ရီဖူရှင်းက ဘာကိုမှ ဂရုစိုက်မနေဘဲ ရန်သူများ အကြားသို့ ပြေးဝင်လာခဲ့သည်။
ယူချင်းနှင့် တခြားလူများက သူ့နောက်တွင် လိုက်ပါလာကြ၏။ ယူချင်းကား ထိုအခိုက်တွင် နတ်ဆိုးအသွင်သို့ ပြောင်းထားကာ အလွန်တရာ ကြီးမားခန့်ထည်နေပြီး ပုဆိန်ရှည်ကို ပြင်းထန်စွာ ဝှေ့ယမ်းလျက် တိုက်ခိုက်၏။
သူနှင့် ရီဖူရှင်းတို့သည် ခွန်အားပိုင်းတွင် ပြိုင်ဘက်ကင်းရာ ရန်သူများ အကြားသို့ သည်အတိုင်း ဝင်ရောက် တိုက်ခိုက်နိုင်သည်။
ဓားသခင်၊ ဂူတုံးလျို၊ ရီဝူချင်း၊ ဟောင်ကျူဂီ၊ ကျန်ကျောင်းနှင့် တခြားလူများကလည်း ကိုယ်စီ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။
လီယောင်နှင့် ယွင်ကျင်းတို့က စစ်မြေပြင်ကို ကြည့်ကာ သူတို့ ကိုယ်တိုင်ကလည်း တိုက်ပွဲဝင် နေကြရ၏။ ရီဖူရှင်းတို့ဖြစ်စေ၊ ရှားရှင်းယွန်တို့ဖြစ်စေ အင်အားစု နှစ်ခုလုံးသည် အလွန်အားကောင်း ကြပေသည်။
ရီဖူရှင်းက ခွန်ရွှမ်အား အနိုင်ယူပြီးနောက် သူ၏စွမ်းရည်သည် ရှားရှင်းယွန်နှင့် တန်းတူမြင့်ကြောင်း သိလာကြသည်။ သူကား ရှန့်ထိုအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။
သူတို့အနေဖြင့် သူ့အား သတ်ရန် ရှန့်ထိုစွမ်းအား လိုအပ်ပေသည်။
“ထန်ကန်း … အရှင့်သားကို ကာကွယ် …” ယွင်ကျင်းက ဘေးမှ အသေခံ စစ်သည်တို့အား ပြောသည်။ ရှန့်ထိုတစ်ဝက် တန်ခိုးရှင်တစ်စုက လီယောင်အား ရစ်ပတ် ကာကွယ်ထားကြသည်။ သူတို့အားလုံးကား တာလီပြည်ထောင်၏ ရှန့်ထိုအဆင့်အောက်တွင် အတော်ဆုံးလူများ ဖြစ်ကြသည်။ သူတို့က အသာစီးရနေသော အချိန်တွင် ရန်သူများအား ရှင်းလင်းနိုင်ပြီး အရေးနိမ့်နေသော အချိန်တွင် အမြင့်ဆုံးအာဏာ ပိုင်စိုးသူကို ကာကွယ်နိုင်ပေသည်။
လက်ရှိတွင် သူတို့က အရေးနိမ့်နေရာ သူတို့အား ခုခံရန် အသုံးပြုနေရသည်။
သို့သော်လည်း သူတို့က သည်အတိုင်း ခုခံနေပါကလည်း မကြာခင် အဆုံးသတ် သွားမည်မှာ သေချာပေသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့က တော်ဝင်အလံအား အဘယ်ကြောင့် မချိုးဖျက် လိုကြသနည်း။
သူတို့က အင်ပါယာလီဘုံမှ နောက်ဆုံးကျန်သူ တစ်ဦးတစ်လေကိုပင် အသက်ရှင်ရန် အခွင့်အရေး မပေးလိုသောကြောင့် ဖြစ်ပေသည်။
“ထိစီ …” ယွင်ကျင်းက ခေါ်သည်။ နောက်ထပ် ရှစ်ဆယ့်တစ်ယောက် ပါသော တစ်ဖွဲ့ သူ့အနီးတွင် စုစည်းကြ၏။ သူတို့အားလုံးက အနက်ရောင်ဝတ်ထားကာ အေးစက်သော အငွေ့အသက်များအား ပေးသည်။
ထန်ကန်းနှင့် ထိစီတို့တွင် ကွဲပြားခြားနားသော တာဝန်များရှိသည်။ ထန်ကန်းတို့ စစ်သည်များသည် အသေခံတိုက်ရန် တာဝန်ယူရပြီး သူတို့အား လိုအပ်ချက်မှာ အကန့်အသတ် ရှိပေသည်။ ထို့ကြောင့် သူတို့နှင့် ရင်ဆိုင်ရသည်မှာ အန္တရာယ် သိပ်မများပေ။
ထိစီတို့ကား အရေးကြီးသော တာဝန်များအား ပေးအပ်ထမ်းဆောင် စေပေသည်။ သူတို့အားလုံးမှာ ငယ်ရွယ်စဉ် ကတည်းက အထူးတလည် လေ့ကျင့်ပေးခြင်းခံရသူများ ဖြစ်ကာ ပြင်းထန်ခိုင်မာသော စိတ်ဓာတ်များအား ပိုင်ဆိုင်ကြပြီး တာလီပြည်ထောင်အား အဆုံးစွန်အထိ သစ္စာ ရှိကြသည်။
သူတို့ ၈၁ ယောက်တို့က ထူးဆန်းသော ဝင်္ကပါတစ်ခုအား ဖွဲ့စည်း လိုက်ကြသည်။ ယွင်ကျင်းက သူတို့အားလုံး၏ အလယ်တွင် ရပ်နေသည်။ ရွှေရောင်ဝင်္ကပါသည် သူတို့၏နောက်တွင် ပေါ်လာဟန်ရကာ တဖြည်းဖြည်း လည်ပတ်လာသည်။ ဝင်္ကပါသည် မဟာလမ်းစဉ်၏ စွမ်းအားကို စုစည်းနိုင်ဟန်ရပြီး ဓာတ်ငါးမျိုးနှင့် ယင်၊ယန် ပူးပေါင်းမှု လိုက်လျောညီထွေ ဖြစ်မှု သဘောတရားတို့ဖြင့် တည်ဆောက် ထားသည်။
ဝင်္ကပါမှ ထွက်ပေါ်လာသော အလင်းများသည် အလွန်တရာ စူးရှကာ ၈၁ယောက်သော စစ်သည်များအား ဖုံးအုပ်ထားသည်။ ၈၁ယောက်လုံးအား ရွှေရောင် အလင်းများဖြင့် ဆက်သွယ်ထားပြီး သူတို့အားလုံးသည် ၈၁ ယောက် ဖြစ်သော်လည်း တစ်ဦးတည်း ဖြစ်သည်ဟုလည်း ခံစားကြရသည်။
သူတို့အားလုံးထံမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ် လာကြသည်။ ယွင်ကျင်းက ရှေ့သို့ တက်သွားလျှင် စစ်သည် ၈၁ယောက်လုံးသည် စိတ်ဖြင့် အမိန့်ညွှန်ကြားမှုကို လက်ခံရရှိပြီး ယွင်ကျင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားကြသည်။
ယွင်ကျင်း၏ မျက်လုံးများက မိစ္ဆာ၏အငွေ့အသက်တို့ ဖုံးလွှမ်းသွားသလို ဖြစ်သွားကာ စစ်မြေပြင်မှ ရှားရှင်းယွန်အား ကြည့်သည်။
အခြေအနေကား သူတို့က ရှုံးနိမ့်နေပြီး ဖြစ်သည်။ သို့သော်လည်း ရန်သူများက အလံအား မချိုးဖျက်ဘဲ မိမိတို့အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ် လိုနေသည်။
သူတို့က ဤသို့လုပ်လိုမှတော့ တန်ကြေး တစ်ခုတော့ ပေးရပေလိမ့်မည်။
သူတို့က ရှားရှင်းယွန်ကိုသာ ထိန်းချုပ်နိုင်ပါက အခွင့်အရေး ရှိနိုင်ပေသေးသည်။
အလင်းတစ်ချက် လက်သွားသည်။ ယွင်ကျင်းက ရှေ့သို့ တက်သွားခဲ့လျှင် စစ်သည် ၈၁ဦးကလည်း ရှေ့သို့ တက်လာ၏။ သူတို့ထံမှ ရွှေရောင် အမှုန်အမွှားများ လင်းလက်နေ၏။ သူတို့ထံမှ ရွှေပင်အပ်များကဲ့သို့ အလင်းမှုန်များသည် အင်ပါယာရှားဘုံမှ လူများထံသို့ တိုးဝင် သွားကြသည်။
“သတိထား …” ရှားရှင်းယွန်က ယွင်ကျင်းရှိရာသို့ ကြည့်ကာ ပြောသည်။ သူ့ထံမှ အန္တရာယ်၏ အငွေ့အသက်များအား သူမ ခံစားရသည်။
စူးရှသော အသံများနှင့်အတူ ရွှေရောင် အလင်းမျှင်များသည် လေထုကို ခွင်းသွားကြသည်။
ဝှစ် … ဝှစ် … ဝှစ် …
သေးငယ်စူးရှသော အသံများနှင့်အတူ လူအချို့သည် နဖူးများ၊ လည်ပင်းများနှင့် တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ အလင်းမျှင်များ ထွင်းဖောက်ခံရသည်။
ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ယွင်ကျင်း၏ လက်များက မရေမတွက်နိုင်သော ရွှေချည်မျှင်များအား ထိန်းချုပ်ထားဟန် ရသည်။ ရှန့်ထိုတစ်ဝက်များသည် သူ၏ ရုပ်သေးရုပ်များအလား ထင်မှတ်ရ၏။ ထို့အပြင် ရွှေချည်မျှင်များဖြင့် ထွင်းဖောက် ခံရသူများသည် ကြီးစွာသော အကြောက်တရားအား ခံစားကြရသည်။
မကြာခင် ရွှေချည်မျှင်များသည် နေရာအနှံ့သို့ ဖြန့်ကြက်သွားခဲ့ကာ လေထဲတွင် များစွာသော တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များ ပေါက်ကွဲပျက်စီး သွားရသည်။
သည်မြင်ကွင်းမှာ ပြည်နယ်ကိုးခုတွင် ဖြစ်ပျက်ခဲ့သော တော်ဝင်စစ်ပွဲ၌ တန်ခိုးရှင်ကိုးဦးက ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးစားစဉ်က မြင်ကွင်းနှင့် တူပေသည်။ သို့သော်လည်း သည်လူများမှာ ထိုလူကိုးဦးထက် အဆများစွာ အားကောင်းကြ၏။
ယွင်ကျင်း၏လက်များက အဆက်မပြတ် လှုပ်ရှားသွားသည်။ မရေမတွက်နိုင်သော ရွှေချည်မျှင်များသည် ရှေ့မှ စစ်တပ်ကြီးထံသို့ ပျံသန်း သွားကြ၏။
“တားဆီးကြ …” တစ်ယောက်က အော်ဟစ်လိုက်သည်။ ထိုအခိုက်တွင် စစ်မြေပြင်မှ လူများသည် ယွင်ကျင်း မည်မျှ အန္တရာယ် ပေးနိုင်သည်ကို သိလိုက်ကြ၏။ တန်ခိုးရှင်တစ်ဦးက အလင်းအရံအတား တစ်ခုအား ဖန်တီးလိုက်သည်။ သို့သော်လည်း ထိုရွှေချည်မျှင်များသည် အရာအားလုံးကို ထွင်းဖောက်နိုင်စွမ်း ရှိ၏။
မရေမတွက်နိုင်သော ရွှေချည်မျှင်များသည် ပြန့်ကားလာခဲ့ကာ ကွန်ချာတစ်ခုအသွင် ဖြစ်လာ၏။ ယွင်ကျင်းက လက်နှစ်ဖက်အား ဝှေ့ယမ်းလိုက်သည်နှင့် အလင်းအရံအတားက ချက်ချင်း ပြိုပျက်သွားသည်။ ထိုရွှေချည်မျှင်များက ဆက်လက် တိုးဝင်လာကာ သတ်ဖြတ်၏။ များစွာသော တန်ခိုးရှင်များမှာ တစ်ခဏအတွင်း သေကျေ ပျက်စီးရသည်။
“ရှန့်ထို စွမ်းအား …” လူအများအပြားက ရွှေချည်မျှင်များထံမှ ရှန့်ထို အငွေ့အသက်များအား ခံစားရ၏။ စစ်သည် ၈၁ဦးတို့သည် စည်းချက်ညီစွာဖြင့် စစ်မြေပြင်၌ လှုပ်ရှားနေကြကာ ရှားရှင်းယွန်ထံသို့ ဦးတည်နေကြ၏။
“မင်းသမီးကို ကာကွယ်ကြ”
ထန်ကျိက ကျယ်လောင်စွာ ပြောသည်။ တာလီပြည်ထောင်၏ နန်းတွင်းအကြံပေးသည် ထူးခြားဆန်းပြားသော ပညာရပ်များ၌ ကျွမ်းကျင်ပေသည်။ ယွင်ကျင်းကား နန်းတွင်းအကြံပေး၏ တပည့်ဖြစ်၏။
နေရာတိုင်းတွင် သွေးရောင်များ လွှမ်းနေ၏။
တိမ်တိုက်တောင်ကြားမှ တန်ခိုးရှင်များက ဝင်္ကပါအသွင်သို့ ပြောင်းလိုက်ကြသည်။ ကုန်းစွန်းကျောင်းက ရတနာဖိအိုးအား အသုံးပြုကာ မဟာလမ်းစဉ် စွမ်းအားကို သန့်စင်သည်။ သူ့လက်တွင် လှံရှည်တစ်လက် ဖြစ်လာကာ ယွင်ကျင်းတို့ထံသို့ ဦးတည် ပျံသန်းလိုက်သည်။
ကုန်းစွန်းကျောင်းက လှုပ်ရှားသည်ကိုမြင်လျှင် တခြား လူများကလည်း ကိုယ်စီ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ စစ်မြေပြင်၌ ပေါ်လာသူများမှာ ကွန်းရှီများဖြစ်ကြရာ ဤမျှဖြင့် မည်သို့ ကြောက်လန့်ကြမည်နည်း။
ယွင်ကျင်း၏ အမူအရာက သိပ်ထူးခြားသွားခြင်း မရှိပေ။ သူ့နောက်မှ ရွှေရောင်ဝင်္ကပါ အစီအရင်သည် မဟာလမ်းစဉ်ထဲမှ တစ်ခုဖြစ်ဟန်ရသည်။ တစ်ချိန်တည်းတွင် စစ်သည် ၈၁ဦးက ဝင်္ကပါမှ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် ယွင်ကျင်းကလည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
၈၁ဦးလုံးသည် မဟာလမ်းစဉ်၏ စွမ်းအားများကို ပူးပေါင်း ထုတ်လွှတ်နိုင်ဟန် ရသည်။
ကောင်းကင်တွင် ဝင်္ကပါများတစ်ခုပြီး တစ်ခု လည်ပတ် ဖြစ်ပေါ်လာကြသည်။ ၈၁ခုသော ဝင်္ကပါများသည် ဧရာမကြီးမားသော ဝင်္ကပါအသွင်ကို ဆောင်လျက် မဟာလမ်းစဉ်အား ကိုယ်စားပြုကာ ကြီးမားသော အကာအကွယ် တစ်ခုအား ဖြစ်စေသည်။
ကုန်းစွန်းကျောင်းက သူ၏လှံရှည်ဖြင့် ထိုးနှက်လိုက်သည်။ လှံရှည်၏ပုံရိပ်သည် အလွန်တရာ ကြီးမားကာ ဝင်္ကပါပေါ်သို့ ပြင်းထန်စွာ ကျဆင်း၏။ ဝင်္ကပါသည် တုန်ခါသွားပြီး တန်ခိုးရှင် ၈၁ဦးသို့ ကြောက်မက်ဖွယ် အလင်းများ စီးဆင်း သွားသည်။
ထိုတိုက်ခိုက်မှုမျှသာ မဟုတ် တခြားသော သူများကလည်း ပြင်းထန်စွာ တိုက်ခိုက်ကြ သော်လည်း မည်သူမှ ထိုအတားအဆီးအား ဖျက်ဆီးနိုင်ခြင်း မရှိကြပေ။
ဝင်္ကပါထံမှ များစွာသော ချည်မျှင်များ ထွက်ပေါ်လာကာ ကုန်းစွန်းကျောင်း၏ လှံကို ရစ်ပတ်သွားပြီး ထိုအခိုက်တွင် လှံရှည်က ကုန်းစွန်းကျောင်းထံသို့ ပြန်လည် ဦးတည် သွားခဲ့သည်။
ဘုန်း …
နတ်ဘုရားဖိုအားက ရှေ့သို့ တက်လာခဲ့ကာ မရေမတွက်နိုင်သော ချည်မျှင်များအား ဖြတ်တောက်ရန် ကြိုးစားသည်။
တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တက်လာခဲ့ကြ၏။ စစ်သည် ၈၁ဦးက မြန်ဆန်စွာပင် ကုန်းစွန်းကျောင်းအား ဝိုင်းရံလိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်အား ရွှေရောင်အလင်းများ စီးဆင်းနေခဲ့ကာ အမျှင်တန်းများသည် ကုန်းစွန်းကျောင်းထံသို့ ပစ်လွင့်လာခဲ့ကြ၏။
ကုန်းစွန်းကျောင်း ပတ်ဝန်းကျင်ကို ကြည့်လျှင် မရေမတွက်နိုင်သော ရွှေချည်မျှင်များ လေကို ခွင်းလျက် ဝင်လာသည်ကို မြင်၏။ ထိုအခိုက်တွင် နတ်ဘုရားဖိုအိုးသည် အမြင့်ဆုံးသော စွမ်းအားကို ထုတ်လွှတ်၏။ ဖိုအိုးမှ ထွက်ပေါ်လာသော အလင်းများသည် ရွှေချည်မျှင်များအား ဝါးမျိုကြသော်လည်း အချို့သည် သူ့ထံသို့ ဆက်လက်၍ တိုးဝင်လာခဲ့ကြ၏။
ကုန်းစွန်းကျောင်းက လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ အဆုံးအစမဲ့သော လှံပုံရိပ်သည်. သူ့အနီးတွင် ပေါ်လာ၏။ သူက တိုက်ခိုက်လိုက်လျှင် ကျယ်လောင်စူးရှသော အသံများ ထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာ ရွှမ်ယွင်အော့ကလည်း အင်ပါယာရှားဘုံမှ များစွာသော တန်ခိုးရှင်များနှင့်အတူ ဝင်ရောက် တိုက်ခိုက်ကြ၏။ ရွှမ်ယွင်ဝိညာဉ် ပေါ်ထွက်လာခဲ့လျှင် ရွှမ်ယင်ဓားသည် လေထုကို ခွင်းကာ စစ်သည် ၈၁ဦးထဲမှ တစ်ဦးအား သွားရောက် ထိမှန်သည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ထိုသူ၏ဝင်္ကပါသည် ပျက်စီးပြိုလဲ သွားတော့သည်။
ကုမူ၊ ရှောင်ရှမ်းနှင့် တခြားလူများကလည်း ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ တစ်ဦးပြီးတစ်ဦး ထိမိကာ ပါးစပ်မှ သွေးများ စီးကျလာကြသည်။ အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် ယွင်ကျင်း၏ ဝင်္ကပါကို တိုက်ခိုက်ရာတွင် နှစ်ဖက်လုံး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရကြ၏။
“ရှားရှင်းယွန် … ကျုပ်တို့က တိုက်ပွဲကို ရပ်လိုက်ရင် မကောင်းဘူးလား …” ယွင်ကျင်းက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်။
အတန်ကြာ တိုက်ခိုက်ပြီးနောက် ရှားရှင်းယွန်ကို ဖမ်းရန်မှာ ထင်သလောက် မလွယ်ကြောင်း သိလာသည်။ အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် ရှားရှင်းယွန်ကို လုံးဝ အထိခိုက်ခံမည့်ပုံစံ မရှိပေ။
ရှားရှင်းယွန်က ရီဖူရှင်းဘေးမှ တန်ခိုးရှင်များအား ကြည့်သည်။ သည်တစ်ကြိမ် နတ္ထိဘုံတိုက်ပွဲ၌ သူမက ဘာမှ သိပ်လုပ်လိုက်ရသည် မဟုတ်ပေ။ ရီဖူရှင်းကသာ တိုက်ပွဲအား အနိုင်ရရန် ကြိုးစား အားထုတ်သွားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ရီဖူရှင်း လုပ်လိုသည် ဟူသမျှအား သူမက အားပေးပေမည်။
“သတ် …” ရှားရှင်းယွန်က ရပ်တန့်မည့်ဟန်မရှိဘဲ အေးစက်စွာ ပြောသည်။
သူမ၏အသံကို ကြားသော်လည်း ယွင်ကျင်း၏ အမူအရာက ထူးဆန်းသွားခြင်း မရှိပေ။
“ကျုပ်တို့က တာလီပြည်အတွက် တိုက်ခိုက်ကြမယ်” ယွင်ကျင်းက တည်ကြည် အေးစက်စွာ ပြောသည်။
“ကျုပ်တို့က တာလီပြည်အတွက် တိုက်ခိုက်မယ်” ၈၁ဦးသော စစ်သည်များက ဆုံးဖြတ်ချက် ခိုင်မာသောလေသံဖြင့် ပြောကြသည်။ သူတို့အားလုံးမှာ ယွင်ကျင်း၏ထိန်းချုပ်မှုသို့ အလုံးစုံ ကျရောက်သွားဟန်ရသည်။
ချက်ချင်းပင် ယွင်ကျင်း၏နောက်မှ ဝင်္ကပါသည် ပိုမို၍ လင်းလက်လာခဲ့၏။ စစ်သည် ၈၁ဦးထံမှ စွမ်းအားများ သူ့ထံသို့ စီးဆင်းလာခဲ့သည်။ မရေမတွက်နိုင်သော ရွှေချည်မျှင်များသည် လေထဲသို့ တက်လာခဲ့ကာ သူ့ခန္ဓာကိုယ်အား ရစ်ပတ်သွား၏။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ယွင်ကျင်းထံ၌ လာရောက် စုစည်းကြသည်။
ယွင်ကျင်းထံမှ ကြီးမားသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်မှ ရာသီဥတုပင် ပြောင်းလဲ၏။ နတ်ဘုရား ပြစ်ဒဏ်သည် ထိုနေရာတွင်ပင် ဖြစ်ပေါ်လာသည့်ဟန် ထင်ရသည်။
ယွင်ကျင်းက ကောင်းကင်ကို ကြည့်သည်။ သူက အေးစက်စွာ တစ်လုံးချင်း ပြောသည် … “ကျုပ်က မဟာလမ်းစဉ် စွမ်းအားကို တိုက်ပွဲအတွက် အသုံးပြုလိုပါတယ်”
***