ဖုရှင်း ရှင်ကိုးရှက်ကန်းဆိုလိုက်သည်။ “သူက ပြန်ဆုံးမလိုက်တယ်လို့တော့ ပြောလို့မရပါဘူး…”
စုရှောင်ရှန် တကယ် သူ့ကို ပြန်လည်မတိုက်ခိုက်လိုက်ပါချေ။
‘အဲ့တော့ ငါကပဲတိုက်ခိုက်ပြီး ငါကပဲ ရှုံးသွားတဲ့သူပေါ့…’
ဖုရှင်းခေါင်းကိုက်သွားသည်။
“မကြောက်ပါနဲ့။ ငါ့ဆေးမျှော်စင်ထဲမှာ တိုက်ခိုက်ရဲတဲ့သူ မိုးပေါ်ပျံတတ်ရင်တောင် မလွတ်စေရဘူး”
ဖုရှင်းက တိုက်ခိုက်လိုက်သည့်သူကို မဖော်ပြရဲ ဖြစ်နေသည်ဟု ရှီတိထင်သွားပြီး နှာမှုတ်ကာပြောလိုက်သည်။
သူက နှာမှုတ်လိုက်တာတောင် သူ့မျက်နှာက ဖော်ရွေနေသေးပြီး အသံကလည်း ပျားသကာကဲ့သို့ နား၀င်ချိုနေသေး၏။
“ဒီလို အပျက်အဆီးတွေဖြစ်အောင်လုပ်ရဲတာ သူ့ကျင့်ကြံခြင်းက ဘယ်နယ်ပယ်မှာလဲ။ အရှင်သခင်နယ်ပယ်လား၊ ဧကရာဇ်နယ်ပယ်လား”
သို့ပေမယ့် ဧကရာဇ်နယ်ပယ်ဆိုရင် ဖုရှင်းနေရာမှာတင် ပွဲချင်းပြီး ပေါက်ကွဲထွက်သွားတာလောက်မှာ သတိရသွားသည်။ သို့ဖြင့် ဖုရှင်း၏ မီးပူအိုးပေါ်က ပုရွက်ဆိတ်လေးများအလား ထိုင်မရ ထမရ ဖြစ်နေသည့် အမူအရာကို ရှိတီတွေ့လိုက်ရသည်။
ဤကုန်မြေကြီး၏ စည်းမျဉ်းများအရ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က အခြား ဧကရာဇ်နယ်ပယ်ကိုသာ တိုက်ခိုက်နိုင်လေသည်။ ဧကရာဇ်နယ်ပယ်အောက်က စိတ်ဝိညာဉ်ကျင့်ကြံသူများအား တိုက်ခိုက်ခွင့် ပိတ်ပင်ထား၏။
ဆိုတော့ ဖုရှင်းကို ဆုံးမပေးလိုက်တာ အရှင်သခင်နယ်ပယ်သာဖြစ်ရမည်။
သို့ပေမယ့် ဖုရှင်းက ဓားအရာမှာ ပါရမီပါလှတာကြောင့် ကောင်းကင်ရုပ်လွှာနယ်ပယ်များဆိုလျှင်တောင် သူ့ကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည်မဟုတ်ချေ။
ထိုသို့တွေးမိပြီး ရှီတိက ဆက်မေးလိုက်သည်။ “သူက ယင်ယန်နယ်ပယ်လား ဒါမှမဟုတ်ရင် ကြယ်ဘုံလွှားနယ်ပယ်ကလား”
ဖုရှင်း ဂနာမငြိမ်ဖြစ်လာခဲ့၏။
ဥက္ကဠ ရှီတိကို ထင်ရာ ဆက်တွေးခိုင်းနေလို့မဖြစ်တော့ပေ။ ယခု ရှီတိ၏ ခန့်မှန်းချက်များကိုကြားရသောအခါ သူပိုလို့ ရှက်သွားခဲ့သည်။
“အဲ့လိုမဟုတ်ပါဘူး”
ဖုရှင်း ရှက်ရွံ့သွားကာ ဘေးတစ်ဘက်ကို မျက်နှာလွှဲလိုက်သည်။။ “သူက မူလနန်းတော်… မူလနန်းတော်အလယ်ပိုင်းမှာ” ဤအရာကို ကြမ်းပြင်က အပေါက်ကိုကြည့်နေရင်း ပြောခြင်းဖြစ်သည်။ ထိုအပေါက်ထဲတွင် ခေါင်းတောင်ဖွက်ချင်လိုက်၏။
…
ဘုတ်…။
အချိန်တစ်ခုကြာတိတ်ဆိတ်သွားပြီးနောက်မှာ ဆေးအကူမိန်းမပျိုလေးလက်ထဲတွင် ကိုင်ထားသော ဆေးပုလင်း ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။
အခြားသူများလည်း ပြောစရာစကားများရှာမရအောင် စွံ့အသွားကြသည်။
အချိန်တစ်ခုကြာမှာ ဥက္ကဠရှီတိက ဖြူဖျော့နေသော မျက်နှာဖြင့်ဆိုလိုက်သည်။
“မူလနန်းတော်ဟုတ်လား။ ငါ့ကိုလာနောက်နေတာလား ကောင်လေး”
ထို့နောက် ကြမ်းပြင်က အပေါက်ကြီးကိုလက်ညိုးထိုးပြကာ ဖုရှင်းကို တည့်တည့်ပြန်ကြည့်ပြီးတော့ ဒေါသတကြီးမေးသည်။ “မူလနန်းတော်နယ်ပယ်က တစ်ယောက်ယောက် ဒါကိုလုပ်လိုက်တယ်လို့ မင်းပြောနေတာပေါ့”
ဖုရှင်း အလျင်အမြန် ရှင်းပြလိုက်၏။ “သူလုပ်လိုက်တယ်တော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ခရမ်းနဂါးကြီး ပြန်ကန်ထွက်သွားလို့ ဖြစ်ရတာပါ။ ဘယ်လိုလဲဆိုရင်…”
ပြန်ကန်ထွက်လာတယ်ဆိုမှ စောနက စုရှောင်ရှန်၏ ထူးထူးဆန်းဆန်း အင်အားကိုမြင်ယောင်မိပြီး ဘယ်လို ဆက်ရှင်းပြရမလဲ မသိဖြစ်သွားသည်။
‘ငါ နံရံကိုထိုးလိုက်လို့ လက်ပြန်ကန်ထွက်လာတာမျိုးဆိုရင် သူတို့နားလည်မလား’
“ကျွန်တော်မရှင်း… မရှင်းပြတတ်တော့ဘူး”
ဖုရှင်း သူ့ကိုယ်သူအရှက်မခွဲလိုတော့ချေ။ ထိုစဉ် အိပ်ပြန်ပြီး စောင်ခေါင်းမူးခြုံကာ အိပ်ယာထဲတွင်သာ ကွေးလိုက်ချင်တော့သည်။
‘အိပ်မက်မက်နေတာဆိုရင် ဘယ်လောက်ကောင်းမလဲ…’
ဖုရှင်း၏ စိတ်ပျက်အားလျော့နေသော အမူအရာဖြင့် ရှင်းပြနေတာရပ်သွားသည်ကိုမြင်သောအခါ ဤဖြစ်ရပ်တွင် အခြားအကြောင်းတရားတစ်ခုခုပါရမည်ဟု ရှီတိတွက်ဆလိုက်သည်။
သူ့လက်ကိုဝေ့ရမ်းပြလိုက်ကာ “လာ၊ ငါနဲ့ လိုက်ခဲ့။ လက်သည်တရားခံကို မျက်နှာချင်းဆိုင် စစ်မေးမယ်။ အစောင့်တွေရှိနေတာနဲ့ဆို ဒီကောင်ထွက်မပြေးနိုင်လောက်သေးဘူး”
ဖုရှင်း ဆူပုတ်ပုတ်ဖြစ်သွားပြီး အားအင်ချိနဲ့စွာ စကားဆိုလိုက်သည်။ “ကျွန်တော် မသွားချင်ဘူး”
‘လက်သည်တရားခံနဲ့ မျက်နှာချင်းဆိုင်ရမယ်လား။ မသွားချင်ဘူး မတွေ့ချင်ဘူး’
ဤသို့သော ဆန်းကြယ်သည့်ကမ္ဘာကြီးတွင် တစ်ခါတစ်လေမှာ အရာရာကို လိုက်ရင်မဆိုင်တာက အပူအပင်ကင်းမဲ့သော ဘ၀ကြီးကို ရရှိစေ၏။
“မလိုက်ချင်ဘူးဟုတ်လား”
ရှီတိ သူ၏ အသံကို အနည်းငယ်မြှင့်ကာ ပြောလိုက်သည်။ “ဒီကိစ္စက မင်းလိုက်ချင်လား မလိုက်ချင်ဘူးလားအပေါ်မူတည်မနေဘူး။ ဒီကြမ်းပြင်မှာ အပေါက်ကြီးတွေ့လား။ ဒီလက်သည်တရားခံကို မင်းမှ မရင်ဆိုင်ရင် မင်းအဖေကို လာရင်ဆိုင်ခိုင်မှာလား”
“ကျွန်တော်…”
ဖုရှင်း၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားရသည်။ ‘ငါ့အဖေကိုယ်တိုင်လာရရင် ငါ့မျက်နှာကို ဘယ်မှာ သွားထားရတော့မှာလဲ။ ဒါပေမယ့်… အောက်ကကောင်ကိုလည်း မတွေ့ချင်ဘူး…’
“ကျွန်တော် တကယ်မလိုက်ချင်လို့ပါဆို…”
ရှီတိ ဘာမှမပြောတော့ဘဲ ဖုရှင်းကို ဂုတ်ကကိုင်ဆွဲကာ ကြမ်းပြင်က အပေါက်ကြီးထဲ ခုန်ချလိုက်သည်။ ပုံမှန်လို လမ်းလျှောက်ပြီးမဆင်းရတဲ့အတွက် အဆင်တော့ပြေပေသည်ဟု တွေးလိုက်၏။
‘ထွီး… တကောင့်သားက ငါ့ဆေးမျှော်စင်ကိုဖောက်ခွဲရဲအောင် အတင့်ရဲတယ်။ မင်းမှာ အတောင်နှစ်ဖက်ပါနေရင်တောင် ငါ့လက်က မလွတ်စေရဘူးကွ’
…
ဒက် ဒက် ဒက်…။
နေရာတိုင်းတွင် ခြေသံများစွာကိုကြားရသည်။ အချို့က လှေကားများမှ အောက်ကိုဆင်းလာနေကြပြီး အချို့က တစ်လွှာချင်းစီ အပေါက်ကြီးထဲမှ ခုန်ဆင်းလာကြသည်။
ထိုနေရာတွင်ရှိ ရပ်ကြည့်နေသည့် လူများဖြစ်စေ၊ ဆေးမီးဖိုအိုးပေါက်ကွဲသွားလို့ဖြစ်စေ ဒေါသထွက်နေကြသည့်လူများ စုရှောင်ရှန်ကို ဘာမှ မလုပ်လိုက်ကြပါချေ။
သူတို့အားလုံးသည် အထက်တန်းစား အသိုင်းအဝိုင်းမှ လာကြသူများပီပီ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းများကောင်းမွန်ကြပေသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၆၇]
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ဝိုင်းကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၂၃၃]
“…”
စုရှောင်ရှန် ကြောက်ဒူးတုန်နေ၏။
ဤသို့ လူအများ၏ အာရုံစိုက်ခံဖြစ်နေရာ အသစ်လာသည့်လူများတောင် ဘာမှ မေးစရာမလိုဘဲ လက်သည်တရားခံကိုတန်းသိသွားကြသည်။
သူ့ကိုဝိုင်းကြည့်နေကြသည့် လူများ၏ မျက်နှာထက်ရှိ အံ့အားသင့်ခြင်း၊ ဒေါသထွက်ခြင်း အရိပ်အယောင်များကိုမြင်သောအခါ စုရှောင်ရှန် ထွက်ပြေးချင်စိတ်များတဖွားဖွားပေါ်လာခဲ့၏။
ဥက္ကဠ ရှီတိကို ရှာဖို့ ကိစ္စက ဆိုင်းငံ့ထားလို့ရသလို ဆေးဖော်စပ်သူတံဆိပ်ပြားကို ရယူဖို့ရန်ကလည်း ထိုမျှ အပူတပြင်းဖြစ်မနေချေ။
“ညီမလေး… ငါတို့သွားကြ-“
“မင်းတို့ထွက်သွားလို့မရဘူး”
အစောင့်က သူတို့ကို ကြား၀င်ဖြတ်လိုက်သည်။ ဤနေရာတွင် စုရှောင်ရှန်ထက် ပိုပြီး ကြောက်ဒူးတုန်နေရသည့်သူမှာ သူဖြစ်လေသည်။
သို့ပေမယ့် အစောင့်တစ်ယောက်၏ တာ၀န်ရှိနေသေးရာ လက်သည်တရားခံကို ဤသို့ လွယ်လင့်တကူ လွှတ်ပေးလိုက်၍ မဖြစ်ချေ။
“ကျုပ်မှ မတိုက်ခိုက်လိုက်တာကို ဘာလို့ထွက်သွားလို့မရတာလဲ” စုရှောင်ရှန်က အကျောက်အကန်ပြန်ပြောသည်။
“ငါသိတယ်” အစောင့်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးတော့ ဆက်လက်၍ “ဒါပေမယ့် ဘာတွေဖြစ်သွားသလဲဆိုတာ ရှင်းပြဖို့ မင်းဒီကနေထွက်သွားလို့ မရသေးဘူး”
“ဘာလို့ ကိုယ့်ဟာကိုယ် မရှင်းပြတာလဲ။ ကျုပ်လုပ်လိုက်တာမှ မဟုတ်တာ”
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်အတွင်းမှာ အပျက်အဆီးလေးအနည်းငယ်ဖြစ်သွားတုန်းက သူလုပ်လိုက်တာကြောင့်မလို့ ၀န်ခံခဲ့သည်။ ယခုတစ်ခေါက် အပျက်အဆီးကိုသူလုပ်လိုက်တာမဟုတ်တာကြောင့် ဘာကို ရှင်းပြရမည်နည်း။
သူက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်အတွင်းမှာ မဟုတ်ဘဲ ဆေးမျှော်စင်အတွင်းမှာ ဖြစ်တာကြောင့် ဘာကျောထောက်နောက်ခံမှ မရှိချေ။ သို့ဖြင့် ဘာဖြစ်လာဖြစ်လာ ၀န်ခံလိမ့်မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ထား၏။
အစကတည်းကလည်း သူ့ကို အားပြင်းပြင်းနှင့်လာထိုးသည့် ထိုအကောင်၏ အမှားသာမဟုတ်ပါလား။
“စုရှောင်ရှန်ကို ပေးသွားလိုက်ပါ” ဘေးတစ်ဘက်မှ မုကျစ်ရှီ မနေနိုင်တော့ဘဲ ၀င်ပြောလိုက်၏။
အစောင့်က သူမကိုလှည့်ကြည့်လိုက်ပြီး ခေါင်းအသာလေးခါရမ်းပြလိုက်သည်။
ကလေးမလေးက သနားစဖွယ်အမူအရာကို မျက်၀န်းများအတွင်း ဆောင်ပြီး မေးလိုက်သည်။ “တကယ် သူ့ကို ဒီမှာ ထိန်းထားမှာပေါ့”
သူမ၏ အကြည့်ကိုနားမလည်နိုင်သော အစောင့်က ခေါင်းညိတ်ပြလိုက်သည်။
၎င်းက သူကိုင်တွယ်နိုင်သည့် အတိုင်းအတာထက်ကိုကျော်လွန်သွားလေပြီ။ သို့ဖြင့် စုရှောင်ရှန်ကို ထွက်မသွားအောင် တားထားတာက အကြံကောင်းဟု အစောင့်တွေးလိုက်၏။
မုကျစ်ရှီ နားလည်သလို ခေါင်းညိတ်ပြကာ နောက်ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမ၏ မျက်၀န်းဝိုင်းကြီးများမှ အကြည့်များ ထူးမခြားနားပြန်ဖြစ်သွား၏။
‘ထားပါလေ ငါလည်းတားလို့မှမရဘဲ။ ဒီလိုအချိန်မှာ အကောင်ဆုံးက ဒီပြဿနာကောင်ကို အဝေးကို တတ်နိုင်သလောက် ပို့ဖို့ဆိုတာ ဘယ်နားလည်ကြပါ့မလဲ။ ငါသတိပေးခဲ့ပါတယ်’
သူမ၏ ဆရာတူအကိုကြီးကိုပြန်မော်ကြည့်လိုက်သောအခါ ဟိုက ဂနာမငြိမ်ဖြင့် ခြေတစ်လှုပ်လှုပ်ဖြစ်နေတာတွေ့ရသည်။ သို့ပေမယ့် သူ၏ မျက်၀န်းများကတော့ တည်ငြိမ်စွာ နက်မှောင်တောက်ပနေ၏။
‘သူ အကြံတစ်ခုခုရှိလို့များလား’
မုကျစ်ရှီ အလန့်တကြား မတော်တဆ အရှုပ်ထဲ ပြန်ပါသွားမည်စိုး၍ နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်လေသည်။
…
“ဥက္ကဠကြီး”
“ဥက္ကကြီး ရှီတိရောက်လာပြီ”
ရုပ်ခြည်းအော်သံများဖြင့်အတူ ခေါင်းဖြူအဖိုးကြီးတစ်ဦး ကောင်းကင်ပေါ်က ဆင်းသက်လာသည်။ စုရှောင်ရှန်လည်း ဆင်းသက်လာနေသည့် အဖိုးကြီးကိုလှည့်ကြည့်လိုက်၏။
ထိုအဖိုးကြီးက နူးညံ့သိမ်မွေ့သောအမူအရာရှိတာကြောင့် သူ့စိတ်ထဲက လေးစားခံ ဆေးဖော်စပ်သူ၏ ပုံရိပ်နှင့် တစ်ထပ်တည်းသွားကျပေသည်။ သူ့အပြင်ပန်းကိုကြည့်၍တောင် လူချစ်လူခင်ပေါများသည့် အဖိုးကြီးဖြစ်တာသိနိုင်သည်။
ဥက္ကဠ ရှီတိ၏ မျက်၀န်းများအတွင်း ဒေါသ အရိပ်အယောင်အနည်းငယ်ရှိနေပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ သူ့ကိုယ်သူ ထိုထက် ပိုခက်ထန်အောင်လုပ်ရန် ကြိုးစားကြည့်ပေမယ့် အချည်းနှီးသာဖြစ်၏။
သို့ဖြင့် သူက ကြောက်စရာမကောင်းဘဲ ရယ်စရာကောင်းသွားသည်။
ရှီတိ လူအုပ်၏ အလယ်ကိုရောက်လာခဲ့သည်။ သူ့နောက်မှလည်း ရှက်ရွံ့မှုကြောင့် ခေါင်းငိုက်ချထားသော ဖုရှင်းလိုက်ပါလာ၏။
“ဒါတွေဖြစ်အောင်လုပ်လိုက်တာမင်းလား”
ထိုအမေးကိုကြားသောအခါ လူတိုင်း ဆိတ်ငြိမ်ကျသွားခဲ့သည်။
နောက်ဆုံးတော့ သူတို့ စောင့်မျှော်နေသည့် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။
ဒီလူငယ်လေးက ဆေးမျှော်စင်ထဲမှာတောင် တိုက်ခိုက်ရဲတယ်တဲ့။ သူ၊ ရှီတိက သဘောကောင်းတယ်ဆိုပြီး လုပ်ချင်တာလုပ်လို့ရမယ်ထင်နေတာလား။
“ခင်ဗျားက ဥက္ကဠကြီးလား”
ရှီတိ ခေါင်းညိတ်လိုက်သည်။
ထိုအတည်ပြုချက်ကိုရသောအခါ စုရှောင်ရှန် အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်ပြီး ချက်ခြင်း သူ၏ မျက်လုံးများ အနီရောင်ပြောင်းသွားခဲ့သည်။
ထိုစဉ် စုရှောင်ရှန်၏ အမူအရာမှာ အန်ိုင်ကျင့်ခံလိုက်ရသည့်ကလေးငယ်သည် အားကိုးစရာရှာတွေ့သည့်အလားကို ပြောင်းသွားခဲ့၏။
လူတိုင်း၏ မှင်တက်နေသော အကြည့်များအောက်တွင် ရှီတိ၏ ခြေထောက်ကို ငိုယိုချင်နေသော မျက်နှာကြီးဖြင့် စုရှောင်ရှန် ပြေးဖက်လိုက်သည်။
မကြာခင် သူ၏ နီရဲရဲ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ်စီးကျလာခဲ့ပြီး အသံပြဲကြီးဖြင့်အော်လိုက်သည်။
“ဥက္ကဠကြီး ကယ်ပါဦး”