အပိုင်း (၁၀၅၉)

တာလီပြည်ထောင် နန်းတွင်း အကြံပေး

ရီဖူရှင်းက သိမ်းငှက်နက်ကို ကြည့်ကာ ဆွံ့အရသည်။ သူက သိမ်းငှက်နက်၏ ခေါင်းအား တစ်ချက် ပုတ်ကာ နောက်လှည့် လာခဲ့ပြီးမှ အမှန်တကယ် ကျောချမ်း ရသည်။

ဤငှက်စုတ်က ခွန်ရွှမ်အား မိမိကို လာရောက် ခစားရန် ပြောရဲသည်။

ရှားရှင်းယွန်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောသည် … “သွားရအောင် …”

သူမက ထိုသို့ပြောလျှင် အင်ပါယာရှားဘုံမှ ဧရာမ စစ်တပ်ကြီးသည် စတင် ထွက်ခွာ၏။ တော်ဝင်အလံအား နန်းမြို့တော်၏ အမြင့်ဆုံးနေရာ၌ သွားရောက် စိုက်ထူခြင်းမှာ နတ္ထိဘုံတိုက်ပွဲ စတင်ပြီ ဖြစ်ကြောင်း အချက်ပြခြင်း ဖြစ်သည်။

နတ္ထိဘုံတိုက်ပွဲမှာ အလွန်ပြင်းထန် ရက်စက်သော တိုက်ပွဲဖြစ်ပြီး အသက် သေဆုံးခြင်းမှာ မထူးဆန်းသော ကိစ္စဖြစ်သည်။ မည်သူမဆို ရုန့်ရင်း ကြမ်းတမ်းစွာဖြင့် ရန်သူအား စော်ကားပြောဆို နိုင်ကြသည်။ သိမ်းငှက်နက်က ခွန်ရွှမ်အား  စော်ကား ပြောဆိုခဲ့သလို တစ်ဖက်မှ သားရဲများသည်လည်း ၎င်းနည်းတူ ပြုလုပ်ကြမည် ဖြစ်သည်။

အရာအားလုံးကို စစ်မြေပြင်တွင် အဆုံးအဖြတ် ပေးပေမည်။

“တော်ဝင်အလံက မြို့ထဲမှာဆိုတော့ ကျုပ်တို့က ကာကွယ်ပေးမဲ့ လူတွေကို နေရာချထား ပေးရမယ်လို့ ဆိုလိုတာပေါ့” ရီဖူရှင်းက ရှားရှင်းယွန်၏ ဘေးတွင် လျှောက်ကာ မေးမြန်းသည်။

“ဟုတ်တယ် …” ရှားရှင်းယွန်က ခေါင်းညိတ်သည် … “နတ္ထိဘုံတိုက်ပွဲရဲ့ စည်းမျဉ်းတစ်ခုက အလံကျဆုံးသွားတဲ့ အဖွဲ့ဟာ တိုက်ပွဲက ဖယ်ရှားခံရမယ်။ ဒါပေမဲ့ တစ်ဖက် အင်အားစုရဲ့ အလံကို သွားချိုးဖျက်ဖို့ စိတ်မကူးနဲ့။ သူတို့ထဲက ဘယ်သူမှ အားမနည်းသလို တချို့လူတွေက အရည်အသွေးမြင့် တော်ဝင် ရတနာတွေကို ထုတ်သုံး နိုင်ကြတယ်”

ရှားရှင်းယွန်က ဘာကို ဆိုလိုသည်ကို ရီဖူရှင်း နားလည်ပေသည်။ ဘုံသုံးခု၏ စစ်တပ်များထဲတွင် အလွန်တရာ ထူးချွန် ထက်မြက်သူများ ပါဝင်နေပြီး အချို့မှာ ဝမ်ချွန်း ကဲ့သို့သော သူများ ဖြစ်သည်။ ထို့အပြင် မင်းသား မင်းသမီးများ ကိုယ်တိုင်က တိုက်ပွဲကို ဦးဆောင်နေကြရာ သူတို့နှင့်အတူ အဆင့်မြင့် တော်ဝင်ရတနာများ မပါဝင်ဟု မည်သူက ပြောနိုင်သနည်း။

အကယ်၍ ထိုစစ်တပ်များကသာ အစွမ်းကုန် တိုက်ခိုက်ပါက သူတို့သည် ရှန့်ထိုပထမ အဆင့်များကိုပင် အနိုင်ယူနိုင်လောက် ပေသည်။

“ပြီးတော့ ကျုပ်တို့က အင်အားစုတစ်ခုကို တိုက်ခိုက်နေတဲ့အချိန် နောက်ထပ် အင်အားစုတစ်ခုရဲ့ လာရောက် တိုက်ခိုက်မှုကိုလည်း သတိထားဖို့ လိုတယ်လို့ ဆိုလိုတယ် မဟုတ်ဘူးလား …” ရီဖူရှင်းက မေးသည်။

“သေချာတာပေါ့ … ဒါကြောင့် ငါတို့က ရန်သူတွေရဲ့ လှုပ်ရှားမှုကို ဆက်တိုက် စောင့်ကြည့်ဖို့ လိုအပ်တယ်။ ပြီးတော့ ငါတို့က အဖွဲ့သုံးခုရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို သတိထားဖို့လိုတယ်” ရှားရှင်းယွန်က ဆက်ပြောသည် … “ပြီးတော့ ငါတို့ရဲ့ တကယ့် အင်အားကိုလည်း အချိန်မတိုင်ခင် ထုတ်ဖော်လို့ မရဘူး”

“ကျုပ်တို့က အရမ်း အင်အားကောင်းမှန်း သိရင် ရန်သူနှစ်ဖွဲ့က ပူးပေါင်း သွားလိမ့်မယ်” ရီဖူရှင်းက ထပ်ပြောသည်။

“အင်အားစု သုံးခုအကြားက တိုက်ပွဲဟာ ပုံမှန်အားဖြင့် ရှုပ်ထွေးတယ်။ ငါတို့က ဘယ်ဘက်ကိုမှ ယုံကြည်လို့မရဘူး။ အဆုံးသတ်မှာ တစ်ဖွဲ့တည်းကပဲ အနိုင်ရသူဖြစ်မှာပဲ” ရှားရှင်းယွန်က ရှင်းပြသည်။

“နတ္ထိဘုံရဲ့ နောက်ဆုံး တိုက်ပွဲဟာ အင်ပါယာလီဘုံက ခေါင်းဆောင်ဟာ တာလီပြည်ထောင်ရဲ့ နန်းတွင်း အကြံပေး ဖြစ်ပြီးတော့ သေနက္ကဗျူဟာ အတတ်မှာ ကျွမ်းကျင်တယ်။ သူက တစ်ချိန်လုံး အားနည်းဟန်ဆောင် နေခဲ့ပြီးတော့ အင်ပါယာရှားဘုံက ဥဒေါင်း အင်ပါယာဘုံကို တိုက်ခိုက် အနိုင်ယူပြီးတဲ့ အချိန်မှာ ရုတ်တရက် စွမ်းအားကုန် သုံးပြီးတော့ အင်ပါယာရှားဘုံကို အနိုင်ယူသွားတယ်။ ဒီနည်းနဲ့ အင်ပါယာလီဘုံက ပြီးခဲ့တဲ့တိုက်ပွဲကို အနိုင်ယူသွားခဲ့တယ်”

ရှားရှင်းယွန်က တည်ငြိမ်စွာ ပြောသည်။ သူမက ပြီးခဲ့တဲ့တိုက်ပွဲမှ အကြောင်းအရာများကို ကောင်းကောင်း သိထားဟန် ရသည်။

ရှားရှင်းယွန်နှင့် ရီဖူရှင်းတို့က စကား တပြောပြောဖြင့် ရှေ့ဆုံးမှ သွားနေသည်ကို မြင်လျှင် လူအများအပြားမှာ ထိုမြင်ကွင်းကို နားမလည်နိုင်ကြပေ။

အလံတိုက်ပွဲ၌ ယူချင်းနှင့် သိမ်းငှက်နက်တို့က အနိုင်ရလဒ်ကို ဆောင်ကြဉ်း ပေးခဲ့ကြရာ ရီဖူရှင်း ကိုယ်တိုင်က အလွန်တရာ ထူးခြား ထက်မြက်သူ ဖြစ်ကြောင်း သိနိုင်ပေသည်။ မင်းသမီးက သူ့အား တန်ဖိုးထားသည်မှာ သဘာဝ ကျပေသည်။ သို့သော်လည်း အများစု၏ အမြင်တွင် မင်းသမီးသည် ရီဖူရှင်းအား လွန်ကဲစွာ အရေးပေးလွန်းနေ၏။

ရှောင်ရှမ်းနှင့် ကုန်းစွန်းကျောင်းတို့၏ မျက်နှာမှာ သုန်မှုန် နေကြသည်။ ရှောင်ရှမ်းသည် ယခုနှစ် နတ္ထိဘုံတိုက်ပွဲ အပြီးတွင် အင်ပါယာရှားနန်းတော်သို့ ဝင်ရောက်ရန် ရည်ရွယ်ထားသူ ဖြစ်သည်။ သည်တိုက်ပွဲ၌ သူက စွမ်းရည်များကို ပြသကာ ရှားရှင်းယွန်၏ ဘေးသို့ ရောက်ရှိနိုင်ရန် မျှော်လင့်ထားခဲ့၏။

သို့သော်လည်း သူ့ရှေ့မှမြင်ကွင်းအရ ရှားရှင်းယွန်သည် ရီဖူရှင်းအား သူမ၏ လက်ထောက်အဖြစ် သတ်မှတ်ထားပြီး ဖြစ်ဟန်ရှိသည်။ ထိုနေရာသည် ရှောင်ရှမ်းအပေါ် သူ၏မိသားစုက မျှော်လင့်ထားသော နေရာ ဖြစ်၏။

စစ်တပ်သည် မြို့အတွင်းသို့ ပြန်ရောက် လာခဲ့ပြီးနောက် သူတို့က တော်ဝင်အလံအား မြို့၏ အလယ်ဗဟို၌ ထောင်ထားကြသည်။ ရှားရှင်းယွန်က အမြင့်ဆုံးနေရာ၌ ရပ်ကာ အားလုံးကို ကြည့်လျက် ပြောသည် … “ဒီနှစ် နတ္ထိဘုံတိုက်ပွဲမှာ အင်ပါယာရှားဘုံရဲ့ စစ်တပ်ကို ငါးပိုင်း ခွဲထားတယ်။ ထန်နဲ့ထိုစစ်တပ်ကို တော်ဝင်ဗိုလ်ချုပ်တွေက တာဝန်ခွဲဝေ သတ်မှတ်နိုင်တယ်။ ရီဖူရှင်းက ပြည်နယ်ကိုးခုက အင်အားစုကို ဦးဆောင်မယ်။ နောက်ထပ် အင်အားစု နှစ်ခုကတော့ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးတော့ စစ်ပွဲမှာ ငါကိုယ်တိုင် ဦးဆောင်မယ်။ နတ္ထိဘုံရဲ့ အင်ပါယာရှားမြို့က တန်ခိုးရှင်တွေကို ထန်ကျိက ဦးဆောင်မယ်”

“ကျုပ်တို့က မင်းသမီးရဲ့ အမိန့်ကို နာခံပါမယ် …” ရှောင်ရှမ်းနှင့် ကုန်းစွန်းကျောင်းတို့က ဦးစွာ ဦးညွှတ်ကြသည်။ သူတို့နောက်မှ တခြားလူများကလည်း လိုက်ပါ ဦးညွှတ်ကြ၏။

စစ်ကြောင်းငါးခုတွင် ရီဖူရှင်းတို့မှာ အရေအတွက် အနည်းဆုံး ဖြစ်သည်။ သို့သော် ရှားရှင်းယွန်၏ အမြင်တွင် ရီဖူရှင်းတို့မှာ အရေအတွက် နည်းပါးသော်လည်း အရည်အချင်း မြင့်မားသောသူများ အများအပြား ပါဝင်ပေသည်။

ရှားရှင်းယွန်က အသေးစိတ် တာဝန်များကို ဆက်လက်၍ ပြောဆိုသည်။ နတ္ထိဘုံမှ တန်ခိုးရှင်များမှာ တခြားလူများထက် ဤနေရာကို ပိုမိုနားလည် ကျွမ်းကျင်သူများဖြစ်ရာ တော်ဝင်အလံကို ကာကွယ်ခြင်းနှင့် ရန်သူများ၏ လှုပ်ရှားမှုများကို ခြေရာခံရန် တာဝန်ယူရသည်။ စစ်ဆင်ရေးများ၏ အသေးစိတ် အချက်အလက်များကို ထန်ကျိအား တာဝန်ပေးသည်။

ရှားရှင်းယွန်က တာဝန်များကို ခွဲဝေ သတ်မှတ်နေစဉ် ရီဖူရှင်းက တစ်ကိုယ်တည်း သီးသန့် ထွက်သွားရန် ဟန်ပြင်သည်။

“နင် ဘယ်ကို သွားတာလဲ …” ရှားရှင်းယွန်က ရီဖူရှင်းကို မေးသည်။

“ဒီမွန်းအင်ပါယာမြို့ အပြင်ဘက်သို့ တစ်ခေါက် သွားကြည့်မလို့ …” ရီဖူရှင်းက ပြောသည်။ ဤတွင် သိမ်းငှက်နက်က စိတ်လှုပ်ရှားစွာဖြင့် အတောင်ပံကို တဖျတ်ဖျတ် ခတ်ကာ ရီဖူရှင်း၏ ဘေးနားသို့ ရောက်လာသည်။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။ သူမက မျှော်လင့်ထားတဲ့အတိုင်း ရီဖူရှင်းသည် ပုံမှန် အမိန့် ညွှန်ကြားချက်များအား ကောင်းကောင်း လိုက်နာခြင်း မရှိပေ။ ထို့ကြောင့်လည်း သူမသည် မူလကတည်းက ရီဖူရှင်းအတွက် တာဝန်များ ခွဲဝေ သတ်မှတ်ထားခြင်း မရှိပေ။

“အစ်ကိုရီ …  နတ္ထိဘုံတိုက်ပွဲက တစ်ကိုယ်တော် စွမ်းရည်နဲ့ တိုက်ခိုက်လို့ မရဘူး။ ခင်ဗျားက ပင်ကိုစွမ်းရည် ထူးချွန်တဲ့သူဆိုပေမဲ့ ဒီလိုလုပ်တာဟာ တိုက်ပွဲကို အကူအညီ မဖြစ်ဘူး။ မင်းသမီးရဲ့စကားကို နားထောင်တာ အကောင်းဆုံးပါ” ရှောင်ရှမ်းက ပြုံးလျက်ပြောသည်။

ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ ရှားရှင်းယွန်အား ပြောသည် … “စိတ်ချပါ မင်းသမီး … ကျုပ်က အခြေအနေကို ကြည့်ဖို့ သွားတာပါပဲ။ ကျုပ်က စွန့်စားပြီးတော့ ဘာမှလုပ်မှာ မဟုတ်ဘူး”

ရှားရှင်းယွန်က ရီဖူရှင်း၏ စကားကိုကြားလျှင် ခေါင်းညိတ်ကာ ပြောသည် … “ဒါဆိုလည်း ဂရုစိုက်ပါ”

“ကျေးဇူးတင်ပါတယ် မင်းသမီး …” ရီဖူရှင်းက ခေါင်းညိတ်ကာ ဓားသခင်နှင့် တခြား လူများကိုပြောသည် … “ကျွန်တော် မရှိတဲ့အချိန် ပြည်နယ်ကိုးခုကို အစ်ကိုကြီးက ဦးဆောင်ပါလိမ့်မယ်”

ထို့နောက် ရီဖူရှင်းက သိမ်းငှက်နက်ပေါ်သို့ တက်ကာ အဝေးသို့ ပျံသန်း ထွက်ခွာသွားသည်။

“သခင် … ကျုပ်တို့က သခင့်ရဲ့ ကိုယ်လုပ်တော်ကို သွားခေါ်တာလား” သိမ်းငှက်နက်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည် …” ဥဒေါင်းအင်ပါယာရဲ့ သမီးတော်က သားရဲဆိုပေမဲ့ လူသားနဲ့ မထူးခြားဘူး။ သူမက အရမ်းလှတယ်”

“အခု မင်းက အိုးနဲ့ ဆံ့ပါဦးမလား ငါသိချင်တယ် …” ရီဖူရှင်းက သိမ်းငှက်နက်အား ကြည့်ကာ အေးစက်စွာ ပြောသည်။

“မင်းက သူတို့ရဲ့ပိုင်နက်ထဲကို ရောက်တဲ့အခါ မင်းရဲ့ စကားကြီး စကားကျယ်ကို အသုံးချဖို့ လိုလိမ့်မယ်” ရီဖူရှင်းက ပြောလျှင် သိမ်းငှက်နက်၏ မျက်လုံးများက အရောင် တောက်လာသည်။ ရီဖူရှင်းက သူ့အား ဥဒေါင်းအင်ပါယာဘုံမှ လူများကို ရန်စရန် ခွင့်ပြုပေးနေသည်။

***

နတ္ထိဘုံနှင့် အလွန်တရာ ဝေးကွာသော အရပ်၌ တာလီပြည်ထောင် တည်ရှိပေသည်။

တာလီပြည်ထောင်၏ နန်းတော်သည် အလွန်တရာ ထည်ဝါခန့်ညားပြီး အင်ပါယာရှား နန်းတော်ထက် ကြီးကျယ် ခမ်းနားပေသည်။

တာလီနန်းတော်၏ ကောင်းကင်မျှော်စင် အမြင့်ဆုံးတွင် သက်လတ်ပိုင်း အရွယ် လူကြီး တစ်ဦးသည် ကြယ်များကို ကြည့်ရှုနေသည်။

သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် ကြယ်များသည် နေရာ ရွှေ့ပြောင်းကြ၏။

ထိုသက်လတ်ပိုင်း လူကြီးသည် တာလီပြည်ထောင်၏ သန်းပေါင်းများစွာသော လူများ၏ အထက်တွင်ရှိကာ အင်ပါယာ တစ်ဦးတည်းကိုသာ ဦးညွှတ်ခစားသည်။ သူသည် တာလီပြည်ထောင်၏ နန်းတွင်း အကြံပေးဖြစ်သည်။

တာလီပြည်ထောင် နန်းတွင်း အကြံပေးသည် တာလီပြည်ထောင် တစ်ခုလုံး၌ ဗဟုသုတ အကြွယ်ဝဆုံးသောသူ ဖြစ်ကာ လူတိုင်းက သူ့အား သိကြသည်။ နန်းတွင်းအကြံပေး မသိမတတ်သောပညာ မရှိဟူ၍ပင် လူအများက ပြောစမှတ် ပြုကြရသည်။

နန်းတွင်း အကြံပေးသည် တပည့်အချို့ကိုသာ လက်ခံခဲ့ပြီး တစ်ဦး တစ်ယောက်စီတိုင်းသည် ကိုယ်စီကိုယ်င ထူးချွန်ကြ၏။ အင်ပါယာလီဘုံ တိုးတက်ကာ အင်အား ကြီးထွားလာခြင်းမှာ သူ၏ အခန်းကဏ္ဍသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ပေသည်။

ကြယ်တာရာ လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း နန်းတွင်း အကြံပေးသည် မျက်မှောင်ကြုတ်၏။ သူ့မျက်လုံးများမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့ကာ ကြယ်များ အကြားသို့ ဝင်ရောက်သွားပြီး ထိုနောက်ကွယ်မှ လျှို့ဝှက်ချက်များအား မြင်တွေ့နိုင်ရန် ကြိုးစားသည်။

သို့သော်လည်း အတန်ကြာလျှင် သူ့မျက်လုံးများသည် အမှန်တကယ် သွေးများ ယိုစိမ့် ထွက်လာသည်။ သို့သော်လည်း သူက မည်သို့မှ ခံစားရဟန်မတူ။ ခဏကြာလျှင် သူက လက်လျှော့ လိုက်ဟန်ရ၏။

သူက သက်ပြင်းရှည်ကြီး တစ်ချက် ချသည်။ တာလီပြည်ထောင်၏ အရှိန်အဝါမှာ ဆုတ်ယုတ်မည့်အသွင် ဆောင်နေ၏။ သို့သော် အဘယ်ကြောင့်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset