Switch Mode

အခန်း (၂၉၇)

ညီမလေး စာမေးပွဲအောင်လား

ဤစကားလုံးများက တိုက်ဆိုင်မှုတစ်ခုပေလော။

ရှီတိ ဆိတ်ငြိမ်ကျသွားသည်။

သူ၏ နတ်ဘုရားနန်းတော်က သူငယ်ချင်းဟောင်းကြီးကို ခန့်မှန်းလို့မရတော့ဟု ရုတ်တရက် ခံစားလိုက်ရ၏။

ထိုစာပါ အကြောင်းအရာကို ကြည့်ခြင်းအားဖြင့် အကြီးအကဲစန်းက ရှီတိတောင် သည်းမခံနိုင်လောက်သည့် အရှုပ်အထုပ်ကြီးကို စုရှောင်ရှန်လုပ်လိမ့်မည်ဟု ခန့်မှန်းထားပုံရသည်။

ဆေးမျှော်စင်ကြီး အပေါက်ဖြစ်သွားတယ်ဆိုပေမယ့် လူငယ်တွေကို အငြိုးထားရလောက်အောင်တော့ သူက စိတ်သဘောထားမသေးသိမ်ပါချေ။

သို့ပေမယ့် အဲ့သလောက် ရိုးရှင်းပါ့မည်လား။

စုရှောင်ရှန် ကိုကြည့်ပြီးတော့ ရှီတိ ရုတ်တရက်မေးလိုက်သည်။ “အကြီးအကဲစန်းနဲ့ မင်းနဲ့ ဘာတော်လဲ”

အကြီးအကဲစန်း၏ တပြည့် မုကျစ်ရှီက သူ၏ ညီမလေးဆိုမှတော့ သူကရော ဘာတော်မည်နည်း။

ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်က ဂိုဏ်းသားများက တစ်ဦးကိုတစ်ဦး ဂိုဏ်းတူ ညီအကို၊ မောင်နှမ စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြတာသူသိသည်။ သို့ဖြင့် စုရှောင်ရှန်ကလည်း အကြီးအကဲစန်း၏ တပြည့်ရင်းတစ်ယောက်လား သံသယ၀င်သွားလေသည်။

အကြီးအကဲစန်းနှင့် သဘောတူညီချက်ကို မြင်ယောင်မိပြီး စုရှောင်ရှန် အလေးအနက် ပြန်ဖြေလိုက်သည်။ “အကြီးအကဲစန်းက ကျုပ်ရဲ့ ဒုခေါင်း‌ဆောင်သာသာပါပဲ”

ထိုအဖြေကလည်း သူထင်ထားသလိုဖြစ်တာကြောင့် ရှီတိ စိတ်သက်သာရာရသွားသည်။

ဤစာဆောင်က စုရှောင်ရှန်ကို ပစ်မှတ်ထားထားမှတော့ သူ့အာရုံကို ‌ပြောင်းလဲစေရန်သာဖြစ်ပေလိမ့်မည်။

‘မင်းရဲ့ အဖိုးတန်တပြည့်မလေး စာမေးပွဲလာဖြေတော့ ငါလုယူမှာ ကြောက်တယ်ပေါ့။ ဒါနဲ့ ဒီအကောင်ကို အသုံးချပြီး ငါ့အာရုံကိုဖမ်းစားမယ်ပေါ့။ ဟားဟား၊ ငယ်ပါသေးတယ်ကွာ။ ဒီလောက်လေးနဲ့ရမလား။ မုကျစ်ရှီက တကယ် အရေးကြီးတဲ့တစ်ယောက်ဆိုတာ ငါသိတယ်ကွ။ ကလေးအကွက်လေးတွေ လာလုပ်လို့မရစေရဘူး’

“အဲ့တော့ မင်းတို့ နှစ်ယောက်လုံး စာမေးပွဲဖြေမယ်ပေါ့”

သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်သည်။

ရှီတိ စာရွက်ကို စာအိတ်ထဲပြတ်ထည့်ပိတ်ပြီး သူ့ရင်ဘက်အင်္ကျီကြားထဲထည့်လိုက်သည်။ ထို့နောက် မုကျစ်ရှီကို ကြည့်ကာ “ဒီအဖိုးကြီးရဲ့ အဆိုက ဟာသမဟုတ်သလို ညည်းကို စမ်းသပ်နေတာလည်းအဟုတ်ဘူးနော်။ ပြီးစလွယ် မငြင်းလိုက်နဲ့ သေချာအချိန်ယူပြီးစဉ်းစား”

သို့ပြောပြီး အပေါ်ထပ်တက်သည့် လှေကားစီလျှောက်သွားလိုက်သည်။

“လာ လိုက်ခဲ့။ စာမေးပွဲက အပေါ်ထပ်မှာ ဖြေရမှာ”

ထိုစကားကြောင့် လူအုပ်ကြီး ပေါက်ကွဲထွက်သွားခဲ့သည်။

“ဥက္ကဠကြီး ပြောသွားသလိုဆိုရင် ဆေးမျှော်စင်ကိုဖောက်ခွဲလိုက်တာတောင် ဗွေမယူတဲ့ သဘောပေါ့။ ဒါ့အပြင်ကို စာမေးပွဲတောင်ဖြေခွင့်ပေးမယ်ပေါ့”

“ဝိုးးး…။ ဥက္ကကြီးက တကယ် ဖြောင့်မတ်ပြီး သဘောထားကြီးတဲ့လူပဲ။ သူ့လို လူမျိုး ဒီကမ္ဘာကြီးမှာ ရှိပါဦးမလား”

“မင်းတို့ အာရုံစိုက်တာမှားနေပြီ။ စာကမှ တကယ်အချက်အချာကျတဲ့အရာကွ။ စာထဲမှာ ရေးထားတာကြည့်ပြီး ဥက္ကဠကြီးရဲ့ စိတ်ပြောင်းသွားတာဖြစ်မယ်။ ဘာရေးထားလဲသိကြလား”

“ဟ ငါတို့ကိုလာမေးတော့ ငါတို့က ဘယ်သူ့ကို ပြန်သွားမေးရမှာလဲ။ ကိုယ့်ဟာကိုယ် သွားဖတ်ကြည့်ပါလား”

“စာကို အာရုံစိုက်နေဖို့မလိုပါဘူးကွာ။ အကြီးအကဲစန်းက မှော်ဆေးပညာရှင်များအစည်းအရုံးမှာ တစ်ခါမှ လူလုံးမပြဘူးဆိုပေမယ့် အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်နေတုန်းပဲလေ။ သူ့ရဲ့ဂုဏ်ပုဒ်ကမှ တကယ်အရေးပါတာ”

“မင်းတို့ပြောမှ ဥက္ကဠကြီးရှီတိနဲ့ အကြီးအကဲစန်းက ငယ်ရွယ်စဉ်တုန်းက ချစ်သူရည်စားတွေလို့ ငါကြားဖူးသလိုပဲ”

ထိုစကားကိုကြားသောအခါ လှေကားထစ်ပေါ်မှ ရှီတိ ယိုင်တိုင်တိုင်နှင့် ချော်လဲလုမတတ် ဖြစ်သွားလေသည်။

“မင်းတို့အားလုံး ထွက်သွားကြစမ်း”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

လူတိုင်း အလန့်တကြား တတ်နိုင်သလောက် မြန်မြန် ပြေးသွားလိုက်ကြသည်။

စုရှောင်ရှန်နှင့် မုကျစ်ရှီတို့လည်း တစ်ဦးကိုတစ်ဦး တုန်လှုပ်သွားသော အမူအရာတို့ဖြင့် ကြည့်လိုက်ကြ၏။

ထို့နောက် မုကျစ်ရှီက ရှီတိအနောက်ကို အပြေးလေးလိုက်သွားပြီး စုရှောင်ရှန်ကတော့ ‌လစ်ထွက်သွားလိုက်သည်။ နောက်‌ဆုံးစကားကိုပြောလိုက်သူနားကိုရောက်သောအခါ လှမ်းဆွဲပြီ မေးလိုက်လေသည်။ “အဲ့ ရည်းစားတွေဆိုတဲ့အကြောင်းလေး ငါ့ကို သေချာပြောပြစမ်းပါ”

“စုရှောင်ရှန် မင်းလာမလား ငါလာရမလား”

“မဟုတ်တာ လာပါပြီ” ရှီတိ သူ့ကို အာရုံစိုက်နေမယ် မထင်၍ စုရှောင်ရှန် စိတ်ပျက်သွား၏။ ထိုလူကို မလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ရလေသည်။

သို့တောင် ထွက်မသွားခင်လေးမှာ လေသံ တိုးတိုးကလေးဖြင့် “ခင်ဗျား နာမည်ဘာလဲ။ ခင်ဗျားရဲ့ လိပ်စာ ကျုပ်ကိုပေးထား။ ဒီကိစ္စကို တော်တော်စိတ်၀င်စားသွားပြီ”

“ဟိတ်ကောင်”

“အော်… လာပြီလို့” စုရှောင်ရှန် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် မနေနိုင်ဘဲ လည်ပြန်ကြည့်ကာ “ကျုပ်ပြောတာ…”

စုရှောင်ရှန် စကားတောင်ကောင်းကောင်းမဆိုရသေး လေပေါ်ပျံတက်တာတွေ့လိုက်ရ၏။

ထိုမှ အောက်ကို ငုံ့ကြည့်လိုက်သောအခါ ဥက္ကဠကြီး ရှီတိ၏ ပုခုံးထက်မှာ မှောက်ယက်ကြီး တွဲလောင် ထမ်းသွားခံနေရတာ တွေ့ရ၏။

စုရှောင်ရှန် မှင်တက်သွားသည်။

ဤအဖိုးကြီးသည်လည်း ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။

လူတိုင်းလည်း ထိုအချင်းအရာကြောင့် ကြက်သေသေသွားကြ၏။

“လခွမ်း။ ငါထင်ယောင်ထင်မှားဖြစ်နေတာလား။ ဥက္ကဠကြီးက တစ်ယောက်ယောက်ကို ထမ်းသွားတယ်တဲ့”

“ဒါဘယ်လို ဆက်ဆံမှုကြီးလဲ”

“ငါလည်း လိုချင်တယ်လို့”

ရှီတိ၏ ပုခုံးထက်မှ စုရှောင်ရှန် နောက်ဘက်ကို လည်ပြန်ကြည့်ကာ စောနကလူကို လက်ဟန်အမူအရာပြလိုက်သည်။

စုရှောင်ရှန်က မကြောက်ဘူးဆိုပင်မယ့် ထိုလူကတော့ ကြောက်‌ပေသည်။

သူ့ကို မျှော်လင့်တကြီး ကြည့်နေသည့် စုရှောင်ရှန်အား ငိုချင်နေသလို သူလည်းမတတ်နိုင်ဘူးဟူသော အမူအရာဖြင့် ခေါင်းခါရမ်းပြလိုက်၏။

ခုနှစ်လွှာတွင်…။

အောက်ထပ်မှ အလွှာများနှင့် ခြားနားစွာ ဤနေရာတွင် ဆေးလုံးများလာရောက်၀ယ်ယူသောသူများ မရှိပေ။ လူတိုင်းလိုလိုက ဆေးဖော်စပ်သူ အ၀တ်အစားများကို၀တ်ဆင်ထားကြ၏။

ထိုသူများက သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ စားပွဲများတွင် ကိုယ်စီကိုယ်ငှ ထိုင်ကာ လက်ဖက်ရည်ကြမ်း၀ိုင်းဖြင့် ဆွေးနွေးခန်းဖွင့်နေကြသည်။ အရေးကြီးသည့် အကြောင်းအရာတစ်ခုခုကို ဆွေးနွေးကြလျှင် အချို့က စိတ်လှုပ်တရှား စားပွဲကိုလက်ဖြင့်ရိုက်ကြပြီး အချို့က သူတို့၏ မုတ်ဆိတ်မွှေးများကို ဆောင့်ဆွဲကြသည်။

သူတို့၏ မုတ်ဆိတ်‌မွှေးဆွဲနေကြသည့် အဖြစ်များကိုကြည့်ပြီး စုရှောင်ရှန်၏ စိတ်ထဲက ဆေးဖော်စပ်သူဟူသည့် ပုံရိပ်ကလေး လုံးလုံးပျက်ဆီးသွားသည်။

ဤနေရာရှိ လူငယ်များက အဖိုးကြီးများ သက်ဆိုင်ရာ မျိုးနွယ်အသီးသီးက ခေါ်လာကြသူများဖြစ်နိုင်ကာ ဘေးတစ်ဘက်တွင် ရိုရိုသေသေရပ်၍ မှတ်စုစာအုပ်များကိုယ်စီကိုင်ကာ ရေးခြစ်နေကြ၏။

“အင်း စာကို တော်တော် စိတ်၀င်စားကြတာပဲ”

စုရှောင်ရှန် ခံစားချက်များ ရောထွေးစွာ မှတ်ချက်ပြုလိုက်သည်။

အပြင်လူများ၏ အမြင်တွင်တော့ ဆေးပညာရှင်များအစည်းအရုံးသည် မှန်ကန်သည့် ဆေးလုံးများကို ၀ယ်ယူ၍ ရရှိသော နေရာသာသာဖြစ်ချေမည်။

သို့ပေမယ့် စာကျပိုးများအတွက်ကတော့ ဤနေရာက နတ်ပြည်သာဖြစ်၏။

‘ငါ့ဆေးရည် ဖော်စပ်နည်း အသိအမြင်တွေကို ဒီအဖိုးကြီးတွေကို သွားရှင်းပြလိုက်ရင် နိုင်ငံအဆင့် ဝေချီ ဂိမ်းကစားတဲ့သူတွေကို ငါ နေရာအကွက်အများကြီးယူပြီး အနိုင်ယူလိုက်တုန်းကထက် ပိုသာတဲ့ ကျေနပ်မှုကြီးကို ခံစားရမှာပဲ’

ရှီတိတို့ အဖွဲ့ရောက်ရှိလာမှုက တကူးတက အာရုံစိုက်ခြင်းမခံလိုက်ရပါချေ။

စုရှောင်ရှန်ကို အောက်ပြန်ချထားတာကြာပြီဖြစ်သည်။ ဤအဖိုးကြီးများအရှေ့တွင် စုရှောင်ရှန်ကို ပုခုံးပေါ်ဆက်လက်ထမ်းလာရန် ရည်ရွယ်ချက်လည်းမရှိပါချေ။ ၎င်းက ရှက်စရာကောင်းလွန်းလှမည်။

မကြာခင် ထိုဆူညံနေသည့် ခန်းမကြီးကို ကျော်လာကာ အတန်ငယ်‌ ပိုပူသော အခန်းများရှိရာရောက်လာခဲ့သည်။

ထိုအခန်းများသည် ဆေးဖော်စပ်သည့်အခန်းများဖြစ်၏။

မုကျစ်ရှီ စိုးတထိတ်ထိတ်ဖြစ်လာသည်။ တစ်ယောက်ယောက်နှင့် တိုက်ခိုက်ဆိုပါက သူမ ဖြေသာသေးသည်။ ယခုဟာက နည်းပညာပိုင်းဆိုင်ရာအရ ဆေးဖော်စပ်ခိုင်းခြင်းဖြစ်လေရာ ပထမဆုံးအကြိမ်ဖြစ်၍ တုန်လှုပ်နေမိ၏။

စုရှောင်ရှန်ကတော့ အေးဆေးပင်။

လွန်ခဲ့သည့်ဆယ်ရက်အတွင်း အချိန်ရတုန်းမှာ ငရဲမီးတောက်ကောင်းကင် ဆေးဖော်စပ်ခြင်းနည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်ပြီးလေပြီ။ ပြောရလျှင် သာမန်ဆေးဖော်စပ်ခြင်း အခြေခံနည်းလမ်းများအားလုံးကို တတ်မြောက်ပြီးပြီဖြစ်၏။

သို့ဖြင့် ဆေးမီးဖိုအိုးပေါက်ကွဲဖို့ဆိုတာ မဖြစ်နိုင်ပေ။

ရုတ်တရက် ‌သူ့နောက်က ကပ်လိုက်လာသော ဖုရှင်းကိုလည်ပြန်ကြည့်လိုက်ပြီး ပဟေဠိဖြစ်သွားရကာ မေးလိုက်၏။ “မင်းလည်း ဆေးဖော်စပ်သူ စာမေးပွဲဖြေမလို့လား”

“မဟုတ်ဘူး။ ငါ့ညီမလေး ဖြေတာ လာကြည့်တာ”

“မင်းညီမလေးဖြေနေတာပေါ့”

“အေး”

စုရှောင်ရှန် ဘာမှ ဆက်မပြောတော့ဘဲ ခဏအကြာမှ ထပ်မေးလိုက်သည်။ “မင်းညီမလေးရဲ့နာမည်က ဖုယင်ဟုန်လား”

“ဟုတ်တယ်”

စုရှောင်ရှန် သူ့ညီမလေး၏ နာမည်သိနေလို့ ဖုရှင်း မအံ့ဩသွားပါချေ။ ထိုအစား ထျန်းစန်းမြို့ထဲလာပြီး ဖုမျိုးရိုးနှင့် လူတွေအကြောင်းမသိတာကိုမှ အံ့ဩရပေမည်။

စုရှောင်ရှန်ကိုယ်၌ကလည်း သူ့အမေးအတွက် ကိုယ်ပ်ိုင်အဖြေရှိပြီးသားမို့ ထူးမခြားနားသာ ဖြစ်သည်။

ဖုယင်ဟုန်… ဒုခေါင်းဆောင်ဖု…။

“မင့်ညီမ နာမည်က ဖုယင်ဟုန်ဆိုတော့ မင်းရဲ့ ညီလေးနာမည်ကကော”

“ငါ့မှာ မွေးချင်း ညီလေးမရှိဘူး”

“ဒါဆို အကိုရော”

“အကိုလည်းမရှိဘူး”

စုရှောင်ရှန် မျက်လုံးပြူးမျက်ဆံပြူး ထအော်လိုက်သည်။ “မင်းမှာ အကို တစ်ယောက်ရှိပါတယ် မေ့နေပြီလား”

ဖုရှင်း ကြက်သေသေသွားသည်။ ထို့နောက် စုရှောင်ရှန်နှင့် အလောင်းအစားကို မြင်ယောင်မိပြီး စိတ်ပျက်အားလျော့သွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဟီးဟီး” စုရှောင်ရှန်က စပ်ဖြဲဖြဲပြုံးကာ မေးလိုက်သည်။ “မင်း ငါ့ကို ဘယ်‌လိုခေါ်သင့်တာလဲ‌ဆိုတာ ခေါ်ကြည့်ပါဦး”

“…”

ဖုရှင်း ထိုအကောင့်ကို လစ်လျူရှူထားလိုက်၏။

သူ့ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားကြောင့် အလောင်းအစားကို ဖြည့်စည်းပေးမည်ဆိုပေမယ့် ထိုအကောင်၏ စပ်ဖြီးဖြီးမျက်နှာကိုမြင်သောအခါ ဆွဲထိုးချင်စိတ်များသာ ဖြစ်ပေါ်လာခဲ့သည်။

သူ့ကို အကိုကြီးလို့ ခေါ်ရမတဲ့လား။

“ငါ…”

ကျွီ…။

အနီးနားရှိ ဆေးဖော်စပ်ခန်းတစ်ခန်း၏ တံခါးပွင့်သွားပြီး အနီရောင်ဆံတိုဖြင့် အမို့အမောက်ကောက်ကြောင်းလှပသော မိန်းမပျိုတစ်ဦးထွက်လာခဲ့သည်။

ထိုမိန်းမပျိုလေး၏ အရှိန်အဝါက ယခင်တစ်ခေါက်က စုရှောင်ရှန် တွေ့ခဲ့ရတုန်းက စစ်သည်လိုလို အရှိန်အဝါဖြင့် ကွာခြား၏။ ယခု ချပ်၀တ်တန်ဆာတွေမပါသော ဖုယင်ဟုန်က မိန်းမဆန်သော အရှိန်အဝါတို့ကို ပေးလေသည်။

သူမက ထိုမိန်းမ၏ အမွှာဟုတောင် စုရှောင်ရှန် ထင်မိသည်။ သူကလည်းစိတ်ဆိုး၍ ‌သူ့ကို အချုပ်ထဲပို့ချင်သော ထိုမိန်းမကို ကောင်းကောင်းမှတ်သားထားသည်မဟုတ်ပါလား။

ဖုရှင်းစိတ်သက်ရာရသွားသည်။ သူက ဖြောင့်မတ်မှန်ကန်သောလူတစ်ယောက်‌ဆိုပေမယ့် စုရှောင်ရှန်နှင့် တွေ့ပြီးနောက်မှာ အခြေအနေမှ ရှောင်ထွက်တတ်လာ၏။

သို့ဖြင့် ဖုသခင်လေး စုရှောင်ရှန်ကို ပုခုံးတိုက်ကာ ဖြတ်လျှောက်သွားလိုက်သည်။ ဖုယင်ဟုန်အနားရောက်သောအခါ သူမ၏ ပုခုံးပေါ်လက်တင်ပြီး စိတ်လှုပ်တရှားမေးလိုက်၏။

“စာမေးပွဲအောင်လား”

ဖုယင်ဟုန်က သူ့ကို လစ်လျူရှုပြီး စုရှောင်ရှန်ကိုသာ စိုက်ကြည့်နေလိုက်သည်။ ထိုသူက သူမ မြင်ဖူးသလိုလိုနှင့် မမှတ်မိနိုင်ဖြစ်နေပေသည်။ သူမည်သူနည်း။

သူ့မှာ ပြေးပေါက်မရှိပါလားဟု စုရှောင်ရှန် သက်ပြင်းချလိုက်၏။ အဖမ်းမခံရအောင် သူက ဖုရှင်းထက်ပင် ပို၍ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာကို ရုတ်တရက် ဆောင်လိုက်သည်။

ထို့နောက် ဖုယင်ဟုန်အနားကိုသွားပြီး သူမ၏ အခြားပုခုံးတစ်ဖက်ပေါ်မှာ လက်တင်လိုက်၏။ သူ့သွေးကြောများအတွင်း သွေးများဆူပွက်နေသလို စိတ်လှုပ်ရှားနေသောဟန်ပန်ဖြင့် မေးလိုက်တော့သည်။

“ညီမလေး စာမေးပွဲအောင်လား”

Comment

Leave a Reply

Options

not work with dark mode
Reset