မုကျစ်ရှီ တဆတ်ဆတ်တုန်ရင်နေပြီး မယုံကြည်နိုင်သော အမူအရာမျိုးရှိနေခဲ့သည်။
‘ဒါ စုရှောင်ရှန်လား’
သူ၏ အံ့မခန်း နှလုံးသားကင်းမဲ့နိုင်စွမ်းကို သူမ မသိခဲ့လျှင် ဖြူဖျော့နေသော မျက်နှာဖြင့် သူက ကြက်တစ်ကောင်ကိုတောင် သတ်ရဲလိမ့်မည်မဟုတ်ဟု ထင်ပေလိမ့်မည်။
‘မဟုတ်တာ။ ဒီမှာ တကယ် ဝံပုလွေဆိုးကြီးက သူပါ။ သူဟန်ဆောင်နေတာ’
မုကျစ်ရှီက တစ်ခုခုပြောရန်ပြင်လိုက်စဉ် မျက်နှာကိုကာထားသည့် လက်ကြားလေးမှ စုရှောင်ရှန်၏ စူးစူးဝါးဝါးအကြည့်ကို မြင်လိုက်ရပြီး ပါးစပ်ပြန်ပိတ်လိုက်၏။
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အားအင်ချိနဲ့သည့် သူကို လူတိုင်းသနားကြတာမှန်သည်။
ဤနေရာရှိ ဘယ်သူကမှ စုရှောင်ရှန်၏ အံ့မခန်း တိုက်ခိုက်စွမ်းရည်ကို မသိကြချေ။ သို့ဖြင့် စုရှောင်ရှန်၏ စကားများကိုကြားပြီးနောက် လူအုပ်ကြီး၏ အမူအရာများပြောင်းလဲသွားခဲ့သည်။
ဖြည်းဖြည်းချင်းစီ မျက်နှာသေကြီးမှ ဂရုဏာသက်သော မျက်နှာထား၊ ထို့နောက်မှာ သနားခြင်းအဖြစ်သို့ ရောက်သွားကြသည်။
“တော်တော်တရားလွန်နေပြီ။ ငါရပ်ကြည့်မနေနိုင်တော့ဘူး။ ဒီက ကောင်လေးဘက်ကနေ ငါထောက်ခံပေးနိုင်တယ်။ အစကနေ အဆုံးထိ သူမဟုတ်တာ လုပ်သွားတာ ဘာမှ မရှိဘူး”
“ဟုတ်တယ်။ ဥက္ကဠကြီး အမှန်ကိုသိသင့်တယ်။ ဒီကောင်လေးက ဘာမှ မဟုတ်မဟက်မလုပ်ဘဲ ဖုသခင်လေးကသာ စတင်တိုက်ခိုက်တဲ့သူဆိုတာ ကျုပ်တို့အားလုံး အာမခံပေးနိုင်တယ်”
“အိုး… ကလေးရေမငိုပါနဲ့။ လာ မမစီလာ”
“ဖုသခင်လေး။ မင်းရဲ့ လုပ်ရပ်နဲ့ စကားတွေက တရားလွန်သွားပြီ။ လူကို အားနည်းတယ်ဆိုပြီး အနိုင်မကျင့်ပါနဲ့”
“…”
ဖုရှင်း ကြောင်အသွား၏။
‘ငါဘာလုပ်လို့လဲ။ ငါဘာပြောလို့လဲ။ စလာကတည်းက စကားတွေ တတွတ်တွတ်ပြောနေတာ သူပါဟ’
[မေးခွန်းထုတ်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ရှီတိ ခေါင်းကိုက်သွား၏။
စုရှောင်ရှန် အလွန်အကျွံ ဖော်ပြသလို သူဘာမှ အမှားမလုပ်ခဲ့တာ သိလိုက်ရသည်။ မဟုတ်ရင် လူတွေအများကြီး သူ့ဘက်ကနေ ရပ်တည်ပေးမတဲ့လား။
အခြားတစ်ဘက်တွင်လည်း ဖုရှင်းကို ဆေးမျှော်စင်ထဲမှာ ဆေးမီးဖိုအိုးပေါက်ကွဲမှူတွေအတွက် သူအပြစ်တင်လို့မဖြစ်ချေ။
သူက မြို့တော်၀န်ဖု၏ သားဖြစ်နေကာ ငယ်ငယ်တုန်းကလိုလည်း ဘောင်းဘီချွတ်ကာ ပေါင်ပေါ်တင်၍ ရိုက်လို့ရတော့သည့် အရွယ်မဟုတ်တော့ပေ။
‘ဟ ဒါဆို ငါက ဒီအပျက်အဆီးတွေအတွက် ဘယ်သူ့ကို တာ၀န်ယူခိုင်းရမှာတုန်း’
ရှီတိက သဘောကောင်းသည့် လူအဖြစ်ကျော်ကြားပေမယ့် ကို့ယ်အိမ်ကို လာဖောက်ခွဲရင် ဘယ်သူက ဒေါသမထွက်ဘဲ နေလိမ့်မည်လဲ။
သို့ဖြင့် အရာအားလုံးကို အခွင့်ပေးခဲ့သည့် အစောင့်၏ အပြစ်ဟုဆိုပြီး သူ့ကို စူးစူးရှရှ ကြည့်လိုက်သည်။
“မင်းဘာပြောစရာကျန်သေးလဲ”
အစောင့် ကြောက်ဒူးတုန်သွား၏။ ယခု ရှီတိကြောင့် အလုပ်ထုတ်ခံလိုက်ရရင် အလုပ်ပြုတ်သွားရုံမက ဘယ်မှာမှ နောက်ထပ်အလုပ်လည်းရှာလို့ရတော့မည်မဟုတ်ချေ။
‘ငါဒီ ဘ၀င်ခိုက်နေတဲ့ မျိုးနွယ်စုတွေရဲ့ ခြေထောက်ကိုဖက်ရမယ့် အစောင့်တော့ဖြစ်မလာချင်ဘူး’
သူ့အနာဂါတ်က မသေချာမရေရာတော့တာ ကို ခံစားနေရသည်။
စုရှောင်ရှန် ကြားဖြတ်ပြောလိုက်သည်။ “သူ့ကိုတော့လည်း လုံး၀ အပြစ်သွားတင်လို့မရဘူးလေ။ တကယ်က လုံလောက်အောင်မသန်မာတဲ့ ဖုသခင်လေးရဲ့ ကျင့်ကြံခြင်းနယ်ပယ် နိမ့်နေတာကို အပြစ်တင်ရမှာ”
ဖုရှင်း တုန်လှုပ်သွားသည်။
သူ့မျက်လုံးများကို ပြူးကျယ်စွာဖွင့်ပြီး ငြင်းတော့မယ်လုပ်နေတာကို လစ်လျူရှူပြီး စုရှောင်ရှန်က ဆက်ပြောလိုက်သည်။ “ဒီက အစောင့်က လူအုပ်ကြီး အနာတရမဖြစ်အောင် ကာကွယ်ပေးနိုင်တာကို တော်နေပါပြီ။ ပြီးတော့ သူကလည်း ဒီက ဖုသခင်လေးက ဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောခဲ့လို့ပေါ့။ မဟုတ်ရင်တော့…”
စုရှောင်ရှန် စကားဆိုနေရင်းက တုံ့ခနဲ ရပ်လိုက်သည်။ မဟုတ်ရင် ဖုရှင်းက ပိုပြီးတောင် ဆိုးဆိုးရွားရွား ဖြစ်သွားဦးမှာလို့ ပြောမိတော့မလိုဖြစ်သွား၏။
သူတို့က အရွယ်လည်း ရောက်လာကြပြီဖြစ်ရာ အခြားသူများ မျက်နှာပျက် မပျက်ကို ကြည့်ရဦးပေမည်။
သို့ပေမယ့် ဖုရှင်း သူ့မျက်နှာကို စုတ်ဖြဲလိုက်သလို ခံစားလိုက်ရသည်။
စုရှောင်ရှန် မပြောပေမယ့်လို့ ဒီမှာရှိတဲ့ လူတွေက ငတုံးတစ်ယောက်မှ မပါပေ။ ‘မင်းပြောချင်တာကို ဘယ်သူမှ မသိနိုင်ဘူးထင်နေတာလား’ ဖုရှင်း စိတ်ထဲက ဆို၏။
ထို့နောက် ငြင်းဆန်လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့။ လက်သီးချင်းယှဉ်ထိုးတာက ငါသန်မာတဲ့ရာမဟုတ်ဘူး။ သတ္တိရှိရင် ဓားချင်းယှဉ်ချမလား”
“ဟင်”
စုရှောင်ရှန် ချက်ခြင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
“အဲ့လိုလုပ်ဖို့ မလိုပါဘူး”
လက်သီးနဲ့ခြေထောက်တွေက မျက်စိမပါဘူးဆိုပေမယ့် ဘယ်သူမှ သေဦးမည်မဟုတ်ချေ။ တိတ်တခိုးနာကျင်ခြင်းထွက်လာရင်တော့ မလွဲမသွေ အလောင်းတစ်လောင်းပေါ်လာရပေမည်။
‘ငါပြီးစလွယ် ဓားထုတ်ပြီး လျှောက်ခုတ်နေလို့မဖြစ်ဘူး’
“မင်းတို့အားလုံး တော်ကြစမ်း”
ဥက္ကဠ ရှီတိ၏ ခန္ဓာကိုယ်က ဒေါကကြောင့်တုန်ရင်နေသည်။
ထို့နောက် သူ့ရှေ့က စကားလုံးလှလှလေးများနှင့် ဓားဖြင့်ထိုးတတ်သည့် လူငယ်လေးကိုကြည့်ကာ ခက်ထန်စွာမေးလိုက်သည်။ “မင်းနာမည်ဘာလဲ”
“စုရှောင်ရှန်”
ထို့နောက် အလျင်အမြန် နောက်က ထပ်လောင်း၍ “ကျုပ်ဒီကိုလာခဲ့တာ ဥက္ကဠကြီးကို တွေ့ချင်လို့ပဲ”
“ငါ့ကိုဘာမှ တွေ့ချင်စရာအကြောင်းမရှိဘူး” ရှီတိက လက်ဝှေ့ရမ်းကာ စုရှောင်ရှန်ကို တော်ခိုင်းလိုက်ပြီး ဆက်လက်၍ မေးလိုက်သည်။ “မင်းပြောသလိုဆို ဒီဖြစ်ရပ်မှာ အပြစ်ရှိတဲ့သူပျောက်နေတယ်။ ဘယ်သူ့ကို ငါက တာ၀န်သွားယူခိုင်းရတော့မှာလဲ”
“သူပေါ့”
ဖုရှင်းကို လက်ညိုးထိုးပြလိုက်သည်။
“ဒီကောင်က တကယ့် လက်သည်တရားခံ။ သူ့ကို အပြစ်မပေးဘူးဆိုရင်တောင် အပျက်အဆီးတွေအတွက် တာ၀န်ယူခိုင်းပေါ့”
ဖုရှင်း တံတွေးတီးသွားပြီး အသက်ရှူတောင်ကြပ်လာသည်။
‘ဘာကို ငါက စရိတ်စကခံရမှာလဲ။ ငါ့ပိုက်ဆံက မင်းဟာတွေပါလို့ တစ်ခါတည်း ဘာလို့မပြောလိုက်တာလဲ’
ထို့နောက် “ဟင်းသီးဟင်းရွက်ဖြစ်နေတာကိုက မင်းအပြစ်” ဆိုတဲ့ စကားကိုမြင်ယောင်မိပြီး “ကောင်းပြီလေ။ ပျက်ဆီးသွားတာတွေအတွက် လျော်ပေးပါ့မယ်”
ဖုရှင်းတာ၀န်ခံလိုက်သည်။
စုရှောင်ရှန်က ချက်ခြင်းလက်ငင်း ထပ်၍ “ဒါပေါ့ လျော်ကြေးတင်မဟုတ်ဘူး ငါတို့နှစ်ယောက်ကြားက ပဠိပက္ခကိုလည်း မေ့ပေးရမယ်”
ဖုရှင်း စွံ့အသွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်နှင့် ဖုရှင်းတို့ အပြန်အလှန်ပြောစကားများကြောင့် ရှီတိ စိတ်ပင်ပန်းနွမ်းနယ်သွားသည်။
“မင်းတို့အားလုံးထွက်သွားကြ။ ဆေးမျှော်စင်က မင်းတို့ကို မကြိုဆိုဘူး။ သွားကြတော့ သွား”
“ကျွန်တော်ရောသွားရမှာလား” အစောင့်လေးက ၀မ်းနည်းသလိုလို သနားစရာကောင်းသလိုလို အကြည့်များဖြင့် မေးလိုက်သည်။
“အာ…”
ဤအစောင့်ကို ရှီတိ အလုပ်မဖြုတ်ချင်ပါပေ။ သူက နှစ်ပေါင်းများစွာ ဆေးမျှော်စင်ကို တာ၀န်သိသိ စောင့်ရှောက်လာခဲ့သည့်သူဖြစ်ကြောင်း သူသိသည်။ ဤဖြစ်ရပ်လေးကြောင့် အလုပ်ထုတ်ပစ်လိုက်တာဆိုရင် သူလည်း စိတ်မကောင်းဖြစ်ရပေမည်။
“မင်းနေလို့ရတယ်။ ဒါပေမယ့် မင်းရဲ့ အပြုအမူတွေကို ငါစောင့်ကြည့်နေမယ်။ ခု အကုန်ထွက်သွားကြတော့”
သူ့လက်ကိုဝှေ့ရမ်းပြီးတော့ ထွက်သွားကြဖို့ပြောလိုက်သည်။
ဘာဖြစ်ဖြစ် ဤဖြစ်ရပ်သည် မြို့တော်၀န်၏သားနှင့် ဆက်နွယ်နေပေသည်။ သို့ဖြင့် ဖူရှင်း၏ မျက်နှာကိုတော့ အဖက်ဆယ်နိုင်သလောက်ဆယ်ပေးရချေမည်။ ဤဖြစ်ရပ်ကို အေးအေးချမ်းချမ်းအဆုံးသတ်၍ ဆေးမျှော်စင်ကို ပြန်လည်ပြုပြင်တာကမှ အကောင်းဆုံး ရွေးချယ်ချက်ဖြစ်၏။
“ဥက္ကဠကြီး… ဥက္ကဠကြီး…”
သူ့နောက်ကို လက်များပွတ်သပ်၍ ဖုရှင်း လိုက်လာခဲ့ပြီး ဆိုလိုက်သည်။ “ကျွန်တော်က ဒီမှာ ကျွန်တော်ရဲ့ ညီမလေး စာမေးပွဲ၀င်ဖြေတာ လာကြည့်တာ။ ဆိုတော့လေ…”
ရှီတိရပ်တန့်သွား၏။ သူ့မျက်ခုံးများအပြင်းအထန်လှုပ်သွားပေမယ့် ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။ “သွား၊ သွား။ သူမကို ကြိုပြီးတာနဲ့ သွားတော့”
ရှီတိ ဤကိစ္စကို ဘေးချ၍ သူ့လမ်းသူဆက်မယ်ပြုစဉ် နောက်က နောက်ထပ်အသံတစ်သံကို ကြားလိုက်ရသည်။
“ဥက္ကဠကြီး… ဥက္ကဠကြီး…”
ရှီတိ သက်ပြင်းချလိုက်သည်။
ထို့နောက် နောက်လှည့်ကာ စုရှောင်ရှန်အား ကြည့်လိုက်၏။
“မင်းကကော ဘာဖြစ်ချင်လို့တုန်း” သွားကြားထဲက ဖျစ်ညှစ် ပြော၍ ရှီတိမေးလိုက်သည်။
ဖုရှင်းက မြို့တော်၀န်သားမလို့ သူသည်းခံနိုင်သေးတယ် ဒီအကောင်က အတင့်ရဲစွာ သူ့စီက ဘာလိုချင်ပြန်ပြီတုန်း။ ဆေးမျှော်စင် ဒီလိုဖြစ်ရတာလည်း ထိုအကောင်ကြောင့် တစ်စိတ်တစ်ပိုင်းပါ၀င်ပေသည်။
“ဆိုတော့လေ…”
စုရှောင်ရှန်က ရှက်ကိုးရှက်ကန်းပြုံးကာ ဆိုလိုက်သည်။ “ဒီမှာ ဆေးဖော်စပ်သူ စာမေးပွဲလာ၀င်ဖြေတာ ကျုပ်လည်း ထွက်သွားလို့မဖြစ်ဘူး”
“ဘာကြီး” ဖုရှင်း လန့်ဖျပ်သွား၏။
ထွက်သွားမယ်ပြုနေကြသော လူအုပ်ကြီးလည်း ထိုစကားကိုကြားသောအခါ တုံ့ခနဲ ရပ်သွားကြသည်။
‘ဆေးဖော်စပ်သူ စာမေးပွဲဖြေမယ်ဟုတ်လား’
‘မင်းက စာမေးပွဲလာဖြေတာမဟုတ်ဘဲ လာဖောက်ခွဲတာမဟုတ်ဘူးလား’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၆၇]
“မင်းက ဆေးဖော်စပ်သူတစ်ယောက်လား” ရှီတိလည်း အလားတူ မှင်တက်သွား၏။
“ခုတော့မဖြစ်သေးဘူး။ မကြာခင်တော့ ဖြစ်လာတော့မှာ”
ရှီတိရယ်လိုက်သည်။ ဒီကောင်လေးက တကယ် ရိုးသားပြီး နှံ့အသည်ဟု တွေးတောလိုက်၏။
‘ငါဘယ်လောက်သဘောကောင်းကောင်း ငါ့အိမ်ကို ဖောက်ခွဲလိုက်တာကို ငါ့အိမ်ထဲတော့ ပြန်ဖိတ်မခေါ်နိုင်ဘူး။ ဆေးဖော်စပ်သူ စာမေးပွဲဖြေမယ်တဲ့ မဖြစ်နိုင်တာ။ ဟာသပဲ’
“မင်းတကယ် ဖြေချင်တာသေချာပြီလား။ မင်းအောင်မယ်လို့ယုံကြည်တယ်ပေါ့” ထိုစကားများကိုပြောရင်းတောင် ရှီတိ သွားကြိမ်းသွားခဲ့သည်။
စုရှောင်ရှန်က အလေးအနက် ခွန်းတုန့်ပြန်လိုက်၏။ “သေချာပါတယ်။ ကျုပ်ကိုယ်ကျုပ် ယုံကြည်တယ်။ ပြီးတော့ ဥက္ကဠကြီးကလည်း ကိစ္စသေးသေးလေးကြောင့် အငြိုးထားတတ်တဲ့လူမဟုတ်ဘူးလို့ထင်ပါတယ်”
ကိစ္စသေးလေး… အငြိုးမထားတတ်တဲ့လူ…။
စုရှောင်ရှန်၏ အာဂသတ္တိကြောင့် ဘေးနားရှိလူတိုင်း ချက်ခြင်းမှင်တက်သွားကြလေသည်။
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၆၆]
ရှီတိ ဒေါသထွက်သွားသလို ရယ်လည်း ရယ်ချင်မိသွားသည်။ သူတစ်ခုခုကို ပြောတော့မည့်အချိန်မှာ စုရှောင်ရှန်က စကားလမ်းကြောင်းလွှဲလိုက်သည်။
“ဥက္ကဠကြီးက ကျုပ်ရဲ့ စွမ်းဆောင်ရည် မဟုတ်ဘဲ တစ်ခြားဟာကို ကြည့်ချင်တယ်ဆိုရင်…”
စုရှောင်ရှန် လည်ပြန်ကြည့်ကာ ကျစ်ဆံမြှီးနှစ်မွှာဖြင့် မုကျစ်ရှီထံ လက်ဖြန့်ထုတ်လိုက်သည်။ “ငါ့ကို စာအိတ်ပေး”
သူ့လက်ထဲ စာအိတ်လေးကျလာသည်။
စုရှောင်ရှန်က ခံစားချက်များ ရောထွေလျက် အဝေးကိုကြည့်ရင်း အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်၏။ ထို့နောက် “ဥက္ကဠကြီး။ ငန်းရေကန်ကြီးက အကြီးအကဲစန်းဆိုတာ မှတ်မိသေးရဲ့လား”