အပိုင်း (၁၀၆၆)

အခြေအနေ

လူအများအပြားက ရှားရှင်းယွန်အား နားမလည်စွာ ကြည့်ကြသည်။

တိုက်ပွဲများ ဖြစ်ပွားနေသော အချိန်တွင် ရီဖူရှင်းက ရောက်မလာဘဲ သူက ခွန်ရွှမ်အား သွားရောက် စနောက်နေခဲ့သည်။ တိုက်ပွဲတွင် တကယ်တမ်း ကြိုးစား တိုက်ခိုက်သူများမှာ ရှောင်ရှမ်း၊ ကုန်းစွန်းကျောင်း၊ ရွှမ်ယွန်အော့နှင့် တခြားလူများ ဖြစ်ကြသည်။ ထို့အပြင် မင်းသမီး၏ သက်တော်စောင့် ဖြစ်သော ထန်ကျိလည်း ရှိနေသေးသည်။ သူမက သူမ၏ လက်ထောက်အဖြစ် ခန့်အပ်လိုသည် ဆိုပါက ရီဖူရှင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။

ယူချင်းနှင့် သိမ်းငှက်နက်တို့အား အလံလုပွဲ၌ အနိုင်ရစေခြင်းမှလွဲ၍ ရီဖူရှင်းသည် ဘာမှ စွမ်းဆောင်ထားခြင်း မရှိပေ။

အင်ပါယာရှားက ရီဖူရှင်းအား မင်းသမီး၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့ခြင်းကို သူတို့အားလုံး အမှတ်ရလာခဲ့ကာ ထိုကိစ္စမှာ မင်းသမီး၏ ဆန္ဒများ ဖြစ်နေမလားလို့ အားလုံးက တွေးတော မိကြသည်။

ရီဖူရှင်းအား မင်းသမီးက နှစ်သက် သဘောကျ သွားသည် များလား။

တစ်စုံ တစ်ယောက်ကသာ ရီဖူရှင်း၏ ရုပ်ရည်သွင်ပြင်ကို အသေးစိတ် ကြည့်ပါက သူသည် အမှန်တကယ် ချောမော ခန့်ညားသူ ဖြစ်ကြောင်း အသိအမှတ် ပြုရပေသည်။

ထိုကိစ္စမှာ အဓိပ္ပာယ် ကင်းမဲ့သည်ဟု လူအများအပြားက တွေးတော ကြသည်။ ရှားရှင်းယွန်သည် အင်ပါယာရှား၏ သမီးတော်ဖြစ်ကာ ထိုကိစ္စသာ အမှန်တကယ် ဖြစ်နေခဲ့ပါက အင်ပါယာရှားဘုံ အတွက် အရှက်ရဖွယ်ရာ ဖြစ်နေပေလိမ့်မည်။

“မင်းသမီး …” ကုန်းစွန်းကျောင်းက ရှေ့သို့တက်လာကာ ဦးညွှတ်လျက် ပြောသည် … “တိုက်ပွဲမှာ သူက ဝင်ရောက် မတိုက်ခိုက်ပဲ ရန်သူတွေကိုပဲ ရှာဖွေခဲ့တယ်။ သူ့မှာ တိုက်ပွဲ စွမ်းဆောင်ရည် ဘာမှမရှိဘူး။ ဒီလို ခန့်အပ်ခြင်းက လူအများအပြားကို သဘောမကျ ဖြစ်စေပါလိမ့်မယ်”

ကုန်းစွန်းကျောင်းက အများစု၏ သဘောထားကို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

“မင်းသမီး … ကုန်းစွန်းကျောင်းရဲ့ စကားတွေက နည်းနည်း ပြင်းထန်တယ် ဆိုပေမဲ့ အစ်ကိုရီကို မင်းသမီးရဲ့ လက်ထောက်အနေနဲ့ ခန့်အပ်တာက လူအများရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေမှာ စိုးရိမ်ရတယ်” ရှောင်ရှမ်းကလည်း ဝင်ရောက် ပြောဆိုသည်။

“မင်းသမီး … မင်းသမီးရဲ့ လက်ထောက် နေရာကို သေသေချာချာ စဉ်းစားပြီးတော့ ရွေးချယ်သင့်ပါတယ်” ထန်ကျိကလည်း သူမ၏ ဆုံးဖြတ်ချက်က စစ်သည်များ အားလုံး၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို ထိခိုက် သွားမည် စိုးရိမ်၍ ဝင်ပြောသည်။

ရှားရှင်းယွန်က အားလုံးကို ကြည့်သည်။ ဤသို့ ဖြစ်လာမည်ကို သူမက ခန့်မှန်းပြီး ဖြစ်သည်။

“ပိုစွမ်းတဲ့သူက ပိုမြင့်တဲ့ရာထူးကို ရမှာပဲ။ ရီဖူရှင်းက ဥဒေါင်း အင်ပါယာမြို့က အင်အားစုတွေကို တစ်ကိုယ်တည်း တိုက်ခိုက်ပြီးတော့ အများအပြားကို သတ်ဖြတ် နိုင်ခဲ့တယ်။ မင်းတို့ထဲက သူ့လို ဘယ်သူက ဥဒေါင်း အင်ပါယာမြို့ကို စိန်ခေါ်ရဲသလဲ” သူမက အေးစက်စွာ ပြောသည်။

သူမ၏ စကားကိုကြားလျှင် အားလုံးမှာ ထိုင်းမှိုင်း သွားကြသည်။ သူမ၏စကားမှာ ငြင်းပယ်ရန် ခက်ခဲလှ၏။ ရီဖူရှင်း၏ စွမ်းရည်သည် အမှန်တကယ် ကောင်းမွန်ပြီး ဥဒေါင်း အင်ပါယာမြို့အား တစ်ကိုယ်တည်း တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သည်။

သူတို့ ကြားရသည်မှာ ဥဒေါင်း အင်ပါယာမြို့၌ လူများက ရီဖူရှင်းအား အရိုးထဲ အသားထဲမှပင် မုန်းတီးကြသည်။ သူတို့က ရီဖူရှင်း နောက်သို့ ကြိမ်ဖန်များစွာ လိုက်ပါ တိုက်ခိုက်ခဲ့ကြ သော်လည်း အကြိမ်တိုင်းတွင် သားရဲများသာ သေကျေ ပျက်စီးခဲ့ရ၏။

ဥဒေါင်း အင်ပါယာမြို့၌ သားရဲများကို သတ်ဖြတ်ခြင်း သည်လည်း စစ်ပွဲအတွင်း စွမ်းဆောင်ရည် တစ်ခုအဖြစ် သတ်မှတ် နိုင်ပေသည်။ ထို့ကြောင့် ရီဖူရှင်းက ဘာမှ မစွမ်းဆောင်ထားဟု ပြောရန် ခက်ခဲပေသည်။

သို့သော်လည်း ရီဖူရှင်း၏ နည်းလမ်းက အထိန်းအကွပ် ကင်းမဲ့သည်မှာ သေချာ၏။

ကုန်းစွန်းကျောင်း၏ မျက်နှာသည်လည်း သုန်မှုန်နေ၏။ သူက ရုတ်တရက် ပြောသည် … “ကျုပ် လုပ်ရဲတယ်”

အားလုံး၏အကြည့်က ကုန်းစွန်းကျောင်းထံသို့ ရောက်လာသည်။

ကုန်းစွန်းကျောင်းက ခေါင်းမော့ကာ ရှားရှင်းယွန်အား ပြောသည် … “မင်းသမီးကသာ ကျုပ်ကို အမိန့်ပေးရင် ကျုပ်ကလည်း သွားရဲတယ်”

“ကောင်းပြီ …” ရှားရှင်းယွန်က ကုန်းစွန်းကျောင်းအား စူးစိုက်ကြည့်ကာ ပြောသည် … “ငါက အခု ကုန်းစွန်းကျောင်းကို ဥဒေါင်း အင်ပါယာမြို့သို့ သံတမန်အနေနဲ့ စေလွှတ်မယ်။ ငါက ရီဖူရှင်းလုပ်ခဲ့တဲ့ အပြုအမူတွေအတွက် သူ့ကို အပြစ်ပေးမှာဖြစ်လို့ မင်းသမီးခွန်ရွှမ်က အင်ပါယာရှားဘုံကို အငြိုးအတေး မထားဖို့ မျှော်လင့်တယ်။ ပြီးတော့ ရီဖူရှင်းဟာ ထူးထူးခြားခြား ပါရမီ ကောင်းမွန်ပြီးတော့ မင်းသမီးခွန်ရွှမ်ကို သဘောကျ နေခဲ့တယ်။ တိုက်ပွဲ ပြီးသွားတဲ့အခါ သူက မင်းသမီးခွန်ရွှမ်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ဖို့ လိုလားတယ်။ နတ္ထိဘုံ တိုက်ပွဲအတွက် အင်ပါယာလီဘုံဟာ သတိထားရမဲ့ အင်အားစုဖြစ်လို့ ငါတို့က ဥဒေါင်း အင်ပါယာဘုံနဲ့ မဟာမိတ်ဖွဲ့ပြီးတော့ အင်ပါယာလီမြို့ကို တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်”

ရှားရှင်းယွန်၏ စကားများကို ကြားလျှင် အားလုံးမှာ အံ့အားသင့် သွားကြသည်။ သို့သော်လည်း မင်းသမီးက ဘာလုပ် လိုနေသည်ကို ချက်ချင်း နားလည် လိုက်ကြ၏။

ရီဖူရှင်း၏ အထိန်းအကွပ်မဲ့သော အပြုအမူများမှာ သူက မင်းသမီးခွန်ရွှမ်အား သဘောကျ နှစ်သက်သောကြောင့်ဟု ပြောလိုကာ အင်ပါယာဘုံ နှစ်ခုအား ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရရှိရန် သူမက ရည်ရွယ်သည်။

တစ်ဖက်တွင် သူမက ရီဖူရှင်းအား သူမ၏ လက်ထောက်အဖြစ် ခန့်အပ်ခြင်းမှာ ထိုကိစ္စနှင့် သက်ဆိုင်နေဟန် ရှိ၏။ ဤနည်းဖြင့် အင်ပါယာရှားဘုံက ဥဒေါင်း အင်ပါယာမြို့နှင့် ပေါင်းစည်းကာ အင်ပါယာလီဘုံကို တိုက်ခိုက်နိုင်သည်။

လူအများအပြားက မင်းသမီး၏ သဘောထားကို အထင်လွဲ မိတဲ့အတွက် နောင်တ ရကြသည်။ ရှားရှင်းယွန်ကား အင်ပါယာရှားဘုံ၏ ကောင်းကျိုးအတွက် ရည်ရွယ်ကာ ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းအပေါ် သူတို့၏အမြင်မှာ ပြောင်းလဲခဲ့ခြင်း မရှိပေ။ မင်းသမီး၏ စကားများအရ ရီဖူရှင်းသည် မင်းသမီးခွန်ရွှမ်အား အမှန်တကယ် စိတ်ဝင်စား နေသည်ဟု ယူဆကြသည်။

ရန်သူ ဖြစ်သော်လည်း ခွန်ရွှမ်၏ အလှတရားသည် မင်းသမီး ရှားရှင်းယွန်နှင့် နှိုင်းယှဉ်နိုင်ကာ သူမ၏ ပါရမီသည်လည်း အကောင်းဆုံး၌ ရှိသည်။

သို့သော်လည်း မင်းသမီး၏ ကောင်းမွန်သော သဘောထားများဖြင့်ပင် ဥဒေါင်း အင်ပါယာမြို့က ထိုသို့ ပြောဆိုခြင်းအား ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်ကာ အခြေအနေများ ပိုမိုဆိုးဝါး လာမည်ကို အတော် များများက စိုးရိမ်ကြသည်။

ခွန်ရွှမ်က ကျိုးကြောင်းဆီလျော်မှု ရှိမည်ဟု သူတို့က မျှော်လင့်ကြသည်။ အနည်းဆုံး သူတို့က မဟာမိတ်များ မဖွဲ့နိုင်သော်လည်း အင်ပါယာရှားမြို့ အပေါ် သူမက အငြိုးအတေး မထားရန် မျှော်လင့်ကြသည်။

လူအများအပြားက ကုန်းစွန်းကျောင်းအား ကြည့်ကြသည်။

သူက အမှန်တကယ် သွားရဲပါမည်လော။

ထိုသို့လုပ်ခြင်းက သူသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် အတူတူ ဖြစ်သည်။

ရီဖူရှင်းက ဒီမွန်း အင်ပါယာမြို့အား ကြီးမားစွာ အပြစ် လုပ်ထားခဲ့ရာ ခွန်ရွှမ်က ရီဖူရှင်းအား မည်မျှ မုန်တီးနေမည်ကို ခန့်မှန်းနိုင်ပေသည်။ ကုန်းစွန်းကျောင်းက သံတမန်အနေဖြင့် မင်းသမီး ရှားရှင်းယွန်၏ စကားများကို သယ်ဆောင် သွားရခြင်း ဖြစ်သော်လည်း ခွန်ရွှမ်က သည်အတိုင်း သူ့အား သတ်ဖြတ်ရန် မကြိုးစားဟု မည်သူတို့က ခန့်မှန်းနိုင်မည်နည်း။

ပိုဆိုးသည်မှာ ထိုသို့ ဖြစ်နိုင်ချေက အလွန်များနေခြင်းပင်။

တစ်ဖက်က ကုန်းစွန်းကျောင်း သည်လည်း ရီဖူရှင်း၏ ကိုယ်စား ထိုအပြစ်များအား အမှန်တကယ် ခံယူလိုသည်လား။

မင်းသမီး မေးသောအခါ သူတို့က ရှေ့မထွက်ခဲ့ကြသည့်အပေါ် ကံကောင်းသည်ဟု လူအများအပြားက တွေးတောကြသည်။ မင်းသမီး၏ အတွေးအကြံများသည် အမှန်တကယ် ခန့်မှန်းရ ခက်ပေသည်။

ကုန်းစွန်းကျောင်းသည် ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏မျက်လုံးများက ရှားရှင်းယွန်ထံသို့ ရောက်လာခဲ့ကာ ပြောသည် … “ဒါက မင်းသမီးရဲ့ အမိန့်ဆိုရင် ကျုပ်က နာခံပါ့မယ် …”

“အချိန်မရှိဘူး။ မြန်မြန် ထွက်ခွာတော့။ မင်းနဲ့အတူ နောက် တစ်ယောက်ယောက်ကို ခေါ်သွားဦးမလား” ရှားရှင်းယွန်က မေးသည်။

“မလိုလောက်ဘူး …” ကုန်းစွန်းကျောင်းက ခေါင်းယမ်းသည်။ ရီဖူရှင်းကသာ ဒီမွန်းမြို့သို့ တစ်ကိုယ်တည်း သွားပြီး ဘေးကင်းစွာ ပြန်လာနိုင်လျှင် သူသည်လည်း ထိုသို့ လုပ်နိုင်ပေသည်။

တိမ်တိုက် တောင်ကြား၏ ဆက်ခံသူ တစ်ယောက် အနေဖြင့် သူ့တွင် သေချာပေါက် အရည်အသွေးမြင့် တော်ဝင် ရတနာများ အများအပြားကို ပိုင်ဆိုင်ပေသည်။

“ကောင်းပြီ … ငါ့စကားအတိုင်း တစ်သဝေမတိမ်း ပြောခဲ့ … သွားတော့ …” ရှားရှင်းယွန်က ပြောသည်။

“ကောင်းပြီ …” ကုန်းစွန်းကျောင်းက အရိုအသေပြုကာ လေထဲသို့ ခုန်တက်ကာ မကြာမီ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။

ထိုအခိုက်တွင် ကုန်းစွန်းကျောင်း မည်သို့ ခံစားနေရမည်ကို မည်သူမှ မသိပေ။

ရှောင်ရှမ်းက ရှားရှင်းယွန်အား ကြည့်ကာ ကုန်းစွန်းကျောင်းကို သနားကရုဏာ သက်မိသည်။ ကုန်းစွန်းကျောင်း၏ စိတ်ထဲတွင် ဘာရှိသည်ကို ပုံမှန်အားဖြင့် သူ သိပေသည်။ သို့သော်လည်း ရီဖူရှင်းကိုယ်စား ကုန်းစွန်းကျောင်းက ဒီမွန်းဘုံ၏ ဒေါသကို ခံယူလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူ၏အဖေ ပြောသည်မှာ မှန်ကန်ပေသည်။ မင်းသမီးကား အရွယ်ရောက် ရင့်ကျက်နေပြီ ဖြစ်သည်။

ကုန်းစွန်းကျောင်းက မင်းသမီး၏ စကားများကို ဒီမွန်းမြို့သို့ သွားရောက် ပြောဆိုသည်။ ကျားလို့တော်ဝင် ကလန်မှ ကျားလို့ဖုန်းသည် တခြား သားရဲများနှင့်အတူ ကောင်းကင်ထက်သို့ တက်ကာ ကုန်းစွန်းကျောင်းအား သတ်ရန် ကြိုးပမ်းခဲ့သည်။ သူက သံတမန်ဟု ပြောသော်လည်း ဥဒေါင်း အင်ပါယာမြို့မှ လူများက အလေး မထားကြပေ။

သို့သော်လည်း ကုန်းစွန်းကျောင်းသည် မည်သို့ဆိုစေ တိမ်တိုက် တောင်ကြား၏ ဆက်ခံသူ ဖြစ်ကာ သူ့တွင် များစွာသော တန်ဖိုးကြီး ရတနာများ ရှိသည်။ တိုက်ခိုက်ခြင်း၊ ခုခံခြင်းနှင့် ထွက်ပြေးခြင်းများ အားလုံးတွင် သူသည် များစွာသော ရတနာများကို အသုံးပြုနိုင်ခြင်း ရှိရာ ဒီမွန်းမြို့မှ သားရဲများ၏ လိုက်လံ တိုက်ခိုက်ခြင်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့၏။ သို့တိုင်အောင် သူသည် ဒဏ်ရာ အများအပြား ရရှိခဲ့သေးသည်။

ဥဒေါင်း အင်ပါယာမြို့မှ သားရဲများက အင်ပါယာ ရှားဘုံနှင့် ပူးပေါင်းရန် ဆန္ဒမရှိသည်မှာ ထင်ရှား၏။

ကုန်းစွန်းကျောင်း ထွက်ခွာ သွားပြီးနောက် ကျားလို့ဖုန်းသည် အတောင်ပံများကို ဖြန့်ကြက်ကာ မြေပြင်ပေါ်သို့ ဆင်းသက် လာသည်။ ခွန်ရွှမ်၏ ဘေးနားတွင် များစွာသော တော်ဝင် သားရဲများလည်း ရှိနေကြသည်။ ကျားလို့ဖုန်းက ပြောသည် … “အရှင့်သမီး … အင်ပါယာ ရှားဘုံက တော်တော် လွန်တယ်။ ရီဖူရှင်းနဲ့ အဲဒီ သားရဲစုတ်က မင်းသမီးကို အကြိမ်ကြိမ် စော်ကား ပြောဆိုကြတယ်။ အခု သူတို့က သဘောကျ နှစ်သက်တယ်လို့ လိမ်ညာ ပြောပြန်ပြီ။ ဒါက စော်ကားတာပဲ။ ရှားရှင်းယွန်က ဒီမွန်းဥဒေါင်း အင်ပါယာဘုံကို စော်ကားနေတာပဲ”

“ဒါက စော်ကားတာတော့ မဟုတ်လောက်ဘူး။ ရှားရှင်းယွန်ရဲ့ သဘောထားက ကုန်းစွန်းကျောင်းရဲ့ စကားတွေထဲ ပုံမှန် အနေအထားပဲ ရှိတယ်။ သူတို့က အမှန်တကယ်ပဲ ကျုပ်တို့နဲ့ ကတောက်ကဆ ဖြစ်ချင်ပုံ မရဘူး။ ရှားရှင်းယွန်က သူ့ကို အမှန်တကယ်ပဲ ထိန်းသိမ်း ထားလောက်တယ်။ အင်ပါယာလီဘုံနဲ့ အင်ပါယာရှားဘုံတို့ရဲ့ တိုက်ပွဲက သူတို့တွေကို ကြီးကြီးမားမား ထိခိုက်စေမှာ သေချာတယ်။ ဒါကြောင့် သူတို့က ကျုပ်တို့ကို အပြစ်လုပ်ချင်ဟန် မတူဘူး” မဟာနွားသိုးဘုရင်၏ မျိုးဆက် တစ်ယောက်က ပြောသည်။

“ဒါဆို ကျုပ်တို့က ရှားရှင်းယွန်ရဲ့ စိတ်ကောင်း စေတနာကို လက်ခံရမယ်လို့ ခင်ဗျားက ပြောတာလား” ကျားလို့ဖုန်းက မောက်မာ ဝင့်ကြွားစွာဖြင့် ပြောသည်။

“မဟုတ်ဘူး … ရှားရှင်းယွန်ရဲ့ ငြိမ်းချမ်းရေး လုပ်လိုတဲ့ သဘောထားကြောင့်ပဲ အင်ပါယာရှားမြို့ဟာ အခြေအနေ သိပ်မကောင်းဘူးလို့ ကျုပ်တို့က ကောက်ချက်ချလို့ ရတယ်” ထိုသားရဲက ပြုံးလျက် ဆက်ပြောသည် … “အရှင့်သမီး … ရီဖူရှင်း လုပ်ခဲ့တာက ခွင့်လွှတ်လို့ မရဘူး။ ကျုပ်တို့က သူ့ကို သေချာပေါက် သတ်ဖြတ်ဖို့ လိုတယ်။ ဒါကြောင့် အင်ပါယာရှားဘုံက အခြေအနေ ဆိုးဝါးနေချိန်မှာ ကျုပ်တို့က သူတို့ကို ပိုပြီးတော့ ခက်ခဲအောင် လုပ်သင့်တယ်”

“အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံတို့က ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ခိုက် နေခဲ့ကြတာ ဖြစ်လို့ အင်အားစု နှစ်ခုလုံးက အထိအခိုက် အဆုံးအရှုံး ရခဲ့တယ်။ ဒါကြောင့် လက်ရှိ အနေအထားမှာ ကျုပ်တို့က အင်အား အကောင်းဆုံးလို့ ပြောနိုင်တယ်။ အခု အခွင့်အရေး ရမှတော့ ကျုပ်တို့က သူတို့ကို ကစားပွဲကနေ ကန်ထုတ်လိုက်လို့ ရတယ်” တခြားသော သားရဲများကလည်း အကြံပေးကြသည်။

ခွန်ကျန်းနဲ့ ခွန်ရွှမ်တို့က ခေါင်းညိတ်ကြသည်။ ဤအခွင့်အရေးက အမှန်တကယ် ကောင်းမွန်ပေသည်။

ခွန်ရွှမ်က ရီဖူရှင်း၏ မျက်နှာကို ပြန်မြင်ယောင် လာကာ သူမ၏ မျက်လုံးများက အလွန်တရာ အေးစက် လာခဲ့သည်။ သူမက သူ့အား အပိုင်းပိုင်း ဖြတ်တောက်ရန် မစောင့်နိုင်အောင် ဖြစ်လာခဲ့သည်။

“မင်းတို့ထဲက ဘယ်သူ အင်ပါယာလီဘုံတို့ သံတမန်အနေနဲ့ သွားရဲသလဲ” ခွန်ကျန်းက မေးသည်။

“ကျုပ် သွားပါမယ် … အရှင့်သား” ကျားလို့ဖုန်းက ပြောသည်။

“ကောင်းပြီ …” ခွန်ကျန်းက ချက်ချင်း သဘောတူသည်။ ကျားလို့ဖုန်းသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ကာ မြန်ဆန်စွာ ပျံသန်းနိုင်၏။ သူသာ ထွက်ပြေး လွတ်မြောက်လိုပါက ရှန့်ထိုအဆင့် အောက်တွင် သူ့အား မည်သူကမှ တားဆီးရန် မဖြစ်နိုင်ပေ။

“ဒါဆိုလည်း သွားတော့ …” ခွန်ကျန်းက ပြောသည်။

ကျားလို့ဖုန်းက လျှပ်တစ်ပြက် လေထဲသို့ ပျံတက်ကာ အင်ပါယာလီမြို့သို့ တိုက်ရိုက် ပျံသန်းသွားသည်။

အင်ပါယာလီမြို့၌ လီယောင်သည် သူ့လူများ တင်ပြသော သတင်းများကို နားထောင်ကာ လွန်စွာ ကျေနပ်နေသည်။

ရှားရှင်းယွန်က ယခု အားကိုးရာမဲ့ ဖြစ်နေပြီလား။

ထိုရီဖူရှင်းကား အရူးတစ်ယောက် ဖြစ်သည်။ သူက ဒီမွန်းမြို့သို့ တစ်ကိုယ်တည်း သွားရောက်ကာ ရန်စခဲ့သည်။ ယခု ရှားရှင်းယွန်က အင်အားစု နှစ်ခုအကြား ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ကြိုးစားနေရသည်။

“အရှင့်သား … ဥဒေါင်း အင်ပါယာမြို့က သံတမန် တစ်ယောက် ရောက်လာပြီးတော့ ဆွေးနွေးစရာ ရှိတယ်လို့ ပြောပါတယ်” တစ်စုံတစ်ယောက်က လာရောက် သတင်ပေးသည်။

လီယောင်၏ မျက်လုံးများက ပြုံးယောင်သန်း သွားသည်။ ထို့နောက် သူက ယွင်ကျင်းအား ပြုံးလျက် ပြောသည် … “စီနီယာအစ်ကို … ခင်ဗျား ခန့်မှန်းသလိုပဲ အခြေအနေက ကျုပ်တို့ဘက်သို့ အလေးသာနေပြီ”

“ဒါ ကောင်းတယ် …” ယွင်ကျင်း၏ အမူအရာက တည်ငြိမ်နေသည်။ အရာအားလုံးက သူ့အစီအစဉ်အတိုင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“သူ့ကိုလွှတ်လိုက် …” လီယောင်က ပြောသည်။ အခြေအနေက ဤသို့ ဖြစ်လာမှတော့ သူတို့က အင်ပါယာရှားမြို့အား ဦးစွာ ရှင်းလင်း ပစ်ရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset