အပိုင်း (၁၀၇၁)

ထောက်လှမ်းမိခြင်း

ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ တိုက်ပွဲကို ကြည့်ကာ နားမလည် နိုင်ကြပေ။ ဒီမွန်းမြို့က အင်ပါယာလီမြို့နှင့် မဟာမိတ် ဖွဲ့ထားကြသည် မဟုတ်ပေဘူးလား။

သူတို့က ရုတ်တရက် အဘယ်ကြောင့် အချင်းချင်း တိုက်ခိုက်ကြသနည်း။

ထို့အပြင် ဒီမွန်းမြို့နှင့် အင်ပါယာလီမြို့တို့သည် ဝင်္ကပါများ၌ ရောနှောနေလျက် ရှိကြရာ အချင်းချင်း တိုက်ခိုက်ကြသည်နှင့် သူတို့သည် ယွင်ကျင်း၏ အမိန့်သံကို တုံ့ပြန့်ပြန်နိုင်ခြင်း မရှိဘဲ သားရဲများအား ပြန်လည် တိုက်ခိုက်ကြ၏။ သူတို့က မည်သို့ မတိုက်ခိုက်ဘဲ နေရမည်နည်း။

ဒီမွန်းမြို့မှ သားရဲများကလည်း အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားကာ အင်ပါယာလီမြို့မှ တန်ခိုးရှင်များ သားရဲများအား ပြန်လည် သတ်ဖြတ်ခြင်းအား မည်သို့ ရပ်ကြည့် နိုင်မည်နည်း။

ထို့ကြောင့်ပင် လက်ရှိ အခြေအနေ ဖြစ်လာ၏။ ရုတ်တရက် ဝင်္ကပါများ အတွင်း၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကာ သည်မတိုင်ခင် မဟာမိတ် စစ်တပ်နှစ်ခုသည် အချင်းချင်း အနီးကပ် တိုက်ခိုက်ကြပြီး လူအများအပြားနှင့် သားရဲများအား သေကျေစေကာ တိုက်ပွဲကို ပိုမို ပြင်းထန်စေ၏။

အင်ပါယာရှားမြို့မှ တန်ခိုးရှင်များက စစ်မြေပြင်ကို ကြည့်ကာ မှင်တက် နေကြ၏။

ဤအရာက မည်သို့သော အခြေအနေ ဖြစ်သနည်း။

မဟာမိတ် နှစ်ဖွဲ့က မိမိတို့အား တိုက်ခိုက်ရန် လာကြသနည်း မဟုတ်ပေဘူးလား။

မဟာ စစ်တပ်ကြီးသည် သူတို့အား လာရောက် တိုက်ခိုက်ကြပြီး မင်းသမီး ရှားရှင်းယွန်က တော်ဝင်အလံကို အသက်စွန့်ကာ ခုခံရန် ဆုံးဖြတ်ခဲ့သည်။ တန်ခိုးရှင် အများအပြားက အသေခံကာ တိုက်ခိုက်ရန် ဆန္ဒများ ရှိကြ၏။ သို့သော်လည်း တိုက်ပွဲသည် သိပ်ကြာမြင့်ခြင်း မရှိခဲ့ဘဲ တစ်ဖက် အင်အားစုများက အချင်းချင်း တိုက်ခိုက် နေခဲ့ကြရာ သူတို့သည်လည်း အခြေအနေကို နားမလည် နိုင်ကြတော့ပေ။

ဤနည်းဖြင့် အင်ပါယာရှားမြို့သည် ဘေးသို့ ရောက်သွား၏။

ဤအရာက …

ထန်နှင့်ထိုစစ်သည်များသည် နတ္ထိဘုံတိုက်ပွဲများ၌ အမြဲတမ်း ပါဝင် တိုက်ခိုက်ကြရရာ သူတို့အနေဖြင့် သည်ကဲ့သို့သော အခြေအနေမျိုးအား တစ်ခါမှ မကြုံဖူးကြပေ။

မဟာမိတ်နှစ်ဖွဲ့က ရန်သူအား တိုက်ခိုက်နေရင်း ရုတ်တရက် အချင်းချင်း ပြန်လည် တိုက်ခိုက် နေကြသည်။

ဤသို့သော အချင်းအရာအား တစ်ခါမှ မကြုံဖူး မမြင်ဖူးကြပေ။

“ခွန်ကျန်း … ခွန်ရွှမ် … ဒါက မင်းတို့ပြောတဲ့ မဟာမိတ်လား” လီယောင်က အေးစက်စွာ ပြောသည်။

“သူတို့ကို အရင်ဆုံး ရပ်ခိုင်းပါ ” ခွန်ကျန်းက အေးစက်စွာ ပြောလျှင် ဘေးမှ ခွန်ရွှမ်က ကျယ်လောင် ပြတ်သားစွာ ပြောသည် … “တိုက်ခိုက်နေတာကို ရပ်လိုက်ကြ ”

လက်ရှိတွင် အခြေအနေမှာ မရှင်းလင်းရာ တိုက်ပွဲအား အရင် ရပ်တန့်ရန် လိုသည်။

“ဒီမွန်းမြို့ တန်ခိုးရှင်တွေကို မထိကြနဲ့။ အင်ပါယာလီမြို့က တန်ခိုးရှင်တွေကို သတ်ကြ” ထိုအချိန်တွင် ရှားရှင်းယွန်က ကြည်လင် ပြတ်သွားစွာဖြင့် အမိန့်ပေးသည်။

“ဟုတ်ကဲ့ မင်းသမီး” အင်ပါယာရှားမြို့မှ စစ်တပ်က အမိန့်ကို နာခံကာ ချက်ချင်းပင် စစ်မြေပြင်သို့ ပြေးလွှား ဝင်ရောက် တိုက်ခိုက်ကြ၏။

ကြည့်ရသည်မှာ မင်းသမီးသည် ဒီမွန်းမြို့နှင့် မဟာမိတ်ဖွဲ့ကာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရပေမည်။

အံ့အားသင့်ဖွယ် ကောင်းအောင် အင်ပါယာလီဘုံသည် နှစ်ကြိမ်တိုင် အလိမ်ခံရ၏။

“နောက်ဆုတ် …” ယွင်ကျင်း၏ အသံသည် လွန်စွာ အေးစက်နေ၏။ ရှားရှင်းယွန်၏ စကားလုံးများက မီးတောက်ကို လောင်စာ ဖြည့်ပေးသည်နှင့် တူ၏။ တိုက်ပွဲအား မည်သို့ ရပ်တန့် နိုင်မည်နည်း။ ရပ်လိုက်သည်နှင့် တစ်ဖက်က ဆက်လက် တိုက်ခိုက်သူ လက်ချက်ဖြင့် ထိုသူသည် အသက်ပျောက် သွားနိုင်ပေသည်။

ထိုအခိုက်တွင် ယွင်ကျင်းသည် မိမိကိုယ်ကို သံသယ ဝင်၏။ သူက အမှန်တကယ် မှားယွင်း တွက်ချက်ခဲ့သလား။ ရလဒ်မှာ မဖြစ်နိုင်ဖွယ် ကောင်းသော အနေအထားဖြင့် ရောက်လာ၏။

ဒီမွန်းမြို့က အမှန်တကယ် အင်ပါယာရှားမြို့နှင့် မဟာမိတ် ဖွဲ့ခဲ့သည်။

ယူချင်းတို့ ပြည်နယ်ကိုးခုမှ လူများနှင့် ဒီမွန်းမြို့မှ နွားသိုးအုပ်စုတို့ သည်လည်း အင်ပါယာလီမြို့သို့ ဝင်ရောက် တိုက်ခိုက်ကြ၏။ ဒီမွန်းများက အလစ် တိုက်ခိုက်ခြင်း၊ ရှားရှင်းယွန်၏အမိန့် စသည့် အချက်တို့ကြောင့် ဒီမွန်းမြို့နှင့် အင်ပါယာရှားမြို့တို့ မဟာမိတ်ဖွဲ့ မပူးပေါင်းထားဟု ပြောလျှင် မည်သူ ယုံမည်နည်း။

ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ကပင် သူတို့သည် အမှန်တကယ် ရှားရှင်းယွန်နှင့် သဘောတူညီချက် ယူထားသည့်အလား ခံစားကြရ၏။ သို့သော်လည်း လက်ရှိတွင် အမှန်တရားအား မည်သူတို့က ပြောနိုင်၊ သက်သေပြ နိုင်ပေမည်နည်း။

ဘုန်း …

ကောင်းကင်ထက်မှ ကျယ်လောင်သော အသံတစ်ခုအား ကြားကြရ၏။ ကောင်းကလန်မှ တန်ခိုးရှင်များ၏ တိုက်ပွဲဝင်္ကပါသည် ကျားလို့ဖုန်းနှင့် အင်ပါယာ ရှားဘုံတို့၏ ဝိုင်းဝန်း တိုက်ခိုက်မှု အောက်တွင် ပြိုလဲသွား၏။

အဆက်မပြတ် တိုက်ခိုက်မှုများ အောက်၌ အင်ပါယာလီဘုံ၏ ဝင်္ကပါများမှာ ဆက်လက်၍ ပြိုလဲကြ၏။ ဤမတိုင်ခင် အမိန့် မရှိပါဘဲနှင့်ပင် စစ်တပ်ကြီးသည် တစ်ခဏချင်း ပြိုလဲလျက် နောက်ဆုတ် ကြရသည်။

“လီယောင် … ဒီမွန်းမြို့ကို စောင့်ကြပ်နေတဲ့ နွားသိုးသားရဲတွေက အင်ပါယာလီမြို့ကို သွားရောက် တိုက်ခိုက်ကြတယ် ဆိုတာ ဟုတ်သလား” ခွန်ကျန်းက လူအုပ်ထဲမှနေ၍ လီယောင်အား ကြည့်ကာ မေးသည်။

“ကျုပ်က ဒီမွန်းမြို့ကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီးတော့ သူတို့လှုပ်ရှားမှုကို မျက်မြင် တွေ့ခဲ့တာ။ နွားသိုး ခေါင်းဆောင် ပြောတာကတော့ ဒါက ခွန်ကျန်းရဲ့ လျှို့ဝှက်အမိန့်တဲ့။ ဒါက ဘယ်လို့ မှားယွင်းနိုင်မှာလဲ။ ဒါတောင်မှ ဒီမွန်းမြို့က မသိချင်ယောင်ဆောင် နေသေးတယ်” သတင်းလာပို့သော တန်ခိုးရှင်က ထူးမခြားနားစွာ ပြောသည်။

“ရီဖူရှင်းရဲ့ ပြည်နယ်ကိုးခုက လူတွေလည်း စစ်မြေပြင်မှာ မရှိကြဘူး။ သူတို့ကလည်း အင်ပါယာလီဘုံကို ဒီမွန်းမြို့နဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ သွားကြတယ်။ ဒီတစ်ခေါက် ဒီမွန်းမြို့က ခွန်ရွှမ်ရဲ့ နာမည်ဂုဏ်သတင်း ကိုတောင် စတေးပြီးတော့ ဒီလို ထောင်ချောက်ကို ဆင်တယ်။ ကျုပ်က တကယ်ပဲ လေးစားမိပါတယ်” ယွင်ကျင်းက အေးစက်စွာ ပြောသည် … “အင်ပါယာရှားဘုံအစား ခင်ဗျားတို့က အင်ပါယာလီဘုံကို တိုက်ခိုက်ဖို့ ရွေးခဲ့တယ်။ နတ္ထိဘုံတိုက်ပွဲမှာ တကယ်ပဲ မင်းတို့က ရှားရှင်းယွန်ကို အနိုင်ယူနိုင်မယ်လို့ ထင်တာပေါ့ ”

ယွင်ကျင်း ပြောသည်ကို ကြားလျှင် ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ အမှန်တရားကို သိလိုက်ကြ၏။ သို့သော်လည်း အချင်းချင်း တိုက်ခိုက်ခြင်းက မတော်တဆ ဆိုပါလျှင် အင်ပါယာလီမြို့သို့ သွားရောက် တိုက်ခိုက်သည့် နွားသိုးများ၏ကိစ္စကို မည်သို့ ရှင်းပြ ရမည်နည်း။

နွားသိုးများအား ထိုအမိန့်ကို မည်သူ ပေးခဲ့သနည်း။

သူတို့က ထိုသို့ အမိန့်မပေးခဲ့ပေ။ ဤသို့ဆိုလျှင် မှားယွင်းသော အမိန့်အား မည်သူက ပေးခဲ့သနည်း။

ခွန်ရွှမ်၏ ခန္ဓာကိုယ်အား ကိုးရောင်စုံ အလင်းများ ရစ်ပတ်လာခဲ့ကာ သူမထံမှ အလွန်တရာ အေးစက်သော အငွေ့အသက်မျာအား ခံစားကြရသည်။ လက်ရှိ အခြေအနေက အလွန်တရာ အရေးကြီးကာ ဆိုးဝါးကြောင်း သူမ ရိပ်မိလိုက်၏။

“ဒီမွန်းကလန်က သားရဲတွေအကုန် ငါ့အမိန့်ကို နားထောင်။ တိုက်ခိုက်နေတာကို ချက်ချင်း ရပ်ပြီးတော့ စစ်မြေပြင်က ဆုတ်ကြ။ အမိန့်ကို ဆန့်ကျင်တဲ့သူတွေကို ကလန်က ထုတ်မယ်” ခွန်ရွှမ်က အေးစက်စွာ ပြောလျှင် ကိုးရောင်စုံ အလင်းများသည် ကောင်းကင်နှင့် မြေပြင်အကြား လင်းလက်ကြ၏။ သူမ၏အသံက ကြီးမားသော အမိန့်အာဏာနှင့် ခြိမ်းခြောက်မှုများ ပါဝင်နေသည်။

သူမ၏အသံအား လေဟာနယ် တစ်ခုလုံးမှ ကြားကြရ၏။ အများစုက သူမ၏အသံကို ကြားကာ နောက်ဆုတ် ကြသော်လည်း အချို့သော သားရဲများကား အင်ပါယာရှားဘုံမှ တန်ခိုးရှင်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်။

ထိုအထဲတွင် တော်ဝင် ကလန်များမှ အဆင့်အတန်းမြင့် သားရဲများပင် ပါဝင်၏။

သူမအား ပိုမိုကျောချမ်း ထိတ်လန့် စေသည်ကား ကျားလို့ တော်ဝင်ကလန်၏ မျိုးဆက် ကျားလို့ဖုန်းသည် စစ်မြေပြင်တွင် တိုက်ခိုက်နေဆဲ ဖြစ်ခြင်းပင်။ ကွာရူဒါနတ် အတောင်ပံများသည် အင်ပါယာလီဘုံမှ တန်ခိုးရှင်များအား အဆက်မပြတ် သတ်ဖြတ်နေ၏။

“ကျားလို့ …” ခွန်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်သည်။ ကျားလို့ဖုန်း၏ မျက်လုံးများက အေးစက်သော ရွှေရောင် အလင်းများ တောက်ပနေ၏။ သူက သူမ၏အသံကို မကြားသည့်အလား ဆက်လက်၍ သတ်ဖြတ်နေသည်။

တစ်ချိန်တည်းမှာပင် ရှားရှင်းယွန်က စစ်မြေပြင်ထဲသို့ ကိုယ်တိုင် ဝင်လာခဲ့သည်။ သူမ၏နောက်တွင် ကြာပန်းဝိညာဉ် ပေါ်လာခဲ့ကာ ရွှေရောင် အလင်းများနှင့် ရစ်ပတ်လျက် သူမသည် ကောင်းကင် နတ်သမီးတစ်ပါး အလား ထင်မှတ်ရ၏။

သူမ၏လက်များက စစ်မြေပြင် တစ်နေရာသို့ လက်ညှိုး ထိုးလိုက်လျှင် ရုတ်တရက် လောက ပျက်သုဉ်းခြင်းဓားသည် လေဟာနယ်ကို ခွင်းကာ တန်ခိုးရှင် တစ်ဦးအား လည်ပင်းကို ဖြတ်တောက်လျက် ချက်ချင်း သေကျေစေ၏။

သူမ၏ ခန္ဓာကိုယ်အား ဗဟိုထား၍ ပြင်းထန်သော ဓားမုန်တိုင်းသည် အဆက်မပြတ် ဖြစ်ပေါ်လာခဲ့ကာ အဆုံးမဲ့သော ကြာပန်း အလင်းများ သည်လည်း အရံအတားများကို အဖွင့်အပိတ် ဖြစ်စေသည်။ ထိုအရာက တစ်ခုမှသည် နှစ်ခု၊ နှစ်ခုမှသည် သုံးခုဖြစ်လာပြီး ကြာပန်းများသည် ထိုနည်းဖြင့် မွေးဖွားကြကာ ကြ၏။

ကြာပန်းပွင့်ချပ်များသည် လောက၏ အထက်ရှဆုံးသော ဓားသွားများအလား လေထဲ ပျံသန်းကြ၏။ ထို့နောက် ခန္ဓာကိုယ်များနှင့် ထိတွေ့သော အသံများ ဖြစ်ပေါ်လာကာ တန်ခိုးရှင်များမှာ ထိုနေရာတွင်ပင် သေဆုံးကြရသည်။

ထို့အပြင် ရှားရှင်းယွန်ထံ အသတ်ခံရသော သူများမှာ အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ဖြစ်ကြ၏။

ဒီမွန်းမြို့ကိုကား ရီဖူရှင်းက အချိန်မရွေး အလံကို ချိုးဖျက်နိုင်သည်ဟု ပြောထားရာ သူတို့က သားရဲများကို တိုက်ခိုက်ပြီး အင်အားများ ဖြုန်းတီးရန် မလိုပေ။ ရီဖူရှင်း၏အောက်တွင် သားရဲအများအပြား ထိန်းချုပ်ခံထားရရာ ဒီမွန်းမြို့သည် သူတို့အား အန္တရာယ်ပေးနိုင်ခြင်း မရှိပေ။

တခြား တစ်နေရာတွင် ရီဖူရှင်းသည် စစ်မြေပြင်တွင် တစ်နေရာတည်းသို့ ဦးတည် သွားနေ၏။ လက်တွင် အချိန်နှင့် လေဟာနယ်လှံကို ဆုပ်ကိုင်ထားရင်း သူ၏မျက်နှာသည် အေးစက်နေ၏။

သူ့ထံသို့ အင်ပါယာလီဘုံမှ တန်ခိုးရှင်တစ်စု လှမ်းလာကြသည်။ ရီဖူရှင်းက သူတို့အား ထူးမခြားနားစွာ တစ်ချက် ကြည့်လိုက်ကာ သူ့ခန္ဓာကိုယ်က တဟုန်ထိုး‌ ပြေးလွှားသွားပြီး အလုံးစုံကင်းမဲ့ခြင်း အလင်းများ ရစ်ပတ်သွားခဲ့ကာ ပြင်းထန်သော လောကဓာတ်သည် အရာအားလုံးအား ကွယ်ပျောက် စေလိုသောဟန်ဖြင့် ကြီးမားသော အသံကို ပေးကာ တိုက်ခိုက်သည်။

အလင်းသည် အနည်းငယ်မျှပင် နှေးကွေးသွားခြင်း မရှိသလို ရပ်တန့် သွားခြင်းလည်း မရှိပေ။ ထိုအခိုက်တွင် တန်ခိုးရှင်အုပ်စုသည် သူတို့ရှိနေရာ လေဟာနယ်သည် အေးခဲသွားသည်ဟု ခံစားရပြီး မကြာခင် သူတို့မှာ အဆုံးစွန်သော အကြောက်တရားများအား တွေ့ကြုံ ရတော့သည်။

ချက်ချင်းပင် သူတို့တစ်စုလုံး သတ်ဖြတ်ခြင်း ခံရသည်။

ရီဖူရှင်းက ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်လှမ်း သွားလိုက်သည်။

တန်ခိုးရှင် တစ်ဦးသည် သူ့အား ကြည့်နေစဉ်မှာပင် အသံတစ်သံနှင့်အတူ သူ့လည်ပင်း ပြတ်တောက် သွား၏။

လေဟာနယ်၏ ဂုဏ်ရောင်များ ဖြတ်သန်း သွားသည့် နေရာတိုင်းတွင် အင်ပါယာလီဘုံမှ တန်ခိုးရှင်များ သေဆုံးရပြီး သူတို့၏ ခန္ဓာကိုယ်များ လေထဲမှ တဖြုတ်ဖြုတ် ကြွေကျသည်။ ဝင်္ကပါ၏စွမ်းအား မရှိဘဲ သူ့အား ရပ်တန့်နိုင်သူ မရှိပေ။

ထိုအချိန်တွင် ရှန့်ထိုတစ်ဝက် အရောင်အဝါများ လင်းလက်နေသောသူ တစ်ဦးက လေထဲသို့ တက်ကာ မဟာလမ်းစဉ်ဖြင့် ပေါင်းစပ်လျက် ရီဖူရှင်းထံသို့ တိုးဝင် လာသည်။

လေထဲတွင် ရွှေရောင်များ လင်းလက်နေသော လက်ဝါး တံဆိပ်တော်တစ်ခု ပေါ်လာသည်။ လက်ဝါးသည် ရှေးသစ်ပင်အလား စက်ဝိုင်းကွင်းများ တစ်ခုပြီးတစ်ခု ရစ်ပတ်ကာ တစ်ဖက်လူအား သတ်ဖြတ်ရန် ကြံစည်သည်။

ရီဖူရှင်းက ရပ်တန့်ခြင်း မပြုဘဲ သူ၏ ရတနာလှံဖြင့်ပင် လက်ဝါး တံဆိပ်တော်ကို ထိုးနှက်လိုက်သည်။ ရွှေရောင် အလင်းများ ပေါက်ကွဲသွားပြီး ရတနာလှံသည် လက်ဝါး တံဆိပ်တော်အား ပေါက်ကွဲစေလျက် တစ်ဖက်လူထံသို့ ဆက်လက် ထွင်းဖောက် သွားစေတော့သည်။

ရီဖူရှင်း၏ လက်ရှိ အဆင့်ကား ဝမ်ချွမ်းကဲ့သို့သော သူကိုပင် ကိုယ်ပိုင် စွမ်းရည်ဖြင့် အနိုင်ယူနိုင်သည်။ ယခု အချိန်နှင့် လေဟာနယ်လှံကို ကိုင်ဆောင်ထားရာ သူ၏ စွမ်းရည်များမှာ မည်မျှ ကြီးမား လိုက်မည်နည်း။

ရှန့်ထို အဆင့်အောက်တွင် ရီဖူရှင်းသည် တစ်ကိုယ်တည်း ရပ်နေသည်ဟု ဝမ်ချွန်းက ပြောဖူးသည်။ ထိုအချက်ကပင် ရီဖူရှင်း မည်မျှ စွမ်းအား ကြီးသည်ကို သက်သေပြနိုင်၏။

လေဟာနယ်၏ ဂုဏ်ရောင်အောက်တွင် များစွာသော တန်ခိုးရှင်များ အသတ်ခံရသည်။

စစ်မြေပြင်တွင် ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့သည် အင်ပါယာလီဘုံမှ တန်ခိုးရှင်များအား သတ်ဖြတ်ရာတွင် အမြန်ဆုံး ဖြစ်သည်။

လီယောင်နှင့် ယွင်ကျင်းတို့က ကောင်းကင်ထက်မှ နေ၍ စွမ်းအား အကြီးဆုံးသော တန်ခိုးရှင်များ ဝန်းရံကာ သူတို့ထံသို့ ဦးတည်လာသော သူအား အေးစက်စွာ ကြည့်နေကြ၏။

ရီဖူရှင်းက ကြီးမားသော စစ်တပ်ကြီးအား တစ်ကိုယ်တည်း ဖြတ်ကျော် သတ်ဖြတ်ကာ တိုးဝင်လာခြင်းက အလွန်တရာ အတင့်ရဲကာ ရူးသွပ်ခြင်း ဖြစ်သော်လည်း တစ်ဖက်တွင် သူက သူ၏ စွမ်းရည်များအား မည်မျှ ယုံကြည်သည်ကို ထင်ရှား စေသည်။

ထိုအခိုက်တွင် ရီဖူရှင်းက အန္တရာယ်၏ အငွေ့အသက်များကို ခံစားမိ၏။ သူက လှည့်ကြည့်လျှင် ကိုးရောင်စုံ နတ်ဘုရား အလင်းများသည် သူ့ထံသို့ ရူးသွပ်စွာ တိုးဝင် လာကြသည်ကို မြင်၏။ အလွန်တရာ လှပသော ပုံသဏ္ဌာန်သည် သူ့ထံသို့ ရောင်စဉ်များ ရစ်ပတ်လျက် တိုးဝင် လာခဲ့သည်။

ရီဖူရှင်းက လှံရှည်ကို ဝှေ့ယမ်းကာ ကိုးရောင်စုံ အလင်းများအား ဖျက်ဆီးသည်။ သူ့ရှေ့တွင် ခွန်ရွှမ်က လေထဲတွင် ရပ်လျက် ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။

“ဒါ နင်လုပ်တာလား …” ခွန်ရွှင်းက အလွန်တရာ အေးစက်စွာ ပြောသည်။ မဟာမိတ်ဖွဲ့ခြင်းမှာ အလွန်တရာ ချောမွေ့လွန်း နေသည်ဟု သူမတွေးခဲ့၏။ သို့သော်လည်း သူမ၏အနီးမှ သားရဲတို့သည် ယနေ့တိုက်ပွဲတွင် အမိန့်များကို ဖီဆန်ခဲ့ကြကာ သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုများအား ပြုလုပ်ခဲ့ကြ၏။ ကျားလို့ဖုန်းကား သားရဲစစ်တပ်တွင် သူမနှင့် ခွန်ကျန်းတို့ပြီးလျှင် အာဏာ အရှိဆုံးလူဖြစ်ပြီး ထို့ကြောင့်ပင် သူ့အား အင်ပါယာလီဘုံသို့ မဟာမိတ်ဖွဲ့ရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ဤမတိုင်မီ ခွန်ကျန်းက ထိုကိစ္စကို သိပ်ဂရုမစိုက်ခဲ့ပေ။ ရီဖူရှင်းနှင့် ထိုသိမ်းငှက်နက်တို့က သူမအား အဆက်မပြတ် စော်ကား ပြောဆိုနေသော အချိန်တွင် သားရဲများက ရီဖူရှင်တို့အား လိုက်ပါ တိုက်ခိုက်မည်မှာ သေချာသလောက် ရှိနေသည်။ သားရဲများကား ပုံမှန်အားဖြင့် ဒေါသကြီးကာ စဉ်းစား ဆင်ခြင်ဉာဏ် သိပ်မရှိကြပေ။

ကုန်းစွန်းကျောင်းက မင်းသမီး၏ သတင်းစကားကို လာပါးစဉ်တုန်း ကလည်း ကျားလို့ဖုန်းက ချက်ချင်း ဒေါသတကြီး လိုက်လံ သတ်ဖြတ်ခြင်းက ထိုသဘာဝကို ဖော်ပြနေသည်။

အရာအားလုံးက သဘာဝဆန်လွန်းခဲ့ကာ သံသယဖြစ်စရာ အနည်းငယ်မျှပင် မရှိခဲ့ပေ။

ထို့ကြောင့်ပင် သူမက မူမမှန်မှုများအား မတွေ့ရှိခဲ့ပေ။ ယခု ထိုအရာများ အားလုံးကို ပြန်တွေးပြီးနောက် ယခု လက်ရှိ ဆက်လက် တိုက်ခိုက်နေသော သားရဲများ အားလုံးမှာ ရီဖူရှင်း နောက်သို့ လိုက်ပါ ဖူးသည်ကို သတိပြုမိ၏။

ထိုအဖြစ်က ခွန်ရွှမ်အား ခေါင်းမှအစ ခြေဖျားအထိ အေးစက် စေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset