Switch Mode

အခန်း ( ၃၁၃ )

မမလေး မုန်းတီးခြင်း

ကျင့်သိုမင်သည် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်နှင့် မီးဝိညာဉ်ကျောင်းတို့ကြားမှ ဇာတ်လမ်းများအကြောင်းကို သိရှိထားပြီးသားဖြစ်သည်။ ယခင်တုန်းကဆိုလျှင် သူသည် ၎င်းတို့နှင့်ပတ်သက်၍ ဂုဏ်ယူခဲ့ရ၏။ တိုက်ပွဲဝင်ပုဆိန်ဟိုတယ်မှ လသုံးစင်းမဟာမိတ်အဖွဲ့၏ ပိုင်ဆိုင်မှုတစ်ခု မဟုတ်ပါသော်လည်း အတိုင်းအတာတစ်ခုအထိတော့ သူတို့၏ မိသားစုနှင့် ဆက်နွယ်နေသည်။

ထိုဟိုတယ်မှာ ယခုလက်ရှိတွင် ဝမ်ပေါင်လဲ့၏ ပိုင်ဆိုင်မှုအောက်၌ ရှိနေသည်ကို ကျင့်သိုမင်က စိတ်ပူမနေခဲ့ပေ။ သူသည် ကောလာဟလများလောက်နှင့် အလွယ်တကူ ကြောက်ရွံ့တတ်သူတစ်ယောက်လည်း မဟုတ်ချေ။ ထိုသို့ဖြင့် သူသည် သူ၏သင်္ဘောပျံများနှင့်အတူ မီးဝိညာဉ်ကျောင်းသို့ ရောက်ရှိလာသောအခါ ကျောင်းအုပ်နှင့် ကျောင်းမှအခြားဝန်ထမ်းများမှာ လူကိုယ်တိုင်ထွက်၍ သူ့အား ကြိုဆိုလိုက်ကြ၏။ ထိုအချိန်တွင် သူသည် လမ်း၏တစ်ဖက်ခြမ်းရှိ ဟိုတယ်၏ရှေ့တွင် နေရာချထားသော တိုက်ပွဲဝင်ပုဆိန်အလက်ငါးရာကို လှမ်းမြင်လိုက်ရသည်။

ကျင့်သိုမင်မှာ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကံကောင်းသည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ထားပြီး ကောလာဟလများကို ကြောက်ရွံ့နေစရာမလိုကြောင်း မှတ်ယူထားပါသော်လည်း ထို တိုက်ပွဲဝင်ပုဆိန်အလက်ငါးရာအား မြင်လိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ ပင့်သက်ရှိုက်မိသွား၏။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား သွားမတွေ့ဘဲ ထိုကိစ္စကို သူကိုယ်တိုင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူ မီးဝိညာဉ်ကျောင်း၌ ရာထူးရယူပြီးပြီးချင်း ပထမဆုံး လုပ်လိုက်သည့်အရာမှာ ဧရာမ ဒိုင်းကာကြီးတစ်ခုကို တည်ဆောက်၍ မီးဝိညာဉ်ကျောင်းအပြင်ဘက်၌ နေရာချထားရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ထိုဒိုင်းကာကြီးမှာ တိုက်ပွဲဝင်ပုဆိန်များက ထုတ်လွှတ်နေသည့် သတ်ဖြတ်လိုသော အငွေ့အသက်များကို တွန်းလှန်ကာကွယ်ရန် ဖြစ်သည်။

ထို ဒိုင်းကာကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားလွန်းလှ၏။ ၎င်းကို အလျင်အမြန်ပင် တည်ဆောက်ပြီးစီးသွားသောအခါ ထိုအကြောင်းနှင့် ပတ်သက်သော သတင်းများမှာ တစ်မြို့လုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားသဖြင့် အများပြည်သူများမှာ သိရှိသွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအကြောင်းကို ကြားသိလိုက်ရ၏။

အကယ်၍ တခြားတစ်ယောက်ယောက်သာ ထိုကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်ပါက ဝမ်ပေါင်လဲ့မှာ မေးခွန်းများ ထုတ်နေနိုင်ပါသော်လည်း တရားခံမှာ ကျင့်သိုမင် ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ့အား နှစ်သက်သဘောကျပေသည်။ ထို့ကြောင့် သူသည် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်မှ ရွှီကျန်းကျင့်အား လှမ်း၍ အကြောင်းကြားလိုက်ပြီး တိုက်ပွဲဝင်ပုဆိန်အားလုံးကို ဖယ်ရှားခိုင်းလိုက်၏။

သို့သော် ထိုဟိုတယ်အား တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ဟု အမည်တွင်စေခဲ့သည့် မူရင်းတိုက်ပွဲဝင်ပုဆိန်ကြီးမှာမူ ကျန်ရှိနေဆဲပင်။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ ၎င်း၏ ပုဆိန်သွားအား အခြားအရပ်မျက်နှာတစ်ဘက်သို့ လှည့်ခိုင်းလိုက်၏။

မီးဝိညာဉ်ကျောင်းနှင့် ပြိုင်ဆိုင်မှုမှာ ချစ်ကြည်ရေးပြိုင်ပွဲနှင့် ဘုရင်ခံကိုယ်တိုင် မြူခိုးတာအိုကျောင်းမှ ကျောင်းသားတပ်ပေါင်းစုအား ဘွဲ့နာမည်အပ်နှင်းပေးခဲ့ခြင်းတို့ကြောင့် ပြီးဆုံးသွားပြီဖြစ်သည်။ ထိုကဲ့သို့ အပြတ်အသတ် ရှုံးနိမ့်သွားပြီးနောက် မီးဝိညာဉ်ကျောင်းမှာ အဖတ်ဆယ်မရလောက်အောင် နာမည်ပျက်သွားခဲ့ပြီး မြူခိုးတာအိုကျောင်းမှာ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေတစ်ခုလုံးထဲရှိ တစ်‌ခုတည်းသော ထိပ်တန်းအဆင့်ကျောင်း ဖြစ်လာခဲ့သည်။ သူတို့၏ ကျောင်းမှာ ဂုဏ်သတင်း ထင်ပေါ်ကျော်စောနေပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မီးဝိညာဉ်ကျောင်းနှင့် ဆက်၍ ရန်ဖြစ်နေစရာ မလိုတော့ပေ။ ကျင့်သိုမင်အား ရာထူးအသစ် ခန့်အပ်လိုက်သည့်တိုင်အောင် သူတို့မှာ ကိုယ့်အလုပ်ကိုသာ လုပ်ကြလိမ့်မည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူထား၏။ ထို့ကြောင့် သူသည် ချစ်ကြည်မှုကို ပြသသည့်အနေဖြင့် သူ့ဘက်ကစ၍ တိုက်ပွဲဝင်ပုဆိန်များကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

မီးဝိညာဉ်ကျောင်းနှင့် အချင်းပွားမှုကြီးတစ်ခုလုံး ပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းအပေါ် အာရုံပြန်စိုက်လိုက်၏။ လွန်ခဲ့သော သုံးလအတွင်း သူသည် ကျောင်းသားများအား လေ့ကျင့်ပေးရန်နှင့် ချစ်ကြည်ရေး ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အချိန်ပေးခဲ့ရပါသော်လည်း သူ၏ကျင့်ကြံခြင်းကို ရပ်တန့်ခဲ့ခြင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာပေါ်မှ ဖြစ်ရပ်ကြီးတစ်ခုလုံးကို ကောင်းကောင်းကြီး မှတ်မိနေဆဲပင်။ သူသည် အစွမ်းအစများနှင့် ဂုဏ်သတင်းများမှာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်များအပေါ်တွင် မူတည်နေခြင်းဖြစ်ကြောင်း သူက သိထားသည်။ ထို့ကြောင့် သူသည် လျှပ်စီးတာအို အတွဲတစ်ကို တစိုက်မတ်မတ် လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အစွမ်းထက်သော အမှောင်ရုပ်အလောင်း မျက်နှာပညာရပ်အပိုင်းတွင် တိုးတက်မှုမရှိသေးပါသော်လည်း လျှပ်စီးတာအိုအတွဲတစ်ကို တစိုက်မက်မက် လေ့ကျင့်နေခဲ့သောကြောင့် ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်၏ ပထမအဆင့်ကို ကျွမ်းကျင်တတ်မြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

” ငါ လျှပ်စီးတာအို အတွဲတစ်ရဲ့ ဒုတိယအဆင့်ကို ရောက်တာနဲ့ အခြေတည်အလယ်အလတ်အဆင့်ထိ ဖောက်ထွက်နိုင်သွားမှာပဲ။ အဲဒီအချိန်ကျရင် ငါ ဒုတိယမြောက် လျှပ်စီးဆေးမင်ကြောင်ကို ရေးထိုးနိုင်ပြီးတော့ ကောင်းကင်မိုးကြိုးသွားတစ်ခုကို ဖန်တီးနိုင်သွားမှာ ”

” အမှောင်ရုပ်အလောင်း မျက်နှာပညာရပ်ကို လေ့ကျင့်ရ ခက်နေတာကတော့ ဝမ်းနည်းစရာပဲ ”
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ရသလို တချိန်တည်းမှာပင် အားမလိုအားမရဖြစ်နေရ၏။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်းအဆင့်၏ ထိပ်ဆုံးအဆင့်နားသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပျော်ရွှင်နေရသည်ဖြစ်ပြီး အမှောင်ရုပ်အလောင်း မျက်နှာပညာရပ်ထဲတွင် ဖော်ပြထားသည့် အနုတ်ဝိညာဉ်ခန္ဓာကိုယ်အား အာရုံမခံနိုင်သေးသောကြောင့် အားမလိုအားမရ ဖြစ်နေရခြင်းဖြစ်သည်။ အကယ်၍ သူသည် ၎င်းအား အာရုံပင်မခံနိုင်ပါက မည်သည့်နည်းဖြင့် အမှောင်မီးတောက်ကို ဖန်တီးနိုင်ပါမည်နည်း။

သူသည် ရှက်စိတ်များကို မေ့ပျောက်ထားပြီး ပုံရိပ်ယောင်နယ်မြေထဲသို့ သွားခဲ့ပြီး မမလေးနှင့် ဆွေးနွေးတိုင်ပင်ခဲ့၏။ သို့သော် သူမ၏ မျက်နှာအမူအရာကို ကြည့်လျှင် သူမသည် ထိုလျှို့ဝှက်ဆန်းကြယ်ပညာရပ်မှာ အလွန်အင်မတန်မှ လွယ်ကူသည်ဟု ယုံကြည်ထားကြောင်း အတိအလင်း မြင်နိုင်ပေသည်။ ထို့အပြင် ထိုမျက်နှာအမူအရာမှာ ယခုလောက် လွယ်ကူရိုးရှင်းသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား သူ ယခုအထိ မတတ်မြောက်သေးသောကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံလည်း ပေါက်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏မာနများအား ရိုက်ချိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာလာပြီးနောက် မာန်တင်း၍ ကြိမ်ဖန်များစွာ ဆက်တိုက်ကြိုးစားကြည့်လိုက်၏။ သူ ထိုကဲ့သို့ ကြိုးစားခဲ့သည့် အကြိမ်တိုင်း တစ်ကိုယ်လုံး ခိုက်ခိုက်တုန်သွားရပြီး အကြောများ ဆွဲလာသောကြောင့် အလွန်အင်မတန်မှ နာကျင်သော ဝေဒနာများကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ထပ်၍လေ့လာရန် မျှော်လင့်ချက်များ ပျက်သုဉ်းလုနီးပါး ဖြစ်နေရတော့သည်။

ကံကောင်းသည်မှာ သူ ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်တွင် သူ၏ အဆောင်သန့်စင်ခြင်းစွမ်းရည်မှာ ဖောက်ထွက်သွားနိုင်ခဲ့သောကြောင့် သူ၏ ယုံကြည်မှုများ ပြန်လည်ပေါက်ဖွားလာ၏။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက စတုတ္ထအဆင့် နတ်ဘုရားရတနာများကို ဖန်တီးနေခဲ့သည်ဖြစ်ပြီး သိပ်မကြာခင် ပဉ္စမအဆင့် နတ်ဘုရားရတနာများကို ဖန်တီးနိုင်တော့မည်ဟု ခံစားနေရသည်။

” ငါ မအောင်မမြင်ဖြစ်နေရတဲ့ အကြောင်းအရင်းက ငါ့ရဲ့ ပညာရပ်မဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းသွား၏။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် အခြေတည် အလယ်အလတ်အဆင့်သို့ ရောက်သည့်အချိန်တွင် ပဉ္စမအဆင့်နတ်ဘုရားရတနာများကို သန့်စင်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ထားသည်။

အချိန်များတရွေ့ရွေ့နှင့် ကုန်လွန်သွားပြီး ခုနစ်ရက်တိတိ ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း ဝမ်ပေါင်လဲ့မှာ ကျောင်း၏ စီမံခန့်ခွဲရေး တာဝန်အားလုံးကို လင်းတျန်ဟောက်ဆီသို့ လွှဲပြောင်းပေးခဲ့ပြီး တံခါးပိတ်တရားကျင့်ကြံနေခဲ့၏။

သိပ်မကြာခင် သူသည် လျှပ်စီးတာအို ပထမတွဲ၏ ပထမအဆင့်၏ ထိပ်ဆုံးအဆင့်သို့ရောက်ရှိသွားပြီး အစောပိုင်း အခြေတည်အဆင့်၏ ထိပ်ဆုံးအဆင့်အထဲသို့ ဝင်ရောက်သွားတော့သည်။ သူသည် ဖေါက်ထွက်နိုင်ရန် တစ်ဆင့်သာ လိုတော့သည်။

” ငါ တစ်လအတွင်း သေချာပေါက် ဖောက်ထွက်နိုင်မှာပဲ ”
ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်လိုက်ပြီးနောက် သုံးသပ်လိုက်၏။ သူသည် သူ၏ တိုးတက်မှုနှုန်းကို ကျေနပ်နေသည်။ သူ ကျင့်ကြံခြင်း လေ့ကျင့်နေစဉ်အတွင်း သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ ဝိညာဉ်ချီများကို စုပ်ယူလိုက်၊ ပြန်၍ထုတ်လွှတ်လိုက် အဆက်မပြတ်လုပ်နေခဲ့ပြီး သူ၏ အစိမ်းရောင်ကြာပွင့်မှာလည်း ပိုမိုလန်းဆန်းလာခဲ့၏။ သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ၎င်းနှင့်အတူ သိသိသာသာ ပို၍ သန်စွမ်းလာ၏။

ဝမ်ပေါင်လဲ့မှာ အခြေတည် အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် မမောမပန်းနှင့် မရပ်မနား ကြိုးပမ်းနေစဉ်မှာပင် လီယီဆီမှ အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိလိုက်သည်။

ဝမ်ပေါင်လဲ့မှာ လီယီ၏ အကြောင်းကြားစာအား ဖတ်ရှုလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။ သူသည် ၎င်းအား လျစ်လျူရှုရန် တွေးနေချိန်တွင် လီယီမှာ အင်္ဂါဂြိုဟ်ပေါ်တွင် ရှိသော မုန့်အမျိုးအစား အားလုံးနီးပါးကို တံဆိပ်စုံလင်စွာ ဝယ်ယူထားပြီးဖြစ်ကြောင်း အလောတကောနှင့် ထပ်ပြောလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ပင့်သက်ရှိုက်မိသွား၏။ ထို့နောက် သူသည် လီယီမှာ သူ့ဆီမှ အလွန်အင်မတန်မှ အရေးပါသည့် တစ်စုံတစ်ခုကို မရမက လိုချင်နေရမည်ဖြစ်ကြောင်း ရိပ်မိသွား၏။ အသိစိတ်ရှိသေးသည့် အခြားမည်သူကမှ သူမလို လုပ်နေမည်မဟုတ်ပေ။

” ငါက စွဲဆောင်မှုအပြည့်ရှိတဲ့ ယောက်ျားတစ်ယောက်မလို့ သူငါ့ကို တမ်းတမ်းစွဲဖြစ်နေလောက်အောင် လုပ်နိုင်ပေမဲ့ ဒီလောက်ကြီးအထိကတော့ မဖြစ်နိုင်ဘူး…. ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်မိသွား၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး သူသည် လင်းတျန်ဟောက်ဆီသို့ အကြောင်းကြားစာတစ်စောင် ချက်ချင်းပင်ပေးပို့လိုက်သည်။ ထိုအကြောင်းကြားစာထဲတွင် သူ့အား လီယီ၏ အင်္ဂါဂြိုဟ်ပေါ်မှ ရာထူးအကြောင်းကို အလျင်အမြန် စုံစမ်းပေးရန် ညွှန်ကြားခဲ့၏။

လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့အား ကြာကြာ မစောင့်ခိုင်းရဲသောကြောင့် သူနှင့်ရင်းနှီးသော လူများဆီမှ ချက်ချင်းပင် အကူအညီတောင်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ပြန်၍အကြောင်းကြားလိုက်၏။ ဝမ်ပေါင်လဲ့မှာ လီယီသည် ဧရာမသစ်ပင်ကြီး၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိလိုက်ရသောအခါ ခေါင်းများထူပူသွားရပြီး သူမအား သတိကြီးကြီး ထားလိုက်တော့သည်။

ထို့နောက် သူသည် မျက်လုံးများမှေးကာ စဉ်းစားတွေးတောလိုက်၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် လီယီအား သွားမတွေ့ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ လီယီအား ငြင်းခါနီး ဆဲဆဲမှာပင် မမလေး၏အသံမှာ သူ၏ခေါင်းထဲ၌ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာ၏။ သူမ၏ တည်ကြည်နေသော စကားသံထဲတွင် ရန်လိုစိတ်အချို့ ကိန်းအောင်းနေသည့်ပုံပင်။

” ဒီ မိန်းမကို သွားတွေ့ကြတာပေါ့။ သူ ဘာတွေကြံစည်နေတာလဲဆိုတာ ငါ သိချင်တယ် ”

မမလေး၏ စကားလုံးများထဲတွင် ရန်လိုနေသည့်အရိပ်အယောင်များ ပါနေသည်ကို ဝမ်ပေါင်လဲ့က ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး ချောင်းဟန့်လိုက်၏။ သူသည် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေ၏။ ထို့နောက် သူသည် အနည်းငယ်ခန့်ထပ်၍ တွေးတောလိုက်ပြီး လီယီအား အကြောင်းပြန်ကာ မြူခိုးတာအိုကျောင်း‌၌ သူမနှင့် နေ့လည်စာအတူတူစားရန် သဘောတူလိုက်သည်။

ထိုအချိန်တွင် လီယီမှာ လက်ထောက်ဘုရင်ခံရုံးထဲတွင် ထိုင်နေ၏။ သူမမှာ ဝမ်ပေါင်လဲ့၏ အကြောင်းပြန်စာကို ဖတ်ရှုရင်း မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူမသည် ကျေနပ်အားရနေသည့် အမူအရာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

” ဒီ ဖက်တီး အစုတ်ပလုတ်က နှာဗူးတစ်ကောင်နဲ့ တကယ်ကိုတူတာ။ သူ ငါ့ရဲ့ ညှို့ဓာတ်တွေကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး ”
လီယီမှာ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိနေ၏။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူမသည် ဤအတောအတွင်း စိတ်ကျေနပ်နေရသလို စိတ်သောကလည်း ရောက်နေရ၏။

သူမသည် လတ်တလောတွင် လသုံးစင်းမဟာမိတ်အဖွဲ့မှ ကျင့်သိုမင်၏ မရပ်မနား ပိုးပန်းမှုများကြောင့် စိတ်သောက ရောက်နေခဲ့ရ၏။ သို့သော် သူမသည် သူ့အား မနှစ်မျို့ရန်ပင် မဆိုထားနှင့် သူ့အပေါ် မည်သည့်ခံစားချက်မှ မရှိပေ။ သို့သော် သူ၏ လုပ်ရပ်များကြောင့် သူမသည် မိုးမခအကြင်နာမဲ့ပညာရပ်အား လေ့ကျင့်ရာတွင် အနှောင့်အယှက် ဖြစ်နေရသည်။

ထို့ကြောင့် သူမမှာ အကြီးအကျယ် စိတ်ညစ်နေရ၏။ တစ်ဖက်တွင်လည်း သူမသည် စိတ်ကျေနပ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ကျင့်သိုမင်ကြောင့် သူမ၏ ဆွဲဆောင်မှုအပေါ် ပို၍ယုံကြည်မှုရှိလာသောကြောင့် ဖြစ်သည်။

” ယောက်ျားတွေအားလုံးက ဒီပုပ်ထဲက ဒီပဲတွေချည်းပဲ ”
လီယီမှာ သူမ၏မှန်ကို ထုတ်ယူလိုက်ပြီး သူမ၏ပုံရိပ်အား ငေးကြည့်နေလိုက်တော့သည်။ ထို့နောက် သူမမှာ အလွန်အင်မတန်မှ ချောမောကြောင်း တွေးတောကာ သက်ပြင်းချလိုက်၏။ ထို့နောက် သူမကိုယ်သူမ ခြယ်သပြင်ဆင်လိုက်ပြီး မတ်တတ်ထကာ မြူခိုးတာအိုကျောင်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ခဏအကြာတွင် လီယီမှာ မြူခိုးတာအိုကျောင်း၏ စားသောက်ဆိုင်သို့ ရောက်ရှိလာ၏။ သူမ၏ လုံးကြီးပေါက်လှ ခန္ဓာကိုယ်မှာ ကျောင်းသားအားလုံး၏ အာရုံများကို ဖမ်းစားထားဆဲပင်။ သူမအား ဝိုင်းကြည့်နေကြသည့် ရာဂမီးများ တောက်လောင်နေကြသော မျက်ဝန်းများကြောင့် သူမ၏ ယုံကြည်မှုများမှာ ပိုမိုပြင်းထန်လာတော့သည်။

သူမ ထိုင်ချလိုက်သောအခါ သူမ၏ နောက်ကျောအလှမှာ လက်ရာမြောက် သဲနာရီတစ်လုံးကဲ့သို့ပင်။ စားသောက်ဆိုင်ထဲရှိ ကျောင်းသားများစွာမှာ တံတွေးများ မျိုချနေကြပြီ လီယီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝမ်ပေါင်လဲ့အား အားကျစိတ်များဖြင့် စိုက်ကြည့်နေကြတော့သည်။

လီယီမှာ သိမ်မွေ့စွာ ပြုံးလိုက်ပြီး ရှက်ရွံ့‌နေသလို ဖြစ်နေသည့် မျက်ဝန်းများဖြင့် သိုလှောင်လက်ကောက်တစ်ခုကို ဆွဲထုတ်ကာ ဝမ်ပေါင်လဲ့၏ရှေ့၌ ချလိုက်၏။

” ပေါင်လဲ့။ ဒါက နင့်အတွက် ငါ ဝယ်လာတဲ့ မုန့်တွေ ”

ဝမ်ပေါင်လဲ့မှာ ထိုမုန့်များကို စိုက်ကြည့်လိုက်ပြီးနောက် လီယီအား ကြည့်လိုက်၏။ သူ၏မျက်လုံးများမှာ သူမ၏ ကောက်ကြောင်းအလှများပေါ်သို့ ရောက်နေ၏။ ထိုအချိန်တွင် မမလေးမှာ သူ၏အသိစိတ်ထဲ၌ အေးစက်စက် နှာမှုတ်လိုက်၏။ ထိုအသံကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းများထူပူသွားရ၏။

” တော်တော်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ အရင်တစ်ခေါက်တုန်းကတော့ သိပ်မသိသာဘူး။ ဒါပေမဲ့ ဒီတခေါက်တော့ တော်တော်လေးကို အားပြင်းလာတာ။ ဒီ စုန်းမလေးက မိုးမခအကြင်နာမဲ့ပညာရပ်ကို လေ့ကျင့်နေတာ။ အဲဒီပညာရပ်ကို တတ်မြောက်နိုင်ဖို့အတွက် နင့်ကို အသုံးချဖို့ ကြံစည်နေတာ ”
မမလေး၏ စကားသံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ ကြက်သေသေသွားသည်။ ထို့နောက် မမလေးသည် ထိုလျှို့ဝှက်ဆန်းကြယ်ပညာရပ်၏ အကြောင်းကို အသေးစိတ်ရှင်းပြလိုက်၏။

ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန် လိုအပ်သည့်အချက်အလက်များကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားတော့သည်။ ထို့နောက် သူသည် လီယီအား မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။

လီယီကမူ သူ၏အကြည့်ကို အထင်လွဲသွား၏။ သူမ၏ ချောမောလှပသော မျက်နှာလေးမှာ ရှက်သွေးဖြာသွားပြီး သူမသည် တစ်စုံတစ်ခုကို သတိရသွားသည့် ပုံစံဖြင့် ချက်ချင်းပင် ခေါင်းမော့လာ၏။ ထို့နောင် သူမသည် ဝမ်ပေါင်လဲ့နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

” ပေါင်လဲ့။ ဒီမုန့်တွေ လာပေးရုံတင် မဟုတ်ဘူး။ ငါ့မှာ နင့်ကို ပြောပြစရာတွေ ရှိသေးတယ် ”

” ကျိုးရိရှန်ကလည်း အင်္ဂါဂြိုဟ်ပေါ်မှာ တာဝန်ကျတယ်တဲ့။ နှစ်ရက်သုံးရက်လောက်နေရင် သူ ရောက်လာတော့မှာ။ သူက ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းမှာ တာဝန်ကျတာ။ ပြီးတော့ ခုန်းတောက်လည်း ရှိသေးတယ်။ နင် သူ့ကို မှတ်မိတယ်မလား။ သူက ဥက္ကဋ္ဌကြီးရဲ့ ခေါင်းကိုင်သားလေ။ သူက အင်္ဂါဂြိုဟ်စစ်တပ်ထဲမှာ တာဝန်ကျနေတာ နည်းနည်းကြာပြီ ”

” အခုလက်ရှိမှာ သူတို့နှစ်ယောက်ကမှ လုပ်ပိုင်ခွင့်အာဏာ အစစ်အမှန်တွေကို ပိုင်ဆိုင်ထားကြတာ။ အထူးသဖြင့် ကျိုးရိရှန်ပေါ့။ သူတို့က နင့်နဲ့ သိပ်ပြီးတော့ အပေါက်အလမ်းမတည့်တာ ငါသိတယ်။ အဲဒီတော့ နင် သူတို့အကြောင်းမသိထားရင် ဘေးကျပ်နံကျပ် အခြေအနေတွေထဲ ရောက်သွားမှာစိုးလို့ ငါ သတိလာပေးတာ “

Comment

Leave a Reply

Options

not work with dark mode
Reset