Switch Mode

အခန်း ( ၃၁၆ )

ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရောက်ရှိလာပြီ

ဝမ်ပေါင်လဲ့တစ်ယောက် ကျင့်ကြံခြင်းအဆင့်တက်သွားပြီးနောက် အင်္ဂါဂြိုလ်ပေါ်တွင် ကံကောင်းလာပုံပေါ်ပေသည်။ သူအဆင့်တက်သွားပြီး သုံးရက်အတွင်းမှာပင် မြူခိုးတာအိုကျောင်းတော်၏ ကျောင်းအုပ်သည် ပြည်ထောင်စုမှနေ၍ သူ၏ပြောင်းရွှေ့မိန့်ကို လက်ခံရရှိခဲ့သည်။

ကျောင်းအုပ်သည် ကမ္ဘာမြေသို့ ပြန်ရတော့မည်ဖြစ်သည်။ သူသည် ဒုပဏာမအဆင့်လေးအရာရှိအဖြစ်မှနေ၍ ပဏာမအဆင့်လေးအရာရှိအဖြစ် ရာထူးတိုးပေးခြင်းကို ခံရမည်ဖြစ်သည်။ ရာထူးတိုးမှုအပြင် သူသည် သူ၏မွေးရပ်ဇာတိတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထိုရာထူးတိုးခြင်းသည် သက်တောင့်သက်သာအနားယူနိုင်ရုံသာမဟုတ်ဘဲ သူ၏ဩဇာအာဏာကို သူ့မွေးရပ်မြေတွင် ပြသနိုင်မည့်အခွင့်အရေးလည်းဖြစ်သည်။

ထိုအစီအစဉ်သည် လသုံးစင်းမဟာမိတ်မှာ သူတို့၏လူများကို ကောင်းမွန်စွာဆက်ဆံပုံနှင့် ကျင့်သိုမင်၏စွမ်းဆောင်နိုင်စွမ်းကို ပြသနေပေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့်အပေးအယူလုပ်ပြီးနောက် နှစ်ပတ်အတွင်းမှာပင် သူ့ဘက်ကလုပ်စရာရှိသည်ကို ရအောင်လုပ်ပေးခဲ့သည်။ ဝမ်ပေါင်လဲ့ကို ရာထူးတာဝန်အသစ်ပေးအပ်လွှာသည်လည်း အင်္ဂါဂြိုလ်သို့ တချိန်တည်းလိုလိုမှာပင် ရောက်လာခဲ့သည်။

အင်္ဂါဂြိုလ်ကိုလိုနီမြို့တော်သည် ထိုကဲ့သို့ ပြည်ထောင်စုမှတိုက်ရိုက်အမိန့်များကို ပြင်ဆင်ခွင့်ရှိလေသည်။ ထိုမြို့တော်သည် အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော မြို့တော်တစ်ခုပင် မဟုတ်ပါလော။ သို့သော် အင်္ဂါဂြိုလ်သည် သူတို့၏အာဏာကို အလွယ်တကူအသုံးပြုမည်မဟုတ်ပေ။ အထူးသဖြင့် ရောက်ရှိလာသောအမိန့်သည် ဝမ်ပေါင်လဲ့ကို ပဏာမအဆင့်ငါးအရာရှိအဖြစ်မှ ဒုပဏာမအဆင့်လေးအရာရှိအဖြစ်သို့ ရာထူးတိုးပေး‌သောအမိန့်ဖြစ်လျှင် သူတို့၏အာဏာကို ပို၍ပင်အလွယ်တကူအသုံးပြုမည် မဟုတ်ချေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သူ့ကိုဒုပဏာမအဆင့်လေးအရာရှိအဖြစ် ရာထူးတိုးပေးသော အမိန့်လွှာကို အတားအဆီး၊ အနှောင့်အယှက်မရှိ ရရှိခဲ့လေသည်။ သူသည် မြူခိုးတာအိုကျောင်းတော်၏ ကျောင်းအုပ်ဖြစ်လာသည်။ အရာအားလုံးချောချောမွေ့မွေ့ ဖြစ်သွားမှုသည် လသုံးစင်းမဟာမိတ်၏ဩဇာအာဏာနှင့် နိုင်ငံရေးအဆက်အသွယ်များ မည်မျှအားကောင်းသည်ကို ဖော်ပြနေပြီး ဝမ်ပေါင်လဲ့၏ ကိုယ်ပိုင်အောင်မြင်မှုများကိုလည်း ဖော်ပြနေသည်။

လူကုံထံကျောင်းတော်နှစ်ခုအကြားမှ ပြိုင်ပွဲသည် ဝမ်ပေါင်လဲ့၏ ဆရာဟူသောဂုဏ်ပုဒ်ကို ပို၍တည်ငြိမ်လာစေပြီး သူ့ကိုအဆက်အသွယ်ကျယ်ပြန့်လာစေလေသည်။ တိမ်ပျံကျောင်းသားတပ်ပေါင်းစု၏ ဂုဏ်သတင်းသည် သူ့အတွက် ကောင်းကျိုးပေးမည့်အဆောင်တစ်ခုကဲ့သို့ပင်။ ထို့ကြောင့် သူ၏ရာထူးတိုးမှုသည် အခက်အခဲမရှိ ချေချောမွေ့မွေ့ပြီးဆုံးသွားခြင်းဖြစ်သည်။

သူသည် အသက်အငယ်ဆုံး ဒုပဏာအဆင့်လေးအရာရှိမဟုတ်သော်လည်း သူ့အသက်အရွယ်နှင့် ထိုရာထူးရသည်မှာ ပြည်ထောင်စုအတွင်း ရှားပါးပေသည်။ သူသည် သူနှင့်သက်တူရွယ်တူအများစုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ သူ၏ရာထူးတိုးမှုသည် သူ့ကို ပြည်ထောင်စုအုပ်ချုပ်ရေး၏ အဆင့်နိမ့်အရာရှိအဖြစ်မှ အလယ်အလတ်အဆင့်အရာရှိတစ်ဦးအဖြစ် ခြေတစ်လှမ်းတက်လှမ်းသွားစေလေသည်။

ထိုခြေလှမ်းသည် ကြီးကျယ်သည်ဟုမဆိုနိုင်သော်လည်း လူအများစုအတွက် ထိုသို့သောခြေလှမ်းတစ်လှမ်း လှမ်းနိုင်ရန် ဆယ်နှစ်၊ နှစ်နှစ်ဆယ်ကျော် သို့မဟုတ် ဘဝတစ်လျှောက်လုံး ကြာသွားနိုင်ပေသည်။

ဝမ်‌ပေါင်လဲ့သည် ထိုရာထူးတိုးမှုမှာ မည်သို့အဓိပ္ပာယ်ရကြောင်း သိပေသည်။ ထို့ကြောင့် သူသည် ထိုရာထူးတိုးအမိန့်ကိုရသောအခါ လွန်စွာပျော်ရွှင်ခဲ့ခြင်းပင်။ သူသည် ကျောင်းတော်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဂုဏ်ပြုစကားများကို ပျော်ပျော်ရွှင်ရွှင်လက်ခံခဲ့သည်။ ထို့ပြင် သူသည် ထိုက်ထိုက်တန်တန်ကြိုးစားသူများကို ဆုချီးမြှင့်ရန် မမေ့လျော့ခဲ့ပေ။ သူသည် လင်းတျန်ဟောက်ကို လက်ထောက်ကျောင်းအုပ်အဖြစ်ခန့်အပ်ပေးရန် အင်္ဂါဂြိုလ်အုပ်ချုပ်ရေးကို တောင်းဆိုလွှာတစ်စောင် တင်သွင်းခဲ့လေသည်။

ဝမ်ပေါင်လဲ့သည် ထိုသို့တောင်းဆိုမည်ဖြစ်ကြောင်းကို မတင်သွင်းခင် လင်းတျန်ဟောက်ကို အသိပေးခဲ့သည်။

လင်းတျန်ဟောက်သည် ထိုအကြောင်းကို ကြားသောအခါ ပျော်ရွှင်သွား၏။ သူ အင်္ဂါဂြိုလ်ပေါ်သို့ ရောက်သည်မှာ ခြောက်လမပြည့်ခင်မှာပင် ရာထူးတာဝန်နှင့်အဆင့် တိုးပေတော့မည်။ သူသည် လွန်စွာစိတ်လှုပ်ရှားနေသည်။ တစ်စုံတစ်ယောက်သည် သူ့၏ရာထူးတိုးမှုကို အနှောင့်အယှက်ပေးမည်စိုးသဖြင့် သူသည် သူ့အဖေကို အလျင်အမြန်ဆက်သွယ်ခဲ့သည်။

လင်းရုံသည် အင်္ဂါဂြိုလ်ပေါ်ရှိအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်နေ၏။ သူသည် လင်းတျန်ဟောင်ထံမှ သတင်းကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးများ တောက်ပသွားလေသည်။ သူသည် ချက်ချင်းပင် ပြင်ဆင်မှုများပြုလုပ်လိုက်၏။ လင်းတျန်ဟောက်၏ ရာထူးတိုးမှုသည် သေချာသွားပေပြီ။ သူသည် ဒုပဏာမအဆင့်ငါးအရာရှိအဖြစ်မှနေ၍ ပဏာမအဆင့်ငါးအရာရှိအဖြစ် ရာထူးတိုးသွားပြီး မြူခိုးတာအိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ဖြစ်လာလေသည်။

လင်းတျန်ဟောက်သည် သူ၏ရာထူးအဆင့်တိုးရန်အတွက် ဝမ်ပေါင်လဲ့၏ ကြိုးပမ်းပေးခဲ့မှုကို အလွန်ကျေးဇူးတင်နေ၏။ သူ ကောင်းကင်တာအိုကျောင်းတော်၌ ရှိခဲ့စဉ်က မည်မျှ မှားယွင်း၍ မည်မျှမရင့်ကျက်ခဲ့ကြောင်း သဘောပေါက်သွား၏။ သူ၏အဖေသည် မှန်ကန်ခဲ့ကြောင်း သူကောင်းစွာသိရှိသွားပေပြီ။ သူသည် ယခင်ကပင် ဝမ်ပေါင်လဲ့၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခဲ့ပြီးပြီဖြစ်ပြီး ယခုတွင် သူ့တွင် ဝမ်ပေါင်လဲ့ကိုအတွန့်တက်ရန် မည်သည့်ကိစ္စမှမရှိတော့ပေ။

“ ဒါကဘာမှမဟုတ်ပါဘူး တျန်ဟောက်… ငါနဲ့သာဆက်နေမယ်ဆိုရင် ငါ နှစ်ဝက်အတွင်းမှာ ပဏာမအဆင့်လေးအရာရှိဖြစ်လာတာ မင်းတွေ့ရမှာပါ။ အဲ့အခါကျရင် ငါမင်းကိုလည်း ဒုပဏာမအဆင့်လေးအရာရှိဖြစ်အောင် လုပ်ပေးမယ် ”
ဝမ်ပေါင်လဲ့ ရယ်မောလိုက်သည်။ သူသည် လင်းတျန်ဟောက်၏ပခုံးကိုပုတ်လိုက်ပြီး လင်းတျန်ဟောက်ကို ကျေကျေနပ်နပ်ကြည့်လိုက်သည်။ လင်းတျန်ဟောက်သည် သူ့ကိုလက်ဖက်ရည်တစ်ခွက်ငှဲ့ပေးပြီး ဆိုဖာပေါ်တွင် ဖင်တစ်ခြမ်းသာထိုင်နေလေသည်။

ဝမ်ပေါင်လဲ့သည် လင်းတျန်ဟောက်နှင့် တစ်ခဏမျှဆက်၍ စကားစမြည်ပြောလိုက်ပြီး ကျောင်း‌တော်၏ ပညာရေးကိစ္စများကို အာရုံစိုက်ထားရန် မှာကြားလိုက်သည်။ သူသည် သူလုပ်ရမည်ဖြစ်သောအလုပ်အများစုကို လင်းတျန်ဟောက်ကို ခိုင်းထားပြီး အားနေသည့်အချိန်များကို သူ့ကိုယ်သူ အခြေတည်အလယ်အလတ်အဆင့်နှင့် အကျွမ်းတဝင်ရှိနေရန် လုပ်ဆောင်၍ အသုံးချနေလေသည်။ သူသည် ခံတပ်ကိုလေ့လာခြင်းနှင့် ဆောက်လုပ်ရေးရုပ်သေးရုပ်များအား လေ့လာခြင်းတို့ကိုလည်း ကြိုးစားပမ်းစားလုပ်ဆောင်နေသည်။

အချိန်များကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့နှင့်လင်းတျန်ဟောက်တို့ ရာထူးတိုးပြီး နှစ်လကြာပြီး‌နောက် အင်္ဂါဂြိုလ်ပေါ်တွင် ဆောင်းရာသီရောက်ရှိလာပြီဖြစ်သည်။ နှင်းများကျဆင်းလာပြီး အပူချိန်လည်းလျော့ကျလာလေတော့သည်။ မြို့တော်အပြင်ဘက်ရှိ ကုန်းမြေများတွင် လူသူကင်းမဲ့လာပြီး ကျတ်တီးမြေများဖြစ်လာကြသည်။ မြို့တော်အပြင်ဘက်တွင် ပုံမှန်နေထိုင်တတ်သည့် တိုက်ခိုက်ရေးကျင့်ကြံသူများနှင့် အမဲလိုက်ကျင့်ကြံသူများသည် အစုလိုက်၊ အဖွဲ့လိုက် မြို့တော်သို့ပြန်လာကြသည်။ မြို့တော်အတွင်းရှိ အပူချိန်သည်လည်း ကျဆင်းလာသည်။ လေထုသည် လည်ပတ်နေဆဲဖြစ်သော်လည်း အသက်ရှူလိုက်လျှင် အဖြူရောင်အခိုးအငွေ့များကို မြင်လာရပြီဖြစ်သည်။

ထိုနှစ်လအတွင်း မည်သည့်ကြီးကြီးမားမားကိစ္စမှ မဖြစ်ပျက်ခဲ့ပေ။

လင်းတျန်ဟောက်သည် သူ၏အုပ်ချုပ်မှုနှင့် ကြီးကြပ်မှုအရည်အချင်းများကို ထုတ်ပြ၍ ကျောင်းတော်ကို စီမံခန့်ခွဲခဲ့သည်။ သူသည် သူ့အဖေကိုကြည့်၍ ကြီးပြင်းလာခဲ့ရသူတစ်ဦးဖြစ်သည် မဟုတ်ပါလော။ လင်းတျန်ဟောက်သည် လက်ထောက်ကျောင်းအုပ်ဖြစ်လာသောအခါ ဝမ်ပေါင်လဲ့၏ထောက်ပံ့မှုဖြင့် ဝမ်ပေါင်လဲ့လုပ်လိုသည့်အစီအစဉ်များကို အကြောက်အရွံ့ကင်းကင်းနှင့် လုပ်ဆောင်နိုင်လာလေသည်။

ကျောင်းတော်တစ်ခုလုံးသည် ပေါင်လဲ့ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို အဓိကပညာရပ်အဖြစ် သင်ကြားကြသည်။ ကျောင်းသူ၊ ကျောင်းသားများ၏ တိုက်ရည်ခိုက်ရည်များ တိုးတက်လာစေရန် များစွာကြိုးပမ်းခဲ့သည်။ တိမ်ပျံကျောင်းသားတပ်ပေါင်းစု၏အရေအတွက်သည် များပြားလာပြီး သူတို့၏ဂုဏ်သတင်းသည် တည်ငြိမ်သင်းပျံ့နေပေသည်။ ချစ်ကြည်ရေးပြိုင်ပွဲပြီးသွားကတည်းက သူတို့ကို လူထုက မေ့သွားမည်ကို စိုးရိမ်စရာမရှိတော့ပေ။

လင်းတျန်ဟောက်သည် ကျောင်းကိစ္စများနှင့် အလုပ်ရှုပ်နေစဉ်တွင် ဝမ်ပေါင်လဲ့သည်လည်း သူ့ကိစ္စများနှင့်သူ အလုပ်ရှုပ်နေပေသည်။ သူ၏ ခံတပ်ပုံစံကြမ်းရေးဆွဲမှုနှင့် ဆောက်လုပ်ရေးရုပ်‌သေးရုပ်များကိုလေ့လာမှုသည်လည်း အလျင်အမြန် ခရီးပေါက်နေ၏။ သူ၏အတွေးများရှင်းလင်းလာသောအခါ သူသည် ဆောက်လုပ်ရေးရုပ်သေးရုပ် ပထမတစ်သုတ်ကို စတင်ပြုလုပ်လိုက်သည်။ ယခုတွင် သူသည် ၎င်းတို့ကို စမ်းသပ်ရမည့်အဆင့်သို့ရောက်လာပြီဖြစ်သည်။

သို့သော် အောင်မြင်ရန် များစွာလိုသေးသည်ကို ဝမ်ပေါင်လဲ့သိပေသည်။ ဆောက်လုပ်ရေးရုပ်သေးရုပ်များနှင့် သူ၏ခံတပ်ပုံစံကြမ်းတွင် ပြဿနာများစွာရှိနေပေသေးသည်။ ၎င်းတို့ကို အပြည့်အဝအသုံးချနိုင်ရန် များစွာလိုပေသေးသည်။ အဆင်ပြေပြေသုံးနိုင်မည့် ရုပ်သေးရုပ်ကို အဆင့်သင့်ဖြစ်အောင်လုပ်ကာ အမြောက်အမြားထုတ်လုပ်နိုင်ရန်အတွက် သူ အဆင့်မြှင့်တင်မှုများစွာ လုပ်ရဦးမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် အချိန်လိုအပ်ခြင်းကို မစိုးရိမ်ပေ။ သူဆက်၍ လေ့လာနေစဉ်တွင် လင်းတျန်ဟောက်သည် ပုံမှန်အစီအရင်ခံစာတင်ပြီး အခြားဆရာ၊ဆရာမများ၏ အစီအရင်ခံစာများကိုလည်း ယူလာပေးကာ ကျောင်းတွင်း၌ဖြစ်ပျက်နေသော အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်သာရှိကြောင်း အာမခံလေသည်။

ဝမ်ပေါင်လဲ့သည် ကျောင်းတော်ကို ဂုဏ်ပြောင်စေကာ ဆန်းသစ်စေခဲ့သည်။ ပြီးခဲ့သောလအနည်းငယ်အတွင်း၌ အခြားကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများသည် မြူခိုးတာအိုကျောင်းတော်၏ ဂုဏ်သတင်းကိုကြားခဲ့သဖြင့် မြူခိုးတာအိုကျောင်းတော်သို့ ရွှေ့ပြောင်းနိုင်ရန် တောင်းဆိုခဲ့သည်။ သူတို့၏ကျောင်းသူ၊ ကျောင်းသားဦးရေသည် တိုးပွားလာပြီး သူ၏ရာထူးနေရာသည် အခြားသူနှင့်အစားထိုး၍မရနိုင်လောက်အောင် ဖြစ်လာသည်။ သူသည် ကျောင်းတော်ကို ထောက်ကန်ပေးနေသော ပြယုဂ်တစ်ခုဖြစ်လာလေသည်။

သို့သော် ကျောင်းသူ၊ ကျောင်းသားဦးရေ တိုးပွားလာသဖြင့် လက်ရှိ ဆရာ၊ဆရာမအရေအတွက်သည် ထိုတိုးပွားလာသော ကျောင်းသူ၊ ကျောင်းသားများကို သင်ကြားရန် မလုံလောက်တော့ချေ။ ထို့ကြောင့် သူတို့သည် ဆရာ၊ ဆရာမအသစ်များစွာကို ထပ်မံခန့်အပ်ခဲ့ရသည်။ ဝမ်ပေါင်လဲ့၏ရုံးခန်း၌ပင် ဝန်ထမ်းသုံးဦးရှိလေသည်။ ဟန်ဆောင်မူပိုသောမျက်ဝန်းများရှိသည့် အိမ်ထောင်ရှင်အမျိုးသမီးအပြင် နောက်ထပ် လှပသောဝန်ထမ်းနှစ်ယောက်ရှိလေသည်။

ဝမ်ပေါင်လဲ့သည် လွန်စွာကျေနပ်နေသည်။ အသစ်နှစ်ဦးသည်လည်း သူ့ကို ညှို့မျက်ဝန်းများဖြင့်ကြည့်ကာ ဆွဲဆောင်ရန် ကြိုးစားနေပေသည်။

လက်ရှိတွင် ဝမ်ပေါင်လဲ့၏ရုံးခန်းအတွင်း၌ ဝန်ထမ်းအသစ်နှစ်ဦးသည် ဝမ်ပေါင်လဲ့ကို လက်ဖက်ရည်ယူလာပေးကာ ပြုံးပြလိုက်သည်။ ဝမ်ပေါင်လဲ့ ချောင်းဟန့်လိုက်၏။ သူသည် ထိုနှစ်ယောက်ကို ထိုင်ရန်ပြောကာ အလုပ်လုပ်ရ အဆင်ပြေသလားမေးရန် ဟန်ပြင်လိုက်စဉ်မှာပင် လင်းတျန်ဟောက်ရောက်ရှိလာသည်။
“ ကျောင်းအုပ်… ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေက အဆင်မပြေဘူး။ ကျွန်တော်တို့မှာ ဆရာ၊ ဆရာမတွေ မလုံလောက်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ ပိုလိုအပ်နေတယ် ”

“ တိမ်ပျံကျောင်းသားတပ်ပေါင်းစုနဲ့ ပြည်ထောင်စုက တာအိုကျောင်းတော်ကြီးလေးကျောင်းရဲ့ အဆင့်နိမ့်ကျွန်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ချစ်ကြည်နေရေးပြိုင်ပွဲလေးတစ်ခုလုပ်ဖို့ ကျွန်တော်စဉ်းစားနေပါတယ်။ အဲဒါက တိမ်ပျံကျောင်းသားတပ်ပေါင်းစုရဲ့ လက်ရှိကျော်ကြားမှုနဲ့ ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါပဲ… ”
လင်းတျန်ဟောက်သည် ရောက်ရောက်ချင်းပင် သူ၏လက်ရှိအလုပ်များကို အစီရင်ခံလိုက်သည်။ ဝမ်ပေါင်လဲ့သည် သူ့အလုပ်များကို ထိုကဲ့သို့ စိတ်ပါလက်ပါ တက်တက်ကြွကြွလုပ်ပေးနေသော လင်းတျန်ဟောက်ကို လွန်စွာကျေနပ်သွားသည်။ သူသည် ထိုချစ်ကြည်ရေးပြိုင်ပွဲကို လက်ခံလိုက်ပြီး ဆရာ၊ ဆရာမများ ပိုခန့်အပ်ရန် စတင်တွေးတောလိုက်သည်။

သူတို့တွင် ကျောင်းသူ၊ ကျောင်းသား အများအပြားရှိပြီး ဆရာ၊ ဆရာမ မလုံမလောက်ဖြစ်နေသည်။ အသစ်ခန့်အပ်ထားသော ဆရာ၊ ဆရာမများသည် နောက်ကြောင်းရာဇဝင်စစ်ဆေးမှုကို ခံရပြီး သူတို့၏ကျောထောက်နောက်ခံနှင့် ဇစ်မြစ်တို့ကို အတည်ပြုခြင်းခံရပေသည်။ ထိုကျောင်းတော်သည် လူကုံထံကျောင်းတော်မဟုတ်ပေလော။ ကျောင်းတော်တွင် လုံခြုံရေးနှင့်ပတ်သတ်သည့် ပြဿနာတစ်စုံတစ်ခုမှ အဖြစ်မခံနိုင်ပေ။

သူတို့နှစ်ဦး ထိုကိစ္စကို ဆွေးနွေးနေစဉ်တွင် အချက်ပေးခေါင်းလောင်းသံ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။ ထိုအသံများသည် လွန်စွာကျယ်လောင်ပေသည်။ သူတို့သည် ပြတင်းပေါက်မှနေ၍ အနက်ရောင်သင်္ဘောပျံတစ်ဒါဇင်သည် မြူခိုးတာအိုကျောင်းတော်သို့ ဦးတည်ပျံသန်းလာသည်ကို တွေ့နိုင်လေသည်။

သင်္ဘောပျံများ‌ရောက်လာသောအခါ မြူခိုးတာအိုကျောင်းတော်ရှိ ဝိညာဉ်ကျောက်တုံးနှင့်ပတ်သက်သော စက်ကိရိယာများသည် ယာယီရပ်တန့်သွားကာ ဆက်အလုပ်မလုပ်ကြတော့ပေ။ သင်္ဘောပျံများမှနေ၍ စွမ်းအင်များ ရုတ်တရက်ထွက်ပေါ်လာပြီး ကျောင်းတော်အတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရာအဆောင်ကို လွှမ်းခြုံဖုံးအုပ်သွားလေသည်။

“ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ”
လင်းတျန်ဟောက်၏မျက်နှာပေါ်တွင် စိုးရိမ်မှုအရိပ်အယောင်များ ပေါ်လာသည်။ သူ အလျင်အမြန်ထရပ်လိုက်သည်။ ဝမ်ပေါင်လဲ့သည်လည်း မျက်မှောင်ကြုတ်၍ ထရပ်လိုက်ကာ ပြတင်းပေါက်နားသို့သွား၍ အထူးတည်ဆောက်ထားသော ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ သင်္ဘောပျံများ သူတို့ကျောင်းဆီသို့ လျင်မြန်သောအရှိန်ဖြင့်လာနေကာ ဆရာ၊ ဆရာမများနေထိုင်ရာအဆောင်ကို ချိပ်ပိတ်လိုက်သည်ကို ကြည့်နေလေသည်။ အနက်ရောင်တူညီဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ဒါဇင်ခန့်သည် သင်္ဘောပျံများမှနေ၍ ထွက်လာပြီး အဆောင်အတွင်းသို့ ခပ်သွက်သွက်ဝင်သွားကြသည်။

ထိုအနက်ရောင်တူညီဝတ်စုံများနှင့် လူများ၏နောက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်လာ၏။ ထိုနှစ်ဦးထဲတွင် အမျိုးသမီး၏ရာထူးအဆင့်က ပိုမြင့်ကြောင်းထင်ရှားပေသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် အခြေတည်အထွတ်အထိပ်အဆင့်ဖြစ်ပြီး သူမသည်ရပ်နေရင်းဖြင့်ပင် ပေါက်ကွဲတော့မည့်မီးတောင်တစ်ခုကဲ့သို့ အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။ သူမ၏အရှိန်အဝါသည် လွန်စွာအားကောင်းပေသည်။ သူမသည် တူညီဝတ်စုံကိုဝတ်ဆင်ထားသော်လည်း သူမ၏ စွဲမက်ဖွယ်ကိုယ်လုံးကိုယ်ပေါက်ကြောင့် တူညီဝတ်စုံသည် ရှိရင်းစွဲထက်အတန်ငယ်သေးသယောင်ထင်ရလေသည်။

သူမတွင် ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့်ခန္ဓာကိုယ်ရှိပြီး ရှည်းလျားသောအနီရောင်ဆံနွယ်များရှိကာ ပြာလဲ့လဲ့မျက်လုံးများလည်း ရှိလေသည်။ ၎င်းတို့ကြောင့် သူမသည် ရင့်ကျက်သောဆွဲဆောင်မှုရှိပုံပေါ်နေလေသည်။

သူမသည် မှည့်ဝင်းနေသောမက်မွန်သီးတစ်လုံးကဲ့သို့ပင်။ သူမသည် ယောက်ျားများကို နှလုံးခုန်မြန်လာစေလေသည်။ ထိုကဲ့သို့အလှအပများရှိသော်လည်း သူမ၏မျက်နှာထားသည် အေးစက်ကာ ခံစားချက်များမရှိပေ။ သူမ၏မျက်ဝန်းအကြည့်များသည်ပင် ရေခဲတမျှအေးစက်ပေသည်။

ထိုကဲ့သို့ မီးနှင့်ရေခဲတွဲစပ်မှုသည် ထိုအမျိုးသမီးကို ဓားသွားထက်ကပျားရည်စက်ကဲ့သို့ ဆွဲဆောင်မှုရှိနေစေခြင်းပင်။

ဝမ်ပေါင်လဲ့သည် မိန်းမလှလေးများစွာကို မြင်ခဲ့ဖူးသည်။ သို့သော် သူသည် ထိုအမျိုးသမီး၏အလှကြောင့် တဒင်္ဂမျှ မှင်တက်သွားသည်။

သူမဘေးရှိ အမျိုးသားသည် သူမ၏လက်အောက်ငယ်သားဖြစ်ကြောင်း ထင်ရှားလေသည်။ ဝမ်ပေါင်လဲ့သည် သူ့ကိုသိ၏။ ထိုမျက်နှာကို ရင်းနှီးနေပေသည်။ ထိုလူကား ကျိုးရိရှန်ပင်။

ထိုအတွေးများအားလုံးသည် အသက်တစ်ဒါဇင်ရှိုက်စာအတွင်း ပေါ်လာခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့၏အကြည့်များ ကျိုးရိရှန်ပေါ်သို့ ကျရောက်သွားသောအခါ အစောက ဆရာ၊ ဆရာမများနေထိုင်ရာအဆောင်အတွင်းသို့ ဝင်သွားသော အနက်ရောင်တူညီဝတ်စုံနှင့်လူများသည် သက်လတ်ပိုင်းအရွယ်ဆရာတစ်ယောက်ကို ဆွဲထုတ်လာလေသည်။ သူတို့သည် ထိုဆရာကို ကျိုးရိရှန်ထံသို့ ခေါ်ဆောင်သွား၏။ ကျိုးရိရှန်သည် ဝမ်ပေါင်လဲ့၏အကြည့်များ သူ့အပေါ်ကျရောက်နေသည်ကို အာရုံခံနိုင်ပေသည်။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ကို ပြန်၍ အေးစက်စက်ကြည့်လိုက်လေသည်။ ထို့နောက် သူသည် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေသည့် အဖမ်းခံထားရသော သက်လတ်ပိုင်းအရွယ်ဆရာကိုကြည့်ကာ ပြောလိုက်သည်။
“ သူ့ကို ခေါ်သွားကြ ”

ဝမ်ပေါင်လဲ့သည် ကျိုးရိရှန်က သူ့ကိုပမာမခန့်ပြု၍ သူ့ကျောင်း‌တော်မှဆရာတစ်ဦးကို သူ့ကိုကြိုတင်အသိမပေးဘဲ ဖမ်းခေါ်သွားသည်ကို ကြည့်နေလေသည်။ သူ၏မျက်နှာကား မည်းမှောင်သွားချေပြီ။ ထိုအဖွဲ့သည် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်သော်လည်း သူတို့၏လုပ်ပုံမှာ သူ၏လုပ်ပိုင်ခွင့်အာဏာကို လုံးလုံးလျစ်လျူရှုထားသကဲ့သို့ဖြစ်နေလေသည်။

ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်၏။ သူလှောင်ပြုံး ပြုံးလိုက်ပြီး ရုတ်ခြည်းပင် အပြင်သို့ပျံထွက်သွားလိုက်သည်။ လင်းတျန်ဟောက်သည် တစ်စုံတစ်ခုပြောလိုနေသော်လည်း သူနောက်ကျသွားခဲ့ပေပြီ။ သူအလျင်အမြန်နောက်မှ လိုက်သွားလိုက်သည်။ သို့သော် ထိုအခိုက်တွင် ဝမ်ပေါင်လဲ့၏အသံသည် ပရိဝုဏ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီဖြစ်သည်။
“ ဒီငါ့ရဲ့မြူခိုးတာအိုကျောင်းတော်မှာ အသက်ရှိတဲ့သူတွေ မရှိတော့ဘူးလား။ ငါ့ရဲ့ ဆရာ၊ဆရာမတွေ … ကျောင်းသူ၊ ကျောင်းသားတွေ အကုန်လုံး မင်းတို့ရဲ့ကျင့်ကြံခြင်းအစွမ်းတွေကို ထုတ်ပြလိုက်ကြ။ ငါတို့ရဲ့ ကျောင်းတော်က ဝင်ချင်တိုင်းဝင်၊ ကျူးကျော်ချင်တိုင်းကျူးကျော်လို့ရတဲ့နေရာမဟုတ်ဘူးဆိုတာကို တခြားသူတွေသိသွားအောင် ပြလိုက်ကြ ”

Comment

Leave a Reply

Options

not work with dark mode
Reset