ သူ့ခန္ဓာကိုယ်အား ဗဟိုပြုလျက် ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခု ဖြစ်လာသည်။
ရှားရှင်းယွန်ကလည်း အဆုံးအစမဲ့သော စွမ်းအားများကို သယ်ဆောင်ကာ ဓားတစ်လက်အသွင် ပြောင်းလျက် ရှေ့သို့ တက်လာသည်။
လမ်းစဉ်က တစ်ခုကို မွေးဖွားလျှင် နှစ်ခုမှသည် သုံးခု၊ သုံးခုမှသည် မရေမတွက်နိုင်သော ဓားများကို မွေးဖွားကာ နောက်ဆုံးတွင် အရာအားလုံးက တစ်ခုတည်းကို ကိုယ်စားပြုသည်။ လောကပျက်သုဉ်းခြင်း ဓားသည် ဓားလမ်းစဉ်ကို ကိုယ်စားပြု၏။
ယွင်ကျင်း၏ မျက်လုံးများက သူတို့နှစ်ယောက်ထံသို့ ရောက်လာသည်။ သူက လက်ကို ဆန့်တန်းလိုက်လျှင် မဟာလမ်းစဉ်၏ ဝင်္ကပါ ဖြစ်တည်လာခဲ့ကာ ပြင်းထန်စွာ လည်ပတ်လျက် မရေမတွက်နိုင်သော ရွှေချည်မျှင်များ ဖြစ်ပေါ်စေပြီး လေဟာနယ်ကို ခွင်းကာ သူတို့ထံသို့ တိုးဝင်လာကြသည်။
ချည်မျှင်များမှာ နေရာတိုင်းတွင် ရှိသည်ဟု ရီဖူရှင်း ခံစားရသည်။ သူ၏သက်စောင့် ဟော်နန်းထဲ၌ သစ်ကိုင်းလှုပ်ခတ်သံများ ဖြစ်ပေါ်လာကာ လောကမှ အရာခပ်သိမ်းသည် သူ၏စိတ်နယ်ပယ်ထဲ၌ ရှင်းလင်းစွာ မြင်လာရ၏။ သူက မိုးအောက်မြေပြင်မှ လောကဓာတ်များ အားလုံးကို ခံစားသိမြင်နိုင်ကာ လမ်းစဉ်၏ စွမ်းအားကိုပင် သိမြင်လာသည်။
သူက ရတနာလှံကို ဆုပ်ကိုင်လျှင် လမ်းစဉ်၏အငွေ့အသက်များ သူ့ထံမှ ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် သူ၏စိတ်နှလုံးက ငြိမ်သက်သွားကာ မဟာလမ်းစဉ်ကို သိရှိနားလည် လိုက်သည်။
မဟာလမ်းစဉ်ကား မမြင်ရသော်လည်း ကောင်းကင်နှင့်မြေပြင်ကို မွေးဖွားပေးသည်။ မဟာလမ်းစဉ်သည် ရက်စက်ကြမ်းကြုတ် သော်လည်း နေနှင့်လတို့၏ အပြန်အလှန် အမှီပြုခြင်းကို ဖြစ်ပေါ်စေကာ သဘာဝကို မွေးဖွားစေသည်။
လူသားတို့က ကောင်းကင်နှင့် မြေပြင်ကို အုပ်ချုပ်၏။ သို့သော် လောက လမ်းစဉ်သည်ပင် သဘာဝဖြစ်သည်။
ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေပြင်ကို ပွေ့ဖက်ကာ စိတ်ဝိညာဉ်အား အရာခပ်သိမ်းနှင့် ပေါင်းစပ်လျက် စကြဝဠာအတွင်းမှ လောကဓာတ်များကို နားလည်အောင် အားထုတ်ရသည်။
ဤသို့ဆိုလျှင် လမ်းစဉ်ဟူသည် အဘယ်နည်း။
လူသားသည်ပင် လမ်းစဉ်ဖြစ်သည်။
ထိုအရာကပင် တကယ့် ပြောင်းလဲခြင်း အစစ်အမှန် ဖြစ်သည်။ ကောင်းကင်နှင့်မြေပြင် အတွင်းမှ အရာအားလုံးကို နားလည်ခြင်းမှာပင် လမ်းစဉ်ဖြစ်၏။
လမ်းစဉ်သည် နေရာတိုင်းတွင် ရှိပေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် ထူးဆန်းသော အခြေအနေ တစ်ခုအတွင်းသို့ ကျဆင်းသွားခဲ့ပြီး ရတနာလှံမှ လမ်းစဉ်၏စွမ်းအားများ ပြင်းထန်စွာ ဖြစ်ပေါ် လာခဲ့တော့သည်။
ရီဖူရှင်းအား ရစ်ပတ်နေသော ဖျက်ဆီးခြင်း စွမ်းအားသည် ပိုမို၍ အားကောင်းလာကာ အဆုံးအစမဲ့သော အလင်းများက ယွင်ကျင်းထံသို့ ရိုက်ခတ် သွားသည်။
ရှားရှင်းယွန်သည်လည်း ရှေ့သို့ တက်လာကာ သူမ၏သွယ်လျသော လက်ကလေးဖြင့် ရှေ့သို့ ဆန်းတန်းလိုက်လျှင် ဟွမ်ထန်းလက်ဝါးသည် လောကပျက်သုဉ်းခြင်း ဓားဖြင့် ပေါင်းစပ်လျက် ယွင်ကျင်း၏ဝင်္ကပါအား ပြင်းထန်စွာ တိုက်ခိုက်သည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် မဟာလမ်းစဉ် စွမ်းအားများကို ဖြစ်ပေါ်စေလျက် အဆက်မပြတ် လည်ပတ်လာခဲ့လျှင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း မုန်တိုင်းသည် ကြီးစွာ အားကောင်းလာခဲ့သည်။
စွမ်းအားသည် အမြင့်ဆုံး အခြေအနေသို့ ရောက်လာသောအခါ ရီဖူရှင်းက ယွင်ကျင်းအား တစ်ချက်ကြည့်သည်။ သူ့အကြည့်သည် လေဟာနယ်ကို ဖြတ်ကျော် သွားဟန်ရပြီး ခန္ဓာကိုယ်သည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားကာ ထိုအခိုက်အတန့်၌ ယွင်ကျင်း၏ရှေ့၌ ပေါ်လာသည်။ သူ၏အမြန်နှုန်းကား မြန်သည် ဆိုသည်ထက် ပိုကာ အာကာ သရွေ့လျားခြင်းဟုပင် ပြောနိုင်သည်။
အချိန်နှင့် လေဟာနယ်လှံသည် လေထုကို ခွင်းကာ ဝင်္ကပါပေါ်သို့ ကျဆင်း လာခဲ့တော့သည်။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ မဟာလမ်းစဉ်၏ ဝင်္ကပါသည် အက်ကွဲကြောင်းများ ဖြစ်လာခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် ရှားရှင်းယွန်၏ ဓားသည်လည်း အလင်းတန်းအသွင်ဖြင့် ရောက်လာခဲ့လျှင် ဝင်္ကပါသည် ယိုယွင်း ပျက်စီးရတော့၏။
ရှားရှင်းယွန်နှင့် ရီဖူရှင်းတို့၏တိုက်ခိုက်မှုများသည် ရပ်တန့်သွားခြင်း မရှိပေ။ နှစ်ဦးသား ယွင်ကျင်း၏ရှေ့သို့ ရောက်လာကာ အနီးကပ် တိုက်ခိုက်ကြ၏။ သူမ၏လက်ကို ဆန့်တန်းလိုက်လျှင် ကြာပန်း၏ အဆုံမဲ့အလင်းသည် ဓားတစ်လက်အသွင် ပြောင်းလဲသွားကာ ယွင်ကျင်းအား ထွင်းဖောက် သွားသည်။ တစ်ဖက်တွင် အချိန်နှင့် လေဟာနယ်လှံကလည်း ယွင်ကျင်း၏ခန္ဓာကိုယ်အား ဖောက်ထွင်း သွားတော့သည်။
ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ယွင်ကျင်းက သူတို့နှစ်ဦးအား အံ့အာသင့်စွာ ကြည့်သည်။ သူ၏မျက်နှာက ဝမ်းနည်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
“ဒီနေ့ တိုက်ပွဲ ရှုံးနိမ့်သွားမယ်လို့ ငါမထင်ထားဘူး …” ယွင်ကျင်းက သက်ပြင်းချသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်မှ အလင်းများ စူးရှစွာ ကွဲထွက်လာခဲ့ကာ ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ထံသို့ ရိုက်ခတ်လာခဲ့သည်။
ကြောက်မက်ဖွယ် အလင်းများ စီးဆင်း လာကြသော်လည်း ရီဖူရှင်း၏ လက်တစ်ဖက်က ရှားရှင်းယွန်၏လက်ကို လာရောက်ကိုင်တွယ်ကာ ထိုအခိုက်တွင် နှစ်ဦးသား နေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်နေရာ၌ ပေါ်လာကြသည်။
“မင်းသမီး အဆင်ပြေပါသလား …” ရီဖူရှင်းက လက်ကို လွှတ်လိုက်ကာ ရှားရှင်းယွန်အား မေးသည်။ သူက ထိုသို့ပြောသော်လည်း ပါးစပ်မှ သွေးများ ယိုစီးကျလာခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ သူ့ခန္ဓာကိုယ်ကို စီးဆင်းကာ ဖျက်ဆီးကြသော်လည်း ထူးဆန်းသော အစိမ်းရောင် အသက်ဓာတ်များက သူ့ခန္ဓာကိုယ်အား ပြန်လည် ပြုပြင်ကုစားနေကြ၏။
“ငါ အဆင်ပြေတယ် …” ရှားရှင်းယွန်က သူ့အား ကြည့်ကာ ပြောသည်။ သူမ၏မျက်နှာက ပြာနှမ်းနေပြီး ပါးစပ်တွင်လည်း သွေးစသွေးနများကို မြင်ရပေသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ယွင်ကျင်းအား ကြည့်သည်။ သူ၏ခန္ဓာကိုယ်သည် ရီဖူရှင်းတို့၏ တိုက်ခိုက်မှုဒဏ်များကြောင့် တဖြည်းဖြည်း ဝေဝါးလာခဲ့ကာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့သော အခြေအနေဖြစ်သည်။
ဝေဝါးနေသော သဏ္ဌာန်က ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့အား ကြည့်သည်။ အင်ပါယာရှားဘုံ၌ ဤသို့သောသူတစ်ဦး ပေါ်လာသည်။ သူသာ သည့်ထက် ပိုအားကြီးလာခဲ့ပါက တစ်နေ့တွင် အင်ပါယာလီဘုံကား အမှန်တကယ် အဆုံးသတ် ရပေမည်။
“အရှင့်သား … သူ့ကို ရှင်းပြစ်ပါ” လီယောင်၏စိတ်ထဲသို့ အသံတစ်သံ ရောက်လာသည်။ ပြောလိုက်သူကား ယွင်ကျင်းဖြစ်သည်။ ထို့နောက်တွင် ယွင်ကျင်း၏ ဝေဝါးနေသော ခန္ဓာကိုယ်သည် လေထဲ၌ လုံးဝ ပျောက်ကွယ် သွားတော့သည်။
လီယောင်သည် ကြီးစွာ စိတ်လှုပ်ရှား နေသော်လည်း သူဘာမှ မလုပ်နိုင်ပေ။ တာလီပြည်ထောင် နန်းတွင်းအကြံပေး၏ လက်ရင်းတပည့်ကား ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ သတ်ဖြတ်ခြင်းကို ခံရသည်။ လီယောင်၏ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြင်းထန်နေသော မျက်လုံးများက ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ထံသို့ ရောက်လာသည်။
သူ့စီနီယာအစ်ကို၏ နောက်ဆုံးစကားသည် ရီဖူရှင်းအား သတ်ရန်ဖြစ်သည်။
တစ်လောကလုံး တိတ်ဆိတ်နေခဲ့သည်။ အင်ပါယာရှားဘုံမှ လူများ အားလုံးမှာလည်း ကြီးစွာ စိတ်လှုပ်ရှား နေကြသည်။ သူတို့က ဘေးချင်းယှဉ်ရပ်နေကြသော လူငယ်နှစ်ယောက်အား ကြည့်ကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းကား ငွေရောင်ဆံပင်ဖြင့် လွန်စွာ ချောမော ခန့်ညားပြီး ရှားရှင်းယွန်သည်လည်း နတ်သမီးတစ်ပါးအလား လှပလွန်းသည်။
သူတို့နှစ်ဦး ဘေးချင်းယှဉ်ရပ်လျှင် အလွန်တရာ လိုက်ဖက်ညီသည်ဟု ထင်မှတ်ရ၏။
အင်ပါယာရှား လက်အောက်မှ အင်အားစုများဖြစ်ကြသော ထန်နှင့်ထို စစ်သည်တို့ပင်လျှင် ရီဖူရှင်းအား အမှန်တကယ် လေးစားစွာ ကြည့်ကြသည်။ ယခင်က ဖြစ်ပေါ်ခဲ့သော သံသယများသည်လည်း မြူမှုန်များပမာ ပြယ်လွင့်ခဲ့ပြီဖြစ်သည်။
လူအုပ်ထဲတွင် မျက်နှာမကောင်းသူ တစ်ဦးတော့ ရှိပေသည်။ သူကား ရှောင်ရှမ်းဖြစ်၏။
သူက လူများစွာတို့၏ မျက်လုံးမှ စိတ်ခံစားချက်များကို ဖတ်မိကာ အင်ပါယာရှားဘုံမှ လူများအားလုံးသည် ရီဖူရှင်းအား လေးစားနေကြပြီ ဖြစ်သည်ကို သိလိုက်သည်။
ဆိုလိုသည်က အနာဂတ်တွင် သူသည် အင်ပါယာရှား နန်းတော်သို့ ဂုဏ်သိက္ခာ ကြီးမားစွာဖြင့် ဝင်ရောက်ကာ ရှားရှင်းယွန်အား ကူညီနိုင်ပေတော့မည်။ မည်သူကမှ သူ့အား သံသယ ဝင်ကြတော့မည် မဟုတ်ပေ။
ထိုအရာက သူ့မိသားစု မျှော်လင့်သော အဆင့်အတန်း ဖြစ်သော်လည်း ယခု ထိုနေရာကို နောက်တစ်ယောက် ရယူသွားခဲ့သည်။ သူက သည်စစ်ပွဲတွင် စွမ်းဆောင်ရည် အချို့ ပြသခဲ့သော်လည်း ရီဖူရှင်းနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ ရီဖူရှင်းကား သူတစ်ယောက်တည်း အစွမ်းဖြင့် နတ္ထိဘုံတိုက်ပွဲကို အနိုင် ရရှိစေခဲ့သည်ဟု ပြောနိုင်သည်။
သို့သော်လည်း ရီဖူရှင်းက များမျာစားစား မတွေးပေ။ သူကား ရှားရှင်းယွန်ကို ကူညီရန်လည်း စိတ်မဝင်စားပေ။ မြင့်မားသော အဆင့်အတန်း အားလည်း မမျှော်လင့်ပေ။ ထိုအရာများ အားလုံးသည် ရှောင်ရှမ်း၏ စိတ်ကူးယဉ်မှုများသာ ဖြစ်၏။
ထိုအချိန်တွင် သူ၏မျက်လုံးများက လီယောင်ကိုသာ အေးစက်စွာ ကြည့်နေသည်။ သို့သော်လည်း အဝေးမှ ကြီးမားသော အရှိန်အဝါများ ချဉ်းကပ် လာသည်ကို သူခံစားရ၏။
ဘုံသုံးခုမှ ရှန့်ထိုများ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ယွင်ကျင်းက ရှန့်ထိုစွမ်းအားများကို ထုတ်လွှတ် လိုက်သောအခါ ဘုံသုံးခုမှ ရှန့်ထိုများအား သွားရောက် သတိထားမိစေသည်ဟု ရီဖူရှင်း ယူဆသည်။ ယခု သူတို့ ရောက်လာမှတော့ အရာအားလုံး အဆုံးသတ် သွားပြီကို နားလည်လိုက်၏။
အင်ပါယာလီဘုံမှ ရှန့်ထိုက စစ်မြေပြင်ကို ကြည့်ကာ အားလုံးကို နားလည် လိုက်သည်။ သူက အလံဘေးတွင် ရှိနေသော သိမ်းငှက်နက်အား ကြည့်ကာ အေးစက်စွာ ပြောသည် … “နတ္ထိဘုံတိုက်ပွဲမှာ အင်ပါယာလီဘုံက ရှုံးနိမ့်သွားပြီ”
တော်ဝင်အလံအား မဖြတ်တောက်သေး သော်လည်း သူက အင်ပါယာလီဘုံ ရှုံးနိမ့်ကြောင်း ကြေညာခဲ့သည်။
ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ သိမ်းငှက်နက်အား ပြောသည် … “ဖြတ်လိုက်တော့ …”
ထက်ရှသော လက်သည်းက အလံအား ဖြတ်တောက် လိုက်လျှင် အံသည် အမြင့်ဆုံးနေရာမှ မြေပြင်ပေါ်သို့ ကျဆင်း သွားတော့သည်။
နတ္ထိဘုံတိုက်ပွဲ၏ ဆယ်နှစ်တစ်ခု တိုက်ပွဲကား ယခုတွင် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
အင်ပါယာရှားဘုံသည် နောက်ဆုံးတွင် အနိုင်ရသူ ဖြစ်သွားကာ နတ္ထိဘုံအား ဆယ်နှစ်တာ ထိန်းချုပ်ခွင့် ရသွားပြီဖြစ်သည်။
***