အပိုင်း (၁၀၆၃)

ကျားလို့ဖုန်း

ကောင်းကင်ထက်တွင် လေပြင်းများကြောင့် တိမ်များ ရွေ့လျား နေကြ၏။ အဝေးမှပင် သူတို့သည် လေထဲမှ ကျဆင်းလာသော ဖိအားများကို ခံစားမိကြသည်။ ဤသို့သော ဖိအားများကား စစ်မှန်သော ရှန့်ထိုတစ်ပါး ထံမှသာ ဖြစ်တည်နိုင်၏။

စစ်တပ်သည် မကြာခင် ရောက်လာ တော့မည်ဖြစ်၏။

ရှားရှင်းယွန်က ကောင်းကင်ထက်သို့ ကြည့်သည်။ သည်တိုက်ပွဲမှာ နတ္ထိဘုံတိုက်ပွဲ၏ အစပထမ ဖြစ်ပေမည်။ အင်ပါယာရှားဘုံ အနေဖြင့် လက်ရှိတွင် အင်ပါယာလီဘုံ၏ တိုက်ခိုက်မှုကို ချိုးဖျက်ရန် လိုပေသည်။ ထို့ကြောင့် ရီဖူရှင်းအား သည်နေရာတွင် ရှိနေရန် သူမလည်း မျှော်လင့်၏။ ရီဖူရှင်း၏ လက်ရှိစွမ်း ရည်သည်ကား သေချာပေါက် ပြိုင်ဘက်ကင်းရာ တစ်ဖက် အင်အားစုအထွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်ပေသည်။

သို့သော် ရီဖူရှင်းက မတိုက်ခိုက်လိုခဲ့ပေ။ ရီဖူရှင်း ဘာစဉ်းစား နေသည်ကို သူမ နားမလည်။ သို့သော် သူမက ထို့အတွက် မငြိုငြင်ပေ။ လီယောင်အား အမုန်းတီးဆုံးသူမှာ ရီဖူရှင်း ဖြစ်၏။ ယခု ရီဖူရှင်းက လီယောင်အား တိုက်ခိုက်ရမည့်အစား ဥဒေါင်းအင်ပါယာဘုံသို့ သွားရောက်ခြင်းသည် တစ်စုံတစ်ခု ကြံစည်နေခြင်း ဖြစ်ကြောင်း သိသာစေပေ၏။

“စစ်ပွဲက လက်တစ်ကမ်းကို ရောက်နေပြီ။ သူက ပြန်လာပြီး တိုက်ခိုက်မဲ့အစား ဘာလုပ်နေတာလဲ” ကျူးကော့ကျောင်းက ဆက်ပြောသည် … “မင်းသမီး ခင်ဗျား … သူက ဒီလို စည်းကမ်း မရှိပြုမူတာ တော်တော် မာနကြီးပြီး သွေးနားထင် ရောက်နေလို့ပဲ ဖြစ်ရမယ်”

“အစ်ကိုရီက တိုက်ပွဲမှာ မတိုက်ခိုက်ဘဲ နေမယ်လို့ ကျုပ်လည်း မထင်မိဘူး” ရှောင်ရှမ်းက ဆက်ပြောသည် … “မင်းသမီး … ပြည်နယ်ကိုးခုက အင်အားစုတွေကို ဦးဆောင်ဖို့ တစ်စုံ တစ်ယောက်ကို တာဝန် ပေးသင့်တယ်”

“တိုက်ပွဲ ဖြစ်တော့မယ် ဆိုတာ မင်းတို့ သိတယ်။ ဒါပေမဲ့ တိုက်ပွဲအတွက် ပြင်ဆင်မယ့်အစား ပြစ်တင် ဝေဖန်တာတွေပဲ လုပ်နေတယ်။ မင်းတို့မှာ ဘယ်လို့ မကောင်းတဲ့ အကြံအစည်တွေ ရှိနေတာလဲ” ဂူတုံးလျိုက သူတို့အား ကြည့်ကာ ပြောသည်။

“ရီဖူရှင်းက ပြည်နယ်ကိုးခုက လူတွေကို ကောင်းကောင်း စီမံခန့်ခွဲခဲ့တယ်။ ဒါကြောင့် သူတို့တွေကို ပြင်ဆင် ပြောင်းလဲဖို့ မလိုဘူး။ ရှင်တို့က ဘာလို့ ကိုယ်ပိုင် ဝင်္ကပါတွေ သွားပြီးတော့ မပြင်ဆင်တာလဲ” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။ သူမ၏အသံတွင် ဒေါသနှင့် ပျော်ရွှင်ခြင်းများ ကင်းမဲ့နေသည်။

အားလုံးက ခေါင်းညိတ်ကြ၏။ ပုံမှန်အားဖြင့် သူတို့က ဘာမှ ပြောကြမည် မဟုတ်ပေ။ အထက်ဘုံမှ တန်ခိုးရှင်များက ဝင်္ကပါများ ပြင်ဆင်ရန် ထွက်ခွာ သွားကြ၏။

နတ္ထိဘုံတိုက်ပွဲ၌ များစွာသော ရှန့်ထို အဆင့်အောက် စွမ်းအား အမြင့်ဆုံး တန်ခိုးရှင်များ ပါဝင် တိုက်ခိုက်ကြမည်ဖြစ်ကာ အများစုတွင် အဆင့်မြင့် တော်ဝင် ရတနာများအား ပိုင်ဆိုင်ကြ၏။ အနည်းစုမှာ သူတို့ကိုယ်တိုင် ရှန့်ထိုတစ်ဝက် အဆင့်သို့ ရောက်နေကြပြီး ဖြစ်၏။

သူတို့၏ ဝင်္ကပါများမှာလည်း ရှန့်ထိုတစ်ပါး၏ တိုက်ခိုက်ရေး စွမ်းအားများကို ပိုင်ဆိုင်ပေသည်။ ရှန့်ထိုအဆင့် အောက်၌ သူတို့အား လှုပ်ယမ်းနိုင်စွမ်း ရှိမည်မထင်ပေ။

စစ်တပ် ဝင်္ကပါအလွှာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။ စစ်တပ်ထဲတွင် ဗိုလ်ချုပ်ထန်နှင့် ဗိုလ်ချုပ်ထိုတို့၏ စစ်သည်တို့မှာ စွမ်းအားအမြင့်ဆုံး ဖြစ်ကြ၏။ သူတို့မှာ တစ်ကိုယ်တော် စွမ်းရည်များ၌ အကောင်းဆုံး မဟုတ်ကြသော်လည်း သူတို့သည် ပူးပေါင်း တိုက်ခိုက်မှုများနှင့် တိုက်ခိုက် သတ်ဖြတ်ခြင်းများ၌ ကျွမ်းကျင် ကြပေသည်။ သူတို့၏ ဝင်္ကပါစုဖွဲ့မှုများမှာ ကျစ်လျစ်ကာ အခြေအနေကို လိုက်၍ မြန်ဆန်စွာ လှုပ်ရှားနိုင်ကြ၏။

ပြောရလျှင် ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များမှာ အားအနည်းဆုံး ဖြစ်ပေသည်။ သူတို့သည် ပူးပေါင်း တိုက်ကွက်များအား အထူးတလည် လေ့ကျင့်ထားခြင်း မရှိခဲ့ကြပေ။ အများစုမှာ အောက်ဘုံမှ ကောင်းကင် ရွေးချယ်ခံများ ဖြစ်ကြပြီး အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းပေ၏။ တော်ဝင်ကျဲ နန်းတော်မှ လူများမှ အပ သူတို့သည် သီးခြား လှုပ်ရှား ဆောင်ရွက်ရန် အလေးသာ ကြပေ၏။

“မင်းတို့က တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက် ပိုပြီး သင့်တော်တယ်။ စစ်ပွဲစတဲ့အခါ ထွက်ပြေးတဲ့လူတွေ နောက်သို့ လိုက်ပါ။ ရန်သူရဲ့ အားနည်းချက်တွေကို ကြည့်ပြီးတော့ အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်ပါ” ရှားရှင်းယွန်က ဓားသခင်နှင့် ဂူတုံးလျိုတို့အား ပြောသည်။

သည်တာဝန်မှာ သူမက ရီဖူရှင်းအား ပေးအပ်ရန် ရည်ရွယ် ထားခဲ့ခြင်း ဖြစ်၏။ သူတို့အား စစ်တပ်၏ ထက်ရှသော ဓားသွား ဖြစ်စေမည်။ ရီဖူရှင်း၏ ပြိုင်ဘက်ကင်း စွမ်းရည်ဖြင့် ဆိုပါလျှင် သူက ရန်သူစစ်တပ်၏ အလယ်ဗဟိုသို့ ရောက်သွားလျှင်ပင် မိမိကိုယ်ကို ကာကွယ် နိုင်ပေသည်။ သူကား ရန်သူဝင်္ကပါများ၏တိုက်ခိုက်မှုဖြင့် ပြိုလဲနိုင်သောသူ မဟုတ်ပေ။

“ဟုတ်ကဲ့ပါ မင်းသမီး …” ဓားသခင်က ခေါင်းညိတ်သည်။ နတ္ထိဘုံ တိုက်ပွဲသည် အန္တရာယ်များရာ သူတို့အနေဖြင့် မင်းသမီး၏အမိန့်ကို လိုက်နာရန် လိုပေသည်။

အားလုံးက ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်၏။

မိုးအောက် မြေပြင်တစ်ခွင် ဖျက်ဆီးနိုင်စွမ်းသော စစ်တပ်ကြီးသည် အင်ပါယာ ရှားမြို့၏ အပေါ် လေထုထဲတွင် ခင်းကျင်း ထားပေ၏။ မင်းသမီး ရှားရှင်းယွန်သည် ဗိုလ်ချုပ်ထန်နှင့် ဗိုလ်ချုပ်ထိုတို့၏ စစ်တပ်များအကြား ရပ်နေသည်။ သူမရှေ့တွင် အထက်ဘုံမှ အင်အားစုများ ရှိသည်။ သူမက ကောင်းကင် ထက်သို့ ကြည့်၏။

အပေါ်တွင် အင်အားကြီး စစ်တပ်နှစ်ခု အရပ်မျက်နှာ နှစ်ခုမှ ချီတက် လာပေသည်။ တစ်ခြမ်းမှာ ညီညာစုစည်းပြီး တစ်ခြမ်းမှာ အနည်းငယ် ဖရိုဖရဲ ဆန်သော်လည်း ထိုစစ်တပ်နှစ်ခု ပေါင်းလျှင် အလွန် အင်အားကြီးဟန်ရ၏။

လီယောင်သည် စစ်တပ်၏အလယ်တွင် ရပ်ကာ ရှားရှင်းယွန်အား ကြည့်ကာ ပြောသည် … “ရှားရှင်းယွန် … ကျုပ်က အင်ပါယာရှား နန်းတော်သို့ လက်ထပ်ခွင့် တောင်းဖို့ တစ်ကြိမ် လာခဲ့ဖူးတယ်။ တကယ်လို့ မင်းသာ သဘောတူခဲ့မယ်ဆိုရင် နတ္ထဘုံကို ထိန်းချုပ်ခွင့် နှစ်တစ်ရာ ခံစားခွင့် ပေးမယ်။ ဘယ်လိုလဲ”

အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတို့သာ ပူးပေါင်းခဲ့ပါက နတ္ထိဘုံအား နှစ်တစ်ရာ ထိန်းချုပ်ရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။

ရှားရှင်းယွန်၏ မျက်လုံးများ အေးစက်နေ၏။ သူမက လီယောင်ထံသို့ ကြည့်သော်လည်း ဘာမှတော့ ပြန်မပြော။ မိန်းမတစ်ယောက် အနေဖြင့် သည်အရှက်ရမှုအား စစ်မြေပြင်တွင်သာ သူမက တုံ့ပြန်ရပေမည်။

သူမက လီယောင်၏ရှေ့မှ စစ်တပ်ကို ကြည့်လျှင် ရင်းနှီးသော အငွေ့အသက်များအား ခံစားရသည်။ ထိုသူများသည် လီယောင်၏လူသား စစ်တပ်များ ဖြစ်ကြပေသည်။

သူတို့အား အောက်လမ်း နည်းများဖြင့် စီရင်ထား၏။  ထိုစစ်သည်များသည် လူသား လက်နက်များနှင့် မခြားနားပေ။

ရှားရှင်းယွန်က ဘာမှ ပြန်မပြောသည်ကို မြင်လျှင် လီယောင်က လက်ဝှေ့ယမ်း လိုက်၏။ ရုတ်တရက် စစ်တပ်ထဲမှ အားကောင်းသော အရောင်အဝါ တစ်ခု ထွက်ပေါ် လာသည်။ ကောင်းကင်မှ တိမ်များ အရောင်ပြောင်းလဲ သွားခဲ့ကာ ရှန့်ထို စွမ်းအားသည် ကြီးမားသော မြို့ကြီးအပေါ်သို့ ကျဆင်း လာခဲ့သည်။

စစ်တပ်နှစ်ခု စတင် တိုက်ခိုက်ကြတော့၏။

***

ဥဒေါင်း အင်ပါယာမြို့၌ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ ရှိနေရာသို့ နတ်ငှက်တစ်ကောင် ဆင်းသက် လာကာ သူတို့အား ပြောသည် … “အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံတို့က အခု အင်ပါယာရှားမြို့မှာ တိုက်ခိုက် နေကြတယ်”

“အင်ပါယာလီဘုံက သူတို့ရဲ့ အင်အား ဘယ်လောက် စေလွှတ်ခဲ့လဲ” ခွန်ကျန်းက မေးသည်။

“သူ့စစ်တပ်ရဲ့ တစ်ဝက်ကျော်တယ် … သူတို့ရဲ့ စခန်းမှာ အင်အားသုံးပုံ တစ်ပုံလောက်ပဲ ကျန်ခဲ့တယ် ထင်တယ်” နတ်ငှက်က ပြန်ဖြေသည်။ အင်ပါယာလီက သူတို့၏ အင်အားများ အားလုံးကို စေလွှတ် တိုက်ခိုက်ပါက ဥဒေါင်း အင်ပါယာမြို့သည် သူတို့၏မြို့သို့ ရောက်လာကာ အလံအား ဖြတ်တောက် သွားမည်ဖြစ်သည်။

သို့သော်လည်း အင်ပါယာလီဘုံက များစွာသော သွေးရဲပေသည်။ သူတို့က ထိုးစစ်အတွက် အင်အားအများအပြား အသုံးပြုခဲ့၏။ ယခင်က ဤသို့သော အခြေအနေမျိုး သိပ်မရှိခဲ့ပေ။ ယခု စစ်တပ်ကြီးနှစ်ခုက တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်နေကြသည်။

မှန်သည် … အင်ပါယာလီဘုံက အရဲတင်နိုင်ပေသည်။ ဥဒေါင်း အင်ပါယာမြို့က အင်ပါယာလီဘုံအား လာရောက် တိုက်ခိုက်လျှင် သူတို့ကလည်း ဥဒေါင်း အင်ပါယာမြို့သို့ သွားရောက် တိုက်ခိုက်နိုင်ပေသည်။

“တိုက်ပွဲကို စောင့်ကြည့်ပြီးတော့ သတင်းလာပို့ …” ခွန်ရွှမ်က ပြောသည် … “ဟိုခွေးကောင်ကိုလည်း သတိထားပြီး ရှောင် …”

ဤရက်ပိုင်းအတွင်း မည်သူမှ မြို့အပြင်သို့ တစ်ကိုယ်တည်း မထွက်ရဲကြပေ။ လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့က သူတို့အား အကြိမ်ကြိမ် အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်နေသည်။

“ဟုတ်ကဲ့ပါ အရှင့်သမီး …” နတ်ငှက်က နောက်လှည့်ကာ ထွက်ခွာသွားသည်။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ဘေးတွင် အဆင့်အတန်းမြင့် သားရဲမိသားကြီးထဲမှ သားရဲနှစ်ကောင် ရှိသည်။ အလွန် မောက်မာဟန်ရှိသော သားရဲတစ်ကောင်က ပြောသည် … “အရှင့်သမီး … ကျုပ်တို့က ဒီအခွင့်အရေးကို အသုံးချသင့်တယ် …”

“မင်းအကြံက ဘာလဲ …” ခွန်ကျန်းက မေးသည်။

“အင်ပါယာလီဘုံနဲ့ အင်ပါယာရှားဘုံတို့က စစ်ဖြစ်နေတုန်း ကျုပ်တို့က သူတို့ တစ်ဖွဲ့ဖွဲ့ကို တိုက်ခိုက်သင့်တယ် …” သူက ဖြေသည်။

“အရှင့်သမီး … အင်ပါယာလီဘုံကို တိုက်ခိုက်ဖို့ ကျုပ်က မထောက်ခံချင်ပါဘူး” ရွှေအတောင်ပံ နတ်ငှက်က ပြောသည်။

“ဘာလို့လဲ …” ခွန်ရွှမ်က မေးသည်။

“ကျုပ်တို့က အင်ပါယာလီဘုံကို အလစ်တိုက်ခိုက်ရင် ကျုပ်တို့က နိုင်ခဲ့ရင်တော့ အဆင်ပြေတယ်။ ရှုံးနိမ့်သွားရင် အင်ပါယာလီဘုံရဲ့ ပြစ်မှတ်က ကျုပ်တို့ ဖြစ်လာမှာပဲ” သားရဲက ဆက်ပြောသည် … “ပြီးတော့  အခု ကျုပ်တို့ လုပ်နိုင်တာကတော့ အင်အားစုနှစ်ခု တိုက်ခိုက်ပြီး ခြေကုန်လက်ပန်း ကျသွားတာကို စောင့်တာပဲ။ အင်ပါယာရှားဘုံက မောက်မာ ရိုင်းစိုင်းပြီးတော့ အရှင့်သမီးကို အရှက်ရအောင် ပြုမူကြတယ်။ ကျုပ်တို့က အင်ပါယာလီဘုံနဲ့ မဟာမိတ်ဖွဲ့တာက ပိုပြီးတော့ အလေး သာလိမ့်မယ် ထင်တယ်”

ခွန်ရွှမ်က ထိုသားရဲအား ကြည့်သည်။ သူမ၏ဘေးမှ နုပျိုငယ်ရွယ်သော တန်ခိုးရှင်ကလည်း သူ့အား ထူးဆန်းစွာ ကြည့်သည်။ သူကား ရွှေရောင် နတ်ငှက်ကလန် ခေါင်းဆောင်၏ မျိုးဆက်ဖြစ်သော ကျားလို့ဖုန်း ဖြစ်သည်။

“မဆိုးဘူး …” သူမက သူ့အား ပြောသည် … “မင်းက ဘယ်လို စဉ်းစား တွေးခေါ်ရမယ် သိသားပဲ”

သားရိုင်းများ သည်လည်း ဉာဏ်အလင်းများ ရနိုင်သော်လည်း သူတို့မှာ လူသားများထက် စဉ်းစား တွေးခေါ်မှု၌ အားနည်း ကြပေသည်။

ထို့ကြောင့် နတ္ထိဘုံတိုက်ပွဲများ၌ များသောအားဖြင့် ဥဒေါင်း အင်ပါယာဘုံသည် အနိုင်ရလဒ် အနည်းဆုံးဖြစ်၏။ ထိုသို့ဖြစ်ခြင်းမှာ သူတို့ အားနည်းသောကြောင့် မဟုတ်ဘဲ လိမ်လည် လှည့်စားခြင်းများကို ခံရလေ့ရှိခြင်းကြောင့်ဖြစ်၏။

“သားရိုင်းမ …” ထိုအခိုက်တွင် ကောင်းကင်ထက်မှ အသံတစ်သံကို ကြားကြရ၏။

“ပါးစပ်ပိတ်ထား …” ခွန်ရွှမ်က ကောင်းကင်ထက်သို့ မော့ကြည့်ကာ ပြောသည်။ သူမကား စိတ်တိုဒေါသ ထွက်လျှင်ပင် ဆွဲဆောင်မှု ရှိ၏။

သူမ၏မျက်လုံးများက အလွန်တရာ အေးစက်နေသည်။ သူမကား လုံလုံလောက်လောက် သည်းခံခဲ့ပြီးဖြစ်သည်။

“သခင် … ဒီသားရိုင်းမက ဒေါသ ထွက်တတ်တာပဲ … ဒါက ပြုပြင်ဖို့ လိုတယ် …” သိမ်းငှက်နက်က ထပ်ပြောသည်။

ခွန်ကျန်း၏ မျက်လုံးများက အလွန်တရာ အေးစက်နေသည်။ သူက ရီဖူရှင်းအား မော့ကြည့်ကာ ပြောသည် … “အင်ပါယာရှားမြို့က တိုက်ခိုက် ခံနေရတယ်။ လက်ရှိမှာ ငါတို့ကို အာရုံစိုက်မှု အားနည်းနေတဲ့ အချိန်ပဲ”

“အရှင့်သမီးက ဘာကို ဆိုလိုတာပါလဲ” ကျားလို့ဖုန်းက မေးသည်။

“ဒီရက်ပိုင်းမှာ သူ့ကြောင့် သားရဲတွေ အတော်များများ သေခဲ့ကြရတာပဲ မလား …” ခွန်ကျန်း၏ မျက်လုံးများကလည်း အလွန်တရာ အေးစက်နေခဲ့သည်။

“ကျုပ်တို့က သူတို့ကို သတ်လိုက်ရင် အင်ပါယာလီဘုံနဲ့ မဟာမိတ်ဖွဲ့ဖို့ ပိုလွယ် သွားလိမ့်မယ် …” နတ်ငှက်ကလည်း ပြောသည် … “ကျားလို့ဖုန်းတို့ ကလန်က အမြန်ဆုံးပဲ … သူတို့မှာ အရမ်းကောင်းတဲ့ ရတနာတွေကိုလည်း ပိုင်ဆိုင်ထားတယ် …”

သူက ကျားလို့ဖန်းအား ကြည့်သည်။

“သူ့မှာ တိုက်ခိုက်ရေး စွမ်းအားမြင့်တဲ့ လက်နက်တစ်ခု ရှိတယ်။ သူ့လှံအောက်မှာ ငါတို့လူတွေ သေတာ မနည်းတော့ဘူး” ခွန်ရွှမ်က ပြောသည်။

“ဒီ သခင်လေးရဲ့ အမြန်နှုန်းကလည်း ပြိုင်ဘက်ကင်းပါပဲ။ သူ့မှာလည်း ရတနာတစ်ခုကို ပိုင်ဆိုင်တယ်။ သူ့တိုက်ခိုက်ရေး စွမ်းရည်ကလည်း အရမ်းကောင်းတယ်။ သူသာဆို ရီဖူရှင်း လွတ်မှာ မဟုတ်ဘူး” သားရဲက ဆက်ပြောသည်။

“ကျုပ်က မင်းသမီးအမိန့်ကို စောင့်စား နေပါတယ် …” ကျားလို့ဖုန်းကလည်း အေးစက်စွာ ပြောသည်။ သူကား နတ္ထိဘုံတိုက်ပွဲ အတွက် လာရောက် သူများထဲ၌ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ပြီးလျှင် စွမ်းအား အကြီးဆုံး ဖြစ်သည်။

“ကျားလို့ဖုန်းက နတ်ငှက်တွေကို ဦးဆောင်ပြီးတော့ ရီဖူရှင်းနောက်သို့ လိုက်ပါ။ မင်းကတော့ သားရဲစစ်တပ် နှစ်ခုကို ဦးဆောင်ပြီးတော့ အခွင့်အရေးကို စောင့်ပါ” ခွန်ကျန်းက ပြောသည်။ သူတို့က ရီဖူရှင်းအား သတ်နိုင်မည် မဟုတ်သော်လည်း ကျားလို့ဖုန်း၏ စွမ်းရည်က သူ့အား နောက်ဆုတ် စေနိုင်လောက်ပေသည်။

ဤမတိုင်မီက သူတို့သည် ရီဖူရှင်းအား ဝေးလံစွာ လိုက်လံ မတိုက်ခိုက်ရဲခြင်းမှာ အင်ပါယာရှားဘုံ၏ အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ယခု သူတို့က ထိုအတွက် စိုးရိမ်စရာ မရှိတော့ပေ။

“ကောင်းပြီ …” ခွန်ရွှမ်က ခေါင်းညိတ်သည်။

“ကျုပ်တို့က အရှင့်သမီးရဲ့ အမိန့်ကို နာခံပါ့မယ် …” သားရဲများ အားလုံးက ပြောကြသည်။ သူတို့၏ မျက်လုံးများက ကောင်းကင်ထက်မှ ရီဖူရှင်းအား သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ကြည့်ကြ၏။ သူတို့က ရီဖူရှင်းအား သည့်ထက်ပို၍ သည်းမခံလိုကြတော့ပေ။

“နောက်ဆုံးတော့ သူတို့က ငါးစာကို ဟပ်ပြီပဲ … သခင်” သိမ်းငှက်နက်က ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။ ယခုမှ ပွဲက စိတ်ဝင်စားဖွယ် ကောင်းလာလေပြီ။

ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောသည် … “သွားမယ်”

ထို့နောက်တွင် သိမ်းငှက်နက်က အတောင်ပံများကို ခတ်ကာ ထွက်ခွာ ပျံသန်း၏။ သူတို့က သည်ရက်ပိုင်းများ အတွင်း သားရဲများစွာကို ထိန်းချုပ်ခဲ့ပြီး ဖြစ်သော်လည်း တကယ့် စွမ်းအားမြင့် သားရဲများကို မရသေးပေ။ သူတို့က အစီအစဉ်များ အတွက် လိုအပ်ချက်များ ရှိနေသေး၏။

လက်ရှိတွင် သူတို့က ဥဒေါင်း အင်ပါယာမြို့၏ အလံအား အလွယ် ဖြတ်တောက် နိုင်သော်လည်း ထိုသို့ မလုပ်ပေ။ ဥဒေါင်း အင်ပါယာမြို့မှ သားရဲများအား အလွန်အရေးပါသော နေရာ၌ အသုံးပြုရန် လိုသေး၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset