Switch Mode

အပိုင်း (၁၀၇၆)

ရှန့်ထိုအတု

ကောင်းကင်ထက်မှ နတ်ဘုရား ပြစ်ဒဏ်သည် ယွင်ကျင်း၏ ခန္ဓာကိုယ်ကို လာရောက် စီးဆင်းသည်။ သူကား ထိုအခိုက်တွင် နတ်ဘုရား တစ်ပါးအလား မားမားမတ်မတ် ရပ်နေ၏။

ကြည့်ရသည်မှာ စစ်သည် ၈၁ဦး၏စွမ်းအားများ အားလုံးသည် သူ့ကိုယ်ပိုင် ဖြစ်လာဟန်ရှိ၏။ နတ်ဘုရားပြစ်ဒဏ်သည် အမှန်တကယ် သူ့အား ထိခိုက်စေနိုင်စွမ်း မရှိဘဲ ယခင် ထောင်ကျန်းက နတ်ဘုရားပြစ်ဒဏ်ကို ခံယူစဉ်ကထက်ပင် ပိုမိုအားကောင်းဟန် ရှိသည်။

သူ၏ခန္ဓာကိုယ်သည် ဧရာမ ကြီးမားလာဟန်ရပြီး ရှန့်ထိုစွမ်းအားများ သူ့ထံမှ ဖြာထွက်လာသည်။ ထိုအရာကား စစ်မှန်သော ရှန့်ထိုတစ်ပါး၏ အရှိန်အဝါဖြစ်ကာ သူသည် ရှန့်ထိုတစ်ပါး အသွင်သို့ ပြောင်းလဲခဲ့ပြီဖြစ်၏။

“စီနီယာအစ်ကို …” ထိုမြင်ကွင်းကို ကြည့်ကာ လီယောင်၏ အသံက တုန်ယင်နေသည်။

သူတို့က အမှန်တကယ်ပင် နတ္ထိဘုံတိုက်ပွဲအား ရှုံးနိမ့်ခဲ့သော်လည်း လီယောင်က ယွင်ကျင်းအား မည်သည့်အခါကမှ အပြစ်မတင်ခဲ့ပေ။ ယွင်ကျင်းက သူ၏အကြံပေးအဖြစ် ဆောင်ရွက်သော်လည်း လီယောင်သည်သာ ခေါင်းဆောင် အစစ်အမှန် မဟုတ်ပါလား။ အရာအားလုံးအတွက် တာဝန်ရှိသူသည် လီယောင်သာ ဖြစ်သည်။ ရီဖူရှင်းက သားရဲများအား ထိန်းချုပ်နိုင်သည်ဟု မည်သူတို့ ထင်မှတ်မည်နည်း။ သူတို့က အမှန်တကယ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ရာ ထိုကိစ္စတွင် ဘာမှ ထပ်ပြောစရာ မရှိပေ။

အိမ်ရှေ့စံမင်းသားကဲ့သို့သော သူပင်လျှင် တာလီပြည်နန်းတွင်း အကြံပေးအား ကြီးစွာ လေးစားမှု ထားရပေသည်။ ယွင်ကျင်းကား နန်းတွင်းအကြံပေး၏ တပည့်ဖြစ်ကာ လီယောင်၏ စီနီယာအစ်ကိုလည်း ဖြစ်၏။ သူ့အနေဖြင့် ယွင်ကျင်းအား ဆရာနှင့် တစ်ဂိုဏ်းတည်း သတ်မှတ်ကာ လေးစားရပေသည်။ သည်တစ်ကြိမ် နတ္ထိဘုံတိုက်ပွဲ၌ အင်ပါယာလီဘုံတွင် လီယောင်သည် စွမ်းအားအကြီးဆုံး မဟုတ်ပေ။ စွမ်းအားအကြီးဆုံးသည် ယွင်ကျင်းဖြစ်၏။

ယခု ယွင်ကျင်းသည် မဟာလမ်းစဉ်၏ စွမ်းအားကို ငှားရမ်းသုံးစွဲကာ ရှန့်ထိုဖြစ်လာခဲ့သည်။ သူက လျှို့ဝှက်နည်းလမ်းကို သုံးကာ အဆင့် တက်ခဲ့သောကြောင့် သူသည် ရှန့်ထိုအတု ဖြစ်လာခဲ့ကာ ထိုအတွက် ပြစ်ဒဏ်က တစ်သက်တာ ရှန့်ထိုဖြစ်ရန် မျှော်လင့်ချက် မဲ့သွားခြင်းပင်။

သူ့နေရာတွင် အသေခံစစ်သည်များသာ ဆိုပါက လီယောင် မျက်တောင်တစ်ချက်ပင် ခတ်မည်မဟုတ်။ သို့သော် ယွင်ကျင်းကား တာလီပြည် နန်းတွင်း အကြံပေး၏တပည့်ရင်း ဖြစ်သည်။ သူ့တွင် တောက်ပသော အနာဂတ်ရှိသည်။ ရှန့်ထိုဖြစ်ခြင်းကား သူ့ဘဝ၏ အစပထမသာဖြစ်၏။ သူသည် ရှန့်ထို ပထမအဆင့်၊ ဒုတိယအဆင့် သို့မဟုတ် ရှန့်ထို နောက်ဆုံးအဆင့်သို့ အထိပင် တက်လှမ်းနိုင်ပေသည်။

သို့သော် လက်ရှိအခြေအနေအရ ယွင်ကျင်း၏ ရှန့်ထိုဖြစ်ရန် လမ်းစဉ်မှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

လီယောင်က အေးစက်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်သော မျက်လုံးများဖြင့် သူ့ထံလှမ်းလာသော ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက သည်အတိုင်း အလံကို ဖြတ်တောက်လိုက်၍ ရသည်။ ယွင်ကျင်းက ဤသို့ အခြေအနေသို့ ကျဆင်း သွားစရာလည်း မရှိပေ။ တာလီပြည်ထောင် နန်းတွင်းအကြံပေး၏ တပည့်၊ အမြင့်ဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်သော ယွင်ကျင်းသည် ရီဖူရှင်းကြောင့် ရှန့်ထိုအတု ဖြစ်လာသည်။

ပိုဆိုးသည်ကား သူတို့၏စစ်တပ်မှာ ဆက်လက်၍ သတ်ဖြတ် ခံနေရခြင်းပင်။ ရီဖူရှင်းတို့အဖွဲ့က လီယောင်ရှိရာသို့ ဆက်လက် ဖိအားပေးလာခဲ့သည်။

ရီဖူရှင်းက ယွင်ကျင်းရှိနေရာမှ အခြေအနေကိုလည်း သတိပြုမိပေသည်။ သူကား ယွကျင်းထံမှ လာသော နတ်ဘုရားပြစ်ဒဏ်ကို မည်သို့ သတိမမူမိဘဲ နေမည်နည်း။

ယွင်ကျင်းထံမှ မဟာလမ်းစဉ်၏ စစ်မှန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က အရွယ်အစား အလွန် ကြီးမားလာခဲ့ကာ သူ့လက်များကလည်း ရှည်လျားလာခဲ့သည်။ အဆုံးအစမဲ့သော ရွှေချည်မျှင်များ ယွင်ကျင်း၏လက်မှ ထွက်ပေါ်လာခဲ့ကာ လေထုကို ခွင်းလျက် နေရာအနှံ့သို့ ဖြန့်ကြက် လာခဲ့သည်။

“နောက်ဆုတ် …” ရှားရှင်းယွန်က အော်ဟစ်သည်။ ယွင်ကျင်းကား ရှန့်ထိုအဆင့်အောက်၌ အမြင့်ဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ယခု သူက ရှန့်ထိုတစ်ဝက် ၈၁ဦးတို့၏ စွမ်းအားများကို ငှားယမ်းသုံးစွာကာ ရှန့်ထိုအတု ဖြစ်လာသည်။ သို့သော်လည်း သူထုတ်လွှတ်သော စွမ်းအင်မှာ ရှန့်ထိုစွမ်းအား ဖြစ်သည်ကို သံသယဝင်စရာမလို။

ဝှစ် … ဝှစ် … ဝှစ် ….

လေခွင်းသံများနှင့်အတူ အင်ပါယာရှားဘုံမှ တန်ခိုးရှင်များမှာ ရွှေချည်မျှင်များဖြင့် ထွင်းဖောက်ခံရပြီး သူတို့၏ခန္ဓာကိုယ်များ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားကာ မြေပြင်ပေါ်သို့ ကျသည်။

စွမ်းအင်ကွဲပြားမှုက တခြား အဆင့်တစ်ခုသို့ ရောက်သွားသောအခါ အရေအတွက်အားဖြင့် ဖာထေးနိုင်သောအရာ မဟုတ်တော့ပေ။ အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် ဝင်္ကပါကိုအသုံးပြု၍ တိုက်ခိုက်လျှင်ပင် တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုအား တားဆီးနိုင်ခြင်း မရှိတော့ပေ။

“သူတို့အားလုံးကို သတ်” လီယောင်က အေးစက်စွာ ပြောသည်။ အင်ပါယာလီဘုံမှ လူများအားလုံးမှာ ပိုမို၍ စိတ်ဓာတ် တက်ကြွလာကြဟန် ရှိသည်။ သူတို့က ရန်သူများအား အကြောက်အလန့် ကင်းစွာဖြင့် ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

ဘုန်း … လေပြင်းတစ်ချက် ရိုက်ခတ်သွားကာ ယွင်ကျင်းက လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်။ ရှန့်ထိုတစ်ပါး၏ စွမ်းအားကြီးမားသော အရှိန်အဝါ ထွက်ပေါ်လာခဲ့ကာ လှပသော ရွှေရောင် အလင်းသည် အလင်း၏ အမြင်နှုန်းဖြင့် ဖြတ်သန်း လာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး နတ်ဘုရား မီးတောက်များ ဖြစ်ပေါ်လာခဲ့ကာ ကောင်းကင် သန့်စင်ဖိုအိုးမှ အလင်းများ ဖြာထွက်လာခဲ့၏။ ကုန်းစွန်းကျောင်း၏ လက်ထဲတွင် ရတနာလှံတစ်လက် ပေါ်လာခဲ့ကာ သူ့ရှေ့မှ အရာအားလုံးကို တိုက်ခိုက် ဖျက်ဆီးသည်။ သို့သော်လည်း ယွင်ကျင်းက သည်အတိုင်း လက်ဝှေ့ယမ်းလိုက်လျှင် ရွှေရောင်ဝင်္ကပါသည် ပြင်းထန်စွာ လည်ပတ်လျက် ကုန်းစွန်းကျောင်းထံသို့ တိုးဝင် သွားသည်။

ဝုန်းခနဲမြည်သံနှင့်အတူ ရွှေရောင်ဝင်္ကပါသည် ခဏတာ ရပ်တန့် သွားဟန်ရပြီးမှ ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့၏။ မရေမတွက်နိုင်သော ရွှေချည်မျှင်များ ဝင်္ကပါ အစီအရင်ထဲမှ ထွက်လာသည်။ ကုန်းစွန်းကျောင်းက နောက်သို့ မြန်ဆန်စွာ ဆုတ်ကာ သူ၏ဖိုအားကြီးအား ရှေ့သို့ပို့လိုက်သည်။ သို့သော်လည်း ဒုန်းခနဲမြည်ကာ ကောင်းကင် သန့်စင်ဖိုအိုးသည် နောက်သို့ လွင့်စဉ်လာပြီး ကုန်းစွန်းကျောင်းအား ပြန်ထိရိုက်လျှင် ထိုနေရာတွင်ပင် သူသည် သွေးပွက်ပွက်အန်ပြီး အဝေးသို့ လွင့်စဉ်သွား၏။

ယွင်ကျင်းက သူ့အား အလေးမထားဘဲ ရှေ့သို့ ဆက်လက် လှမ်းလာခဲ့သည်။ သူက လက်ကို ဆန့်တန်းကာ သူ့ရှေ့မှ တန်ခိုးရှင်များအား ရွှေချည်မျှင်များဖြင့် ထွင်းဖောက်စေလျက် သတ်ဖြတ်၏။ မည်သူမှ သူ့အား မတားဆီးနိုင်ပေ။

နတ်ဘုရား ဆေးကြောခြင်း စွမ်းအားသည် သူ့အား လောင်ကျွမ်းနေခဲ့သော်လည်း ယွင်ကျင်းသည် မည်သို့မှ ခံစားရဟန်မရှိပေ။

ရှန့်ထိုနှင့် ရှီတို့အကြား စွမ်းအားကွဲပြားမှုမှာ ကောင်းကင်နှင့် မြေပြင်ပမာ ဖြစ်သည်။ သူတို့သည် ရှီအဆင့်၏အမြင့်ဆုံးသော စွမ်းအားကို ပိုင်ဆိုင်ကြသော်လည်း ရှန့်ထိုတစ်ပါးအား တားဆီးနိုင်စွမ်း၊ ခုခံနိုင်စွမ်း မရှိပေ။

ယွင်ကျင်း၏ဦးတည်ရာကား ရှားရှင်းယွန် ဖြစ်၏။

“မင်းသမီးကို ကာကွယ်ကြ …” ထန်ကျိက ရှားရှင်းယွန်ရှေ့တွင် မားမားမတ်မတ် ရပ်ကာ ပြောသည်။ များစွာသော တန်ခိုးရှင်များ ရှားရှင်းယွန်ကို ဝန်းရံလိုက်ကြ၏။ မင်းသမီးက သူတို့အားလုံးထက် ထူးခြား ထက်မြက်သည်ကို သိကြသော်လည်း သူမအား ကာကွယ်ရန်မှာ သူတို့ တာဝန်ဖြစ်သည်။

“ဘေးဖယ် …” ရှားရှင်းယွန်က ပြောသည်။

“မင်းသမီး …” ထန်ကျိက အော်ဟစ်သည်။

“ငါ့အမိန့်ကို နာခံ …” ရန်ဟောင် အရှိန်အဝါများ ကပ်ငြိနေဟန်ရကာ အလွန်တရာ ပြင်းထန် အားကောင်းသော အရောင်အဝါများ သူမထံမှ ထွက်ပေါ်လာ၏။

သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါအား ခံစားရကာ လူအများအပြားက အလိုအလျောက် နောက်ဆုတ်မိကြသည်။ ထန်ကျိပင်လျှင် ရှားရှင်းယွန်ရှေ့၌ ရပ်မနေရဲတော့ဘဲ နောက်ဆုတ်ပေးရ၏။ မင်းသမီးက တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးမှတော့ မည်သူမှ သူမအား မတားဆီးနိုင်ပေ။

ရှားရှင်းယွန်၏ ကြာပန်းဝိညာဉ် ပေါ်ထွက်လာခဲ့ကာ သူမအား ပိုမို လင်းလက်စေသည်။ ရွှေရောင်ကြာပန်းသည် သူမ၏အပေါ်တွင် ရောင်စဉ်များဖြာထွက်လျက် သူမအား အဆုံးအစမဲ့သော စွမ်းအားများကို ပေးစွမ်းနေဟန်ရ၏။

ကြာပန်းက ဖူးပွင့်လာခဲ့လျှင် တစ်လောကလုံးသည် အေးငြိမ်းသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားဟန်ရ၏။

ကြာပန်းက မဟာလမ်းစဉ်၏ စွမ်းအားကို မွေးဖွားစေကာ မဟာလမ်းစဉ်၏ စွမ်းအားက လောက ပျက်သုဉ်းခြင်းဓားကို မွေးဖွားပေသည်။ ကြာပန်း၏ ပွင့်ဖတ်တစ်ခုစီက မဟာလမ်းစဉ်၏ လောကပျက်သုဉ်းခြင်း ဓားတစ်လက်စီ ဖြစ်စေကာ ယွင်ကျင်းထံသို့ ဦးတည် ပျံသန်း သွားကြသည်။

လေဟာနယ် တစ်ခုလုံးသည် ကြီးမားသော ဖိအားအောက်သို့ ကျဆင်း သွားဟန်ရသည်။

ယွင်ကျင်းက ခြေလှမ်းများအား ရပ်တန့်လိုက်သည်။ သူ့ထံမှ အဆုံးအစမဲ့သော ရွှေချည်မျှင်များက ကောင်းကင်ကို ဖုံးအုပ်ကာ ရှားရှင်းယွန်ထံသို့ ပျံသန်း သွားကြသည်။

ထိုအခိုက်တွင် ပြင်းထန်စွာ စွမ်းအားနှစ်ခုသည် လေထဲတွင် ရင်ဆိုင်မိကြ၏။

လေထဲတွင် ကျယ်လောင်စူးရှသော အသံများ ကြားလာရသည်။ ရှားရှင်းယွန်အား ရန်ဟောင် အငွေ့အသက်များ ရစ်ပတ်ထား၏။ သူမ၏စွမ်းအားများကို အားကုန်သုံးကာ သူမသည် ရှန့်ထိုတစ်ပါးအား တိုက်ခိုက်နေရ၏။

“ရှင်က ရှန့်ထိုဖြစ်ဖို့ စွမ်းအားတွေကို ငှားရမ်းသုံးစွဲတယ်။ ဒါက အတုအယောင် တစ်ခုထက် မပိုဘူး” ရှားရှင်းယွန်က ယွင်ကျင်းအား အေးစက်စွာ ပြောသည်။ သူမက ရှေ့သို့ လက်ညှိုးဖြင့် ထိုးလိုက်လျှင် မရေမတွက်နိုင်သော ကြာပန်းများ လေထဲတွင် လှည့်ပတ် လာကြသည်။  ၃၀၀၀သော လောကပျက်သုဉ်းခြင်း ဓားများသည် မိုးစက်မိုးပေါက်များပမာ ကျဆင်း လာတော့သည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား သူမ၏လက်ညှိုးမှ ကွဲထွက်လာသော ဓားသည် လေထုကို ခွင်းလျက် ပျံသန်းလာခြင်းပင်။

“အတုအယောင် ရှန့်ထိုဆိုပေမဲ့လည်း ဒါက ရှန့်ထိုတစ်ပါးရဲ့ စွမ်းအားပါပဲ။ ခင်ဗျားက တိုက်ခိုက်ချင်တယ် ဆိုမှတော့ ကျုပ်ကလည်း လိုက်လျော ပေးရတာပေါ့” ယွင်ကျင်းက လက်ကို ဝှေ့ယမ်းလိုက်လျှင် ဝင်္ကပါအစီအရင်သည် လေထဲတွင် လှည့်ပတ်ကာ ရှေ့သို့ တက်လာသည်။ မရေမတွက်နိုင်သော ရွှေချည်မျှင်များ ထွက်ပေါ်လာခဲ့ကာ ကြောက်မက်ဖွယ် ဓားမိုးစက်များအား ခုခံသည်။

ဘုန်း …

ဓားသည် ဝင်္ကပါနှင့် ရင်ဆိုင်မိလျှင် ပြင်းထန်သော အသံတစ်ခုအား ကြားကြရသည်။ ရှားရှင်းယွန်က သူမ၏လက်ညှိုးဖြင့် တစ်လက်ထက်ပိုသော ဓားများအား ညွှန်ကြားသည်။ ဒုတိယမြောက်ဓားသည် ပထမဓားထက် ပိုမိုအားကောင်း လာဟန်ရပြီး ကြီးမားသော စွမ်းအားကို သယ်ဆောင်ကာ လေထုအား ခွင်းလျက် ဝင်လာပြန်သည်။

သို့သော်လည်း ယွင်ကျင်း၏လက်ဝါးမှ ဝင်္ကပါအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ရှေ့သို့ ပျံသန်း သွားကြသော်လည်း ဓားများသည် ဝင်္ကပါများ အားလုံးကို ခြေဖျက်သွား၏။

သို့သော်လည်း မဟာလမ်းစဉ်၏ ဝင်္ကပါသည် ကြယ်စင်စု စက်ဝန်းအလား လည်ပတ်လာခဲ့ကာ အရွယ်အစား ကြီးမားလာခဲ့သည်။

ယွင်ကျင်းက လက်ကို မြှောက်ကာ ဝှေ့ယမ်း လိုက်ပြန်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ဝင်္ကပါထံမှ အလင်းများ ကွဲထွက်လာခဲ့ပြီး ကြာပန်းများကို ဖျက်ဆီးကာ ရှားရှင်းယွန်ထံသို့ ရောက်လာခဲ့သည်။ သို့သော်လည်း ရှားရှင်းယွန်အား ကြာပန်းပွင့်ချပ်များက ကာကွယ်ထားရာ စွမ်းအားသည် ထိုနေရာတွင်ပင် ရပ်တန့်သွား၏။ သို့တိုင်အောင် ရှားရှင်းယွန်သည် နောက်သို့ ဆုတ်သွားခဲ့ရသည်။ သူမ၏မျက်နှာမှာ အနည်းငယ် ပြာနှမ်းနေပြီး ပါးစပ် ထောင့်စွန်းတွင်လည်း သွေးစများအား တွေ့ရသည်။

“ခင်ဗျားရဲ့ ပါရမီက ကောင်းတယ် ဆိုပေမဲ့ မဟာလမ်းစဉ်နဲ့တော့ ထိတွေ့မှု မရှိသေးဘူး” ယွင်ကျင်းက ရှားရှင်းယွန်ကို ပြောကာ ပိုမိုအားကောင်းသော အရှိန်အဝါအား ထုတ်လွှတ်သည်။

လင်းလက်သော ရွှေရောင် ကြာပန်းများသည် မရေမတွက်နိုင်သော ကြာပန်းများအား ထပ်မံ မွေးဖွားစေသည်။ ကြာပန်းများမှ မွေးဖွားလာသော ဓားအသိများသည် ကောင်းကင်သို့အထိ တက်လှမ်းသွား၏။ သူမ၏မျက်လုံးများကမူ ရှေ့သို့ စူးနစ်စွာ ကြည့်နေသည်။

“ဟင် …”

ထိုအခိုက်တွင် ယွင်ကျင်းက တစ်စုံတစ်ခုကို ခံစားမိဟန်တူသည်။ သူက နောက်ကို လှည့်ကြည့်လျှင် အရိပ်သဏ္ဌာန်တစ်ခု သူ့ထံသို့ မြန်ဆန်စွာ ပျံသန်းလာသည်ကို မြင်၏။

ရီဖူရှင်း …

မင်း ရောက်တာတာ အချိန်ကိုက်ပဲ …

အင်ပါယာလီဘုံမှ တန်ခိုးရှင် အများအပြားက ရီဖူရှင်းအား တားဆီး လိုကြသော်လည်း လမ်းတစ်လျှောက် သွေးရောင်များသာ လွှမ်းသွားခဲ့ကာ ရီဖူရှင်း၏ အမြန်နှုန်းက နှေးကွေးသွားခြင်း မရှိပေ။

ကျယ်လောင်သော အသံများနှင့်အတူ မရေမတွက်နိုင်သော အလင်းတန်းများ ရီဖူရှင်းထံမှ ဖြစ်ပေါ်လာကာ ယွင်ကျင်းထံသို့ တိုးဝင်သွားကြသည်။ ရီဖူရှင်း ရောက်မလာမီတွင်ပင် ကြီးမားသော အရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းလာခဲ့သည်။

ရီဖူရှင်း ပျံသန်းလာသည်ကို ကြည့်ကာ ယွင်ကျင်းက သူ၏လက်များကို ဝှေ့ယမ်း လိုက်သည်။ မဟာလမ်းစဉ်၏ အလင်းများ ကွဲထွက်လာခဲ့ကာ ရီဖူရှင်းအား ဖိအားပေး လာခဲ့ကြ၏။ မဟာလမ်းစဉ်၏ အလင်းသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းလျက် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာခဲ့သည်။

“မင်းက သေချင်နေတာပဲ” ယွင်ကျင်းက တစ်လုံးတည်းပြောလျှင် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသော စွမ်းအင်သည် ပြင်းထန်စွာ ပေါက်ကွဲ၏။ သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ သွေးကြောများ ဆူပွက်လာကြ၏။ မဟာလမ်းစဉ် စွမ်းအား၏ ဖိအားများဖြင့်ပင် သူ့ခန္ဓာကိုယ်အား ဖျက်ဆီးရန် မစွမ်းသာပေ။ ထိုအခိုက်တွင် အစိမ်းရောင် စွမ်းအားများ ဖြစ်တည်လာဟန်ရပြီး ထိုအရာများမှာ အသက်ဓာတ်များ ဖြစ်ဟန်ရသည်။

ထိုအခိုက်တွင် ရီဖူရှင်းက ယွင်ကျင်း၏ရှေ့သို့ ရောက်လာကာ ကောင်းကင်၏အရှိန်အဝါဖြင့် လှံရှည်ဖြင့် ဝှေ့ယမ်းလိုက်သည်။

ပတ်ဝန်းကျင်သည် တင်းမာသွားပြီး မဟာလမ်းစဉ် သည်လည်း ပြိုပျက် သွားတော့မည့်အလား ဖြစ်လာ၏။

ဘုန်း …

ကျယ်လောင်သော အသံတစ်ချက်အား ကြားကြရသည်။ ရီဖူရှင်း၏ လှံရှည်က ယွင်ကျင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်း လာခဲ့သည်။

တစ်ချက်တည်းက ယွင်ကျင်း၏ခန္ဓာကိုယ်အား တွန့်လိမ်ခေါက်ကွေး စေသည်။ သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်စဉ်သွားခဲ့ပြီး အတွင်းကလီစာများ အားလုံး ကြေပျက် သွားတော့မည်ကဲ့သို့ ခံစာရ၏။ သူက ခေါင်းမော့ကာ ရီဖူရှင်းအား တစ်ချက်ကြည့်ပြီး သွေးတစ်ပွက် အန်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset