Switch Mode

အခန်း ( ၈၃ )

ရှေးဟောင်းသိုင်းအဆင့် တိုက်ပွဲ

လီနန်မှာ စိတ်ဆိုးဒေါသထွက်နေသည့်တိုင် မည်သို့မျှ မတတ်နိုင်ပေ။ ထိုယာယီအားတိုးဆေးများမှာ ဘေးထွက်ဆေးကျိုးများရှိရာ ၎င်းတို့ကို ဆက်တိုက် စားသုံးရန်လည်း မဖြစ်နိုင်ပေ။

အခြားဌာနများမှ ကျောင်းသားများက ဆေးလုံးများ သုံးမည်ဆိုလျှင် လှောင်ပြောင်နှိမ့်ချခံရမည် ဖြစ်သည်။ ကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးလုံးများကို သုံးသည့် မှော်ဆေးရည်ဌာနမှ ကျောင်းသားများကိုသာ လက်ခံပေးသည်။

မူလက သူသည် ဤဆေးလုံးကို ပွဲစဉ်တစ်လျှောက် သုံး၍ ထိပ်ဆုံးတစ်ထောင်ထဲတွင် ပါနိုင်အောင် ကြံစည်ထားသည်။ ယခင် ပွဲစဉ်နှစ်ခုတွင် သူ့ကိုယ်သူ အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ တိုက်ကွက်များမှာ ကြမ်းတမ်းရက်စက်ပြီး အစွမ်းကုန်ထုတ်သုံးခဲ့သည်။ သူက အရာအားလုံးကို သေချာတွေးကာ ဝမ်ပေါင်လဲ့ကို အနိုင်ယူပြီး ထိုအောင်ပွဲမှတဆင့် ထင်ရှားသွားအောင် စီစဉ်ထားခဲ့သည်။

အရှုံးကို ကြိုတွေးထားခဲ့သော်လည်း ဝမ်ပေါင်လဲ့က အပြင်အားဖြင့် တိုက်ခိုက်အနိုင်ယူမည်ဟုသာ တွက်ဆထားခဲ့သည်။ ထိုသို့ဆိုလျှင် ဝမ်ပေါင်လဲ့သည် အပြင်အားကြောင့်သာ နိုင်သွားခြင်းဖြစ်သည်ဟု ငြင်းဆန်နိုင်သေးသည်။

သူသည် မှော်ဆေးရည်ဌာနမှ ဖြစ်သောကြောင့် သူ၏ ဆေးလုံးအသုံးပြုမှုမှာ တရားဝင်သည်ဟု မှတ်ယူနိုင်သည်။ အခြားတစ်ဘက်တွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားခေါင်းဆောင်က သူ၏ ဓမ္မအဆောင်များ၊ ဓမ္မလက်နက်များကို မသုံးဘဲ လက်သီးကိုသာ သုံးသွားသည်ဟု ဝေဖန်ခံရနိုင်သည်။ ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားခြင်း မရှိသည့်အတွက် ဤပြဿနာမှာ ရှုပ်ထွေးပြီး ဖြေရှင်းရန် ခက်ခဲနေသည်။ ထို့ပြင် သေရေး- ရှင်ရေးတိုက်ပွဲဆိုပါက သတ်မှတ်ထားသည့် စည်းကမ်းများ ရှိနိုင်မည် မဟုတ်‌ပေ။ သို့သော် အချိန်တို ပြိုင်ပွဲအတွက် လူကြိုက်များမည့် နည်းလမ်းကို သုံးခြင်းက အကျိုးများပြီး အောင်မြင်နိုင်သည်။ သူ၏ ကျော်ကြားမှုအတွက်လည်း အထောက်အကူ ပြုနိုင်သည်။

သူ့အစီအစဉ်မှာ ပြောင်မြောက်လှသော်လည်း ဝမ်ပေါင်လဲ့မှာ ခန့်မှန်းမရနိုင်သူ ဖြစ်ပြီး အကာအကွယ် ဓမ္မအဆောင်ကို ဖြတ်ထိုးဉာဏ်ကောင်းစွာ အသုံးပြုသွားသောကြောင့် ဓမ္မလက်နက်ဌာနကို ကိုယ်စားပြုသည့် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်သွားခဲ့သည်။

လီနန်မှာ ခါးသီးစွာဖြင့် အရှုံးကို ဝန်ခံလိုက်ရသည်။ ပွဲပြီးသောအခါ ကောင်းကင်တာအိုကျောင်း၏ ဝိညာဉ်ကွန်ရက်ပေါ်၌ ထိုပွဲအကြောင်း ဆွေးနွေးမှုများ ဆူညံပွက်လောက်ရိုက်နေကာ အခြားပြိုင်ပွဲများကို သိသိသာသာ ကျော်သွားလေသည်။

“ ဝမ်ပေါင်လဲ့က ရွံစရာ ကောင်းလိုက်တာ။ ငါတို့ မှော်ဆေးရည်ဌာနက ကျောင်းသားတွေ မခံမရပ်ဖြစ်နေကြတယ်”

“ ဟုတ်တယ်။ သူ့ရဲ့ တကယ့်အရည်အချင်းကို သုံးရင် နားလည်ပေးလို့ ရသေးတယ်။ သူက ငါတို့ မှော်ဆေးရည်ဌာနက ပြိုင်ပွဲဝင်ကို ချုပ်ထားတာ။ အဲဒါ ဘာသဘောလဲ။ သူ့ကိုယ်သူ မန္တာန်အစီအရင်ဌာနကများ ထင်နေတာလား”

မှော်ဆေးရည်ဌာနမှ ကျောင်းသားများက ဝမ်ပေါင်လဲ့ကို မမျှတဟု အပြစ်တင်ကြသည်။ ဤပြိုင်ပွဲတွင် ဝမ်ပေါင်လဲ့ အသုံးပြုခဲ့သည့် နည်းလမ်းက မှော်ဆေးရည်ဌာနမှ ကျောင်းသားများကို ကြက်သီးတဖြန်းဖြန်း ထစေသည့်အပြင် အခြားဌာနများကိုလည်း မှော်ဆေးရည်ဌာနအား မည်သို့ကိုင်တွယ် တိုက်ခိုက်ရမည်ကို နမူနာပြသွားသည် ဖြစ်ရာ သူတို့မှာ ကြောက်လန့်တုန်လှုပ်နေရလေပြီ။

ဆန့်ကျင်ဘက်အနေဖြင့် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများအားလုံးပင် စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။ သူတို့သည် မှော်ဆေးရည်ဌာနမှ မှတ်ချက်များကို လက်မခံဘဲ အကာအကွယ် ဓမ္မအဆောင်များ အသုံးပြုခြင်းမှာ ယခင်ကလည်း ရှိခဲ့သည့် ရိုးရိုးရှင်းရှင်း အရာတစ်ခုဖြစ်ကြောင်း အပြန်အလှန် ငြင်းခုံနေကြသည်။ သို့ရာတွင် လူအများစုက အဆောင်များအား မိမိကိုယ်ကို ကာကွယ်ရန် ပစ္စည်းများအဖြစ် ခံယူထားကြပြီး ထိုအချက်မှာ သူတို့ရင်ထဲတွင် ကြာရှည်စွာ အမြစ်တွယ်နေပြီ ဖြစ်သည်။ အခြားနည်းလမ်းတစ်ခုဖြင့် သုံးရန် မစဉ်းစားဖူးကြပေ။ သို့ဖြစ်ရာ ပြိုင်ပွဲအတွင်း လျှပ်တစ်ပြက် စဉ်းစားမိကာ ဓမ္မအဆောင်များကို နည်းလမ်းစုံ သုံးနိုင်ရန်မှာ အပြောသာ လွယ်ပြီး အလုပ်မလွယ်သည့် ကိစ္စတစ်ခု ဖြစ်သည်။

“ ငါတို့ရဲ့ ကျောင်းသားခေါင်းဆောင်က မှော်ဆေးရည်ဌာနကို အနိုင်တိုက်တဲ့နေရာမှာ ဓမ္မအ‌ဆောင်သုံးတာ တရားဝင်တယ်လေ”

“ အကာအကွယ် ဓမ္မအဆောင်ကို ကိုယ့်အတွက်ပဲ သုံးရမယ်လို့ ဘယ်သူက ပြောလဲ။ တာအိုကျောင်းက ဦးစီးတဲ့ ပြိုင်ပွဲမလို့ ကံကောင်းတယ် မှတ်လိုက်။ မင်းတို့ ဓမ္မအဆောင်တွေကို တခြားနည်းနဲ့ သုံးရင် ဘယ်လောက် အသုံးဝင်ပြီး အစွမ်းထက်လဲဆိုတာ နားလည်သွားတာပေါ့။ မင်းတို့ တကယ့် သေရေး ရှင်ရေး တိုက်ပွဲမှာဆို အတွန့်တက်ချိန်တောင် ရမှာ မဟုတ်ဘူး ”

“ ရယ်စရာကောင်းလိုက်တာ။ ဓမ္မအဆောင်ကို နည်းအမျိုးမျိုးနဲ့ သုံးလို့ အပြောခံရတယ်လို့ ငါ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ မှော်ဆေးရည်ဌာနက ကိုယ်တိုင်ထုတ်တဲ့ ဆေးလုံးတွေက ဌာနအတွက် အောင်ပွဲတွေ ဆောင်ကျဉ်းမပေးနိုင်တာနဲ့ ဒီမှာလာပြီး ငါတို့ကို အပြစ်ပုံချနေတာပဲ။ ဟုတ်တယ်မလား”

ဓမ္မလက်နက်ဌာနမှ ကျောင်းသားများက သူ့အတွက် ရပ်တည်ပေးနေသည်ကို မြင်ရလျှင် ဝမ်ပေါင်လဲ့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ နတ်ဝိဇ္ဇာဂူထဲ၌ ဗိုက်ကို ပွတ်ကာ လူအများကြားတွင် ထင်ရှားအောင်မြင်နေဆဲ ဖြစ်သောကြောင့် စိတ်ကျေနပ်နေသည်။
“ အားလုံး ထောက်ခံပေးကြတာတွေက ကျောင်းသားခေါင်းဆောင် ဖြစ်တဲ့ ငါ့အတွက် အကြီးမားဆုံး အသိအမှတ်ပြုပေးခြင်းပါပဲ”

နှစ်ဖက်လုံးမှ ဆွေးနွေးငြင်းခုံမှုများ အရှိန်တက်နေချိန်တွင် မှော်ဝင်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ကို ဆုံးဖြတ်‌ပေးမည့် စတုတ္ထမြောက် ပွဲစဉ် ရောက်ရှိလာသည်။

ဤပွဲတွင် ဝမ်ပေါင်လဲ့ ယှဉ်ပြိုင်ရမည့် ကွင်းမှာ တာအိုအလင်းဆောင်ဌာန၌ တည်ရှိသည်။

တာအိုအလင်းဆောင် ဌာနတွင် ဝမ်ပေါင်လဲ့ ပေါ်လာသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ တာအိုအလင်း‌ဆောင်ဌာနထဲရှိ အခြားကွင်းများကို မည်သူမျှ စိတ်မဝင်စားကြတော့ဘဲ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများအားလုံး နီးပါးသည် ဝမ်ပေါင်လဲ့ ယှဉ်ပြိုင်မည့် ကွင်းပတ်လည်တွင် စုဝေးနေကြသည်။ သူတို့အားလုံးက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ကာ တာအိုအလင်းပွင့်ရန် ကြိုးပမ်းကြတော့သည်။

ဝမ်ပေါင်လဲ့သည် တာအိုအလင်းဆောင်ဌာနမှ အာရုံစိုက်မှုများကို မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုထားလိုက်သည်။ မကြာမီ ဤပွဲစဉ်အတွက် သူ့ပြိုင်ဘက် ပေါ်ထွက်လာသည်။

ထိုပြိုင်ဘက်မှာ တောင့်တင်းကြံ့ခိုင်လှသည်။ သူ့ခန္ဓာကိုယ်မှာ တောင်တစ်လုံးအလား ဖြစ်နေပြီး ဖိအားအသွင် ပြောင်းသွားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖိအားများ လှိုင်းထလျက် ရှိသည်။

“ ကျုပ်က သိုင်းပညာဌာန၊ အပြင်အားခန်းမက ကျောင်းသားခေါင်းဆောင်၊ စုန့်ပင်းလုံပဲ။ နှုတ်ဆက်ပါတယ်”
ခပ်တောင့်တောင့် လူငယ်က ကွင်းပေါ်သို့ ခံစားချက်မဲ့နေသည့် မျက်နှာနှင့် တက်လာပြီးနောက် လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်စကား ဆိုလိုက်သည်။

စကားဆုံးသည်တွင် သူ့ထံမှ လေးစားဖွယ် အရှိန်အဝါမှာ ချက်ချင်း ပျောက်ကွယ်သွားသည့် အလား ထင်ရသည်။ သို့ရာတွင် ထိုသို့ ထင်ရလေလေ စုန့်ပင်းလုံကို ခန့်မှန်း၍ မရနိုင်လေ ဖြစ်သည်။ မုန်တိုင်းမလာခင် တည်ငြိမ်နေသည့် ခံစားချက်မျိုး ဖြစ်သည်။ ဝမ်ပေါင်လဲ့ကို လှမ်းကြည့်လိုက်စဉ် သူ့အကြည့်မှာ ရေကန်အလား တည်ငြိမ်အေးချမ်းနေသည်။

ဝမ်ပေါင်လဲ့မှာလည်း ထူးထူးခြားခြား လေးလေးနက်နက် ဖြစ်လာသည်။ တာအိုအလင်းဆောင်ဌာနနှင့် အဆင်မပြေဖြစ်မှုကို ချိုးနှိမ်ကာ စုန့်ပင်းလုံမှာ ရိုးရိုးရှင်းရှင်း လူတစ်ယောက် မဟုတ်ဟု ခံစားနေရသည်။ သူ၏ ကျွမ်းကျင်မှုနှင့် ဖွံ့ထွားသွေးကြော အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ကြောင့် ပြိုင်ပွဲတစ်လျှောက် ဝမ်ပေါင်လဲ့ ကြုံခဲ့ရသည့် ပြိုင်ဘက်များထက် များစွာ သာလွန်နေသည်။

စုန့်ပင်းလုံကို တိမ်‌ရေကန် မိုးသစ်တောထဲ၌ တွေ့ခဲ့ရသည့် အကြီးအကဲနှင့် ယှဉ်၍ မရသော်လည်း ဖွံ့ထွားသွေးကြောအဆင့် အထွတ်အထိပ်ရှိ ဝတ်ရုံနက်လူများထက် သိသိသာသာ အစွမ်းထက်သည်။

တိတိကျကျ ဆိုရလျှင် တိမ်ရေကန် မိုးသစ်တောထဲမှ အနက်ရောင်ဝတ် ဖွံ့ထွားသွေးကြော အထွတ်အထိပ်အဆင့် လူများမှာ နေရာစုံမှ လူများ ပါဝင်သည်။ စုန့်ပင်းလုံမှာမူ သိုင်းပညာဌာန၏ ကျောင်းသား‌ခေါင်းဆောင်များထဲမှ တစ်ယောက် ဖြစ်လာနိုင်ခြင်းမှာ သူ၏ ကျင့်ကြံခြင်းနှင့် စွမ်းအားမှာ တာအိုကျောင်းတွင် အထွတ်အထိပ် ရောက်နေသည့် အဓိပ္ပါယ် ဖြစ်သည်။

“ ဓမ္မလက်နက်ဌာန ကျောင်းသားခေါင်းဆောင် ဝမ်ပေါင်လဲ့ပါ၊ ခင်ဗျားဆီကနေ သင်ယူဖို့ မျှော်လင့်မိပါတယ်”
ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်း ရှိုက်လိုက်ကာ လက်နှစ်ဖက်ဆုပ်ပြီး ပြန်လည် နှုတ်ဆက်လိုက်သည်။

“ ကျောင်းသားခေါင်းဆောင် ဝမ်ပေါင်လဲ့မှာ အစွမ်းထက်လှတဲ့ ဓမ္မအဆောင်တွေလည်း ရှိသလို အံ့ဩရလောက်တဲ့ တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိတယ်လို့ ကြားဖူးထားတယ်။ ဒီနေ့ ကျုပ်က ကျောင်းသားဝမ်ရဲ့ တိုက်ရည်ခိုက်ရည်ကို စိန်ခေါ်ချင်တာမလို့ ဓမ္မအဆောင် အသုံးပြုခြင်းကို ဖယ်ရှားပေးလို့ ရမလား သိချင်ပါတယ်။ အသွေးအသားချင်းယှဥ်ပြီး တိုက်ကြရအောင်ပါ ”
စုန့်ပင်းလုံက စကားဆုံးသည်နှင့် ဓါးအိမ်မှ ချွတ်လိုက်သည့် လေးလံလှသော ဓါးကြီးတစ်လက်အလား အသွင်ပြောင်းသွားသည်။ သူ၏ အကြည့်မှာလည်း စူးရှလာပြီး ရှေ့သို့ တိုးလာသည်။

ခြေလှမ်း ခုနစ်လှမ်း ဆက်တိုက်လှမ်းလာပြီး တစ်လှမ်းထက် တစ်လှမ်း ပိုကျယ်လာသည်။ သူ လုပ်ရှားသည်နှင့် မြေကြီးတစ်ခုလုံး တုန်နေပြီး စောင့်ကြည့်နေကြသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ အလန့်တကြား ဖြစ်ကာ အသက်ရှူမှားကုန်ကြသည်။

စုန့်ပင်းလုံ၏ အရှိန်အဝါမှာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ပိုမို မြင့်မားလာသည်။ နောက်ဆုံးတစ်လှမ်းတွင် သူ့သွေးချီမှာ တဟုန်ထိုး မြင့်တက်လာသည်။ အမြင်အရ အတူတူ ဖြစ်သော်လည်း ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းသွားသည့်အလား ခံစားရသည်။ ဆူနာမီလှိုင်းလုံးကဲ့သို့ ရုတ်တရက် ဝမ်ပေါင်လဲ့ထံသို့ လက်သီးချက် ထိုးသွင်းလိုက်သည်။

“ ဆူနာမီ လက်သီးချက် ”

သူ့နောက်တွင် ပုံရိပ်ယောင် ပင်လယ်ပြင်ကျယ်ကြီး ရုတ်တရက် ပေါ်လာသည်။ သူ၏ လက်သီးချက်မှာ ပင်လယ်ကြီး၏ စွမ်းအားကို ငှားရမ်း အသုံးချလိုက်သည့်အလား ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေသည်။ ဘေးမှ ရပ်နေသည့် ဆရာများကလည်း တဒင်္ဂမျှ တုန်လှုပ်သွားကြသည်။

ထိုအခိုက် ဝမ်‌ပေါင်လဲ့၏ အကြည့်မှာ စူးရှလာသည်။ ယခင် ပြိုင်ပွဲသုံးခုမှာ သူ့အတွက် သွေးပူလေ့ကျင့်ခန်းမျှပင် မမြည်သောကြောင့် သူ၏ တိုက်ခိုက်ချင်စိတ်မှာ ထိုးတက်လာသည်။ တစ်စက်ကလေးမျှ တွန့်မသွားသည့် အပြင် ဓမ္မအဆောင်များကိုလည်း မသုံးပေ။ ထိုအစား ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးသွားသည်။

“ ကောင်းပြီလေ”
သူက စကားပြောနေရင်း ညာဘက်လက်သီးကို မြှောက်လိုက်ပြီး စုန့်ပင်းလုံကဲ့သို့ပင် လက်သီးချက် ထိုးသွင်းလိုက်သည်။

စုန့်ပင်းလုံမှာ အာရုံစုစည်းထားသည်။ သူ့ခွန်အားမှာ သုံးပုံတစ်ပုံခန့် မြင့်တက်လာပြီး တတ်နိုင်သမျှ အစွမ်းကုန် အားထည့်ထားသည်။ လက်သီးနှစ်လုံးမှာ တစ်ခုနှင့်တစ်ခု ထိမိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်လာကာ သူတို့အောက်မှ မြေပြင်က ကွဲအက်သွားသည်။ ကျောက်တုံးနှင့် အကျိုးအပျက် အပိုင်းအစများ နေရာတိုင်းသို့ ပျံ့လွင့်သွားသည်။ အင်အားကြီး ခွန်အားတစ်မျိုး တိုးဝင်လာပြီး ချုပ်နှောင်လာသောကြောင့် စုန့်ပင်းလုံ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ ပြင်းထန်လှသည့် တုန်ခါမှုများအကြား နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။ သူက ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ကို တအံ့တဩ မော့ကြည့်လိုက်လေသည်။

“ မင်းက အစွမ်းထက်တာပဲ”
ဤသည်မှာ သူ့စိတ်ထဲတွင် တွေးမိသည့် တစ်ခုတည်းသော အရာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိန်းမရဘဲ နောက်သို့ ဆုတ်လိုက်ရသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်သာ ဆုတ်ပြီး ရပ်သွားသည်။ သူ့မျက်လုံးများက စုန့်ပင်းလုံနှင့် ဆုံသွားလျှင် သူ့နှုတ်ခမ်းများက ကွေးညွှတ်ကာ ပြုံးသွားသည်။ သူက တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာပြီး မယုံနိုင်လောက်သည့် အရှိန်မျိုးဖြင့် ခုန်ထကာ နောက်တစ်ကွက် တိုက်ရန် ပြင်လိုက်သည်။

စုန့်ပင်းလုံကလည်း ခေါင်းမော့ကာ အော်ရယ်လိုက်သည်။ နောက်မဆုတ်ရုံမျှမက သူသည်လည်း တိုက်ခိုက်လိုစိတ်များ နိုးကြားလာပြီး အားကုန်ထုတ်ကာ တိုက်တော့မည် ဖြစ်သည်။ ထိုအခိုက် နှစ်ယောက်သား ဆက်လက်တိုက်ခိုက်လိုက်ကြသည်။ ပေါက်ကွဲသံများ ပျံ့နှံ့နေပြီး အသက်ရှူကြိမ်ဆယ်ကြိမ်မျှ အချိန်တိုအတွင်း သူတို့နှစ်ယောက်သည် လက်သီးချက် တစ်ရာ‌ကျော် အပြန်အလှန် ထိုးနှက်ပြီး ဖြစ်သည်။

နောက်ဆုတ်လိုက်ရလျှင် ရှေ့သို့ အမြန်တိုးလာကြသည်။ ကွင်းပြင်ထဲတွင် သိုင်းပညာဌာနမှ နှစ်ယောက် ထိုးသတ်နေသည့်အလား ထင်ရလေသည်။

စောင့်ကြည့်နေသည့် ပရိသတ်များမှာ မြင်နေရသည်များကြောင့် စကားသံမထွက်နိုင်ဘဲ တောင့်တောင့်ကြီး ဖြစ်နေကြသည်။ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများအပြင် အခြားဌာနမှ ကျောင်းသားများလည်း လာကြည့်ကြသည်။ သူတို့အားလုံးမှာ အလန့်တကြား ဖြစ်ကာ ကြောင်တောင်တောင် ကြည့်နေမိသည်။ ဝမ်ပေါင်လဲ့၏ သိုင်းပညာက အလွန်ကောင်းမွန်ကြောင်း သတင်းများ ကြားဖူးသော်လည်း သူတို့အားလုံးမှာ ဓမ္မလက်နက်ဌာနမှ မဟုတ်သောကြောင့် ကောင်းကောင်း နားမလည်ကြပေ။ ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများကို ကြည့်နေစဉ် သူတို့အားလုံး တုန်လှုပ်ခြောက်ခြားနေကြလေသည်။

“ ဒီဝမ်ပေါင်လဲ့က …. တကယ့်ကို အစွမ်းထက်တာပဲ”

“ သူ့ရဲ့ ဓမ္မရတနာတွေကို မသုံးဘဲ တိုက်ရည်ခိုက်ရည်ကိုပဲ သုံးတာတောင် တကယ်ကြီး သိုင်းပညာဌာနကို ဖိအားပေးနိုင်တယ် ”

“ ဒီတော့ …. သူက သိုင်းပညာဌာနကလား။ ဓမ္မလက်နက်ဌာနကလား”

ထိုအခိုက် သိုင်းပညာဌာန အပြင်အားခန်းမ၏ ကျောင်းသားခေါင်းဆောင်၊ စုန့်ပင်းလုံမှာ ဝမ်ပေါင်လဲ့၏ အဆက်မပြတ် ထိုးနှက်ချက်များအောက်တွင် သိသာစွာ ရှုံးနိမ့်နေသည်။ နီစွေးစွေး သွေးများက သူ့နှုတ်ခမ်းထောင့်မှ စီးကျလာနေစဉ် ဝမ်‌ပေါင်လဲ့မှာ ခြစ်ရာပင် မထင်သေးပေ။

ကြည့်ရှုသူများက မလှုပ်မယှက် ဆက်ကြည့်နေကြစဉ် စုန့်ပင်းလုံက အရှိန်မြှင့်ကာ ရှေ့သို့ တက်သွားသည်။ သူ့အပြင်အားမှာ မလုံလောက်ကြောင်း သူ သဘောပေါက်သွားပုံရသည်။ ထို့ကြောင့် သူ၏ မှော်အတတ်ကို သုံးကာ အရှိန်မြှင့်တင်၍ ခွန်အားတက်အောင် လုပ်လိုက်သည်။ သူက လက်ကိုမြှောက်ကာ တစ်ကိုယ်လုံးကို ထုနှက်လိုက်ရာ အရှိန် ပိုမြင့်လာသည်။ သူသည် နီရဲနေသော ခန္ဓာကိုယ်နှင့် အော်ဟစ်ကြုံးဝါးကာ ဝမ်ပေါင်လဲ့ဆီသို့ တချိုးတည်း ပြေးဝင်သွားသည်။

အဝေးမှကြည့်လျှင် အနီရောင် လင်းယုန်ငှက်တစ်ကောင်က သားကောင်အား ထိုးသုတ်တော့မည့်အလား ထင်ရသည်။

“အရှိန်လား ”
ဝမ်ပေါင်လဲ့၏ အကြည့်မှာ စူးခနဲ ဖြစ်သွားသည်။ သူ၏ သူက မဟာဟင်းလင်းပြင်ချီ ဝါးမျိုခြင်းပညာရပ်ကို မှီခို၍ ဝိညာဉ်အဆီများ စုပ်ယူကာ အဆင့်တက်လာခြင်း ဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြု၍ ကျင့်ကြံခြင်းက သူနှင့်အဆင့်တူများထက် အပြင်အားအရာတွင် များစွာ သာလွန်စေကြောင်း သတိထားမိသည်မှာ ကြာပြီ ဖြစ်သည်။

ယခု သူသည် ဝါးမျိုခြင်းသစ်စေ့ကို အသက်မသွင်းရသေးသည့်အပြင် ပြိုင်ဘက်ကို အလဲထိုးတိုက်ကွက် မသုံးရသေးပေ။ သူ့ပြိုင်ဘက်က အပြင်အားကိုသာ သုံး၍ ယှဉ်ပြိုင်ရန် တောင်းဆိုထားသဖြင့် ဝမ်ပေါင်လဲ့ကလည်း သူ၏ ခွန်အားနှင့် ဖွံ့ထွားသွေးကြောအဆင့်ကို လေ့လာကြည့်ရန် စိတ်ဝင်စားနေသည်။

အသက်ကို ပြင်းပြင်းရှူကာ အရှိန်ကို မြှင့်တင်လိုက်သည်။ ချက်ချင်းပင် ရှေ့သို့ တိုးသွားသော်လည်း ဤတစ်ကြိမ်တွင် သူက လက်သီးကို မသုံးဘဲ အရှိန်အမြင့်ဆုံး ထိုးတက်သွားသည့် အခိုက်အတန့်၌ ခုန်ကာ စုန့်ပင်းလုံကို တည့်တည့်ကန်လိုက်သည်။

ယခင်အကြိမ်များထက် ပိုမို ကျယ်လောင်သည့် အုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။ စုန့်ပင်းလုံ၏ နှုတ်ခမ်းမှ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်မှာ နောက်ဘက်သို့ လွင့်စင်သွားသည်။ ယခုအခါတွင် ကွင်းအပြင်သို့ ရောက်သွားပြီး စည်းမျဉ်း၏ အပြင်ဘက် ဆယ်ပေခန့်အကွာတွင် ရပ်သွားသည်။ နောက်ထပ်သွေးများ ထပ်အန်လိုက်ရာ သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။ သို့ရာတွင် သူ့မျက်လုံးများမှာ တောက်ပနေဆဲ ဖြစ်ပြီး ကွင်းပေါ်တွင် ရပ်နေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့ကို လက်နှစ်ဖက်ဆုပ်ကာ အသိအမှတ်ပြုလိုက်သည်။

“ ကျော်ကြားတဲ့အတိုင်း တကယ်ပဲ အစွမ်းထက်တယ်ဆိုတာ ကျုပ် လက်ခံသွားပါပြီ။ ဝမ်ပေါင်လဲ့၊ အာနာပါနအဆင့်ကို ရောက်တဲ့အခါ မင်းနဲ့ သေချာပေါက် နောက်တစ်ခါ ထပ်တိုက်မယ်”
စကားဆုံးလျှင် စုန့်ပင်းလုံက လှည့်ထွက်သွားသည်။

ကွင်းပေါ်တွင် ဝမ်ပေါင်လဲ့က စုန့်ပင်းလုံ၏ နောက်ကျောပြင်ကို ကြည့်ကာ ရပ်နေသည်။ ဝမ်ပေါင်လဲ့သည် စုန့်ပင်းလုံမှာ သိုင်းပညာကို နက်ရှိုင်းစွာ ချစ်မြတ်နိုးသူဖြစ်ကြောင်း တွေ့ရသဖြင့် လေးစားမိနေသည်။

“ ငါ့ရဲ့ ပြိုင်ဘက်တွေက ပိုပြီးတော့ အစွမ်းထက်လာတဘ်။ နောက်ဆုံးပွဲမှာ ဘယ်သူနဲ့တွေ့မယ်ဆိုတာ သိချင်မိတယ် ”
ဝမ်ပေါင်လဲ့က နောက်ဆုံးတွင် စိတ်ကို လျှော့ကာ တာအိုအလင်းဆောင်ဌာနမှ လှည့်ထွက်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset