အပိုင်း (၁၀၆၂)

တိုက်ခိုက်ရန် ငြင်းဆန်ခြင်း

ရီဖူရှင်းက သူတို့ထံသို့ ပျံသန်း လာသည်ကို မြင်လျှင် သားရဲများ၏ မျက်လုံးများက အရောင်များ ဝင်းလက် သွားသည်။ အရှင့်သမီးက သူ့အား မတားဆီး နိုင်ခဲ့ပေဘူးလား။

အရှင့်သမီးသည် မည်မျှ စွမ်းအား ကြီးမားသည်ကို သူတို့ သေသေချာချာ မသိကြသော်လည်း ယခင်ကတည်းက ဥဒေါင်း အင်ပါယာ၏ လူငယ် မျိုးဆက်တိုင်းသည် သူတို့က သူမထက် အားနည်းသည်ဟု ဝန်ခံခဲ့ကြသည်။

သားရဲများသည် တော၏ ဥပဒေသကို လူသားများထက် လေးစား လိုက်နာကြပေသည်။ သူတို့သည် ပိုမို စွမ်းအားကြီးသူကို လေးစား ကြပေ၏။ ထို့ကြောင့် သားရဲများသည် သူတို့ထက် အမှန်တကယ် စွမ်းအား မကြီးသောသူကို စွမ်းအားကြီးပါသည်ဟု ပြောမည် မဟုတ်ပေ။ စွမ်းအားမြင့် သားရဲကြီးများက အားနည်းသူ၏အမိန့်ကို နာခံစရာ အကြောင်း မရှိပေ။

ရီဖူရှင်းက သူမထံမှ ထွက်ပြေးလာခဲ့ဟန် ရှိသည်။

ချက်ချင်းပင် သားရဲအုပ်ကြီးက ရီဖူရှင်းအား ဝန်းရံလိုက်ကြသည်။ အရှင့်သမီးက သူ့အား မဖမ်းဆီး နိုင်သော်လည်း ဤသားရဲများသည် အလွန်တရာ အားကောင်းကာ စွမ်းအား ကြီးကြပေသည်။

ရီဖူရှင်းက ရွှေရောင် အလင်းများ ဖြာထွက်နေသော နတ်ငှက်ထံသို့ လှမ်းသွား လိုက်သည်။ သူ၏မျက်လုံးများက ရွှေရောင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေ၏။

“ငါတို့ သူ့ကို အတူတူသတ်မယ် …” နတ်ငှက်က မောက်မာစွာ ပြောသည်။ ရုန့်ရင်း ကြမ်းတမ်းသော မုန်တိုင်းများ ဖြစ်ပေါ်လာကာ မိစ္ဆာသားရဲ အုပ်စုတို့က ရီဖူရှင်းထံသို့ ပြေးဝင်လာကြသည်။ သူတို့က သားရဲမိသားစုတို့၏ ပုံစံအတိုင်း လက်သည်းများဖြင့် ကုတ်ခြစ် တိုက်ခိုက်ကြသည်။ ဖျက်ဆီးအားများသည် အရာခပ်သိမ်းကို ဖယ်ရှား ပစ်တော့မည့်အလား ထင်မှတ်ရ၏။

သိမ်းငှက်နက်က သူတို့အား အထင်သေးစွာ ကြည့်သည်။ ဤသို့ ဝန်းရံခြင်းက မည်သို့ အသုံးဝင်မည်နည်း။

မကြာခင် သူတို့သည် အနိုင်ယူခံရခြင်း၏ အကြောက်တရားကို ခံစားရပေမည်။ သိမ်းငှက်နက် ကိုယ်တိုင်က အနိုင်ယူ ထိန်းချုပ်ခြင်း ခံခဲ့ရသော်လည်း သူသည် ထိုကိစ္စနှင့် သူကိုယ်တိုင်က လိုလိုလားလား လက်ခံခဲ့ခြင်း ဖြစ်သည်။

သူက မြန်ဆန်စွာပင် လေထဲသို့ ပျံသန်းသွားကာ အဝေးသို့ ကြည့်လျက် စောင့်ကြည့်နေသည်။

အောက်တွင် ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံကို ဆုပ်ကိုင် လိုက်သည်။ ဖျက်ဆီးခြင်း လျှပ်စီးများ သူ့အား ရစ်ပတ်လာခဲ့ကာ အက်ကွဲသော အသံများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာခဲ့ပြီး မိစ္ဆာသားရဲများမှာ အသတ်ခံရကာ တစ်ကောင်ပြီး တစ်ကောင် မြေပေါ်သို့ကျ၏။ ထိုမြင်ကွင်းအား ကြည့်ကာ သားရဲများက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိလိုက်ကြပြီး နောက်ဆုတ်ရန် ကြိုးစားကြသည်။ သို့သော် သူတို့၏ စိတ်ဝိညာဉ်များ အတွင်းသို့ တိုးဝင်လာသော မျက်လုံးအစုံအား မြင်တွေ့ လိုက်ရကာ သူတို့၏ စိတ်အတွင်း၌ မေ့လို့မရနိုင်သော အတွေ့အကြုံ တစ်ခုအား ခံစားခဲ့ကြ ရတော့သည်။

သိပ်မကြာခင် ထိုသားရဲများသည် ဒဏ်ရာများ ရကာ ထွက်ပြေးရန် ကြိုးစားကြ၏။ သူတို့က ခွန်ရွှမ် လွှတ်လိုက်သော သားရဲအုပ်စုနှင့် တွေ့ကာ ဥဒေါင်း အင်ပါယာမြို့သို့ ပြန်သွား ခဲ့ကြသည်။

မြို့၌ သားရဲများ အများအပြားမှာ ကြီးစွာ ဒေါသထွက်ကြ၏။ သူတို့က ရီဖူရှင်းအား လွတ်မြောက်ခွင့် ပေးလိုက်ရခြင်း အပေါ် များစွာ မကျေမနပ် ဖြစ်ကြရသည်။

ထိုကိစ္စမှာ ထိုမျှဖြင့် အဆုံးသတ်ပြီဟု သူတို့က ထင်မှတ်ခဲ့ကြသော်လည်း သိပ်မကြာခင်ပင် ဥဒေါင်း အင်ပါယာမြို့၏ ကောင်းကင်ထက်၌ ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ ပြန်ပေါ် လာကြပြန်သည်။

ခွန်ကျန်း၊ ခွန်ရွှမ်နှင့် မရေမတွက်နိုင်သော သားရဲများသည် ကောင်းကင်ထက်မှ လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့အား အလွန်တရာ အေးစက်သော မျက်လုံးများဖြင့် ကြည့်ကြသည်။

“မင်းက ကျုပ်ဆရာကို မပြုစုချင်ဘူးလား … သားရဲမ … မင်းက အကောင်းဆုံး ကြိုးစားရင် ဆရာက ခွင့်ပြုပေး လောက်တယ်” သိမ်းငှက်နက်က ကောင်းကင်ထက်မှနေ၍ ဆက်လက် ရန်စပြောဆိုသည်။ သူက ခွန်ရွှမ်ဒေါသထွက်ကာ သားရဲများ စေလွှတ် တိုက်ခိုက်ခိုင်းသည် အထိ ရန်စပြောဆိုကာ ထွက်ပြေးလေ့ ရှိသည်။

ထိုအဖြစ်က ဥဒေါင်း အင်ပါယာမြို့မှ တန်ခိုးရှင်များအား ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ကို အလွန်တရာ မုန်းတီးလျက် အပိုင်းပိုင်းအစစ ဖြတ်တောက်လိုသော ဆန္ဒများ ဖြစ်လာကြ၏။

ရက်သတ္တပတ် ကြာအောင် ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့သည် ဥဒေါင်း အင်ပါယာမြို့မှ ထွက်ခွာသွားခြင်း မရှိကြပေ။ သားရဲများက အကြိမ်များစွာ ရီဖူရှင်းတို့ နောက်သို့ လိုက်ပါ တိုက်ခိုက်ကြ သော်လည်း အကြိမ်တိုင်း ရီဖူရှင်းတို့က ထွက်ပြေး လွတ်မြောက် သွားကြမြဲ ဖြစ်သည်။ အကြိမ်တိုင်းတွင် လိုက်ပါ သွားကြသော သားရဲများထဲမှ အနည်းငယ်မှာ ထိခိုက် သေကျေကြရသည်။

ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့သည် လက်ရှိအချိန်တွင် ဥဒေါင်း အင်ပါယာဘုံ အတွက် အနာတွင် စိုက်ဝင်နေသော ဆူးတစ်ချောင်း အလား ဖြစ်နေ၏။

နောက်ဆုံးတွင် ခွန်ရွှမ်က ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ကို လုံးဝ လျစ်လျူရှုရန် သားရဲတို့အား အမိန့်ပေးခဲ့သည်။

သို့သော်လည်း သိမ်းငှက်နက်၏ အဆက်မပြတ် လှောင်ပြောင်ခြင်း၊ ရန်စ စော်ကားခြင်းများကို ကြားနေရသော သားရဲတို့သည် မခံမရပ်နိုင် ဖြစ်ကြရ၏။ ခွန်ရွှမ်ကသာ အမိန့်ပေးထားခြင်း မရှိလျှင် သူတို့သည် မည်သည့် နည်းနှင့်မဆို သိမ်းငှက်နက်အား သတ်ဖြတ်ရန် ကြိုးစားကြမည် ဖြစ်သည်။

တစ်နေ့တွင် ကောင်းကင်ထက်မှ သိမ်းငှက်နက်၏ ရန်စပြောဆိုမှုကို ဆက်လက် ကြားရခြင်း မရှိတော့ရာ သူတို့အားလုံးမှာ ထူးဆန်းသည်ဟု ခံစားကြရသည်။

များစွာသော သားရဲတို့က ဥဒေါင်း အင်ပါယာမြို့ အနေဖြင့် အင်ပါယာ ရှားဘုံအား တိုက်ခိုက် သင့်သည်ဟု အကြံပေး ကြသော်လည်း အင်ပါယာလီဘုံက ထိုအချက်ကို အခွင့်ကောင်းယူကာ သူတို့အား လာရောက် တိုက်ခိုက်မည်ကိုလည်း စိုးရိမ်ရပေသည်။ ထို့အပြင် ရီဖူရှင်းသည် ဤနေရာတွင် ရှိနေသေးပေသည်။

နတ္ထိဘုံတွင် တိုက်ပွဲ သတင်းများကို နားစွင့်နေကြသော သူများအားလုံးက ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ ဥဒေါင်း အင်ပါယာဘုံအား ရန်စသော သတင်းများကို ကြားသိ ကြရသည်။ လူအတော် များများမှာ အင့်အားသင့်ရ၏။ ရီဖူရှင်းနှင့် သူ့သားရဲတို့သည် အမှန်တကယ်ပင် အရှက် ကင်းမဲ့ကြပေသည်။ သူတို့က ဥဒေါင်း အင်ပါယာဘုံ၏ အင်အားများကို အတန်အသင့် ယုတ်လျော့အောင် ထိုနည်းဖြင့် ကြံစည်ခဲ့ကြ၏။ စွမ်းအားမြင့် သားရဲများမှာ နေ့စဉ် နေ့တိုင်းအားဖြင့် ရီဖူရှင်း၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

ခွန်ရွှမ်က ရီဖူရှင်းအား ပြုစုလျှင် အမှန်တကယ် အံ့အားသင့်ဖွယ် ကောင်းပြီဟု တချို့က တွေးတော ကြသည်။ သို့သော်လည်း သူတို့သည် အမှန်တကယ် ထုတ်ဖော် ပြောဆိုရဲခြင်း မရှိကြပေ။

အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ကလည်း ထိုသတင်းများကို ကြားသိ ကြရသည်။ နောက်ပိုင်း နေ့ရက်များတွင် အင်ပါယာလီမြို့နှင့် အင်ပါယာ ရှားမြို့တို့က သူတို့၏ စစ်တပ်များကို စနစ်တကျ ပြင်ဆင်ကြသည်။ သူတို့က နတ္ထိဘုံတွင် ကင်းထောက်များအား စေလွှတ်ကာ ရန်သူများ၏ လှုပ်ရှားမှုကို စုံစမ်းကြသည်။ ထို့ကြောင့် ရီဖူရှင်း၏ လှုပ်ရှားမှုများကို အင်ပါယာလီဘုံကလည်း သိပေသည်။

အင်ပါယာ လီမြို့တွင် လီယောင်က သူ့လူများ တင်ပြသော သတင်းများကို နားထောင်နေသည်။ သူ့မျက်လုံးကို အေးစက်သော အလင်းတစ်ခု ရိုက်ခတ် သွား၏။

“သူတို့က နတ္ထိဘုံရဲ့ အလံတိုက်ပွဲ သုံးခုကို အနိုင် ရရှိခဲ့တယ် ဆိုပေမဲ့ သူတို့က ဒီစစ်ပွဲကို အနိုင်ရမယ်လို့ တကယ် ထင်နေကြတာလား” သူက အေးစက်စွာ ပြောသည်။ ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့က သူတို့၏ ကိုယ်ပိုင် စွမ်းရည်ဖြင့် ဥဒေါင်း အင်ပါယာဘုံ၏ အင်အားများကို ယုတ်လျော့အောင် ဗျူဟာ ကောင်းကောင်းဖြင့် ကြံစည် နိုင်ခဲ့ကြသည်။ ထိုနည်းလမ်းက ခွန်ရွှမ်အား ရင်ဆိုင်ရန် အမှန်တကယ် ကောင်းမွန်သော နည်းစနစ် ဖြစ်သည်။ မိမိသာ သူမ၏ နေရာတွင် ဆိုပါကလည်း ထိုနည်းလမ်းအား ပြန်လည် တုံ့ပြန်ရန် နည်းလမ်းမရှိပေ။

“ရီဖူရှင်းက ခွန်ရွှမ်နဲ့ ရင်ဆိုင် တိုက်ခိုက် နိုင်တဲ့အတွက် တော်တော် အားကောင်းတယ်လို့ သတ်မှတ် နိုင်တယ်။ ကျုပ်တို့ ရရှိတဲ့သတင်းအရ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့က ဥဒေါင်း အင်ပါယာဘုံမှာ အမြင့်ဆုံး စွမ်းရည်ကို ပိုင်ဆိုင်ကြသည်။ ဒါက ရီဖူရှင်းရဲ့ စွမ်းရည်ဆိုရင် သူ့စွမ်းအားက ရှားရှင်းယွန်ထက် မနည်းဘူးလို့ သတ်မှတ်လို့ ရတယ်။ မဟုတ်ရင် ရီဖူရှင်းတို့က အသတ်ခံရပြီ ဖြစ်လိမ့်မယ်” လီယောင်၏ ဘေးမှ လူငယ် တစ်ယောက်က ပြောသည်။

“ဒါက အင်ပါယာရှားဘုံနဲ့ ဥဒေါင်း အင်ပါယာဘုံတို့ ပူးပေါင်း ကြံစည်တာ ဖြစ်နိုင်မလား” လီယောင်က သံသယဝင်ဟန်ဖြင့် ပြောသည်။

“မဖြစ်နိုင်လောက်ဘူး။ ဒီရက်ပိုင်းအတွင်း ရီဖူရှင်းကြောင့် သားရဲတွေ တော်တော်များများ အသတ်ခံခဲ့ကြရတယ်။ အဲဒီအထဲမှာ အဆင့်အတန်းမြင့် မိသားစုက သားရဲတွေလည်း ပါဝင်ကြတယ်။ ဥဒေါင်း အင်ပါယာဘုံက သူတို့တွေကို ဒီလိုနည်းနဲ့ စတေးမှာ မဟုတ်ဘူး”

လီယောင်က ခေါင်းညိတ်သည်။ ပုံမှန်အားဖြင့် သူကလည်း ထိုအချက်ကို နားလည်ပေသည်။

“ရီဖူရှင်းက ဒီနည်းနဲ့ စစ်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား။ ဒါပေမဲ့ သူ့မှာ နည်းဗျူဟာတွေ မရှိဘူး” လီယောင်က ပြုံးလျက် ပြောသည် … “ယွင်ကျင်း … မင်း ဘယ်လိုထင်လဲ”

“အခု ရီဖူရှင်းနဲ့ သူ့ရဲ့ သားရဲတို့ကြောင့် ဥဒေါင်း အင်ပါယာဘုံက တော်တော်လေး ဒေါသ ထွက်နေလောက်ပြီ” ယွင်ကျင်းက ပြန်ပြောသည်။

“ဒါဆို ငါတို့က ဥဒေါင်း အင်ပါယာဘုံနဲ့ မဟာမိတ် ဖွဲ့သင့်သလား” လီယောင်က ဆက်လက်၍ အကြံတောင်းသည်။ သူက အင်ပါယာလီဘုံမှ နန်းတွင်း အကြံပေး၏ တပည့်ဖြစ်သော ယွင်ကျင်းအား အလွန်တရာ ယုံကြည် အားထားပေသည်။

နန်းတွင်း အကြံပေး၏ တပည့် လိုက်ပါလာခဲ့ခြင်းက ယခုနှစ် နတ္ထိဘုံ တိုက်ပွဲတွင် မိမိတို့က အသာစီးရရှိမည်ဟု လီယောင် ယုံကြည်သည်။

“အင်အားစုသုံးခုက နှစ်ပေါင်းများစွာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လိမ်လည် လှည့်စားခဲ့ကြလို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုတာ သိပ်မလွယ်ဘူး” ယွင်ကျင်းက ပြောသည် … “သူတို့အတွက် အခွင့်အလမ်း တစ်ခုခု ရှိမှ ဒီလို လုပ်နိုင်လောက်တယ်”

“ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ …” လီယောင်က မေးသည်။

“အခု အင်ပါယာ ရှားဘုံက ဥဒေါင်း အင်ပါယာဘုံကို အာရုံစိုက်နေတဲ့ အချိန်မှာ အရှင့်သားက အင်ပါယာရှားဘုံကို တိုက်ရိုက် သွားရောက် တိုက်ခိုက် နိုင်တယ်။ ကျုပ်တို့က ဥဒေါင်း အင်ပါယာဘုံနဲ့ တရားဝင် မဟာမိတ်ဖွဲ့စရာ မလိုဘူး။ ဥဒေါင်း အင်ပါယာဘုံက အလိုက်တသိနဲ့ ရှောင်ပေးမှာ သေချာတယ်” ယွင်ကျင်းက ပြောသည်။

“ဒီနည်းနဲ့ အင်ပါလီဘုံနဲ့ ဥဒေါင်း အင်ပါယာဘုံတို့ပဲ စစ်ပွဲအတွက် ယှဉ်ပြိုင် ကြရတော့မယ်” လီယောင်က ပြုံးလျက် ပြောသည်။

ပထမဦးစွာ သူတို့က နားလည်မှုဖြင့် အင်ပါယာရှားမြို့ကို တိုက်ခိုက် သိမ်းပိုက်မည်။ ထို့နောက် သူတို့က ဥဒေါင်းအင်ပါယာဘုံနှင့် စစ်ပွဲ၏အနိုင်အရှုံးကို ဆုံးဖြတ်မည်။

“အထက်ဘုံရဲ့ တိုက်ပွဲတွေမှာ အင်ပါယာရှားဘုံက အင်အား နည်းတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာလည်း နတ္ထိဘုံတိုက်ပွဲကို အနိုင်ရဖို့အတွက် အလိုက်သင့် တိုက်ခိုက်သွားရုံပဲ” ယွင်ကျင်းက ယုံကြည်မှု ရှိစွာဖြင့် ပြောသည်။

“ဒါဆိုရင်လည်း ကျုပ်က စီနီယာအစ်ကိုကို စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ ပြောချင်ပါတယ် …” လီယောင်က ပြုံးလျက် ပြောသည်။ သူသည် အင်ပါယာလီဘုံ၏ မင်းသား တစ်ပါး ဖြစ်သော်လည်း နန်းတွင်းအကြံပေး၏ လက်အောက်တွင် လေ့ကျင့်ခဲ့ရာ ယွင်ကျင်းမှာ သူ၏ စီနီယာအစ်ကိုဟု ပြောနိုင်ပေသည်။

အင်ပါယာလီဘုံတွင် မင်းသား အများအပြား ရှိကာ အချင်းချင်းလည်း ပြိုင်ဆိုင်မှု ပြင်းထန်ပေသည်။ နန်းတွင်း အကြံပေးသည် အင်ပါယာလီ၏ အလေးထားခြင်း ခံရသူဖြစ်ကာ မင်းသားများ အားလုံးက သူ့အား လွန်စွာ လေးစား ကြပေသည်။

***

အင်ပါယာလီမြို့က စစ်တပ်များ စေလွှတ်ရန် ပြင်ဆင်နေသည်ကို အင်ပါယာရှားမြို့ ကလည်း သတင်းများ ရရှိကြပေသည်။ သူတို့ကလည်း စစ်တပ်များကို စုစည်း ပြင်ဆင်ကာ တိုက်ခိုက်ရန် အဆင်သင့် ပြုလုပ်ကြ၏။

ထိုအခိုက်တွင် အင်ပါယာရှားဘုံ၏ အလံအနီး၌ များစွာသော တန်ခိုးရှင်များ လာရောက် စုစည်းကြသည်။ ထိုအထဲတွင် ဓားသခင်၊ ဂူတုံးလျို၊ ယူချင်းနှင့် တခြား လူများလည်း ပါဝင်ကြသည်။

အင်ပါယာရှားဘုံမှ များစွာသော ထိပ်သီး အင်အားစုများ၏ တန်ခိုးရှင်များ သည်လည်း ထိုနေရာတွင် လာရောက် စုစည်းကြသည်။

အင်ပါယာလီဘုံက ရုတ်တရက် ဤသို့ တိုက်ခိုက်ရန် ကြံစည်သည်ကို သူတို့ကလည်း အံ့အားသင့် ရပေသည်။ သို့သော်လည်း တစ်ဖက်က လာရောက် တိုက်ခိုက်မှတော့ သူတို့ကလည်း ရင်ဆိုင်ရန် ပြင်ဆင်ရပေသည်။

“အစ်ကိုရီကို လူလွှတ်ပြီးတော့ သတင်း ပို့ပြီးပါပြီလား … မင်းသမီး” ရှောင်ရှမ်းက ရှားရှင်းယွန်ကို ပြောသည်။

“အင်း …” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

“အခု အစ်ကိုရီက ဥဒေါင်း အင်ပါယာမြို့ကို ဖိနှိပ်ထားပြီးတော့ အင်အားစု နှစ်ခုက ကျုပ်တို့အပေါ် လာရောက် တိုက်ခိုက်မှာကို ကာကွယ် ထားတယ်။ သူက တကယ့် သူရဲကောင်းပါပဲ” ရှောင်ရှမ်းက တည်ငြိမ်စွာ ပြောသည်။

“အင်း …” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

ထိုစဉ်မှာပင် လူတစ်စု ကောင်းကင်ထက်မှ ဆင်းသက်လာကာ ရှားရှင်းယွန်ရှေ့သို့ ရောက်လာပြီး ဦးညွှတ်ကာ ပြောသည် … “သတင်းပို့ပါတယ် … ရီဖူရှင်း ပြောတာက မင်းသမီးဟာ ဒီနေရာမှာ ရှိနေသရွေ့ တိုက်ပွဲအနိုင်ရဖို့ သေချာ ပါတယ်တဲ့။ သူကတော့ ဥဒေါင်း အင်ပါယာမြို့ရဲ့ လှုပ်ရှားမှုကို ဆက်ပြီးတော့ စောင့်ကြည့်မယ်လို့ ပြန်ပြော လိုက်ပါတယ်”

ရှားရှင်းယွန်၏ မျက်လုံးများ၌ အရောင်တစ်ချက် လင်းလက် သွားသည်။ သူမက ရီဖူရှင်းအား စိတ်ထဲမှ ပြစ်တင် ဆဲရေးလိုက်သည်။ သူက ဘာလုပ်ရန် ကြိုးစား နေသနည်း။ သူ့တွင် အစီအစဉ်တစ်ခု ရှိရင်လည်း အနည်းဆုံး သူမအား ပြောပြသင့် ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset