ဥက္ကဠ ရှီတိ တုံ့ခနဲ ရပ်သွားသည်။ ပေါက်ကွဲထွက်တော့မည့် သူ၏ ဒေါသကို တစ်ယောက်ယောက်က ပြန်ဆွဲချလိုက်သကဲ့သို့ မျက်မှောင်ကြုတ်ပြီး မှင်တက်စွာ မေးလိုက်သည်။
“အကြီးအကဲစန်းဟုတ်လား”
ရှီတိ၏ မျက်မှောင်ကြုတ်သွားသော အမူအရာကိုမြင်သောအခါ စုရှောင်ရှန့် နှလုံး ဒုတ်ကတည်း ခုန်သွား၏။
အကြီးအကဲစန်းစီက စာက သူ့အတွက်တော့ အကောင်းဆုံး ထောက်ခံချက်ဖြစ်၏။ ထိုစာနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေ၍ မဖြစ်ပေ။
‘ဒီစာက ဥက္ကဠရှီတိကို စိတ်မပြေစေဘဲ သူတို့နှစ်ယောက်ကလည်း အရင်ကတည်းကလည်း အသိအကျွမ်းတွေမဟုတ်ဘူးဆိုရင် ငါဘာသွားလုပ်ရတော့မလဲ။ အဖိုးကြီး ငါတို့ကိုရောင်းစားဖို့အကြံနဲ့ ဒီစာပေးလိုက်တာတော့ မဟုတ်ဘူးမလား’
‘မဖြစ်နိုင်လောက်ဘူး။ ငါတို့ကိုရောင်းစားလိုက်ရင်တောင် ချစ်စရာကောင်းပြီး စကားနားထောင်တဲ့ ဟိုကလေးမလေးကိုတော့ အဆစ်ပါအောင် ရောင်းမှာမဟုတ်ဘူး။ ငါ့တစ်ယောက်တည်းကိုပဲရောင်းလိုက်မှာ’
စုရှောင်ရှန် ချီတုံချတုံဖြစ်နေပြီးမှ မ၀န့်မရဲ အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ်။ အကြီးအကဲစန်းပါ”
“မင်းက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကလာတာပေါ့” ရှီတိမေးလိုက်သည်။ ထို့နောက် မုကျစ်ရှီဘက်ကိုလည်းလှည့်ကြည့်ရာ “နင်ကောပဲလား”
မုကျစ်ရှီ ခေါင်းညိတ်ပြလိုက်သည်။
“ဒီအဖိုးကြီး သူ့ဆက်ခံသူကို ရှာတွေ့ပြီပေါ့”
စုရှောင်ရှန် ထိုစကားကိုကြားမှ စိတ်သက်သာရာရသွား၏။ အဖိုးကြီးစန်းမှာ ဆက်ခံသူမရှိသေးတာကို ရင်းနှီးသည့် ဆက်ဆံရေးမရှိသည့်လူက မည်သို့ သိမည်နည်း။
‘သူက ညီအကိုလို မိတ်ဆွေမဟုတ်ရင် ကမ္ဘာ့ရန်ဘက်ပဲဖြစ်ရမယ်’
အဖိုးကြီး၏ စိတ်နေသဘောထားအရတော့ ကမ္ဘာ့ရန်ဘက်မဖြစ်လောက်ချေ။
စုရှောင်ရှန် ခေါင်းကို အသာအယာညိတ်လိုက်ပြီးတော့ ပြောလိုက်သည်။ “ဟုတ်တယ် ကျုပ်ရဲ့ ဂိုဏ်းတူ ညီမလေးက အကြီးအကဲစန်းရဲ့ ဆက်ခံသူပဲ”
“မင်းရဲ့ ဂိုဏ်းတူ ညီမလေး”
စုရှောင်ရှန်နောက်က သိုသိုသိပ်သိပ်သာ နေသည့် မုကျစ်ရှီကို ရှီတိ တစ်ချက်ကြည့်လိုက်သည်။
သူမတွင် သစ်ဓာတ်စွမ်းအင်နှင့် အသက်စွမ်းအင် ပမာဏ များပြားစွာရှိဟန်ရပေသည်။ ဤသို့ အရွယ်မှာတောင်မှ မူလနန်းတော်အထွတ်အထိပ်ကို ရောက်နှင့်နေပြီဖြစ်၏။
သူမက တကယ့်ကို ဆေးဖော်စပ်သူဖြစ်လာဖို့ ကွက်တိဖြစ်တာကြောင့် ရှီတိ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
‘ငါဘာလို့ ဒီကလေးမလေးကို သတိမထားမိတာလဲ။ သိုသိုသိပ်သိပ်နေရင်တောင် ဒီလိုအရှိန်အဝါနဲ့ဆို ဘယ်နေရာမှာဖြစ်ဖြစ် ကြက်တွေအကြားက ကြိုးကြာလို ထင်ပေါ်နေမှာပါ’
ထိုမှ စုရှောင်ရှန်အပေါ်အကြည့်ရောက်သွားသောအခါ ထိုအကောင်က အရမ်းကို ထင်ပေါ်နေလွန်းလို့ မုကျစ်ရှီကို သူသတိမထားမိခြင်းဖြစ်တာ သိလိုက်၏။
‘ဒီကလေးမလေးကို ကာကွယ်ဖို့ဖြစ်ရမယ်’
ရှီတိ နားလည်သွားသည်။
အကြီးအကဲစန်းက သူ၏ တပြည့်မလေးကို အခြားသူများ လုယူသွားမည်စိုး၍ ဆေးဖော်စပ်သူအဖြစ်စာမေးပွဲဖြေရန်လာသောအခါ ကာကွယ်ပေးဖို့ စုရှောင်ရှန်ကို ထည့်ပေးလိုက်တာဖြစ်ရမည်။
စုရှောင်ရှန်က မဟားတရားကို အာရုံစိုက်ခံနေရလွန်းတော့ သူမကို ရိပ်မိလိမ့်မည်မဟုတ်၍ အင်မတန်ပြောင်မြောက်သော ကာကွယ်မှုဟုပြော၍ရပေသည်။
၎င်း၏အကျိုးသက်ရောက်မှုမှ သူ၊ မှော်ဆေးပညာရှင်များအစည်းအရုံး ဥက္ကဠတောင်မှ ကလေးမလေးကို လစ်လျူရှူမိသွား၏။
အကြီးအကဲစန်းက တကယ်ကို မြေခွေးအိုကြီးပင်။
“သူ စိတ်ဝိညာဉ်နန်းတော်ကို ပြန်သွားတယ်ပေါ့” ရှီတိမေးလိုက်သည်။
ထိုအမေးကိုကြားသောအခါ ဖြေမည်ဟုပြင်လိုက်သော စုရှောင်ရှန် ဤရှီတိက မုကျစ်ရှီဘက်ကို တည့်တည့်စိုက် ကြည့်နေတာ မြင်ရ၏။
‘ဟ ဒါဘက်လိုက်တာပဲ’
မုကျစ်ရှီ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“နင့်နာမည်ဘာလဲ”
“မုကျစ်ရှီ”
“နာမည်ကောင်းလေးပဲ။ တခြားဆရာတစ်ယောက်ခံယူဖို့ အတွေးလေး ဘာလေးမရှိဘူးလား”
“ကျွန်မ… ဘာကြီး”
မုကျစ်ရှီ သူမ၏ ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည်။ ထို့နောက် ဥက္ကဠ ရှီတိ၏ မျက်နှာထက်က အပြုံးကိုမြင်သောအခါ ရောက်ရက်ခက်သွား၏။
ဤသို့ မေးခွန်းကို မည်သို့ဖြေရမလဲမသိသောကြောင့် စုရှောင်ရှန်ဘက်ကို အားကိုးတကြီးလှည့်ကြည့်လိုက်ပါသည်။
လူအုပ်ကြီးလည်း အုတ်သော်သောင်းနင်းဖြစ်သွားပြီး ဘာဖြစ်နေသလဲ ဆွေးနွေးလိုက်ကြ၏။ ဖုရှင်းလည်း အတန်ငယ် အံ့အားသင့်သွားပေသည်။
“ဒီကလေးမလေးက ဘယ်သူတုန်း။ ဥက္ကဠကြီး ရှီတိတောင် တပြည့်အဖြစ်ခံယူဖို့ စိတ်၀င်စားတယ်တဲ့။ သူ့မှာ ဘယ်တုန်းကမှတောင် တပြည့်ရင်းရှိခဲ့တာမဟုတ်ဘူး”
“အေး။ သူလူတွေအများကြီးကို ညွှန်ကြားပေးခဲ့ပေမယ့် အနည်းဆုံး နာမည်ခံတပြည့်လောက်ပဲရှိမှာ။ ငါလည်း အဲ့လိုလူတွေထဲက တစ်ယောက်ပဲ။ သာမန်ဆို ငါလည်း ဒီလိုကိစ္စကိုထုတ်မပြောပါဘူး”
“အေး မင်းပြောလည်း ဘယ်သူမှ မင်းကို ယုံမှာ မဟုတ်ဘူး”
“ကြား၀င်မဖြတ်စမ်းပါနဲ့ကွာ။ ခုကိစ္စက ပိုပြီးရှုပ်လာပြီ။ ဥက္ကဠရှီတိကိုကြည့်ရတာ သူများတပြည့်ကိုလုယူတော့မယ်ထင်တယ်”
“ငါတို့ ဇာတ်လမ်းတစ်လျှောက်လုံးကြည့်လာပြီးမှ ဒီကလေးမလေးက အဓိက ဇာတ်ကောင်ဆိုတာ သိရတယ်တဲ့။ အံ့ရော”
“…”
စုရှောင်ရှန်လည်း ရှီတိ ဤသို့ အတွေးပေါက်မည်ဟု ထင်မထားချေ။
ထို့အပြင် မုကျစ်ရှီလည်း ဤသို့ မေးခွန်းနှင့် ရင်ဆိုင်လာရသောအခါ ဘာလုပ်ရမှန်းမသိဖြစ်နေသောကြောင့် အံ့ဩလို့ မဆုံးဖြစ်နေသည်။
‘ဒါက အဲ့ဒီမိစ္ဆာအိုကြီးလက်ထဲက လွတ်မြောက်မယ့် နင့်အတွက် အခွင့်အရေးကြီးဟ။ မြန်မြန်ဒူးထောက်ပြီး ဆရာအဖြစ် အသိအမှတ်ပြုလိုက်တော့လေ’
စုရှောင်ရှန် သူမကို အကြည့်ဖြင့် အချက်ပြလိုက်သည်။
ဤနေရာတွင် ဆရာပြောင်းလိုက်မည်ဆိုလျှင် မျက်ကွင်းညိုဖြင့် အဖိုးကြီးလက်ထဲကလွတ်မည်ဖြစ်၍ သူမ အတွက်ကောင်းသောအရာပင်။
ရှီတိက စိတ်သဘေားထားနူးညံ့သလို ဆေးဖော်စပ်တဲ့နယ်ပယ်မှာလည်း အဆင့်အတန်း မြင့်သည်။ ကိုယ်ပိုင်ခွန်အားလည်း အတင့်အသင့်ရှိပြီး လေးစားထိုက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ရာ လက်လွတ်ခံ၍မဖြစ်ချေ။
၎င်းက ကောင်းကင်ဘုံက ပေးသနားလိုက်သော အခွင့်အရေးကြီးဖြစ်ပါ၏။
စုရှောင်ရှန်၏ မျက်စိတစ်ဖက်မှိတ်ပြနေတာကိုမြင်သောအခါ မုကျစ်ရှီ အဓိပ္ပာယ်ကောက်မှားသွားသည်။
‘သူငါ့ကို ငြင်းခိုင်းနေတာဖြစ်ရမယ်’
“၀မ်းနည်းပါတယ်။ အကြီးအကဲစန်းက ကျွန်မရဲ့ ဆရာပါ။ ဥက္ကဠကြီးရဲ့ အဆိုကိုငြင်းပယ်ပရစေ ခွင့်လွှတ်ပါ”
ရှီတိကို မုကျစ်ရှီ အလေးအနက် ဦးညွှတ်လိုက်သည်။
ဟူးးး…။
စုရှောင်ရှန် စိတ်ပျက်သွားပြီး ရေရွတ်လိုက်သည်။ “ကိုယ့်အတွက်ဘာကောင်းလဲ မသိဘူးပဲ”
လူအုပ်ကြီးလည်း သူမ၏ အဖြေကြောင့် ရုတ်ရုတ်သဲသဲပြန်ဖြစ်သွားကြသည်။
“သူမ ငြင်းလိုက်တယ်တဲ့”
“ဘုရား ဘုရား…။ ဥက္ကဠကြီးကိုတောင်ငြင်းရဲတဲ့ တစ်ယောက်ယောက်ကို ငါတွေ့ဖူးတာ ဒါပထမဆုံးပဲ”
“ငါကြားတာတော့ ဒုခေါင်းဆောင်ဖုတောင် ဥက္ကဠကြီးရဲ့ တပြည့်ဖြစ်ချင်လို့ အပူကပ်နေတာကြာပြီတဲ့။ ဒါပေမယ့် ဘာဖြစ်ဖြစ် လက်မခံဘူးတဲ့လေ”
“ထားပါ။ စောနက ပြောလိုက်တဲ့ အကြီးအကဲစန်းဆိုတဲ့ နာမည်ကို မင်းတို့သိကြလား”
“ဘာလို့လဲ။ ဘာထူးဆန်းလို့လဲ”
“သူ… သူက ထျန်းစန်းနန်းတော်ရဲ့ နန်းတော်သခင်ဟောင်းဖြစ်ရမယ်။ ပြီးတော့ မှော်ဆေးပညာရှင်များအစည်းအရုံးမှာလည်း တစ်ခါမှ ပေါ်မလာဖူးတဲ့ ဧည့်သည် ဒုခေါင်းဆောင်လို့ကြားဖူးတာပဲ”
“ဘာပေါတာ”
ထိုစကားကိုကြားလိုက်ရသည့်သူများကိုမဆိုထားဘိ စုရှောင်ရှန်တောင် မှင်တက်သွား၏။
ဧည့်သည် ဒုခေါင်းဆောင်ဟုတ်လား…။
ကောက်ရိုးခမောက်ဖြင့် အဖိုးကြီးက ဤနေရာတွင်လည်း လေးစားခံ အဆင့်အတန်းရှိသည်ပေါ့။
သူဘယ်နေရာသွားသွား၊ ဘယ်နေရာရောက်ရောက် အဖိုးကြီး၏ ထိန်းချုပ်မှုစက်ကွင်းထဲက မလွတ်နိုင်တာကြောင့် ခေါင်းကိုက်သွားသည်။
ထိုမှ အဖိုးကြီးက ကမ္ဘာကြီးတွင် ခရီးလှည့်ပတ်သွားနေပြီး မကြာသေးခင်ကမှ စိတ်ဝိညာဉ်နန်းတော်ကိုပြန်ရောက်လာတာကြောင့် အပြင်ဘက်တွင် လေးစားထိုက်ခံ အဆင့်အတန်းမျိုးရှိတာ သာမန်ပဲဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုအဖိုးကြီး၏ အဆိုအရတော့ စိတ်ဝိညာဉ်နန်းတော်သည် ဒုတိယအိမ်သာဖြစ်ချေသည်။ ထိုနေရာတွင် ခဏတဖြုတ်နေပြီးနောက်မှာ လောကကြီးကို ခြေဆန့်လို့လည်း ဘာမှမဖြစ်သွားပေ။
“ဟမ့်”
သူက ထိုမြေခွေးအိုကြီးလောက် ဆွဲဆောင်မှုမရှိတာကြောင့် ရှီတိ စိတ်ဆိုးသွား၏။
“ဒါဆိုလည်း ထျန်းစန်းနန်းတော်ကို မင်းတို့နှစ်ယောက်စလုံးပြန်သွားကြတော့။ ဆေးမျှော်စင်က မင်းတို့ကို မကြိုဆိုဘူး”
စုရှောင်ရှန် မကျေမနပ်ဖြစ်သွားသည်။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်တွင် ဆေးဖော်စပ်သူ တံဆိပ်ပြားအတွက်စာမေးပွဲဖြေလို့ရရင် ဤနေရာကို အစကတည်းက လာခဲ့မည်တဲ့လား။
ဥက္ကဠ ရှီတိက အဖိုးကြိးစန်းနှင့် အငြိုးအတေး တစ်ခုခု ရှိပုံရ၏။
သူက သဘောကောင်းသည့်လူလည်းဆိုသေးတယ် ယခု တပြည့်အဖြစ်လက်ခံချင်သည့်သူက ငြင်းလိုက်တာကြောင့် စိတ်ဆိုးသွားပြီး နှင်ထုတ်တယ်တဲ့လား။ ဒါက အကျင့်ပုတ်နေတာမဟုတ်ဘူးလား။
ဒါ့အပြင်ကို အခြားသူမှာ ဆရာရှိပြီးသားဖြစ်ကြောင်းကိုသိရဲ့သားနှင့် လုယူဖို့လည်း ကြံတာကလည်း သူမဟုတ်လား။
စုရှောင်ရှန် သည်းမခံနိုင်ပါချေ။ စာအိတ်ကို ကမ်းပေးပြီး ပြောလိုက်သည်။ “ဥက္ကဠကြီး စာကိုအရင်ဖတ်ကြည့်ပါဦး”
“ဘာစာလဲ”
“အကြီးအကဲစန်းပေးတဲ့စာ”
စာတစ်စောင်…။
မြေခွေးအိုကြီးစန်း ဘယ်တုန်းက ယဉ်ယဉ်ကျေးကျေး စာတစ်တန် ပေတစ်တန်နဲ့ ဖြစ်သွားသည်လဲ မယုံကြည်နိုင်စွာတွေးတောနေရင်းက စာအိတ်ကိုယူလိုက်သည်။ နတ်ဘုရားနန်းတော်ကနေ ထွက်သွားပြီးနောက်မှာ သူပြောင်းလဲသွားခဲ့သည်လော။
‘ပြီးတော့ ဘာလို့ စာပေးတယ်ဆိုရင်လည်း သူ့တပြည့်ကို မရွတ်ဖတ်ခိုင်းရတာလဲ။ မဟုတ်လည်း သူ့ခွန်အားနဲ့ဆို မိုင်ထောင်ချီပြီးတောင် စိတ်ချင်းဆက်လှမ်းပြောလို့ရနေတာကို။ နောက်ဆုံး ကုန်စုံပြောရရင် အသံဖမ်းတဲ့ စာလိပ်တောင်ပေးလိုက်လို့ရတယ်’
စာတစ်ဆောင်တဲ့…။
ရှီတိ စာအိတ်ကိုဖောက်၍ အထဲက စာရွက်ကိုထုတ်ယူ ဖတ်ကြည့်လိုက်သောအခါ ပဲပင်ပေါက် အညွှန့်ကောက်လက်ရေးဖြင့် စာနှစ်ကြောင်းရေးထားတာကိုမြင်ရသည်။
“သည်းခံခြင်းဟာ ရတနာတစ်ပါး”
“စာနာခြင်းဟာ လူ့အဆင့်အတန်းကို ပြသ၏”
ရှီတိ မှင်တက်သွားသည်။
ဒီအရည်မရ အဖက်မရ ဆုံးမစာနှစ်ကြောင်းက ဘာသဘောတုန်း။
ထိုစာကြောင်းများအတွင်းရှိ ငရဲမီးတောက် ဆန္ဒလေးကြောင့်သာမဟုတ်ရင် ထိုမြေခွေးအိုကြီး ရေးမည့်အရာမဟုတ်ဟုတောင် ထင်ပေလိမ့်မည်။
‘သည်းခံခြင်းဟာ ရတနာတစ်ပါးတဲ့။ ငါ့ကို လာဆုံးမစရာ မလိုဘူးကွ’
“ဟမ့်” ရှီတိ နှာမှုတ်ပြီး သူတို့ကို လက်ယက်ပြကာ နှင်ထုတ်တော့မည့်အချိန် မျက်နှာကျက်က အပေါက်ကြီးကို မြင်သွားပြီး မျက်လုံးများကျဉ်းမြောင်းလိုက်သည်။
“…”
‘ဘာလဲဟ။ အဲ့ဒီအဖိုးကြီး ဒါတွေအားလုံးကို ကြိုတင်ခန့်မှန်းထားတယ်လို့တော့ မပြောနဲ့’