ဝမ်ပေါင်လဲ့မှာ လီယီတစ်ယောက် စိုးရိမ်ချင်ယောင်ဆောင်ရင်း သူ့အား သတိပေးနေသည့် ပုံကိုကြည့်၍ အော့နှလုံးနာသွား၏။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက် ဖြစ်သွားရပြီး ကမ္ဘာကြီး၏ သားရတနာလေးတစ်ယောက် ဖြစ်နေသည်လားဟု တွေးတောမိလိုက်၏။ ထို့ကြောင့်လည်း သူသည် ကမ္ဘာကြီးပေါ်မှ ထွက်ခွာလာခဲ့သည့် အချိန်ကတည်းက ကံဆိုးပြီးရင်း ဆိုးနေရခြင်း ဖြစ်သည်။
သူ လပေါ်သို့ ရောက်သွားခဲ့သည့် အချိန်တုန်းကလည်း ကံဆိုးမိုးမှောင်ကျခဲ့ရပြီး ယခု အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်နေသည့်အချိန်တွင်လည်း ကံဆိုးမှုများနှင့် ကြုံတွေ့နေရဆဲပင် မဟုတ်ပါလော။ စစချင်းတွင် သူသည် ကြောက်မက်ဖွယ်ရာ ရန်သူကြီးတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရ၏။ ထို့နောက် လီဝူချန်းနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရသည်။
သူသည် ထိုပြဿနာများကို ဖြေရှင်းကာ ခြေကုပ်တစ်ခု မြဲမြံစွာ ယူပြီးသွားပါသော််လည်း ဧရာမသစ်ပင်ကြီးနှင့် ပတ်သက်သည့် ပြဿနာများကိုမူ မဖြေရှင်းရသေးပေ။ ပို၍ဆိုးသည်မှာ လီယီသည် သူ့အား ချောင်းမြှောင်းနေသည်ဖြစ်သလို သတင်းဆိုးများကိုလည်း ပြောပြလိုက်ခြင်းဖြစ်သည်။
” ဘာလို့ ငါ့ရဲ့ ရန်သူတွေအားလုံးက အင်္ဂါဂြိုဟ်ကို ရောက်လာကြတာလဲ ”
ဝမ်ပေါင်လဲ့မှာ ခံပြင်းနေတော့သည်။ သူ၏ရန်သူများအားလုံး ရုတ်တရက်ဆိုသလို စုပေါင်း၍ ရောက်ရှိလာကြပါသော်လည်း သူ၏ဘက်တွင် မိတ်ဆွေတစ်ယောက်တလေပင် ရှိမနေသောကြောင့် သူသည် တစ်ယောက်တည်းဖြစ်နေသည်ဟု ခံစားနေရသည်။
” ငါ့ရဲ့ ရန်သူတော်ဟောင်းကြီး လင်းတျန်ဟောက်နဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့လို့ တော်သေးတယ်။ အဲဒီလိုမှ မဟုတ်ရင် အကုန် ငါးပါးမှောက်နေလောက်ပြီ။ ပူးပေါင်းကြံစည်မှုကြီးတစ်ခုခု ရှိကိုရှိနေရမယ် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးတောလိုက်၏။ ထို့နောက် သူသည် လီယီအား စိုက်ကြည့်ကာ မေးလိုက်သည်။
” သူတို့ရဲ့ ရွှေ့ပြောင်းအမိန့်တွေကို ဘယ်သူက လက်ခံတာလဲ ”
လီယီမှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်လိုက်၏။ သူမသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏အနားသို့ ထပ်၍ ကပ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေမွှေးနံ့ကို ရှုရှိုက်မိလိုက်သည်။ ထိုရေမွှေးမှာ ပုရိသယောကျာ်းများ၏ စိတ်ဆန္ဒများကို နှိုးဆွပေးနိုင်သည်ဟု သူမက ကြားဖူးထားသောကြောင့် ကျောင်းသို့မလာခင်တုန်းက ၎င်းကို ဆွတ်ခဲ့ခြင်း ဖြစ်သည်။
” လက်ထောက်ဘုရင်ခံက လက်ခံပေးခဲ့တာ ”
ဝမ်ပေါင်လဲ့မှာ လီယီ၏ ရေမွှေးနံ့များကို ရှူရှိုက်ကာ သူမ၏စကားကို နားထောင်ရင်း ပြုံးမိသွား၏။ သူသည် ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရပြီးနောက် နားလည်သွားတော့သည်။ ဧရာမသစ်ပင်ကြီးမှာ သူ့အား ပေါ်ပေါ်ထင်ထင် အနှောင့်အယှက်မပေးနိုင်သောကြောင့် ဝမ်ပေါင်လဲ့၏ ရန်သူဟောင်းများအားလုံးကို အင်္ဂါဂြိုဟ်ဆီသို့ လွှဲပြောင်းပေးနေခြင်းဖြစ်သည်။
ဧရာမသစ်ပင်ကြီးမှာ သူ့အား အုပ်စုဖွဲ့ အနိုင်ကျင့်ရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းနှင့် အခြားလူများကို စုဝေးနေခြင်း မဟုတ်နိုင်ပေ။ သူသည် တစ်ခုခုကို ကြံစည်နေရပေမည်။ သို့သော် သူသည် အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို အကြိမ်ရေမြောက်မြားစွာ ဖတ်ရှုထားပြီးသည့်တိုင်အောင် ဧရာမသစ်ပင်ကြီး၏ အကြံအစည်ကို မမှန်းဆနိုင်သေးပေ။
” ပြဿနာပဲ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီး လီယီအား ဖျတ်ခနဲကြည့်လိုက်၏။
” နင် ငါ့ကို ဒီအကြောင်းတွေပါ ပြောပြနေတဲ့ပုံထောက်ရင် ငါ့ကို တော်တော်သဘောကျနေတဲ့ ပုံပဲ။ ပြီးတော့ မုန့်တွေလည်း အများကြီးဝယ်လာသေးတယ်။ ကောင်းပြီလေ။ ငါ့အခန်းထဲ သွားကြတာပေါ့။ ငါ့ကို ရေကူချိုးပေး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ မတ်တတ်ထလာပြီး လီယီအား စိုက်ကြည့်နေလိုက်၏။
ထိုအခါ လီယီမှာ အသက်ပြင်းပြင်းရှူမိသွားသည်။ အကယ်၍ သူမ ယခုလို သေသေချာချာ တည်ဆောက်ခဲ့ရသည့် အခြေအနေအား ဖျက်ဆီးမိသွားမည်ကို စိုးရိမ်နေသော စိတ်ကြောင့်သာ မဟုတ်လျှင် စားပွဲခုံအား သူ့အပေါ်သို့ လှန်ပြီးသွားလောက်ပြီဖြစ်သည်။ ထို့ကြောင့် သူမသည် ကြိုးစား၍ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ဟန်ဆောင်ပြုံးပြလိုက်၏။
” ပေါင်လဲ့။ ဒီနေ့က ငါ့အတွက် အဆင်မပြေသေးလို့ပါ…. ငါ အခု ပြန်တော့မယ်နော် ”
လီယီမှာ ထိုသို့ အလောတကြီးနှင့် ဆိုလိုက်ပြီး ထွက်ခွာသွားတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ သူမအား အပေါက်ဝအထိ လိုက်ပို့လိုက်၏။ ထို့နောက် လီယီတစ်ယောက် ကျောင်းတံခါးပေါက် အပြင်ဘက်သို့ ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးမှ နောက်သို့ပြန်လှည့်လာသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
” ငါ့ ပတ်ပတ်လည်မှာ ရန်သူတွေဝိုင်းနေတော့ရော ဘာဖြစ်လဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ အကယ်၍ ဧရာမသစ်ပင်ကြီး တစ်ယောက်တည်းသာဆိုပါက သူသည် အင်္ဂါဂြိုဟ်ပေါ်မှ ထွက်ခွာရန် စိတ်ကူးမိဦးမည်ဖြစ်သည်။ သို့သော် သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် အခြေကျနေပြီဖြစ်ပြီး လူရိုသေရှင်ရိုသေအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။ ထို့အပြင် ယခုတွင် သူနှင့် သဘောထားချင်းမတိုက်ဆိုင်သည့် လူမြောက်မြားစွာ အင်္ဂါဂြိုဟ်ပေါ်၌ စုဝေးနေကြပြီဖြစ်ရာ သူသည် ထွက်ခွာသွားရန် တွေးမနေတော့ပေ။
“ငါက ဘာကိုကြောက်နေရမှာလဲ။ သူတို့က ကမ္ဘာပေါ်မှာ ရှိခဲ့တုန်းကလည်း ငါ့ကို မယှဉ်နိုင်ခဲ့သလို လပေါ်မှာတုန်းကလည်း ငါ့ကို ယှဉ်နိုင်ခဲ့တာမှ မဟုတ်ပဲ။ အခု အင်္ဂါဂြိုဟ်ပေါ်မှာ ရောက်နေတာဆိုတော့ ငါ သူတို့ကို အေးဆေးထိန်းနိုင်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး စိတ်ဆန္ဒများပြင်းပြကာ ရည်မှန်းချက်များ ကြီးမားလာတော့သည်။ ထို့နောက် သူသည် သူ၏ အိမ်ရာဆီသို့ ပြေးသွားလိုက်ပြီး တံခါးပိတ် တရားကျင့်ကြံလိုက်၏။ သူသည် အမြန်ဆုံးနည်းဖြင့် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် သန္နိဋ္ဌာန် ချထား၏။
ကျင့်ကြံခြင်းမှာ အရာရာတိုင်းအတွက် အခြေခံအုတ်မြစ် မဟုတ်ပါလော။ အကယ်၍ သူသည် ယခုလက်ရှိတွင် အမြုတေအဆင့်၌သာ ရှိနေမည်ဆိုပါက သူနှင့် မတည့်သော လူများမှာ အမှိုက်သာသာ အဆင့်တွင်သာ ရှိနေမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထားသည်။
လီယီပင်လျှင် သူမ၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန်အတွက် သူ့အား အသုံးချရန် ကြံရွယ်နေသည်မဟုတ်ပါလော။ သို့သော် သူသည် မှုနေစရာ မလိုပေ။ သူမ၏ ဆုံးဖြတ်ချက်အတွက် နှစ်ဆတိတိပြန်၍ ပေးဆပ်ရအောင် သူက လုပ်လိုက်မည်သာ ဖြစ်သည်။ သူမအား သင်ခန်းစာ ပေးပြီးသွားပါက သူမသည် အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ယာထဲသို့ ပြန်ရောက်လာပြီး သူ၏ တံခါးပိတ်ကျင့်ကြံခြင်းအား ပြန်လည်စတင်လိုက်စဉ် လီယီမှာ မြူခိုးတာအိုကျောင်းထဲမှ ပြန်ထွက်လာပြီး သူမ၏ သင်္ဘောပျံကြီးပေါ်တက်ကာ ထွက်ခွာသွားတော့သည်။ ထိုအချိန်တွင် ကျင့်သိုမင်မှာ မီးဝိညာဉ်ကျောင်းထဲတွင် ထိုင်နေရင်း သူ၏ရှေ့တွင်ချထားသော ဝိညာဉ်ဖန်သားပြင်အား စိုက်ကြည့်ကာ အံတကြိတ်ကြိတ် ဖြစ်နေတော့သည်။
ထိုဝိညာဉ်ဖန်သားပြင်ပေါ်တွင် လီယီနှင့် ဝမ်ပေါင်လဲ့တို့နှစ်ယောက် မြူခိုးတာအိုကျောင်း၏ စားသောက်ဆိုင်ထဲ၌ ချိန်းတွေ့နေကြသည့် မြင်ကွင်းကို ကြည်လင်ပြတ်သားစွာ မှတ်တမ်းတင်ထားသည့် ရုပ်သံမှတ်တမ်းတစ်ခု ရှိနေသည်။ သူတို့နှစ်ယောက်မှာ ပူးပူးကပ်ကပ်ထိုင်ကာ ခေါင်းများငုံ့ထားကြပြီး စကားများ တီးတိုးပြောဆိုနေကြသည်။
ထိုရုပ်သံမှတ်တမ်းထဲတွင် လီယီ၏ မျက်နှာမှာ အပြုံးပန်းများဖြင့် ဝေဆာနေပြီး သူမ၏ အကြည့်များမှာလည်း ညုတုတုဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာလည်း ပြုံးနေပြီး မျက်လုံးများ မှေးကာ သူမ၏အငွေ့အသက်များနှင့် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ရေမွှေးနံ့များကို ရှူရှိုက်နေသည့်ပုံ ပေါက်နေသည်။
ကျင့်သိုမင်မှာ လီယီတစ်ယောက် မြူခိုးတာအိုကျောင်းသို့ ထွက်သွားသည်ကို ကြားသိလိုက်ရပြီးနောက် ထိုကျောင်းမှ ကျောင်းသားတစ်ယောက်ကို လာဘ်ထိုးကာ ရုပ်သံမှတ်တမ်း တင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့သည့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက လီယီဆီသို့ နေ့စဉ်နေ့တိုင်း သွားရောက်လည်ပတ်သည့် အဆင့်အထိ မရောက်သေးပါသော်လည်း သူမဆီသို့ အကြောင်းကြားစာ များစွာပေးဖို့ကာ ချစ်ရေးဆိုထားပြီးသားဖြစ်သည်။ လီယီမှာ သူ့အား လျစ်လျူရှုခဲ့သောကြောင့် သူသည် သူမအား ပို၍စိတ်ဝင်စားလာရတော့သည်။ ထို့ကြောင့် သူသည် အခွင့်ပိုသာစေရန် လူတစ်ယောက်ကို လီယီအား စောင့်ကြည့်ခိုင်းထား၏။ သို့မှသာ သူမ၏ လှုပ်ရှားမှုအကုန်လုံးကို သိရှိနိုင်မည်မဟုတ်ပါလော။
ထို့ကြောင့်လည်း ယခုအခြေအနေသို့ ရောက်လာရခြင်းဖြစ်သည်….
သူသည် ထိုကိစ္စနှင့်ပတ်သက်၍ ပုံကြီးမချဲ့လိုပေ။ ထိုအကြောင်းကို သိရှိထားပြီးသားဖြစ်သည့် လူအချို့ ရှိပါသော်လည်း အများကြီး မဟုတ်ပေ။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ လွန်ခဲ့သော ရက်အနည်းငယ်ခန့်တုန်းကသာ ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ သို့သော် နောက်တစ်ပတ်လောက်တွင် သူ လီယီအား ပိုးပန်းနေသည့်အကြောင်းကို သိရှိထားသည့် လူများမှာ ပိုများလာမည်သာ ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သူ ထိုကဲ့သို့ ပိုးပန်းနေသည့် သတင်းများမှာ တောမီများကဲ့သို့ ပျံ့နှံ့သွားမည်သာ ဖြစ်သည်။
” လီယီ။ ဝမ်ပေါင်လဲ့ ”
ကျင့်သိုမင်မှာ ဖန်သားပြင်ပေါ်ရှိ လူနှစ်ယောက်ကို စိုက်ကြည့်ရင်း အံ့များကြိတ်နေတော့သည်။ သူသည် ရင်ဘတ်ထဲတွင် ဗလောင်ဆူနေရပြီ ဖြစ်သည်။ သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာပေါ်တွင် ဝမ်ပေါင်လဲ့ ကြုံခဲ့ရသည့်အရာများကို သိရှိထားသောကြောင့် သူတို့နှစ်ယောက်မှာ မိတ်ဆွေဖွဲ့နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သူသည် မလိုအပ်ဘဲ သူ့အား ရန်သူတစ်ယောက်လို မဆက်ဆံလိုပေ။
” ဒါပေမဲ့ ကိုယ့်မိတ်ဆွေနဲ့ ချစ်ကြိုက်နေတဲ့ လူကို မပိုးပန်းသင့်ဘူးလေ…. ”
ကျင့်သိုမင်မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ဤကိစ္စကြီး တစ်ခုလုံးနှင့် ပတ်သက်၍ ဝေခွဲမရဖြစ်နေတော့သည်။ တချိန်တည်းမှာပင် သူသိထားသမျှ အချက်အလက်များကြောင့် ဝမ်ပေါင်လဲ့နှင့် လီယီတို့ တွဲနေသည်ကို သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ ထို့ကြောင့် သူသည် သူ၏ဘေးတွင်ရှိနေသော အမျိုးသမီး ကျင့်ကြံသူဘက်သို့လှည့်ကာ မေးလိုက်၏။
” သိုသို။ ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အပြင်မှာတွေ့တိုင်း ရန်သတ်နေကြတယ် ဆိုပါစို့။ သူတို့နှစ်ယောက်က ဘယ်နှခေါက်မှန်း မသိလောက်အောင်လည်း ရန်တွေဖြစ်ဖူးတယ်။ အဲဒါဆိုရင် သူတို့နှစ်ယောက် အချင်းချင်း ချစ်ကြိုက်မိသွားပြီးတော့ အတွဲတွေ ဖြစ်လာနိုင်ခြေ ရှိလား ”
ထိုအခါ သိုသိုဟု အမည်ရသော အမျိုးသမီး ကျင့်ကြံသူမှာ သစ်သီးများကို လှီးရင်း ပြုံးကာ ပြန်ဖြေလိုက်၏။
” သခင်လေး။ အဲဒီလိုဖြစ်နိုင်ခြေက တော်တော်ကိုများတယ်။ သခင်လေးက မိန်းမတွေကို နားမလည်လို့သာ။ ကျမအမြင် ပြောရရင်တော့ လီယီက ဝမ်ပေါင်လဲ့ကို တော်တော်စိတ်ဝင်စားနေတာ။ ကျမတို့ကတော့ အဲဒီလိုအတွဲမျိုးကို အမြဲတမ်း ရန်သတ်နေတဲ့အတွဲလို့ ခေါ်တာပဲ ”
ကျင့်သိုမင်မှာ သိုသို၏ စကားကို ကြားလိုက်ရသောအခါ သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်မိလိုက်တော့သည်။ ထို့နောက် သူ၏လက်ဖြင့်အုပ်ထားသော မျက်ဝန်းများထဲတွင် အဓိပ္ပါယ်များ လေးနက်နေသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သို့သော် သူ၏လက်ကို ပြန်ဖယ်ပြီးသွားသောအခါ ထိုအရိပ်အယောင်မှာ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် မကျေမချမ်းဖြစ်ကာ ဒေါသထွက်နေသည့် အရိပ်အယောင်များ အစားထိုး ဝင်ရောက်လာတော့သည်။ ထို့နောက် သူသည် ခရမ်းရောင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး အားပါပါ ဖိချလိုက်၏။ ထိုအခါ အင်္ဂါဂြိုဟ်လေဆိပ်ထဲတွင် ရပ်ထားသည့် ဧရာမခံတပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားတော့သည်။
လေဆိပ်ထဲရှိလူတိုင်း အံ့ဩမှင်တက်စွာနှင့် ငေးကြည့်နေကြစဉ်တွင် ထို မောင်းသူမဲ့ ခံတပ်ကြီးမှာ လေပေါ်သို့ပျံတက်လာပြီး မီးဝိညာဉ်ကျောင်းရှိရာ နယ်မြေဆယ့်နှစ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာတော့သည်။ ၎င်းမှာ လမ်းတစ်လျှောက်တွင် လူများစွာ၏ အာရုံများကို ဖမ်းစားနိုင်ခဲ့၏။ ခဏအကြာတွင် ထိုခံတပ်ကြီးမှာ မီးဝိညာဉ်ကျောင်းဆီသို့ ရောက်ရှိလာ၏။ ထို့နောက် ကျင့်သိုမင်တစ်ယောက် ထိုခံတပ်ထဲသို့ ဝင်ရောက်သွားသောအခါ ၎င်းမှာ ပြန်လည်းလှုပ်ရှားလာပြီး မြူခိုးတာအိုကျောင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
ထို အခြင်းအရာအားလုံးမှာ နာရီဝက် အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တရားထိုင်ရန် ပြင်နေစဉ်မှာပင် ထိုခံတပ်ကြီးမှာ မြူခိုးတာအိုကျောင်း၏ အထက်ရှိ ကောင်းကင်ယံထဲတွင် ပေါ်လာ၏။ ၎င်း ရောက်ရှိလာမှုကြောင့် ကျောင်းထဲရှိ ဆရာများနှင့် ကျောင်းသားများမှာ အံ့ဩတုန်လှုပ်သွားကြပြီး ကျောင်းတစ်ကျောင်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
” အဲဒါ ဘာကြီးတုန်းဟ ”
” ဘုရားရေ။ အဲ့ပေါ်မှာ ရေးထိုးထားတဲ့ ကမ္ဗည်းစာလုံးတွေကို ကြည့်လိုက်ပါဦး ”
” တော်တော်ကြီးကို ကြီးတာပဲဟ။ ဒါ ဒဏ္ဍာရီလာ အာကာသခံတပ်ကြီးလား ”
ကျောင်းသားများနှင့် ဆရာများမှာ ထိုကဲ့သို့ ကြက်သေသေနေကြစဉ် ထိုခံတပ်ကြီးထဲမှ ကျင့်သိုမင်၏ စကားသံ ထွက်ပေါ်လာသည်။
” ဝမ်ပေါင်လဲ့။ မင်းရဲ့ မိတ်ဆွေ ရောက်နေတယ်လေ။ ငါနဲ့ စကားမပြောချင်ဘူးလား ”
ကျင့်သိုမင်၏ စကားသံနှင့်အတူ ခံတပ်ကြီး၏ အပြင်ဘက်ခြမ်းတွင် လသာဆောင်တစ်ခု ထွက်ပေါ်လာ၏။ ကျင့်သိုမင်မှာ ထိုလသာဆောင်ပေါ်တွေ ရပ်ရင်း အောက်ဘက်ရှိ မြူခိုးတာအိုကျောင်းအား လှမ်းကြည့်နေ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် လီယီတို့မှာ တွဲနေပြီဖြစ်ကြောင်း ယုံကြည်ထားသောကြောင့် ရောက်ရှိလာခြင်းမဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ့အတွက် အန္တရာယ်တစ်ခုဖြစ်ကြောင်း ယူဆထားသောကြောင့် သူ့အား ခြိမ်းခြောက်လိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ယခုလို တခမ်းတနား ရောက်ရှိလာရခြင်းဖြစ်သည်။
ကျင့်သိုမင်၏ စကားသံမှာ လေထဲ၌ ပျံ့နှံ့နေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာထဲမှ အပြင်သို့ထွက်လာ၏။ သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ရှေ့တွင်ရှိနေသည့် ကြီးကျယ်ခမ်းနားလှသော ခံတပ်ကြီးကို မြင်လိုက်ရသဖြင့် ပင့်သက်ရှိုက်မိသွား၏။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ထိုခံတပ်ကြီးအား အဝေးမှနေ၍ တစ်ခဏမျှသာ လှမ်းကြည့်ခဲ့ရသည်ဖြစ်ရာ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ ယခုတွင်မူ ၎င်းမှာ သူ၏ ရှေ့တည့်တည့်တွင် လေထဲ၌ ရစ်ဝဲနေပြီဖြစ်ရာ သေသေချာချာ မြင်လိုက်ရတော့သည်။
” တော်တော်ကြီးကို ခမ်းနားထည်ဝါလွန်းပါတယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုခံတပ်ကြီးအား မည်သည့်ပစ္စည်းဖြင့် တည်ဆောက်ထားကြောင်း သိလိုက်ရသောအခါ ပို၍ပင် အံ့သြတုန်လှုပ်သွားရတော့သည်။ သူသည် ထိုခံတပ်ကြီးဆီမှ ထွက်ပေါ်နေသည့် သူဌေးများသာ ပိုင်ဆိုင်နိုင်သော ကြွယ်ဝချမ်းသာမှု အငွေ့အသက်များကို အာရုံခံမိနေ၏။ ၎င်းမှာ မည်သည့်အရာကိုမဆို ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ဤခံတပ်ကြီးနှင့် ယှဉ်လိုက်မည်ဆိုပါက ကောင်းကင်သစ်သီးစားပွဲတွင် လွှတ်တော်အမတ်များ၏ သမီးများ ကြွားဝါနေခဲ့သော သင်္ဘောပျံများမှာ ခြောက်ပြားတစ်ပဲအဆင့်တွင်သာ ရှိပေသည်။
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ သူ့အား ဖိတ်ခေါ်နေသောစကားကို ကြားလိုက်ရသောအခါ မျက်လုံးများမှေးသွား၏။ ထို့နောက် ယခုလေးတင်မှ လီယီ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ကျင့်သိုမင်မှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်ရှိလာခြင်း ဖြစ်ကြောင်း သူက ရိပ်မိလိုက်၏။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် ဆက်နွယ်မှုများ ရှိနေမည်လောဟု တွေးမိသွားတော့သည်။ သို့သော် သူသည် သူ၏ ကိုယ်ပိုင်အရည်အချင်းများကို ယုံကြည်မှုအပြည့် ရှိနေဆဲပင်။ ထို့အပြင် ၎င်းမှာ သူ၏ပိုင်နက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျင့်သိုမင်၏ တခမ်းတနား ရောက်ရှိလာမှုကြောင့် ငြိမ်ဝပ်ပိပြားသွားမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ကောင်းကင်ယံထဲရှိ ခံတပ်ကြီးဆီသို့ ပျံတက်သွားပြီး ချက်ချင်းဆိုသလိုပင် လသာဆောင်ပေါ်၌ ဆင်းသက်လိုက်၏။ ထို့နောက် သူသည် ကျင့်သိုမင်၏ ရှေ့တွင်ရပ်ကာ သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
” တာအိုရောင်းရင်းကျင့်က တခမ်းတနားကြီးကို ရောက်လာတာပဲ။ ဘာအကြောင်းကြောင့် များပါလိမ့် ”
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ သူသည် အမြဲတမ်း တည့်တိုးသာ ပြောဆိုတတ်သူ တစ်ယောက်ဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ ငါက လီယီကို စိတ်ဝင်စားနေတာ။ မင်း သူ့ကို ငါနဲ့ပြိုင်ပြီးတော့ မလုပါနဲ့လား။ ငါတို့နှစ်ယောက်က မိတ်ဆွေအရင်းကြီးတွေလေ။ မင်းလိုချင်တာ ငါပေးမယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကြောင့် ကြက်သေသေသွားရ၏။ သူသည် ကျင့်သိုမင်မှာ ထိုကိစ္စလေးအတွက် ယခုလို တခမ်းတနား ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး မျက်လုံးများ အရောင်တောက်လာရတော့သည်။ ကျင့်သိုမင်မှာ သူ့အား သူလိုချင်သမျှ တောင်းဆိုခိုင်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျင့်သိုမင်အား စိုက်ကြည့်ကာ မရဲတရဲနှင့် စမ်းမေးကြည့်လိုက်၏။
” နဝမအဆင့် ဓမ္မလက်နက်တစ်ခု ဆိုရင်ရော ”
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ငြိမ်ကျသွား၏။ တစ်ခဏမျှ ကြာပြီးမှသာ သူသည် အားပြတ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၏။
” မင်းဆီမှာရော နဝမအဆင့်ဓမ္မလက်နက်တစ်ခု ရှိလား။ မင်း ငါ့ကို အဲဒီလက်နက်ပေးရင် ငါ လီယီကို လက်လျှော့လိုက်မယ်လေ … “