သိမ်းငှက်နက်သည် နတ္ထိဘုံ တစ်လျှောက် ပျံသန်းကာ ဥဒေါင်း အင်ပါယာမြို့သို့ သွားနေသည်။
ရီဖူရှင်းအတွက်မူ ဤခရီး၏ အဓိကပစ်မှတ်မှာ အင်ပါယာလီဘုံဖြစ်ပြီး ဥဒေါင်း အင်ပါယာဘုံကို ခေါင်းထဲ၌ သိပ်မထားပေ။
သူသည် စစ်ပွဲရလဒ်နှင့် ပတ်သက်၍ သိပ်ဂရုမစိုက်ပေ။ အင်ပါယာရှားဘုံမှ လူများ စွမ်းဆောင်ရည် အလွန်အမင်း နိမ့်ကျခြင်း မရှိခဲ့လျှင် သူတို့အနေဖြင့် နတ္ထိဘုံတိုက်ပွဲကို ရှုံးနိမ့်နိုင်စရာ မရှိပေ။ အထူးသဖြင့် ဥဒေါင်း အင်ပါယာအတွင်းမှ အလံအား ဖြတ်တောက်ရာမှာ သူ့အနေဖြင့် ခက်ခက်ခဲခဲ ကြိုးပမ်းနေစရာ မလိုပေ။ သူတို့၏ စစ်တပ်များ အချင်းချင်း ရင်ဆိုင်စရာလည်း မလိုပေ။
ထို့ကြောင့် သူက ဥဒေါင်း အင်ပါယာမြို့သို့ သိမ်းငှက်နက်နှင့် အတူ တစ်ကိုယ်တည်း ထွက်လာခြင်း ဖြစ်သည်။
ထိုအခိုက်တွင် များစွာသော သားရဲများသည် ထိုနေရာအား စောင့်ကြပ် နေကြ၏။ ထိုနေရာတွင်ရှိသော သားရဲ အငွေ့အသက်များမှာလည်း အလွန် သိပ်သည်းလွန်း လှသည်။
သိမ်းငှက်နက်သည် ကောင်းကင်ထက်တွင် ပျံသန်းနေခဲ့ကာ သားရဲများ တစ်ကောင်ပြီး တစ်ကောင် အပေါ်သို့ တက်လာပြီး သူတို့အား တားဆီးရန် ကြံရွယ်ကြသည်။
သူတို့က အပေါ်မှ ဆင်းသက်လာသော သူများမှာ စစ်တပ်မဟုတ်ဘဲ လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သာ ဖြစ်သည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရသည်။ ပိုဆိုးသည်မှာ ထိုသားရဲသည် မင်းသမီးအား စော်ကား ပြောဆိုခဲ့သူ ဖြစ်သည်။
အောက်မှ ပြင်းထန်သော သားရဲ အရောင်အဝါများနှင့် အတူ အလင်းတန်းများ တစ်ခုပြီးတစ်ခု အပေါ်သို့ တက်လာကြသည်။
သိမ်းငှက်နက်၏ မျက်လုံးများက ရွှေရောင်အလင်းများ ဝင်းလက်လာခဲ့ကာ သူ၏ လက်သည်းများဖြင့် ခုခံတိုက်ခိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော အာကာသ ဆုတ်ဖြဲခြင်း စွမ်းအားသည် ထိုသားရဲများ၏ တိုက်ခိုက်မှုများကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။ သိမ်းငှက်နက်သည် မြန်ဆန်စွာဖြင့် ဥဒေါင်း အင်ပါယာမြို့၏ ဗဟိုချက်မနေရာသို့ ရောက်လာခဲ့၏။
ထိုနေရာတွင် စစ်တပ်များ စောင့်ကြပ် နေကြသည်။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့က ကောင်းကင်ထက်မှ လူသားနှင့် သားရဲတို့အား အေးစက်စွာ ကြည့်ကြသည်။
သိမ်းငှက်နက်ကား လေထု၏ အမြင့်ပိုင်းတွင်ရှိကာ တော်ဝင်အလံအား အန္တရာယ်ပေးနိုင်သော အနေအထား မဟုတ်ပေ။ သို့သော်လည်း မြေပြင်မှ စစ်တပ်သည် သတိကြီးစွာဖြင့် စောင့်ကြပ်နေကြ၏။ တစ်ချိန်တည်းတွင် များစွာသော သားရဲများ လေထဲသို့ ခုန်တက် လာခဲ့ကြသည်။
သူတို့နှစ်ယောက်က အလံအား ချိုးဖျက်ရန် ရောက်လာ ကြသည်များလား။
“သခင် … ကျုပ် ပြောလို့ရပြီလား …” သိမ်းငှက်နက်က ရီဖူရှင်းအား စိတ်ဖြင့် လှမ်းမေးသည်။ ရီဖူရှင်းက ပြန်မပြောပေ။ ဤတွင် သိမ်းငှက်နက်က ရီဖူရှင်း သဘောတူသည်ကို ကောက်ချက်ချသည်။
သိမ်းငှက်နက်၏ မျက်လုံးများ၌ စိတ်လှုပ်ရှား ပျော်ရွှင်ဟန်များ ဖြစ်ပေါ်လာသည်။ သူက အတောင်ပံကိုဖြန့်ကာ အောက်မှ သားရဲအုပ်ကြီးအား အော်ဟစ် ပြောဆိုသည် … “ခွန်ရွှမ် … သားရဲမ … အခုလာပြီးတော့ ကျုပ်ဆရာကို ပြုစုပါ”
ရီဖူရှင်းမှာ ဆွံ့အရသည်။ သည်အကောင် ဘာတွေစဉ်းစား နေသနည်း။ သူက သည်အရာတစ်ခုတည်းကို သိသည်လား။
သို့သော်လည်း သူက တားဆီးခြင်းမပြုပေ။ သူက ရန်သူများအား အလွန်ရန်စလိုမှတော့ ရီဖူရှင်းကလည်း တားဆီးရန် အကြောင်းပြချက် မရှိပေ။
ခွန်ရွှမ်အား ကိုးရောင်စုံ နတ်ဘုရား အလင်းများ ဖြာထွက်နေခဲ့သည်။ သူမ၏ရောင်စုံ ခန္ဓာကိုယ်သည် လေထဲသို့ လှပစွာ ပျံတက် လာခဲ့၏။
“မင်းတို့က သေချင်နေတာပဲ …” မြေပြင်မှ အော်ဟစ်သံ တစ်ခုအား ကြားရသည်။ နတ်ငှက်တစ်ကောင်သည် ရွှေရောင်လှံတစ်လက်အား ကိုင်စွဲကာ သိမ်းငှက်နက်ထံသို့ မြန်ဆန်စွာ ပျံသန်းလာခဲ့သည်။
“နိမ့်ကျတဲ့လူသား … မင်းတို့က အရှင့်သမီးကို စော်ကားရဲတယ် …” နတ်ငှက်၏ မျက်လုံးများက ရီဖူရှင်းနှင့် သိမ်းငှက်နက်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။
“ကျုပ်ဆရာက အင်ပါယာ တစ်ပါးဖြစ်ဖို့ အလားအလာ ရှိတယ်။ ဒါက သားရဲမ ဖြစ်တဲ့ ခွန်ရွှမ်အတွက် ဂုဏ်ယူစရာ ကိစ္စပဲ။ သူမက ကျုပ်သခင်ဆီမှာ လာပြီးတော့ အတူတူအိပ်ဖို့ တောင်းဆိုသင့်တယ်” ငှက်က ဆက်ပြောသည် … “မင်းတို့ နိမ့်ကျတဲ့ သားရဲတွေကတော့ ကျုပ်သခင်ကို ဦးညွှတ် ခစားသင့်တယ်”
“…”
ရီဖူရှင်းမှာ ဘာပြောရမည်မှန်း မသိတော့ပေ။ သည်ငှက်စုတ်က ဤသို့သော နေရာတွင် များစွာ ပါရမီရှိသည်ကို ယခင်က သူမသိခဲ့ပေ။
သည်ငှက်၏ အရှက်မဲ့မှုမှာ မိမိထက်ပင် များလွန်းပေသည်။ ထို့အပြင် သူသည် အင်ပါယာ တစ်ပါး၏ စီးတော်အလား အလွန်တရာ ဂုဏ်ယူစွာဖြင့် ထိုစကားများကို ပြောဆိုသည်။
သို့သော်လည်း ရီဖူရှင်းသည် ငြိမ်သက်စွာဖြင့် စောင့်ကြည့် နေခဲ့သည်။ သူကလည်း ထိုငှက်ပြောသည်မှာ အမှန်ဖြစ်သည့်အလား ပြုမူ၏။
ခွန်ရွှမ်က သိမ်းငှက်နက်နှင့် ရီဖူရှင်းတို့အား လှမ်းကြည့်သည်။ ရီဖူရှင်းကသာ ထိုငှက်အား ခွင့်ပြုမပေးခဲ့လျှင် ထိုငှက်က ဤသို့ အတင့်ရဲမည် မဟုတ်ပေ။
ခွန်ရွှမ်၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ် လာခဲ့သည်။ အောင့်အည်း သည်းခံနိုင်သော ရင့်ကျက်မှု ရှိသည့်တိုင် မိစ္ဆာ အရောင်အဝါများ သူမ၏ခန္ဓာကိုယ်သို့ စီးဆင်း လာနေခဲ့သည်။
“ရွှေအတောင်ပံစစ်တပ် … အမိန့်နာခံပါ” ခွန်ရွှမ်၏ ဘေးမှ အေးစက်သော အသံတစ်သံအား ကြားကြရသည်။ သားရဲများ တစ်ကောင်ပြီး တစ်ကောင် အတောင်ပံဖြန့်ကာ အပေါ်သို့ ပျံတက် လာခဲ့ကြသည်။ မည်သည့် သားရဲများမဆို အတောင်ပံများကို ပိုင်ဆိုင်ကြကာ မြန်နှုန်းမြင့် တိုက်ခိုက်မှုများ၌ ကျွမ်းကျင်ကြသည်။
“သူတို့ကိုသတ် …” ခွန်ကျန်းက အေးစက်စွာ အမိန့်ပေးသည်။ သားရဲအုပ်စုများ၊ နတ်ငှက် အများအပြားတို့က ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ ရှိရာသို့ မြန်ဆန်စွာ ပျံသန်း သွားခဲ့ကြသည်။ ထိုနှစ်ယောက်အား သူတို့က အလွန်တရာ သတ်ဖြတ် လိုနေကြပြီ ဖြစ်သည်။
“သွားကြစို့ …” ရီဖူရှင်းက စိတ်ဖြင့် အမိန့်ပေးသည်။ သိမ်းငှက်နက်က ကောင်းကင် အမြင့်သို့ လျှပ်စီးတန်း အလား မြန်ဆန်စွာ ပျံသန်း တက်ရောက် သွားခဲ့သည်။
သားရဲစစ်တပ်သည် သူတို့အား အလွတ်ပေးလိုသော ဆန္ဒမရှိပေ။ သူတို့ကလည်း လျှပ်စီးတန်းအလား ရီဖူရှင်းတို့နောက်မှ လိုက်ကြသည်။
“ငါ သူတို့ကို သွားသတ်မယ် …” ကိုးရောင်စုံ အလင်းများဖြင့် ဖြာထွက်နေသော ခွန်ရွှမ်သည် လေထဲသို့ တက်ရောက် ပျံသန်း သွားခဲ့သည်။
“ထောင်ချောက်တွေကို သတိထား …” ခွန်ကျန်းက သူမအား သတိပေးသည်။ လူသားနှင့် သားရဲတို့က သူတို့အား စော်ကား ပြောဆိုကာ ရန်စကြသည်။ သူတို့က ဘာလုပ်ဖို့ ကြိုးစား နေကြသနည်း။
နတ္ထိဘုံတိုက်ပွဲတွင် မည်သည့် လှည့်ကွက် နည်းလမ်းကိုမဆို အသုံးပြုကြသည်။ ယခင်ကလည်း နိမ့်ကျကာ ကောက်ကျစ်သော နည်းလမ်းများကို အသုံးပြုခဲ့ဖူးကြ၏။ ယခု ရီဖူရှင်းက သူတို့ထံသို့ လာရောက် စော်ကားသည်။ သူတို့က တစ်ခုခု ကြံစည်နေသည်မှာ သေချာ၏။
“ငါ အဝေးကြီးကို မသွားဘူး။ မကြာခင် မြို့သို့ ပြန်လာခဲ့မယ်” ခွန်ရွှမ်သည် ထိုစကားကို ပြောနေရင်း မြန်ဆန်စွာပင် အဝေးသို့ ပျောက်ကွယ် သွားခဲ့သည်။
သိမ်းငှက်နက်က သူမအား တမင် ရန်စ စော်ကားနေသည်ကို သိနားလည် သော်လည်း သူမက ဂရုမစိုက်ပေ။ သူမအား ထိုသို့ စော်ကားရဲသောသူ နှစ်ဦးအား ကိုယ်တိုင် သတ်ဖြတ်ရမှ ကျေနပ်ပေမည်။
ရွှေအတောင်ပံ စစ်တပ်သည် အလွန် မြန်နှုန်းမြင့် သားရဲများ ဖြစ်ကြသည်။ သို့သော်လည်း သိမ်းငှက်နက် သည်လည်း အာကာသဓာတ်ကို နားလည် သဘောပေါက်သည့် အလျောက် သူသည်လည်း နှေးကွေးခြင်း မရှိပေ။ များစွာသော သားရဲများမှာ တဖြည်းဖြည်း ပြတ်ကျန်လာခဲ့ပြီး ခွန်ရွှမ်နှင့် ထိပ်သီး သားရဲများသာ သိမ်းငှက်နက်ကို အလျင်မီအောင် လိုက်ပါ လာနိုင်ကြသည်။
“မင်းက ကြီးကြီး ကျယ်ကျယ်တွေ ပြောပြီးတော့ အခုတော့ ခွေးလို အမြီးကုပ် ပြေးနေတယ်” ခွန်ရွှမ်က အေးစက်စွာ ပြောသည်။
“မင်း တစ်ယောက်တည်း လိုက်လာရဲလား … သားရဲမ … ကျုပ်နဲ့ ကျုပ်သခင်က မင်းနဲ့ အခါ ၃၀၀လောက် တိုက်ခိုက်ရဲတယ်။ မင်းက ကျုပ်ဆရာနဲ့ တိုက်ခိုက်ပြီးတဲ့အခါ သေချာပေါက် သူ့ကို ခစားလိုစိတ် ဖြစ်သွားလိမ့်မယ်” သိမ်းငှက်နက်က နောက်မလှည့်ဘဲ ပြန်ဖြေသည်။
ခွန်ရွှမ်အား ပိုမိုပြင်းထန်သော ရောင်စဉ် ရောင်ဝါများ ရစ်ပတ် လာခဲ့သည်။ သူမ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ပိုမို ပြင်းထန် လာခဲ့သည်။
ရုတ်တရက် သူမ၏ ပျံသန်းမှုသည် ပိုမို မြန်ဆန်လာခဲ့သည်။ သူမတစ်ယောက်တည်း သည်သာ သိမ်းငှက်နက်အား အလျင်မီအောင် လိုက်လာနိုင်ခဲ့ကာ နတ်ငှက်သည်ပင် အဝေး၌ တဖြည်းဖြည်း ပြတ်ကျန် လာခဲ့သည်။
“သူမက မြန်တယ် …” ခွန်ရွှမ်က သူနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို ခံစားရကာ သိမ်းငှက်နက်က ရေရွတ်မိသည်။
ထိုစဉ် ပတ်ဝန်းကျင် တစ်ခုလုံးအား ရောင်စဉ်ကိုးခု ထွန်းလင်း လာခဲ့ကာ ဥဒေါင်း၏ သားမွေးများ နေရာတိုင်း၌ ဖြစ်ပေါ်လာသည်။
“အရှင် … သူမက တကယ် လုပ်တော့မဲ့ပုံပဲ။ ဆရာက ဘာမှ မစဉ်းစားတော့ ဘူးလား” သိမ်းငှက်နက်က ထိတ်လန့်တကြား ပြောသည်။
ခွန်ရွှမ်၏ အမူအရာသည် အလွန်အမင်း အေးစက်နေခဲ့၏။ ကောင်းကင်သည် ဥဒေါင်းရောင်စဉ် အလင်းများဖြင့် ပြည့်နှက်နေခဲ့သည်ဟု သိမ်းငှက်နက်က ခံစားရသည်။ ကောင်းကင်တွင် ဧရာမ ဥဒေါင်း သားမွေးများ ဖြစ်ပေါ်နေခဲ့သည်။ အလွန် ပြင်းထန်သော ဝါးမျိုခြင်း စွမ်းအားများ ဖြစ်ပေါ်လာခဲ့ကာ သိမ်းငှက်နက်အား ရှေ့သို့ ဆက်သွားရန် ခက်ခဲစေခဲ့သည်။ ပိုဆိုးသည်မှာ သူသည် နောက်သို့ပင် ပြန်၍ ရွေ့လျား နေခဲ့သည်။
ဝုန်း …
သိမ်းငှက်နက်၏ အတောင်ပံက ပြင်းထန်စွာ ရိုက်ခတ်လိုက်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းသွားရန် အားထုတ်သည်။ သို့သော်လည်း သူသည် တစ်လက်မမျှ ရွေ့လျားနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ သူသည် တစ်နေရာတည်းတွင် ပြင်းထန်စွာ လှုပ်ရှား သော်လည်း တစ်လက်မမျှ ရွေ့လျားနိုင်ခြင်း မရှိခဲ့ပေ။
ဥဒေါင်း အင်ပါယာသည် ထူးခြား ဆန်းပြားသော ပညာရပ်များအား တတ်ကျွမ်း နားလည်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ မျိုးဆက်မှာလည်း ပါရမီမြင့်မားသလို ထူးခြားသော ပညာရပ်များအား ဆက်ခံနိုင်ကြ၏။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည် ဥဒေါင်း အင်ပါယာ၏ အနာဂတ် ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရကာ သူတို့၏ ကျင့်ကြံခြင်းမှာလည်း အကောင်းဆုံးသော အထောက်အပံ့များအား ပိုင်ဆိုင်ပေသည်။
ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည် ဥဒေါင်း အင်ပါယာဘုံမှ အင်အားစု၏ ဦးဆောင်သူများ ဖြစ်ရာ သူတို့၏ စွမ်းရည်များမှာ ရှန့်ထို အဆင့်အောက်၌ အကောင်းဆုံး ဖြစ်မည်ကို သံသယဖြစ်စရာ မလိုပေ။ ထို့ကြောင့် ခွန်ရွှမ်က သူမ၏ လူများကို ဦးဆောင်ကာ ရီဖူရှင်း၏နောက်သို့ လိုက်လာရဲခြင်း ဖြစ်သည်။ ထိုအရာက သူမသည် မိမိ၏ စွမ်းရည်အပေါ်တွင် မည်မျှ ယုံကြည်မှု ရှိသည်ကို သိလာစေသော အချက်ဖြစ်၏။ သိမ်းငှက်နက်က သူ၏ ကြီးမားသော စွမ်းရည်များအား ပြသခဲ့ကာ သူ၏ သခင်ဖြစ်သော ရီဖူရှင်းမှာ ပို၍ စွမ်းအားကြီးမည်ကို သိသော်လည်း သူမက အကြောက်အရွံ့ ကင်းမဲ့ခဲ့ပေသည်။
ရီဖူရှင်းက နောက်လှည့်ကာ ခွန်ရွှမ်အား ကြည့်သည်။ သူက သူမထံမှ ဝမ်ချွန်းနှင့် ဆင်တူသော ကိုယ်ရောင်ကိုယ်ဝါအား ခံစားရသည်။ သူမသည်လည်း ရှန့်ထိုအဆင့်သို့ တက်ရောက်ရန် လက်တစ်ကမ်းသို့ ရောက်နေသော ရှန့်ထိုတစ်ဝက် တန်ခိုးရှင် ဖြစ်သည်။ သူမထံမှ လင်းလက်နေသော ရောင်စဉ်ရောင်ဝါများသည် မဟာလမ်းစဉ်၏ စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် သူမသည် ဥဒေါင်း အင်ပါယာ၏ မျိုးဆက်ဖြစ်ရာ သူမ၏ စွမ်းရည်မှာ ဝမ်ချွန်းထက် သာလွန်မည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိပေ။
သို့သော်လည်း ခွန်ရွှမ်သည် သူ၏ပစ်မှတ် မဟုတ်ခဲ့ပါ။
ဥဒေါင်း အင်ပါယာ၏ မျိုးဆက်အား ထိခိုက်ရန် သူ့တွင် ရည်ရွယ်ချက် မရှိပေ။
ခွန်ရွှမ်၏ အဆင့်အတန်းဖြင့် ဆိုလျှင် ဥဒေါင်း အင်ပါယာက သူ၏သမီး ဘေးကင်းရန် ဝှက်ဖဲတစ်ခုခု ပြုလုပ်ထားမည်မှာ သေချာပေသည်။ အကယ်၍ သူသည်သာ ခွန်ရွှန်အား ထိန်းချုပ်လိုက်ပါက အင်ပါယာသည် ထိုကိစ္စအား သတိထားမိကာ ရီဖူရှင်းအတွက် အန္တရာယ် ဖြစ်စေနိုင်ပေသည်။
နတ္ထိဘုံတိုက်ပွဲ၏ အနိုင်ရလဒ်မှာ မိမိတို့အတွက် ဖြစ်သော်လည်း သူ၏ အဓိကပစ်မှတ်မှာ အင်ပါယာလီဘုံ ဖြစ်ပေသည်။ သူက ဒီမွန်းသားရဲများ၏ အင်ပါယာ အပေါ်တွင် အပြစ်လုပ်ရန် စိတ်ကူးမရှိပေ။
ရီဖူရှင်းက ခွန်ရွှမ်အား ထိန်းချုပ်ရန် စဉ်းစားနေသည် ကိုသာ သူမသိခဲ့ပါက မည်သို့ ဖြစ်မည်ကို ခန့်မှန်း၍ပင် မရပေ။
သူမက ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ဤလူသားသည် ရုပ်ရည် ချောမောကာ အလွန်တရာ ထူးခြား ထက်မြက်ရာ ရှားပါးသော ယောက်ျားတစ်ဦး ဖြစ်ကြောင်း သတ်မှတ်နိုင်သည်။ သို့သော်လည်း ထိုသူသည် အလွန်တရာ အရှက်ကင်းမဲ့ကာ ညစ်ပတ် ကောက်ကျစ်မည်ဟု မထင်မှတ်ထားခဲ့ပေ။
***