“ သေစမ်းကွာ၊ ဘာလို့ တာအိုအလင်းဆောင်ဌာနက လူဖြစ်နေရတာလဲ”
နတ်ဝိဇ္ဇာဂူသို့ ပြန်ပြီးနောက် ဝမ်ပေါင်လဲ့သည် ဒုတိယပွဲစဉ်ကို အနိုင်ရခဲ့သည်တိုင် မပျော်နိုင်ပေ။ ဂူထဲတွင် ငုတ်တုပ်ထိုင်ကာ စိတ်ပျက်လက်ပျက် ရေရွတ်နေသည်။
“ အဲဒီအရူးကတော့၊ တကယ်ကြီး တာအိုဥာဏ်အလင်းပွင့်သွားတာလား ”
ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို စိတ်ထဲ အထင့်ဆုံး ဖြစ်သည်။ စိတ်မသက်မသာ ဖြစ်နေသောကြောင့် ဝိညာဉ်ကွန်ရက်ကို ဖွင့်ကာ ရှာဖွေကြည့်လိုက်သည်။
သူသည် အခြားပွဲစဉ်များ၏ ရလဒ်ကိုပင် အာရုံမစိုက်နိုင်ပေ။ တာအိုအလင်းဆောင်ဌာနနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ သည်းကြီးမည်းကြီး ရှာဖတ်နေသည်။ အချိန်အတော်ကြာ ဖတ်ကြည့်ပြီးနောက် ဆိုးဆိုးရွားရွား ဖြစ်လာစရာ မရှိကြောင်း သေချာသွားမှ အနည်းငယ် စိတ်အေးသွားသည်။
သို့ရာတွင် သူ စိတ်ပူနေဆဲ ဖြစ်သည်။ တခဏအကြာတွင် အံကို တင်းတင်းကြိတ်ကာ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် သူ့မျက်လုံးများ တောက်ပလာသည်။
“ ငါ အရေးမစိုက်တော့ဘူးကွာ၊ သူ တကယ်ကြီး အောင်မြင်သွားပြီးတော့ တာအိုအလင်းဆောင်ဌာနကလူတွေ ငါ့ဆီ ရောက်လာပြီး သူတို့ကို ရိုက်ပေးဖို့ တောင်းဆိုရင်လည်း လိုက်လျောပေးလိုက်မယ်။ ငါ လုပ်ပေးရမှာက သူတို့ကို ရိုက်ပေးရုံပဲလေ၊ ဟုတ်တယ်မလား”
ထိုသို့တွေးကာ ဝမ်ပေါင်လဲ့သည် သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူလေးစားသွားသည်။
ထို့သို့ဖြင့် ကျန်သည့် အချိန်အနည်းငယ်ကို ကျင့်ကြံနေလိုက်သည်။ မကြာမီ တတိယနေ့ ရောက်လာပြီး တတိယပွဲစဉ်ကို ယှဉ်ပြိုင်သည်။
ဤတစ်ကြိမ်တွင် ပြိုင်ပွဲကွင်းမှာ ထောင်ချောက်ဌာနထဲ၌ တည်ရှိသည်။
ထောင်ချောက်ဌာနသည် အတိုင်းအတာတစ်ခုထိ ဓမ္မလက်နက်ဌာနှင့် ဆင်တူသည်ဟု ပြောနိုင်သည်။ အရုပ်များနှင့် ပတ်သက်လျှင် ထောင်ချောက်ဌာနသည် ဓမ္မလက်နက်ဌာနနှင့်စာလျှင် ပိုမို အသေးစိတ်ကျသည်။ ထောင်ချောက်များနှင့် ပတ်သက်လျှင် ထောင်ချောက်ဌာနနှင့် ဓမ္မလက်နက်ဌာနတို့ ပူးပေါင်းလိုက်ပါက အန္တရာယ်ပေးနိုင်စွမ်း ပိုမို မြင့်တက်သွားသည်။
“ ဖက်တီးဘိုးဘေးများ၊ ကျွန်တော့်ရဲ့ အနာဂတ် ပြိုင်ဘက်တွေက တာအိုအလင်းဆောင်က လူတွေ မဖြစ်အောင် ကူညီမစပေးပါ ”
ဝမ်ပေါင်လဲ့က စိတ်ထဲမှ ဆုတောင်းကာ ကွင်းပြင်ဆီသို့ ထွက်လာခဲ့သည်။ တာအိုအလင်းဆောင်ဌာနမှ ပြိုင်ဘက်နှင့် တွေ့ခြင်းက အလိုလို အနိုင်ရသကဲ့သို့ ဖြစ်သော်လည်း နောက်ဆက်တွဲ အကျိုးဆက်များကို ကြိုမသိနိုင်ရာ သူသည် အလွယ်တကူ အနိုင်ရခြင်းမျိုးကို မလိုချင်ပေ။
သူ၏ ဖက်တီးဘိုးဘေးများက သူ့ဆုတောင်းကို ကြားသွားဟန် ရှိသည်။ ထောင်ချောက်ဌာနမှ ကွင်းပြင်သို့ ရောက်ကာ ပြိုင်ဘက်ကို တွေ့လိုက်ရပြီး ကြည့်ရှုသူများ၏ စကားပြောသံများကို ကြားလိုက်ရချိန်မှ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။
တာအိုအလင်းဆောင်ဌာနမှ အရူးများမဟုတ်သရွေ့ အခြားမည်သူ့ကို မဆို လက်ခံနိုင်သည်။
တတိယပွဲစဉ်မှာ စတင်တော့မည် ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် သူ့ပြိုင်ဘက်တို့ ကွင်းဆီသို့ ခြေတစ်လှမ်းတိုးသွားတိုင်း လူအုပ်ကြီး၏ စိတ်အားထက်သန်မှုများ တိုးပွားလာသည်။
“ ဝမ်ပေါင်လဲ့ ”
“ လီနန် ”
“ သူက ရွက်ပုန်းသီးလို့ ပြောလို့ရတယ်။ ချန်းကျစ်ဟန်နဲ့ ပွဲမှာ အနိုင်ရသွားတာလေ ”
“ ဒီလီနန်က နှစ်ပွဲဆက်တိုက် နိုင်လာတာ။ နောက်ဆုံး ပြိုင်ဘက်က မန္တန်အစီအရင်ဌာနက စီနီယာကျောင်းသားခေါင်းဆောင် တစ်ယောက်ပဲ၊ သူ့ကိုလည်း ပထမတစ်ခါတုန်းကလို ဆေးလုံးတွေ သုံးပြီး အနိုင်ယူလိုက်တာ ”
“ သူနဲ့ ဝမ်ပေါင်လဲ့ပွဲက သေချာပေါက် ကြမ်းပြီး အကြိတ်အနယ် ပြိုင်ရတော့မှာပဲ ”
ပွဲကြည့်သူများက ပြိုင်ပွဲဝင် နှစ်ယောက်ကို မှတ်ချက်ပေးနေစဉ် ဤပွဲစဉ်၏ သတင်းများမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားလေသည်။ ဝမ်ပေါင်လဲ့နှင့် လီနန်တို့ နှစ်ယောက်လုံးမှာ ယခင်နှစ်ပွဲလုံး အနိုင်ရထားသည့် နာမည်ကြီးသူများ ဖြစ်ကြသည်။ သူတို့၏ တိုက်ပွဲမှာ မဖြစ်မနေ စောင့်ကြည့်သင့်သည့် ပွဲမျိုး ဖြစ်သည်။
ထို့ကြောင့် ကျန်ဌာနပြိုင်ပွဲကွင်းပြင်များဆီမှ ကြည့်ရှုသူ အများအပြားက အပြေးရောက်လာကာ စုဝေးနေကြသည်။
ကွင်းထဲတွင် ယခုမှ ရောက်လာသည့် လီနန်က ဝမ်ပေါင်လဲ့ကို အရေးတယူ ကြည့်မနေပေ။ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများ မှိတ်ကာ ကျင့်ကြံနေသည်။ သူသည် အလွန်အစွမ်းထက်ပုံပေါ်ပြီး သူနှင့် နှုတ်ဆက်စကား ဆိုချင်သည့် ဝမ်ပေါင်လဲ့မှာ တအံ့တဩ ဖြစ်သွားသည်။
“ ဒါက သူ့ရဲ့ အဖွင့်တိုက်ကွက်များလား”
ဝမ်ပေါင်လဲ့က လီနန်ကို အကြည့်တစ်ချက်ဝေ့ကာ ပြောလိုက်သည်။ ထို့နောက် သူက ရင်ဘတ်ကို ကော့ကာ လက်ကို နောက်ပစ်လိုက်သည်။
ထိုသို့ဖြင့် ဆရာသုံးယောက်က ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သောအခါ တစ်ယောက်က ထိုင်လျက်၊ တစ်ယောက်က ရပ်လျက် ရှိနေပြီး ကြည့်ရှုသူများ ဆက်တိုက် တိုးလာနေသည်။
ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်နှင့် လီနန်က မျက်လုံးဖွင့်လိုက်လျှင် အေးစက်စက် အကြည့်တစ်စုံကို တွေ့လိုက်ရသည်။ သူက ညာဘက်လက်ကို မြှောက်လိုက်ရာ ချက်ချင်းပင် သူ့လက်ဖဝါးထဲ၌ နီစွေးနေသည့် ဆေးလုံးတစ်လုံး ပေါ်လာသည်။ လီနန်က တွေဝေမနေဘဲ ဆေးလုံးကို ဝမ်ပေါင်လဲ့ရှေ့သို့ ပစ်ချလိုက်သည်။
ဖောင်းခနဲ အသံနှင့်အတူ ဆေးလုံးက ပေါက်ကွဲသွားသည်။ လွင့်ပြယ်နေသည့် အနီရောင် မြူခိုးအသွင်ပြောင်းသွားချိန်၌ လီနန်၏ ဘယ်လက်ထဲတွင် နောက်ထပ်ဆေးလုံးတစ်လုံး ပေါ်လာသည်။ သူက ထိုဆေးလုံးကို တစ်ခါတည်း မျိုချလိုက်ရာ မျက်လုံးများ နီရဲသွားသည်။ သူသည် မူလကပင် ဖွံ့ထွားသွေးကြောအဆင့် ရောက်နေပြီး ဖြစ်သည်။ သို့ရာတွင် ယခု သူသည် ရုတ်တရက် အဆင့်မြင့်လာကာ အရှိန်အဝါက တိုးတက်ပြောင်းလဲလာသည်။
ထိုအခိုက် သူ၏ သွေးချီကလည်း မြင့်တက်လာပြီး နေရာစုံသို့ ပျံ့နှံ့သွားသည်။ သွေးချီ၏ သက်ရောက်မှုကြောင့် မုန်တိုင်းအတုအယောင်များပင် ဖြစ်ပေါ်လာပြီး နေရာတိုင်းကို ပျက်စီးသွားစေသည်။
ထိုအရာအားလုံးသည် ပြိုင်ပွဲစတင်ကြောင်း အမှတ်အသား ဖြစ်သည့် ‘စတင်ပြီ’ ဟူသည့် စကား မဆုံးခင် ဖြစ်သွားကြသည်။ ဤအဖြစ်အပျက်များ အားလုံးက တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်သွားရာ ကြည့်ရှုနေသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကာ အသက်ရှူရန် မေ့လျော့သွားကြသည် ဆရာသုံးယောက်မှာပင် ထိုမြင်ကွင်း၏ ညှို့ယူခြင်းကို ခံလိုက်ရသည်။
“ လီနန် သုံးသွားတဲ့ တိုက်ကွက်က အကြမ်းစားပဲဟေ့”
“ အရင်ဆုံး၊ အဆိပ်ဆေးလုံး၊ အဲဒီနောက် သူ့ရဲ့ စွမ်းရည်ကို တိုးတက်စေတဲ့ ဆေးလုံး၊ ငါကြားတာ သူက ဆေးလုံးတွေ အားလုံးကို သူ့ဟာသူ ဖော်တာဆိုပဲ”
ကြည့်ရှုသူများ၏ ချီးမွမ်းသံများကြားတွင် လီနန်က ပြုံးလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ အလွန်လျင်မြန်သည့်နှုန်းဖြင့် တရှိန်ထိုး ပြေးဝင်သွားသည်။
ဝမ်ပေါင်လဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့ဘေးမှ နီရဲရဲ အဆိပ်မြူများကြောင့် သတိထားနေရပြီး ဆေးလုံးကို မျိုချလိုက်သည့် လီနန်၏ အရှိန်အဝါက သူ၏ သတိတရားကို လှုပ်နှိုးလိုက်သည်။
“ ဩချရလောက်ပါတယ်။ ဒါပေမဲ့ ဒါကြီးက လူလည်ကျရာ မရောက်ဘူးလား”
ဆေးလုံးစားလိုက်ပြီးနောက် လီနန်မှာ အရှိန်၊ခွန်အား နှစ်ခုလုံး သိသိသာသာ တိုးတက်လာပြီး ပို၍မြန်ဆန်ကာ အစွမ်းထက်လာကြောင်း ဝမ်ပေါင်လဲ့ တွေ့လိုက်ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ခပ်စူးစူး ကြည့်လိုက်ကာ တန်ပြန်တိုက်ကွက်အနေဖြင့် ကျယ်လောင်စွာ ကြုံးဝါးပြီး အမြန်နှုန်း အပြည့်ဖြင့် လီနန်ဆီသို့ တိုးဝင်လာသည်။
လီနန်က အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် ကျောင်းသားခေါင်းဆောင် တစ်ယောက် မဟုတ်သည့်တိုင် သူ၏ ယာယီအားတိုးဆေးများက ပြိုင်ပွဲ၌ အသာစီး ရစေသည်။ သူသည် ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်လိုလျှင်ပင် အလွယ်လေး ဖြစ်နိုင်သည်ဟု ခံစားရသည်။ ယခု သူသည် မှော်ဝင်နယ်မြေထဲသို့ ဝင်ခွင့်ရချင်သည့်အပြင် ထင်ပေါ်ကျော်ကြားလိုသည်။
“ဝမ်ပေါင်လဲ့၊ ဓမ္မလက်နက်ဌာနရဲ့ ကျောင်းသားခေါင်းဆောင်၊ ဟုတ်လား။ ဒီနေ့ ငါနဲ့ တွေ့ရင် မင်းက ဘာကောင်မှ မဟုတ်ဘူးဆိုတာ သိစေရမယ် ”
လီနန်က တွေးလိုက်ကာ စိတ်ထဲက ရယ်မောလိုက်ပြီး အရှိန်ကို မြှင့်ကာ အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ့သွေးချီက ပိုမို ပျံ့နှံ့လာသည်နှင့် ပို၍ အစွမ်းထက်လာရာ ကြည့်နေသူအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
နှစ်ယောက်သား နီးကပ်လာချိန် ရုတ်တရက် လီနန်က မာန်ဖီလိုက်သည်။
“ ဝမ်ပေါင်လဲ့၊ မင်းက ရှုံးကို ရှုံးရမှာ”
လီနန်က စကားပြောနေစဉ် လက်သီးချက်ကို ပစ်သွင်းလိုက်ပြီး လက်ဖဝါးထဲမှ ဆေးလုံးကို ခြေမွလိုက်သည်။ ချက်ချင်းပင် လက်သီးဆုပ်ထဲမှ အစိမ်းရောင် မီးခိုးများ အမြောက်အများ ထွက်ပေါ်လာပြီး မြွေသေးသေးလေးများအလား ကြောက်မက်ဖွယ် ပျံ့နှံ့သွားသည်။
သို့ရာတွင် သူ အနီးကပ်လာချိန်၌ ဝမ်ပေါင်လဲ့ကလည်း ညာဘက်လက်ကို မြှောက်ပြီး ဖြစ်နေသည်။ ရွှေရောင်အလင်းက သူ့လက်ဖဝါးထဲမှ အကာအကွယ်ဒိုင်းသဖွယ် ပျံ့နှံ့လာသည်။
“ ဓမ္မအဆောင်နဲ့ ကာကွယ်တာပေါ့လေ၊ အသုံးမဝင်ဘူး။ မင်းရဲ့ ဓမ္မအဆောင်တွေက ငါ့ရဲ့ ထိုးနှက်ချက်တွေကို ဘယ်နှခါ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
လီနန်က ကျယ်လောင်စွာ ရယ်မောကာ အရှိန်ကို မြှင့်တင်လိုက်သည်။ သို့သော် သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်း ထိမိသွားလျှင် အကာအကွယ်ဒိုင်းပုံစံ ရွှေရောင်အလင်းကို ဝမ်ပေါင်လဲ့က ပစ်လွှတ်လိုက်သည်။ သူက ထိုရွှေရောင်အလင်းကို သူ့ကိုယ်သူ ကာကွယ်ရန် သုံးခြင်းမဟုတ်ဘဲ လီနန်ကို ပိတ်လှောင်ထားရန် သုံးခြင်း ဖြစ်သည်။
“ ဒီဓမ္မအဆောင်က မင်းအတွက် အထူး လုပ်ထားတာ”
ဝမ်ပေါင်လဲ့က အော်ပြောလိုက်သည်။ တမုဟုတ်ချင်းပင် လီနန်၏ခန္ဓာကိုယ်ပေါ်၌ စူးရှတောက်ပနေသော ရွှေရောင်အလင်းတန်းက ရွှေရောင်ခေါင်းလောင်းကြီးအသွင် ပြောင်းသွားသည်။ ၎င်း ကြမ်းပြင်ပေါ်သို့ ထိမိသည်တွင် အုန်းခနဲ အသံထွက်လာပြီး လီနန်ကို ချုပ်ထားလိုက်သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့က ရပ်တန့်ခြင်း မရှိဘဲ ရွှေရောင်လင်းနေသည့် ပုလဲလုံး များစွာကို အမြန်ထုတ်ယူလိုက်ပြီး ပစ်ပေါက်လိုက်သည်။ နားကွဲလောက်သည့် ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ရွှေရောင်ခေါင်းလောင်းကြီးကို ထိန်းချုပ်အလွှာများစွာ ထပ်ပေါင်းသွားကာ လီနန်ကို ချုပ်နှောင်ထားလိုက်သည်။
ထိုတခဏအတွင်း ပြိုင်ပွဲစင်မြင့်ပေါ်မှ ရွှေရောင်ခေါင်းလောင်းဒိုင်းကြီးမှာ ဧရာမမီးလုံးကြီးအလား တောက်ပစွာ လင်းလက်နေသည်။
ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေသူ ပရိသတ်အားလုံးနှင့် စောင့်ကြည့်နေသည့် ဆရာများ အားလုံးကို ကြက်သေသေသွားစေသည်။ သူတို့၏ မျက်လုံးများက မယုံနိုင်ခြင်းကြောင့် ပြူးကျယ်လာပြီး မဖြစ်နိုင်သည့် အရာဟု ခံစားနေရသည်။ ဖြစ်နေသည့် လက်ရှိအခြေအနေအရ ဝမ်ပေါင်လဲ့ကို ကြိုတင်မှန်းချက် ထုတ်၍ မရပေ။
မည်သူမဆို ရွှေရောင်အလင်းကို မြင်သည်နှင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် သုံးသည့်ရတနာတစ်ပါးဟု အလိုအလျောက် နားလည်ထားကြသည်။ ဤဓမ္မအဆောင်ကို ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ကာကွယ်ရန် မဟုတ်ဘဲ တစ်ဖက်လူကို ချုပ်နှောင်ရန် သုံးလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ချေ။
သူက ဤအကာအကွယ် ဓမ္မအဆောင်ကို သိုေလှာင်ဓမ္မအဆောင်အဖြစ် ပြောင်းကာ လီနန်ကို ထည့်ပြီး ချုပ်နှောင်ပစ်လိုက်သည်။
“ အဲဒီလိုလည်း သုံးလို့ ရတာပဲ”
“ ဓမ္မအဆောင်ကို ဒီလိုနည်းနဲ့ သုံးဖို့ ဝမ်ပေါင်လဲ့ ဘယ်လိုများ စိတ်ကူးရသွားတာပါလိမ့် ”
“ ဒါကြီးက စိတ်ပျက်စရာ မကောင်းဘူးလား။ အစတည်းက ဓမ္မအဆောင် မရှိဘဲနဲ့တောင်မှ လီနန်က ဝမ်ပေါင်လဲ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ခံစားနေရတာ”
ပရိသတ်များက အံ့ဩမဆုံး ဖြစ်နေကြစဉ် ရွှေရောင်အလင်းထဲ၌ ပိတ်မိနေသည့် လီနန်မှာ အံ့ဩနေရာမှ သတိပြန်ဝင်လာပြီး ဒေါသတထောင်းထောင်း ထွက်နေသည်။
“ ဝမ်ပေါင်လဲ့၊ မင်းက ရွံစရာ ကောင်းလိုက်တာ။ အစွမ်းရှိရင် ငါနဲ့ ထိပ်တိုက် ရင်ဆိုင်လေ ”
သူက အကာကွယ်ဒိုင်းကို ဖျက်ဆီးပစ်ရန် ရွှေရောင်အလင်းကို အဘက်ဘက်မှ တိုက်ခိုက်နေရင်း ကြုံးဝါးလိုက်သည်။ သို့ရာတွင် ဝမ်ပေါင်လဲ့က အချိန်တိုအတွင်း လီနန် လုံးဝ မဖောက်နိုင်လောက်အောင် ခိုင်မာစွာ အားဖြည့်ထားသောကြောင့် ဒိုင်းမှာ အလွန်ထူထဲနေပြီဖြစ်သည်။
လီနန်၏ ဒေါသတကြီး အော်သံများကို နားထောင်ရင်း ဝမ်ပေါင်လဲ့က ချောင်းဟန့်လိုက်သည်။ ဤနည်းလမ်းကို တွေးမိခဲ့သော သူ၏ ဖြတ်ထိုးဉာဏ်နှင့် အရည်အချင်းကို ဂုဏ်ယူနေမိသည်။ သူက လက်ကို နောက်ပစ်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“ ငါက ဓမ္မလက်နက်ဌာနကလေ။ ခန္ဓာကိုယ်ကလည်း အားနည်းတော့ ခွန်အားသုံးပြီး တိုက်ရတာတွေကို သိပ်အားမပေးဘူး။ ငါတို့က ဓမ္မအဆောင်ကို အားကိုးပြီး အနိုင်ရအောင် လုပ်ရတာ။ မင်းလည်း အဲဒီဆေးလုံးတွေ စားပြီးတော့ အစွမ်းထက်လာတာ မဟုတ်ဘူးလား။ အဲဒီဆေးလုံးတွေရဲ့ အစွမ်းက အချိန်အကန့်အသတ် တစ်ခုရှိမှာပဲ။ ငါမင်းကို ချုပ်ထားပြီး အဲဒီဆေးလုံးတွေရဲ့ အစွမ်းပြယ်သွားတဲ့ထိ စောင့်ပြီးမှ မင်းနဲ့ တိုက်တော့မယ် ”
ဝမ်ပေါင်လဲ့က ပြောပြီးနောက် ထိုင်ချကာ သိုလှောင်လက်ပတ်ထဲမှ မုန့်ထုပ်တစ်ထုပ်ကို တဂျွမ်းဂျွမ်း ဝါးစားနေရင်း လီနန်ကို ထိုင်ကြည့်နေလိုက်သည်။
မြင်နေရသည်နှင့် ဝမ်ပေါင်လဲ့၏ စကားများကြောင့် ကြည့်နေသည့် ပရိသတ်များ၏ အမူအရာမှာ အထင်သေး ရွံရှာဟန် ပြောင်းလဲသွားကြသည်။ ဓမ္မလက်နက်ဌာနမှ အခြားကျောင်းသားများက အားနည်းကြောင်း ပြောလျှင် လက်ခံနိုင်သေးသည်။ သို့သော် ထိုစကားကို ဝမ်ပေါင်လဲ့ထံမှ ကြားရလျှင် ဝမ်ပေါင်လဲ့၏ မျက်နှာပြောင်တိုက်မှုကြောင့် အထင်သေးစက်ဆုပ်ကြသည်။
“ သူကလား၊ အားနည်းတယ်ပေါ့။ ချော်ရည်ခန်းထဲမှာ သုံးရက်တောင် နေခဲ့တာ။ နောက်ပြီး အမြန်နှုန်းဆိုလည်း သိုင်းပညာဌာနကလူတွေတောင် သူ့ကို မယှဉ်နိုင်ဘူး ”
“ ဒီကောင်က အပြင်အားကောင်းပြီး ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်တယ်။ သိုင်းပညာဌာနက ဆရာတွေတောင်မှ ဝမ်ပေါင်လဲ့က ဌာနမှားဝင်မိတာဆိုပြီး နောင်တရကြောင်း မှတ်ချက်ပေးကြတာ ”
“ သူက တိုက်ခိုက်နေတုန်း တကယ်ကြီး မုန့်စားနေတာလား ”
ဒိုင်လူကြီးများမှာလည်း ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူတို့က ရွှေရောင်အလင်းထဲတွင် ပိတ်မိနေပြီး မရပ်မနား တိုက်ခိုက်ဖျက်ဆီးနေသည့် လီနန်ကို သနားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လီနန်မှာ အရူးအမူးဖြစ်နေသည်။ သူက ဆဲဆိုအော်ဟစ်နေသော်လည်း ရွှေရောင်အလင်းကို သူ ဖျက်ဆီးနိုင်သည်နှင့် ဝမ်ပေါင်လဲ့က လက်တစ်ချက် ဝှေ့ကာ နောက်အလွှာတစ်ခု ထပ်ထည့်ကာ အားဖြည့်ပေးလိုက်သည်။ လီနန် မည်မျှပင် ဒိုင်းကာကို လျင်မြန်စွာ ဖျက်ဆီးသည့်တိုင် ဝမ်ပေါင်လဲ့ထံတွင် ရှိနေသည့် ဓမ္မရတနာ အရေအတွက်ကို မမှီနိုင်ဟု ပြောနေသည့်အလားပင်။
အထူးသဖြင့် လီနန်၏ မဆုံးနိုင်သည့် တိုက်ကွက်များကို ဝမ်ပေါင်လဲ့ သတိထားမိသောအခါ ပုလဲလုံးများစွာကို ထုတ်ပြလိုက်ပြီး လွတ်မြောက်ရန် ကြိုးပမ်းမှုများမှာ အချည်းနှီးဖြစ်ကြောင်း ပြသလိုက်သည်။
“ ရွံစရာကောင်းလိုက်တာ”
ထိုပုလဲများကို ကြည့်ရင်း လီနန်၏ နဖူးပေါ်၌ သွေးကြောများ ထောင်လာပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ ဆေးလုံးများ၏ အစွမ်းများ ပျက်ပြယ်လာပြီး သူ့ခန္ဓာကိုယ်မှာ အားနည်းလာသည်ကို ခံစားလိုက်ရပြီးနောက် လီနန်က ခြေကုန်လက်ပမ်းကျသွားသည်။ နောက်ဆုံးတွင် ချွေးစေးများ ပြန်လာပြီး အခြားရွေးချယ်စရာမရှိဘဲ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“ ငါ အရှုံးပေးတယ် ”