ဝမ်ပေါင်လဲ့သည် ကျင့်သိုမင်ပြောသည်ကို ကြားသောအခါ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူတောင်းဆိုသောအရာမှာ မဖြစ်နိုင်သောအရာဖြစ်သည်။ ကျင့်သိုမင်သည် သူ့ကို နဝမအဆင့်ဓမ္မလက်နက်တစ်ခုကို အမှန်တကယ်ပေးလိမ့်မည်ဟု သူမယုံပေ။
“ မင်း ဒီကိစ္စကို အလေးအနက်ထားလို့မရဘူးလား ဝမ်ပေါင်လဲ့… ငါက အတည်ပြောနေတာ ”
ကျင့်သိုမင် သက်ပြင်းချလိုက်သည်။ သူသည် သူ၏ခံတပ်နှင့် အဖွင့်စကားတို့ဖြင့် ခမ်းခမ်းနားနားစတင်ခဲ့ပြီးဖြစ်သည်။ အရာအားလုံးသည် သူ၏အစမတန်ချမ်းသာမှုကို ဖော်ပြနေသည်။ သို့သော် သူဖန်တီးထားသော အခြေအနေသည် ဝမ်ပေါင်လဲ့၏ရိုးရှင်းသောမေးခွန်းတစ်ခုကြောင့် တစ်ပိုင်းတစ်စပျောက်ကွယ်သွားပေပြီ။
“ ကောင်းပြီ။ ငါပိုပြီး အလေးအနက်ထားပါမယ်။ တာအိုရောင်ရင်းကျင့် အဋ္ဌမအဆင့်ဓမ္မလက်နက်ဆိုရင်ရော ဘယ်လိုလဲ။ ငါ ဝမ်ပေါင်လဲ့ လီယီကို လက်လျှော့လိုက်မယ်လို့ ကျိန်ဆိုတယ်။ လီယီက ငါ့ကိုဘယ်လောက်ပဲ အရူးအမူးချစ်နေနေ ငါသူ့ကို မသနားဘဲ ငြင်းပစ်မယ်။ သူငါ့ကို လုံးဝလက်လျှော့သွားအောင် သူ့ကိုရိုက်နှက်ပစ်တာမျိုးအထိတောင် လုပ်ပေးမယ်… ”
ဝမ်ပေါင်လဲ့ ရင်ကော့လိုက်သည်။ သူ ထိုသို့မဏ္ဍပ်တိုင်တက်ပြနေစဉ်တွင် သူသည် ကျင့်သိုမင်ကို မျှော်လင့်တကြီးမျက်လုံးများဖြင့် ကြည့်နေလေသည်။ အကယ်၍ သူတို့သာ ထိုအပေးအယူကို သဘောတူညီမှုရခဲ့ပါက သူသည် နောက်ပိုင်းကိစ္စများအားလုံးကို တာဝန်ယူပေးရန် ပြင်ဆင်ထားပုံရလေသည်။
ကျင့်သိုမင် ခေါင်းကိုက်သွား၏။ သူသည် ဝမ်ပေါင်လဲ့၏တုံ့ပြန်မှုကို မမျှော်လင့်ထားပေ။ ဝမ်ပေါင်လဲ့သည် သူနှင့်ညှိနှိုင်းနေရခြင်းကို လွန်စွာစိတ်လှုပ်ရှားနေပုံပေါ်လေသည်။ ယုတ္တိကျကျပြောရမည်ဆိုလျှင် သူသည် သူ၏စိတ်အားထက်သန်မှုကိုလျှို့ဝှက်၍ အင်တင်တင်လုပ်နေရမည်မဟုတ်ပါလော။ ထိုမှသာ ကျင့်သိုမင်သည် လျှောချသွားပြီး နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် အပေးအယူတစ်ခုကို လုပ်နိုင်မည်မဟုတ်ပေလော။
“ ဝမ်ပေါင်လဲ့… မင်းက ဒီကိစ္စကိုဆက်ပြောဖို့ကို စိတ်မဝင်စားတာလား။ မင်းက တကယ်ပဲ လီယီအတွက် ငါနဲ့ယှဉ်ချင်နေတာလား ”
ကျင့်သိုမင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
“ တာအိုရောင်းရင်ကျင့်… မင်းက ကပ်စေးနှဲနေတာပဲ။ လီယီက တော်တော်လေးလှတဲ့ မိန်းကလေးပါ။ သူရဲ့ မျက်နှာကလည်းလှတယ်။ ခန္ဓာကိုယ်ကလည်းလှတယ်။ သူက နဝမအဆင့်ဓမ္မလက်နက်တစ်ခုလောက်အထိ မတန်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အဋ္ဌမအဆင့်ဓမ္မလက်နက်တစ်ခုလောက်အထိတော့ တန်သင့်တယ်မလား။ ကောင်းပြီ..ကောင်းပြီ… သတ္တမအဆင့်ဓမ္မလက်နက်ဆိုရင်ရော။ အဲဒါကတော့ အဆင်ပြေတယ်မလား… ”
ဝမ်ပေါင်လဲ့ သက်ပြင်းချလိုက်သည်။ သူသည် အပေးအယူ၏အရှုံးဘက်သို့ ရောက်နေသည်ဟု ခံစားနေရ၏။
“ ဝမ်ပေါင်လဲ့… မင်းက ငါ့ကိုအရူးလို့ထင်နေတာလား။ သတ္တမအဆင့်ဓမ္မလက်နက်ဟုတ်လား… ငါသာ သူ့ကို အခုချက်ချင်း သတ္တမအဆင့်ဓမ္မလက်နက်ကို ပေးလိုက်မယ်ဆိုရင် သူက ငါ့ရည်းစားလုပ်ဖို့ ချက်ချင်းသဘောတူသွားမယ်ဆိုတာ မင်းမယုံဘူးလား ”
ကျင့်သိုမင် မျက်ခုံးပင့်လိုက်သည်။ သူ့ရင်ထဲတွင် မချင့်မရဲဖြစ်လာရာ ဝမ်ပေါင်လဲ့ကို မကျေမနပ်ကြည့်လိုက်သည်။ သူသည် လီယီကိုပိုးပန်းနေသော်လည်း သူမသည် သတ္တမအဆင့်ဓမ္မလက်နက်တစ်ခုလောက်အထိ တန်သည်ဟု သူ မထင်ပေ။
ထိုကိစ္စသည် သူ လကမ္ဘာပေါ်တွင်ကြုံခဲ့ရသည့်ကိစ္စနှင့် လုံးဝကွာခြားသည်မဟုတ်ပေလော။ ထိုစဉ်က သူသည် တစ်စုံတစ်ယောက်နှင့် အလောင်းအစားပြုလုပ်ထားပြီး အကျိုးအပဲ့တစ်ခုလိုအပ်နေသည့် အချိန်ဖြစ်ခဲ့သည်။ သူ့ပန်းတိုင်ကိုရောက်ရန် အကျိုးအပဲ့တစ်ခုသာလိုတော့ခြင်းဖြစ်ပြီး အကျိုးအပဲ့တစ်ခုသာရခဲ့ပါက သူသည် အလောင်းအစားကို အနိုင်ရသွားမည့်အခြေအနေဖြစ်ခဲ့သည်။ ထိုအခြေအနေနှင့် လက်ရှိပိုးပန်းမှုသည် လုံးဝကွဲပြားသော ကိစ္စနှစ်ခုဖြစ်သည်။
သူသည် သူ၏စံနှုန်းကို မည်သို့သတ်မှတ်ထားသည်ကို မည်သူမှမသိပေ။ သို့သော် သူသည် သတ္တမအဆင့်ဓမ္မလက်နက်တစ်ခုဖြင့် အပေးအယူလုပ်ခဲ့ပါက သူ့ဘက်ကရှုံးသည်ဟု ခံစားနေရလေသည်။
ဝမ်ပေါင်လဲ့သည် ကျင့်သိုမင်ပြောသည်ကို ကြားသောအခါ တစ်ခဏမျှတွေးတောလိုက်သည်။ သူသည် ကျင့်သိုမင်ပြောသည်ကို သဘောတူပုံရပြီး ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းကိုပင် အတန်ငယ်အားနာမိသွားလေသည်။ သူသက်ပြင်းချလိုက်သည်။
“ မင်းပြောတာ အဓိပ္ပာယ်ရှိပတယ်။ အဲ့လောက်မတန်ပါဘူး… ဒီလိုဆိုရင်ရော ဘယ်လိုလဲ.. ငါမင်းအခက်တွေ့အောင်မလုပ်ဘူး.. ဒါပေမဲ့ ငါရာထူးတိုးချင်တယ်။ မင်း ငါ့အတွက် အဲဒါကိုလုပ်ပေးနိုင်မလား ”
ကျင့်သိုမင် စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်သည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ဓမ္မလက်နက်ကို အတင်းတောင်းဆိုနေပါက သူသည် လီယီကို လက်လျှော့လိုက်မည်ဖြစ်သည်။ သူ ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။
“ မြူခိုးတာအိုကျောင်းရဲ့ ကျောင်းအုပ်က အိုနေပါပြီ။ သူက အနားယူပြီး ကမ္ဘာမြေကိုပြန်သင့်နေပြီ ”
“ ကျောင်းအုပ်က သူ့ရဲ့ငယ်ရွယ်တဲ့အချိန်တွေကို မြူခိုးတာအိုကျောင်းအတွက် ပေးဆပ်ခဲ့တာပဲ။ သူတာဝန်ထမ်းဆောင်နေတုန်း အင်္ဂါဂြိုလ်နဲ့ပြည်ထောင်စုရဲ့ ထောက်တိုင်တွေဖြစ်လာမယ့် ပါရမီတော်တော်များများကို ပျိုးထောင်ပေးခဲ့တာ ”
ဝမ်ပေါင်လဲ့သည် ကျင့်သိုမင်ကို ချက်ချင်းသတိပေးလိုက်သည်။
ကျင့်သိုမင်သည် အံ့ဩတကြီး ဝမ်ပေါင်လဲ့ကို ငေးကြည့်လိုက်သည်။ အစောက သူပြောခဲ့သောစကား၏အဓိပ္ပာယ်မှာ သူ့မိသားစု၏အဆက်အသွယ်များကို အသုံးချ၍ မြူခိုးတာအိုကျောင်း၏ကျောင်းအုပ်ကို အခြားကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့သွားရအောင် လုပ်လိုက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ကို ကျောင်းအုပ်ရာထူးရအောင် လုပ်ပေးလိုက်မည်ဖြစ်သည်။ မူလကျောင်းအုပ် မည်သို့ဖြစ်သွားမည်ကို သူထည့်မတွက်ခဲ့ပေ။ သူသည် ဝမ်ပေါင်လဲ့၏သဘောထားကို တစ်ခဏမျှ ထည့်သွင်းစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ ကျောင်းအုပ်အိုကြီးက သူ့အသက်အရွယ်အရဆိုရင် ခန္ဓာကိုယ်ပိုင်းလည်း သန်စွမ်းသေးပြီး ဦးနှောက်ပိုင်းလည်း ထက်မြက်သေးတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ သူက ကျောင်းကိုအများကြီး အကျိုးပြုခဲ့တယ်။ သူ ကမ္ဘာမြေကို ပြောင်းရွှေ့ပြီးရင် သူတာဝန်ထမ်းဆောင်ရမယ့် အရေးကြီးတဲ့ရုံးတစ်ရုံး သေချာပေါက်ရှိနေမှာပါ ”
ဝမ်ပေါင်လဲ့ ကျေနပ်သွား၏။ ကျင့်သိုမင်လည်း ကျေနပ်သွား၏။ သူတို့သည် တစ်ဦးကိုတစ်ဦးစိုက်ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။ သူတို့အကြားရှိ တင်းမာမှုများ ပျောက်ကွယ်သွားပေပြီ။ သူတို့သည် တစ်ခဏမျှပင် အေးအေးဆေးဆေး စကားစမြည်ပြောလိုက်သေးသည်။ ကျင့်သိုမင်သည် သူတို့အတွက် အရက်ယူလာပေးရန် တစ်ယောက်ကို ခိုင်းလိုက်၏။ သူတို့နှစ်ဦးသည် ထိုင်ချကာ မိတ်ဟောင်းဆွေဟောင်းများသဖွယ် စတင်စကားစမြည်ပြောခဲ့လေသည်။ ဝမ်ပေါင်လဲ့သည် ပြန်မသွားခင် သူ့ရင်ဘတ်ကိုသူပုတ်လိုက်သည်။
“ ကျင့်ကြီး… မပူပါနဲ့… ငါ ဝမ်ပေါင်လဲ့က အရမ်းရုပ်ချောတာပဲ… ငါကဘာလို့ လီယီကိုပြန်ကြိုက်ပြီး မင်းမပျော်မရွှင်ဖြစ်အောင်လုပ်ရမှာလဲ။ ငါက အဲ့လိုလူမျိုးမို့လို့လား ”
“ ငါ ဝန်ခံပါတယ်… လီယီက ငါ့ကိုကြိုက်နေတာ.. ဒါပေမဲ့ ငါ့ သူငယ်ချင်းအတွက်ဆိုရင် ဘာမဆိုစွန့်လွှတ်ရဲတယ်ကွ။ မင်းဘာမှ စိုးရိမ်စရာမလိုပါဘူး ”
“ ကောင်းပြီ။ ငါ သူ့ကို အခုချက်ချင်း အသံပို့လိုက်မယ် ”
ဝမ်ပေါင်လဲ့ သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး သူ၏အသံလွှင့်လက်စွပ်ကို ထုတ်လိုက်သည်။ သူသည် ကျင့်သိုမင်ရှေ့မှာပင် လီယီထံသို့ အသံလွှင့်လိုက်သည်။
“ လီယီ… ငါတို့က မဖြစ်နိုင်ပါဘူး။ မင်းဘေးမှာ အမြဲတမ်းရှိနေခဲ့တဲ့လူကိုပဲ မင်းတန်ဖိုးထားနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါတို့ရဲ့ ပျော်ရွှင်မှုကို တခြားနေရာမှာပဲ ရှာကြတာပေါ့ ”
ဝမ်ပေါင်လဲ့သည် လီယီပြန်ပြောသည်ကိုမစောင့်ဘဲ အသံလွှင့်မှုကို ရပ်တန့်လိုက်လေသည်။ သူသည် အသံလွှင့်လက်စွပ်မှ အကြည့်ခွာ၍ ကျင့်သိုမင်ကို ကြည့်လိုက်သည်။ ကျင့်သိုမင်၏ရင်ထဲတွင် ခံစားချက်များနှင့် ပြည့်နှက်နေသည်။ သူ ဝမ်ပေါင်လဲ့ကိုကြည့်လေလေ၊ ဝမ်ပေါင်လဲ့သည် သူငယ်ချင်းအစစ်အမှန်တစ်ဦးဖြစ်ကြောင်း သူခံစားလာရလေလေပင်။
“ ပေါင်လဲ့… ငါနည်းနည်း မဆင်မခြင်လုပ်လိုက်မိတယ်။ မင်း သူ့ကိုတကယ်ကြိုက်တယ်ဆိုရင် ငါသူ့ကို လက်လျှော့လိုက်ပါမယ် ”
“ ကျင့်ကြီး… အဲ့လိုမပြောပါနဲ့။ ငါ ဝမ်ပေါင်လဲ့က သူငယ်ချင်းအတွက်ဆိုရင် ဘာမဆိုလုပ်မယ့်ကောင်ပါကွ ”
ဝမ်ပေါင်လဲ့ လန့်နေ၏။ သူသည် လီယီကို သူ့ဘေးမှတွန်းထုတ်နိုင်လိုက်သလို ထိုမှနေ၍ အကျိုးကျေးဇူးရအောင် မည်သို့ခက်ခက်ခဲခဲလုပ်ထားရသည်ကို တွေးမိနေသည်။ အကယ်၍ ကျင့်သိုမင်သာ ထိုကိစ္စကိုလက်လျှော့လိုက်လျှင် သူဒုက္ခခံခဲ့ရသည်များသည် အလကားဖြစ်မသွားပေလော။ သူသည် ဖြောင့်မတ်ဟန်ဖြင့် ရင်ဘတ်ကိုထပ်မံပုတ်လိုက်ပြီး နောက်လှည့်ကာ ထွက်သွားလေတော့သည်။
ကျင့်သိုမင်သည် ခံတပ်ပေါ်တွင်ရပ်ကာ ဝမ်ပေါင်လဲ့ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ သူသည် အမှန်ပင် ရင်ထဲထိသွားပြီး ရင်ထဲတွင် ခံစားချက်များဖြင့်ပြည့်နေပေသည်။ သူသက်ပြင်းချလိုက်၏။
“ ငါပြောတဲ့ သူငယ်ချင်းကောင်းဆိုတာ ဒါပေါ့ကွာ ”
သူပြောလိုက်သည်။ ထို့နောက် သူသည် ခံတပ်ကို မြူခိုးတာအိုကျောင်းတော်မှ ထွက်ခွာစေလိုက်ကာ မီးဝိညာဉ်ကျောင်းတော်သို့ ဦးတည်သွားလိုက်လေသည်။
သူခံတပ်အတွင်းသို့ ပြန်ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာပေါ်ရှိ ခံစားချက်များ ပျောက်ကွယ်သွား၏။ ထိုခံစားချက်များနေရာတွင် လေးနက်မှုများ ဝင်ရောက်လာသည်။
‘ ဒီဝမ်ပေါင်လဲ့က တော်တော်လေး ဉာဏ်နီဉာဏ်နက်များတာပဲ။ သူက ပြုံးရွှင်ဖော်ရွေတတ်တဲ့ပုံစံလို့ထင်ရပေမယ့် သူငယ်ချင်းမဟုတ်ဘဲ ရန်သူဖြစ်သွားပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ချက်ချင်း မျက်နှာကို မညှာမတာ ဓားနဲ့ထိုးမယ့်လူစားမျိုးပဲ။ သူက အန္တရာယ်များတဲ့သူပဲ။ သူက အဲဒီလောက်အန္တရာယ်များရင် အဘိုးကြီးက ငါ့ကိုဘာလို့ သူနဲ့မိတ်ဆွေဖွဲ့ခိုင်းရတာလဲ။ သူ့ကို ငါကူညီနိုင်ရင် ကူညီဖို့ ဘာလို့ညွှန်ကြားထားရတာလဲ။ ကြည့်ရတာ … ဒါက ငါအင်္ဂါဂြိုလ်ကို လာရတဲ့အကြောင်းနဲ့ ဆက်စပ်နေမယ်ထင်တယ် ’
ကျင့်သိုမင် အတွေးနက်နေ၏။ သူအင်္ဂါဂြိုလ်ပေါ်သို့လာခဲ့ခြင်းမှာ လီယီကိုပိုးပန်းရန်အတွက်သာဟု ထင်ရသော်လည်း သူ့တွင် ပို၍အရေးကြီးသောလုပ်စရာတစ်ခုရှိလေသည်။
တချိန်တည်းမှာပဲ ကျင့်သိုမင်ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့သည် သူ့အဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။ သူ့မျက်နှာပေါ်ရှိအပြုံး ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ စတင်တွေးတောလိုက်သည်။
‘ ဒီကျင့်သိုမင်က တော်တော်လေး သရုပ်ဆောင်ကောင်းတာပဲ။ သူက ငတုံးမဟုတ်ဘူး… ငါ့ရဲ့အလိမ်အညာတွေကို သူ မသိသွားဘူးဆိုတာ ငါမယုံဘူး။ ဒါပေမဲ့ သူကအလိမ်အညာတွေကို ယုံကြည်နေတဲ့ပုံစံ သရုပ်ဆောင်နေသေးတယ်။ နောက်ဆုံးတော့ ငါရာထူးတိုးတာ အဖက်တင်သွားတာပေါ့ကွာ… ’
ဝမ်ပေါင်လဲ့ တစ်ခဏမျှတွေးတောလိုက်ပြီး ရယ်လိုက်သည်။ သူသည် ထိုကိစ္စကိုဘေးဖယ်ထားလိုက်ပြီး သူ၏အခန်းအောင်းခြင်းကို ဆက်လက်လုပ်ဆောင်လိုက်သည်။ သို့သော် သူသည် ကျင့်သိုမင်၏ခံတပ်ကို တွေးမိသွားသည်။
ဝမ်ပေါင်လဲ့အင်္ဂါဂြိုလ်ပေါ်ရောက်သည့်ချိန်မှစ၍ ကျင့်သိုမင်၏ခံတပ်သည် သူ့ကို အထင်ကြီးသွားစေဆုံးအရာဖြစ်သည်။ ၎င်းသည် အမြင်ခမ်းနားရုံသာမက စွမ်းအားကြီးသော တိုက်ခိုက်ရေးစွမ်းရည်များလည်းရှိပေသည်။
သူသည် အစောက ခံတပ်အတွင်းပိုင်းသို့ ဝင်သွားခြင်းမဟုတ်သော်လည်း ၎င်း၏အားကောင်းသည့်အရှိန်အဝါကို အာရုံခံမိခဲ့လေသည်။ ၎င်းသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကိုပင် ယှဉ်နိုင်သည့်အစွမ်းရှိနိုင်ပေသည်။ ထိုခံတပ်သည် ဓမ္မအဆောင်တစ်ခုကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။
‘ ငါ့မှာသာ အဲ့လိုဟာမျိုးရှိရင် ဧရာမသစ်ပင်နဲ့ရင်ဆိုင်ရတဲ့အခါ အခုလိုကူရာကယ်ရာမဲ့နေမှာမဟုတ်ဘူး။ ငါ့မှာ ပြန်တိုက်နိုင်မယ့်အခွင့်အရေးတော့ ရှိလာမှာပဲ ’
ဝမ်ပေါင်လဲ့၏မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဓမ္မလက်နက်အဆောင်မှလူတစ်ဦးဖြစ်ကြောင်း အမှတ်ရသွားသည်။ သူသည် ကောင်းကင်တာအိုကျောင်းတော်သို့ ရောက်ကတည်းက အဆောင်များကို ပြုလုပ်လာခဲ့သူ မဟုတ်ပေလော။ အတန်ငယ်အားစိုက်၍ တွေးတောလုပ်ဆောင်လိုက်လျှင် ခံတပ်တစ်ခုကိုတည်ဆောက်ရန် သူ့အတွက် မဖြစ်နိုင်သောအရာမဟုတ်ပေ။
‘ ခက်တာက သုံးရမယ့်ပစ္စည်းတွေအများကြီးလိုတာပဲ… ’
ဝမ်ပေါင်လဲ့ သက်ပြင်းချလိုက်သည်။ သူ အဆင့်နိမ့်ကျွန်းတွင်ရှိခဲ့စဉ်က အပြင်လူများသည် ဓမ္မလက်နက်ကျင့်ကြံသူများအားလုံးသည် ချမ်းသာကာ လမ်းလျှောက်နေသော ဝိညာဉ်ကျောက်တုံးများဟု ပြောခဲ့ကြသည်။
ယခုတွင် သူသည် အခြေတည်အဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ပြီး စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် ဓမ္မလက်နက်များကို ပြုလုပ်နိုင်ပြီဖြစ်သည်။ သူသည် ဆင်းရဲခြင်း၏အရသာကိုသိ၏။ အဆောင်များပြုလုပ်ရန် လိုအပ်သော ပစ္စည်းများသည် လွန်စွာများပြားလေသည်။ ဝိညာဉ်ကျောက်တုံးများကို သူမည်မျှ မြန်ဆန်စွာ သန့်စင်သည်ဖြစ်စေ ပစ္စည်များကိုသူပြန်သုံးမည့်နှုန်းနှင့်ညီမျှအောင် သန့်စင်နိုင်မည်မဟုတ်ပေ။
‘ ခံတပ်ကို ဆောက်နိုင်ဖို့ အချိန်လိုဦးမှာဆိုပေမယ့် အခုတည်းက စပြီးပြင်ဆင်ထားရမယ်။ အဲဒါမှ ငါ့မှာပစ္စည်းအလုံအလောက်ရှိလာတာနဲ့ တန်းပြီးဆောက်နိုင်မှာ ’
ဝမ်ပေါင်လဲ့ တွေးလိုက်သည်။ သူ စိတ်ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ သူသည် ထိုးဖောက်၍မရနိုင်သော ပြိုင်ဘက်ကင်းခံတပ်တစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ သူသည် ၎င်းအတွက် နာမည်ပင် စဉ်းစားပြီးပြီဖြစ်သည်။
‘ ငါတို့ အဲဒါကို ကောင်းကင်ခံတပ်လို့ခေါ်မယ် ’
ဝမ်ပေါင်လဲ့၏မျက်ဝန်းများ တလက်လက်တောက်ပသွားသည်။ သူသည် အနည်းငယ်တွက်ချက်ပြီးသောအခါ အကယ်၍ သူ့တွင် ပုံစံကြမ်းနှင့် ပစ္စည်းများအဆင့်သင့်ဖြစ်နေလျှင်ပင် ထိုကဲ့သို့သော ခံတပ်မျိုးကို တစ်ဦးတည်းတည်ဆောက်ရန် မဖြစ်နိုင်ကြောင်း သိရှိသွားလေသည်။ သူသည် အတန်ကြာ ခေါင်းခဲနေပြီးနောက် သူ၏ရုပ်သေးရုပ်များကို အမှတ်ရသွားသည်။
‘ ငါ့မှာ လူအင်အားလိုနေတယ်ဆိုရင် ဆောက်လုပ်ရေးလုပ်သားတွေလို လုပ်ဆောင်နိုင်တဲ့ ရုပ်သေးရုပ်မျိုးကို ဘယ်လိုလုပ်ရမလဲဆိုတာ အရင်သင်ရမှာပဲ။ ရုပ်သေးရုပ်တွေက အခြေခံအထောက်အပံ့တချို့တော့ ပေးနိုင်မှာပဲ..ပြီးတော့ ရိုးရှင်းတဲ့ ဆောက်လုပ်ရေးအလုပ်တွေကို လုပ်နိုင်မှာပဲ ’
ဝမ်ပေါင်လဲ့ တွေးတောလိုက်သည်။ သူသည် အခန်းအောင်းနေစဉ်အတွင်း၌ လျှပ်စီးတာအို ပထမတွဲနှင့် ကျင့်ကြံခြင်းအဆင့်တက်နိုင်ရန် အားထုတ်မှုအပြင် ဆောက်လုပ်ရေးရုပ်သေးရုပ်များကို မည်သို့ပြုလုပ်ရမည်ကိုလည်း လေ့လာခဲ့ပြီး သူ၏ခံတပ်အတွက် ပုံကြမ်းဆွဲခဲ့လေသည်။
အချိန်များကုန်ဆုံးသွား၏။ မကြာခင်မှာပင် အချိန်တစ်လကုန်ဆုံးသွားလေသည်။
တစ်နေ့ နေ့လယ်ခင်းတွင် ဝမ်ပေါင်လဲ့သည် တရားထိုင်နေရာမှ မျက်လုံးများဖွင့်လိုက်သည်။ သူ့ကိုယ်တွင်းမှနေ၍ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး သူ့ညာဘက်ခြေထောက်မှနေ၍ လျှပ်စီးတန်းများထွက်ပေါ်လာသည်။ ထိုလျှပ်စီးတန်းများသည် သူ့ဘေးပတ်လည်မှ လေထဲတွင် မြွေများကဲ့သို့ လှည့်ပတ်နေပြီး ထစ်ချုန်းနေသည်။ အခန်းတစ်ခန်းလုံးတွင် ရုတ်ခြည်း လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားသည်။ ၎င်းတို့သည် လျှပ်စီးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထိုအိုင်အတွင်း၌ ဝမ်ပေါင်လဲ့သည် တင်ပျဉ်ခွေထိုင်နေသည်။ ထိုအခိုက်တွင် သူ့ကိုယ်တွင်းရှိ ကျင့်ကြံခြင်းအစွမ်းများ ထွက်ပေါ်လာပြီး အခြေတည်အဆင့်အစောပိုင်းကို ဖြတ်ကျော်ကာ အခြေတည်အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားလေတော့သည်။