အပိုင်း (၁၀၆၇)

စတေးခြင်းလား …

လီယောင်က ကျားလို့ဖုန်းအား လက်ခံ တွေ့ဆုံသည်။

ပုံမှန်အားဖြင့် သူက ကျားလို့ဖုန်း၏ နောက်ခံ အသိုင်းအဝိုင်းကို သိပေသည်။ သူသည် ကျားလို့တော်ဝင်ကလန်၏ မျိုးဆက်ဖြစ်ကာ အနာဂတ် ဆက်ခံသူလည်း ဖြစ်၏။ သူ၏ အဆင့်အတန်းကား လွန်စွာ မြင့်မားကာ ခွန်ရွှမ်က သူ့အား ကိုယ်တိုင် စေလွှတ်ခြင်းက ကိစ္စ၏ အရေးပါမှုကို ပေါ်လွင်စေသည်။

“ကျားလို့ဖုန်းက အရှင့်သားကို နှုတ်ဆက်ပါတယ် …”

ထိုအချိန်တွင် ကျားလို့ဖုန်းက တာလီပြည်ထောင်မှ တန်ခိုးရှင်များ၏ရှေ့တွင် ရပ်ကာ လီယောင်အား မျက်နှာချင်း ဆိုင်သည်။ သူက လီယောင်ကို နှုတ်ဆက်သည် ဆိုသော်လည်း အမှန်တကယ်အားဖြင့် အရိုအသေပြုခြင်း မရှိပေ။ နိုဘယ်သားရဲမျိုးနွယ် တစ်ဦးအနေဖြင့် သူက ဦးညွှတ်ရန် မလိုဟု ကျားလို့ဖုန်းက ခံယူထားသည်။

လီယောင်က စိတ်ဆိုးခြင်း မရှိပေ။ ကျားလို့ဘုရင်ကား ဒီမွန်းကမ္ဘာတွင် အမြန်နှုန်း၌ ပြိုင်ဘက်ကင်းပေသည်။ ဒီမွန်းကမ္ဘာ၏ သမိုင်းကြောင်းအရ ကျားလို့ဘုရင်သည် ဥဒေါင်း အင်ပါယာထက် အားနည်းခြင်း မရှိပေ။ နောက်ပိုင်းတွင် ဥဒေါင်းအင်ပါယာသည် ရန်ဟောင်အဆင့်သို့ တက်လှမ်းခဲ့ကာ နယ်မြေများ၏အရှင်သခင် ဖြစ်သွားခဲ့သည်။

“ခင်ဗျားက အင်ပါယာလီမြို့သို့ သံတမန်အနေနဲ့ လာတာက ဘာကိစ္စရှိလို့လဲ” လီယောင်က ပြုံးလျက်ပြောသည်။ ကျားလို့ဖုန်းက သူ့အား ဦးညွှတ်ခြင်း မညွှတ်ခြင်းကို သူက အရေးမစိုက်ပေ။ ပုံမန်အားဖြင့် သူကလည်း ကျားလို့ တော်ဝင်ကလန်၏အဆင့်အတန်းကို သိပေသည်။

“ဥဒေါင်း အင်ပါယာမြို့က အင်ပါယာလီမြို့နဲ့ ပူးပေါင်းပြီးတော့ အင်ပါယာရှားမြို့ကို ဖယ်ရှားချင်တယ်။ ပြီးတော့ ဥဒေါင်း အင်ပါယာမြို့နဲ့ အင်ပါယာလီမြို့တို့က လာမည့် ဆယ်နှစ်တာ နတ္ထိဘုံရဲ့ အုပ်ချုပ်ခွင့်အတွက် တိုက်ခိုက်ကြမယ်” ကျားလို့ဖုန်းက တိုက်ရိုက် ပြောသည်။

သူ၏မျက်လုံးများ အရောင်တစ်ချက် လက်သွားသည်။ သားရဲများကား လိုရင်းကိုသာ တဲ့တိုးဆိုကြ၏။ သူကလည်း ထိုအချက်အား သဘောကျပေသည်။

“ကောင်းပြီ  …” လီယောင်က သဘောတူသည်။ ဤသည်ကပင် သူလိုသော အချက်ဖြစ်သည်။ အင်ပါယာရှားမြို့အား ဖယ်ရှားပြီးမှ သူတို့က ဒီမွန်းမြို့ကို တိုက်ခိုက်မည်။

သူတို့က အင်ပါယာရှားမြို့အား ဦးစွာ တိုက်ခိုက်ခြင်းဖြင့် သူတို့က ဥဒေါင်း အင်ပါယာမြို့အား အင်ပါယာရှားမြို့သည်သာ ဘုံရန်သူဖြစ်ကြောင်း သိစေခဲ့၏။

“ကျုပ်မှာ တောင်းဆိုချက် နှစ်ခု ရှိတယ်” ကျားလို့ဖုန်းက ပြောသည်။

“အာ…” လီယောင်က ကျားလို့ဖုန်းအား ကြည့်ကာ အံ့အားသင့် သွားသည်။ ကျားလို့ဖုန်းသည် သံတမန်ဖြစ်ကာ မဟာမိတ်ဖွဲ့ရန် ဆွေးနွေးရာ၌ တောင်းဆိုချက်များ ရှိနေသည်။

“ကျုပ်ကို ပြောပါ …” လီယောင်က စိတ်ဝင်စားဟန်ဖြင့် ပြောသည်။

“ကျုပ်တို့က အတိတ်က အတွေ့အကြုံတွေအရ အင်ပါယာလီမြို့ကို သိပ်မယုံကြည်ဘူး။ မဟာမိတ်ဖွဲ့ဖို့ဆိုရင် ကျုပ်တို့က အင်ပါယာရှားမြို့ကို တိုက်ခိုက်တဲ့အခါ အင်ပါယာလီမြို့နဲ့ ဒီမွန်းမြို့က စစ်တပ်နှစ်ခုက ရောနှောပြီးတော့ တိုက်ခိုက်ရမယ်။ တစ်ဖက်ဖက်က မရိုးသားခဲ့ရင် တခြား တစ်ဖက်က မဟာမိတ်အပေါ်မှာ ချိုးဖျက်ခွင့် ရှိတယ်။ ဒီနည်းနဲ့ နှစ်ဖက်လုံးက တာဝန်ယူမှု ရှိပြီးတော့ သစ္စာဖောက်မှာ မဟုတ်တော့ဘူး” ကျားလို့ဖုန်းက ပြောသည်။

လီယောင်က မျက်မှောင်ကြုတ် လိုက်သည်။ စစ်တပ်များအား ရောနှော ရမည်တဲ့လား။

အတိတ်တွင် သေနက္ကဗျူဟာပိုင်းတွင် အင်ပါယာလီဘုံသည် အမြဲတမ်းအားဖြင့် အသာစီးရခဲ့ကာ ဒီမွန်းသားရဲတို့သည် အမြဲတမ်း ထိုအချက်၌ အားနည်းခဲ့၏။ ထို့ကြောင့်ပင် နောက်ဆုံး နတ္ထိဘုံ တိုက်ပွဲတွင် အင်ပါယာလီဘုံက အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဒီမွန်းဥဒေါင်း အင်ပါယာမြို့က သူတို့အား မယုံကြည်သည်မှာ မထူးဆန်းတော့ပေ။

“ဥဒေါင်း အင်ပါယာမြို့က အင်ပါယာရှားမြို့နဲ့ တိုက်ခိုက်ပြီးတော့ နှစ်ဖက်လုံးက ထိခိုက် ကျဆုံးခဲ့တယ်။ နှိုင်းယှဉ်ရရင် ဥဒေါင်း အင်ပါယာမြို့က အသေးစား တိုက်ပွဲတွေပဲ တိုက်ခိုက် ရသေးတာ။ ကျုပ်တို့က အင်အားကုန် မသုံးရသေးဘူး ဆိုတာလည်း မမေ့နဲ့” ယွင်ကျန်းက ဘေးမှ ပြောသည် … “မဟာမိတ်က မဖွဲ့ရသေးဘူး။ ခင်ဗျားတို့က ကျုပ်တို့ကို သံသယဝင်နေပြီ။ ဒါဆို ဒီကို ဘာလို့ လာနေသေးလဲ”

“နတ္ထိဘုံနောက်ဆုံး တိုက်ပွဲက သက်သေပဲလေ” ကျားလို့ဖုန်းက ထပ်ပြောသည် … “စစ်တပ်နှစ်ခု ပေါင်းပြီးတော့ တိုက်ခိုက်တာက နှစ်ဖက်လုံးကို ပိုပြီး ယုံကြည်မှု ရစေတယ်။ ဒါက အင်ပါယာရှားမြို့ကို ဖျက်ဆီးဖို့ အတွက်ပဲ မလား။ အင်ပါယာလီဘုံက မဟာမိတ်ဖွဲ့တာကို မငြင်းသင့်ဘူး”

လီယောင်နှင့် ယွင်ကျင်းတို့၏ အကြည့်က ကျားလို့ဖုန်းထံသို့ ရောက်လာကာ လီယောင်က ဆက်ပြောသည် … “နောက်ထပ်ကော …”

“တိုက်ပွဲမှာ မဟာမိတ်ဖွဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျုပ်တို့အတွက် အလံကို ဖျက်ဖို့က ပထမဦးစားပေး မဟုတ်ဘူး။ ရီဖူရှင်းနဲ့ အဲဒီသားရဲစုတ် မသေသရွေ့ ကျုပ်တို့က အလံကို ချိုးဖျက်မှာ မဟုတ်ဘူး” ကျားလို့ဖုန်းက အေးစက်စွာ ပြောသည်။

လီယောင်နှင့် ယွင်ကျင်းတို့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြ၏။ သူတို့က ထိုသို့ မုန်းတီးမှုများကို ပိုမိုလိုလားနေခြင်း ဖြစ်သည်။

မကြာသေးခင်က အင်ပါယာရှားဘုံ၏ သံတမန်က ရှားရှင်းယွန်၏ စကားများကို ဒီမွန်းမြို့သို့ လာရောက် ပြောကြားခဲ့ပြီး ကျားလို့ဖုန်းက သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်ဟု ကြားရသည်။ ထိုအချက်ကပင် ဒီမွန်းမြို့က အင်ပါယာရှားမြို့အား မည်မျှ မုန်တီးနေသည်ကို သိနိုင်ပေသည်။

“ရီဖူရှင်းနဲ့ သူ့သားရဲတို့ ပြောစကားတွေကို ကျုပ်လည်း ကြားတယ်။ ဒါက မင်းသမီး ခွန်ရွှမ်အတွက် တကယ်ပဲ သည်းမခံနိုင်စရာ စော်ကားမှုပဲ။ အလံကို ရီဖူရှင်း မသေခင် မဖျက်ရတာက မင်းသမီးခွန်ရွှမ်ရဲ့ အကြံလား” ယွင်ကျင်းက ကျားလို့ဖုန်းကို မေးမြန်းသည်။

“အရှင့်သမီးက ကျုပ်တို့ ဒီမွန်းဘုံအတွက် အဆင့်အတန်း အမြင့်ဆုံးမှာ ရှိတယ်။ သူမကို စော်ကားမှုတွေကို ကျုပ်တို့က သည်းမခံနိုင်ဘူး။ ဒါက ဒီမွန်းကလန်က သားရဲမျိုးနွယ်တွေ အားလုံးရဲ့ သဘောထားပဲ” ကျားလို့ဖုန်းက မေးခွန်းကို တိုက်ရိုက် ဖြေဆိုခြင်း မပြုပေ။ သို့သော်လည်း ယွင်ကျင်းက ရုတ်တရက် ထူးဆန်းစွာ ပြုံးသည်။

ခွန်ရွှမ်သည် ဥဒေါင်း အင်ပါယာ၏ သမီးဖြစ်ကာ သူမ၏ မျိုးဆက်တွင် ရှားပါးသော အလှပိုင်ရှင်လည်း ဖြစ်၏။ ဤတွင် သားရဲမျိုးဆက်များက သူမအား မည်သို့ စိတ်မဝင်စားဘဲ နေကြမည်နည်း။

ရီဖူရှင်းနှင့် သူ့သားရဲတို့က ခွန်ရွှမ်အား အရှက်ရစေရန် ပြောဆိုမှုသည် တခြားသော သားရဲမျိုးနွယ်များအား စော်ကားခြင်းလည်း ဖြစ်၏။

“ပြန်သွားပြီးတော့ မင်းသမီးကို ကျုပ်ဆီက သတင်း နားစွင့်နေဖို့ ပြောပေးပါ” လီယောင်က ပြုံးလျက် ပြောသည်။ ကျားလို့ဖုန်းကလည်း ပြုံးလျက် နှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာ သွားသည်။

သူ ထွက်သွားပြီးနောက် လီယောင်က ယွင်ကျင်းအား ကြည့်ကာ မေးသည် … “စီနီယာအစ်ကို … ခင်ဗျား ဘယ်လိုထင်လဲ”

“အတိတ်မှာ နတ္ထိဘုံတိုက်ပွဲတွေထဲ ဒီမွန်းသားရဲတွေက အကြိမ်အနည်းဆုံးပဲ အနိုင်ရခဲ့ကြတယ်။ နည်းဗျူဟာပိုင်းဟာ သူတို့အတွက် အားအနည်းဆုံး ဖြစ်တယ်။ သားရဲတွေဟာလည်း ဉာဏ်အလင်းတွေ ရနိုင်တယ် ဆိုပေမဲ့ သူတို့ရဲ့ အခြေခံ သဘာဝက သားရဲတွေပဲ ဖြစ်တယ်။ ကျုပ်တို့က အင်ပါယာရှားမြို့ကို အဆက်မပြတ် တိုက်ခိုက်ခဲ့တာကြောင့် ဆုံးရှုံးမှုလည်း များခဲ့တယ်။ ဒီမွန်းမြို့ကလည်း အင်ပါယာရှားမြို့နဲ့ ရန်သူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့က အင်ပါယာရှားမြို့ကို မတိုက်ခိုက်ရဲတာ ကျုပ်တို့က အခွင့်ကောင်းယူမှာကို စိုးရိမ်လို့ပဲ။ သူတို့က မဟာမိတ်ဖွဲ့တာက သူတို့အတွက် အကောင်းဆုံး အဖြေရှာမှုတစ်ခုပဲ။ သူတို့က စစ်တပ်တွေကို ပေါင်းစပ် တိုက်ခိုက်မယ် ဆိုတာကလည်း အတိတ်က သံသယတွေ မရှင်းသေးလို့ပဲ ဖြစ်လိမ့်မယ်”

ယွင်ကျင်းက ပြုံးလျက် ပြောသည်။

“ဒါဆို ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့” လီယောင်က ပြုံးလျက် ပြောသည်။

“မင်းသား …. ရီဖူရှင်းက ဘယ်လိုလူလဲ” ယွင်ကျင်းက လီယောင်အား မေးသည်။ လီယောင်က ရီဖူရှင်းနှင့် အကြိမ်အနည်းငယ် တွေ့ဖူးသည်ဟု သူ ကြားထားသည်။

“အဲဒီလူက အင်ပါယာရှား နယ်မြေရဲ့ အောက်ဘုံက လာတယ်ဆိုတာပဲ ကျုပ်သိတယ်။ သူက ပါရမီမြင့်ပြီးတော့ အရမ်း မောက်မာတယ်”

“အင်ပါယာရှားနဲ့ ရှားရှင်းယွန်တို့ရဲ့ ယုံကြည်မှုကို ရတဲ့သူက တကယ်ပဲ ပါရမီမြင့်လို့ ဖြစ်မှာပဲ။ သူမောက်မာတာက ထူးဆန်းတာတော့ မဟုတ်ဘူး” ယွင်ကျင်းက ဆက်ပြောသည် … “ဒါပေမဲ့ ဒီတစ်ခေါက် တိုက်ပွဲမှာ အင်ပါယာလီဘုံက အင်အား အကြီးဆုံးပဲ။ ကျုပ်တို့က ဉာဏ်များနေစရာ မလိုဘူး။ ကျုပ်တို့က အခြေအနေအတိုင်း လိုက်ပြီး တိုက်ခိုက်သွားရုံပဲ။ မဟာမိတ်ဖွဲ့တာနဲ့ ပတ်သက်ပြီးလည်း သိပ်တော့ စိုးရိမ်စရာ ရှိပုံ မရဘူး။ သူတို့က အလစ်တိုက်ရင်လည်း ကျုပ်တို့က ကောင်းကောင်း ထိန်းချုပ်နိုင်မှာပဲ”

“ဒါဆိုလည်း ကျုပ်က စီနီယာအစ်ကိုကို အလှုပ်ရှုပ်စေ ရတော့မှာပဲ” လီယောင်က ပြောသည်။

“ကျုပ်သွားပြီးတော့ တွက်ချက် လိုက်ဦးမယ်” ယွင်ကျင်းက ထရပ်ကာ ထွက်သွားသည်။ ယွင်ကျင်းသည်ကား မင်းသား ကိုယ်တိုင်ကပင် အလွန်အမင်း လေးစားရသောသူ ဖြစ်၏။

ကျားလို့ဖုန်းက အင်ပါယာလီမြို့သို့ သွားကာ မဟာမိတ်ဖွဲ့သော သတင်းသည် အင်ပါယာရှားမြို့သို့ မြန်ဆန်စွာ ရောက်လာခဲ့၏။ ရှားရှင်းယွန်က ကျူးကော့ကျောင်းအား တစ်ဖန် ဒီမွန်းမြို့သို့ သွားရောက်စေကာ မဟာမိတ်ဖွဲ့ရန် ပြောခိုင်းပြန်၏။ သို့သော်လည်း သူသည် တစ်ဖန် ဒဏ်ရာများရကာ အသက်လု၍ ပြေးလာခဲ့ရ၏။

ကုန်းစွန်းကျောင်းသည် ရှားရှင်းယွန်ပေးသော တာဝန်အား ကျေပွန်အောင် မလုပ်နိုင်ဆောင်နိုင်ပေ။ ထို့ကြောင့် သူသည် ခိုင်းသမျှကို သွားရောက် ဆောင်ရွက်ရကာ အကြိမ်တိုင်းတွင် ခွေးပြေးဝက်ပြေး ပြေးလာရ၏။

ဒီမွန်းမြို့သည် အင်ပါယာရှားမြို့နှင့် စစ်တပ်ရန်သာ ရည်မှန်းထားဟန်ရှိပြီး တခြား အကြောင်းအရာများ ဆွေးနွေးမည့်ပုံ မရှိပေ။

ကုန်းစွန်းကျောင်းက အင်ပါယာရှားမြို့သို့ ရောက်လာကာ ရှားရှင်းယွန်နှင့် တွေ့ဆုံသည်။ သူက တဖန် ဒဏ်ရာများ ရလာပြန်၏။ သူက ရှားရှင်းယွန်အား ပြောသည် … “ကုန်းစွန်းကျောင်းက မင်းသမီးကို စိတ်ပျက်စေခဲ့ပါပြီ”

“ကြည့်ရတာ ခွန်ရွှမ်ရဲ့ အမုန်းတရားက တော်တော် ကြီးတာပဲ။ ဒါက မင်းအမှား မဟုတ်ဘူး” ရှောင်ရှမ်းက ပြောသည်။ လူအများအပြားက သိပ်မဝေးသော နေရာတွင် ရှိသော ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။

ဒီမွန်းမြို့နှင့် အင်ပါယာလီမြို့တို့ မဟာမိတ်ဖွဲ့ သွားခြင်းသည် သူတို့ အားလုံးအတွက် အဆုံးဝါးဆုံး သတင်းဖြစ်သည်။

ထိုအရာများ အားလုံးမှာ ရီဖူရှင်းကြောင့် ဖြစ်၏။

ကုန်းစွန်းကျောင်းက ရှားရှင်းယွန်အား ကြည့်ကာ ပြောသည် … “ခွန်ရွှမ်ပဲ မဟုတ်ဘူး။ ဒီမွန်းတစ်မြို့လုံးက ကျုပ်ကို မြင်တာနဲ့ လိုက်သတ်ကြတာပဲ”

“ကုန်းစွန်းကျောင်းက မင်းသမီးကို တစ်ခု ပြောချင်ပါတယ်” ကုန်းစွန်းကျောင်းက ရှားရှင်းယွန်ကို ဦးညွှတ်ကာ ပြောသည်။

“ပြောပါ …” ရှားရှင်းယွန်က သူ့အား ပြောသည်။

“ခေါင်းလောင်းကို ချည်နှောင်သူကပဲ ပြန်ပြီးတော့ ဖြေပေးရတာပဲ မလား … တချို့ စတေးမှုက လုပ်သင့်ပါတယ်” ကုန်းစွန်းကျောင်းက ပြောလျှင် အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်လာသည်။ ကုန်းစွန်းကျောင်းကလည်း ဦးညွှတ်လိုက်၏။

သည်ကိစ္စကား ရီဖူရှင်းကြောင့် ဖြစ်သည်။ သူတို့အားလုံးက ကုန်းစွန်းကျောင်း ဆိုလိုသည်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset