ဆေးမျှော်စင်၏ ခြောက်လွှာတွင်…။
မျက်နှာအရည်တွန့်နေပြီဖြစ်သောအဖိုးကြီးတစ်ယောက် ကြမ်းခင်းကနေ ရုတ်တရက်ဖောက်ထွက်လာပြီး သူ၏ ဆေးမီးဖိုအိုးကို မှောက်သွားအောင် လာတိုက်ကာ ကျစ်ကျစ်တောက်ပူနေသော ထိုအိုးအထက်တွင် ဟန်ကျကျ ထိုင်ပြီးသားဖြစ်သွားသည့် အဖြူ၀တ်ကောင်လေးကို မှင်တက်စွာကြည့်နေသည်။
တိတိကျကျပြောရရင် ထိုကောင်လေး၏ အဖြူက အနီ၀တ်တောင်ပြောင်းသွားခဲ့ချေပြီ။
သူမယုံကြည်နိုင်စွာရှိနေရင်း သူ့ဘေးက ဆေးအကူမိန်းမပျိုကိုလှည့်ကြည့်လိုက်တော့လည်း သူ့လို အလားတူ အမူအရာရှိနေတာ တွေ့ရ၏။
“ဆေးမျှော်စင်မှာ ပြဇာတ်အသစ်တစ်ခု ကနေကြတာလား”
အဖိုးကြီးက ဆေးအကူမိန်းမပျိုလေးကိုမေးလိုက်သည်။
မဟုတ်ရင် ဒီလူ ဘယ်လိုလုပ် ရုတ်တရက်ကြီး အောက်ကနေ ပျံတက်လာတာလဲ။ ဘယ်တုန်းက ဆေးမျှော်စင်မှာ ဒီလို ပြပွဲသစ်တွေလုပ်ကြရတာတုန်း။
“ကျွန်-ကျွန်မလည်း မသိဘူးလေ…”
“လခွမ်း။ ပူတယ်ဟ”
ဆေးအိုးအပေါ်မှာ ထိုင်နေသည့် ကောင်လေး နောက်ဆုံးတော့ လှုပ်ရှားလေပြီ။ ကြမ်းပြင်တွင်ခြေဆောင့်ကာ လေးကြိုးမှ ပစ်လွှတ်လိုက်သော မြှားတစ်ချောင်းအလား ခုန်တက်လိုက်သည်။
ဇွက်…။
သို့ပေမယ့် ဤသို့ ရုတ်ချည်းလှုပ်ရှားမှုက ဒဏ်ရာများကို ပို၍ဆိုးရွားသွားစေပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
ကြမ်းခင်းပေါ်ကို ပြန်ကျလာသောအခါ ဖုရှင်း၏ ခေါင်းတစ်ခုလုံးနောက်ကျိနေ၏။ ထိုမှသူပြုလုပ်ထားသည့် အလောင်းအစားကို မြင်ယောင်မိပြီး ဖြစ်ပျက်နေသည်များကိုတောင်မေ့သွားခဲ့သည်။
ဤအခိုက်တွင် ဘာမှတောင် ဟုတ်တိပတ်တိမလုပ်ဘဲ သူ့ကို ဒီလိုအခြေအနေမျိုးရောက်သွားအောင်လုပ်လိုက်တဲ့ သကောင့်သား၏ စွမ်းပကားကိုသာ အံ့ဩမှင်တက်နေရသည်။
သူ့ညာလက်မှ ဆူးအောင့်အောင့်နာကျင်မှုကြီးရုတ်တရက်တက်လာတာကြောင့် ၎င်းကိုကြည့်လိုက်သည်။
သူ၏လက်တွင် အသားစများပေါက်ပြဲထွက်နေပြီး သွေးသံတရဲရဲဖြင့် အရိုးအပိုင်းအစများပေါ်နေ၏။ ထိုအရိုးများတွင် အက်ကွဲရာများကိုတောင်တွေ့ရသည်။
ထို့အပြင် ညာလက်သာမကဘဲ သူ့ကိုယ်တစ်ခြမ်းတောင်ပေါက်ကွဲချင်သလို ခံစားနေရသည်။ သူ့အ၀တ်အစားအစိတ်အပိုင်းတော်တော်များများကလည်း ပြဲထွက်သွားပေရာ သွေးသံတရဲရဲ ခန္ဓာကိုယ်ကို ပြသနေတော့၏။
ဝေါ့…။
ထိုမြင်ကွင်းကိုမြင်သောအခါ ဆေးအကူမိန်းမပျိုလေး ပျို့တက်လာတာကိုမထိန်းနိုင်တော့ဘဲ အန်ထုတ်လိုက်သည်။
ဒီလူက မြေကြီးထဲကနေ တွားသွားထွက်လာသည့် အလောင်းကောင်တစ်ကောင်နှင့်တူ၏။ လူသားဆန်မှုအနည်းငယ်မြင်ရတာကိုက အံ့ဩစရာကောင်းလှနေပြီ။
ဖုရှင်း သူမကိုတစ်ချက်သာကြည့်ပြီး လစ်လျူရှူလိုက်သည်။
သူသာ နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်ကို မလေ့ကျင့်ခဲ့လျှင် ယခုဆို အခြေအနေက ဒီထက်တောင် ပိုလို့ ဆိုးနေလောက်သည်။ ထိုမှ မခံမရပ်နိုင်အောင်ဖြစ်သော နာကျင်မှုကို အံကြိတ်သည်းခံရင်း ဘာဖြစ်ပျက်သွားသလဲဆိုတာ သုံးသပ်လိုက်သည်။
သူ၏ ခရမ်းနဂါးကြီးက လုံး၀ အင်အားအပြည့်ဖြင့် ပြန်ကန်ထွက်လာခဲ့ရပေကာ ထိုအကောင်သုံးလိုက်သော ပြန်ကန်လာသည့် နည်းစနစ်က ဘယ်လိုမှ သာမန်အရှင်သခင်နည်းစနစ်မဖြစ်နိုင်ချေ။
ထို့အပြင်ကို ပထမတစ်ကြိမ်ပြန်ကန်ပြီးနောက်တွင် နောက်ထပ်တစ်ကြိမ် ပို၍ အားပြင်းသော သက်ရောက်မှုအားကို ခံစားလိုက်ရပြန်သည်။
“ဒါဘယ်လို မှော်အတတ်လဲ…”
နာကျင်မှုက တဖြည်းဖြည်းပြင်းထန်လာခဲ့ကာ နောက်ဆုံး လုံး၀မခံမရပ်နိုင်အောင်ဖြစ်လာရတာကြောင့် ဘာမှ စကားမဆိုနိုင်တော့ဘဲ မျက်လုံးများကို တင်းကြပ်စွာ ပိတ်လိုက်ရ၏။
သူ့ရန်သူကို ထိုးလိုက်ပြီးနောက်မှာ အရှင်သခင်နယ်ပယ်နည်းစနစ်၏ တိုက်ကွက်ကို သုံးကြိမ်မျှတောင် ခံစားလိုက်ရလေသည်။
သူ့အကာအကွယ် ကျောက်စိမ်းပြား ကြေမွသွားပြီး နောက်မှာ သူသာ အလျင်အမြန် စိတ်ဝိညာဉ်အနှစ်ဖြင့် ကိုယ့်ကိုယ်ကိုယ်မကာကွယ်လိုက်ဘူးဆိုရင် ဤကမ္ဘာကြီးကနေတောင် အပြီးအပိုင်နှုတ်ဆက်သွားရလောက်၏။
“ဖုသခင်လေး မဟုတ်လား”
မျက်နှာအရည်တွန့် နေသော ဆေးဖော်စပ်သူ အဖိုးကြီး ထိုကောင်လေး၏ ချောမောခန့်ညားသော မျက်နှာကို အတန်ငယ် အကဲခတ်ပြီးနောက်မှာ ဘယ်သူလဲဆိုတာ သိသွားသည်။ ထိုအမေးကိုမေးနေရင်းနှင့် သူတောင် အိပ်မက်အလားခံစားနေရ၏။
“ဟုတ်ပါတယ် ကျုပ်ပါ”
ဖုရှင်းက အံကိုတင်းတင်းကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားမှာ ယာယီ နာကျင်မှုကို ဖိနှိပ်နိုင်တဲ့ ဆေးလေးဘာလေးရှိရင် ပေးစမ်းပါဦး”
“အေး အေး”
အဖိုးကြီး အလျင်စလို ခေါင်းညိတ်ပြီးပြောလိုက်သည်။ “စောနက ဖုသခင်လေး၀င်တိုက်လိုက်တဲ့ ဆေးအိုးမှာ ဆေးလုံးက ဖော်စပ်ပြီးသားဖြစ်သွားပြီ။ ဖြစ်ချင်တော့ ဒီအဖိုးကြီးကလည်း ကြယ်တာယာ ဆေးလုံးကို ဖော်စပ်တာဖြစ်နေတယ်”
ဖုရှင်းစွံ့အသွား၏။
‘ကြယ်တာယာ ဆေးလုံးက အဆင့်(၇) အထွတ်အထိပ်ဖြစ်ပေမယ့် ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာကို မဖိနှိပ်နိုင်ဘူးဟ’ ဖုရှင်း စိတ်ထဲကပြောသည်။
‘ဆေးလုံးမှာ အသက်စွမ်းအင်လုံလုံလောက်လောက်မပါရင် ငါ့လက်တော့…’
“ဒါစားလိုက်”
သူ့နောက်ကနေ ခံစားချက်ကင်းမဲ့နေသလို အသံကြီးထွက်လာတာကြောင့် ဖုရှင်းလည်ပြန်ကြည့်လိုက်သည်။ သို့ပေမယ့် အလန့်တကြား ချက်ခြင်း ပြန်လှည့်လိုက်၏။
“ဥက္ကဠ ရှီတိ…”
ထိုအသံပြုလိုက်သည့်သူက အဖြူရောင်တိမ်တိုက်များပါသော ၀တ်ရုံ၀တ် အဖိုးကြီးတစ်ဦးဖြစ်သည်။ သူက စိတ်ထားနူးညံ့၍ သဘောကောင်းသည့်သူဖြစ်ရာ ယခု ဒေါသထွက်နေသည့်အခိုက်မှာတောင် သူ့မျက်၀န်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဖော်ရွေမှုကိုမြင်ရသည်။
ထိုသဘောကောင်းဖော်ရွေသည့်အဖိုးကြီး၏ တည်ငြိမ်သောမျက်၀န်းများအတွင်းတွင် ထိန်းချုပ်ထားသော ဒေါသတို့ကိုလည်း ဖုရှင်းမြင်ရသည်။
ဒါ…
ဖုရှင်းကြက်သေသေသွား၏။
ဤသို့သော ခပ်အေးအေးအဖိုးကြီးကတောင် ဒေါသထွက်နေရင် ဆေးမျှော်စင်ဘယ်လောက်ကြီးကြီးမားမားပျက်ဆီးသွားရသလဲဆိုတာကို မှန်းဆနိုင်ပေသည်။
“ဒီဆေးကိုအရင်စားလိုက်”
ရှီတိ အသက်ကိုခပ်ပြင်းပြင်းရှိုက်၍ ဆေးတစ်လုံးကမ်းပေးလိုက်သည်။
ဖုရှင်း တုန့်ဆိုင်းမနေရဲဘဲ ချက်ခြင်း တစ်လုတ်တည်း မျိုချလိုက်၏။
ရှီတိက သူ့အဖိုး၏ မျိုးဆက်မှ ဖြစ်ကာ သူ့လိုလူငယ်တစ်ယောက်ကို ထိခိုက်အောင်လုပ်လိမ့်မည်မဟုတ်ချေ။
ထို့ပြင် လတ်တလောမှာ ဥက္ကဠရှီတိက မြို့တော်၀န်အိမ်တော်ကို မကြာခဏလာပြီး အရေးကြီးသည့်ကိစ္စများ သူ့အဖေဖြင့် ဆွေးနွေးတာ မြင်တွေ့ရသည်။
ထျန်းစန်းမြို့ကြီးယခုကဲ့သို့ အေးချမ်းတည်ငြိမ်နေရတာက မှော်ဆေးပညာရှင်များအစည်းအရုံးက စိတ်ဝိညာဉ်ကျင့်ကြံသူတွေ၏ ကျင့်ကြံမှုလိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်သောကြောင့်ဖြစ်၏။
ဆိုရလျှင် ရှီတိက အလွန်အရေးပါ အရာရောက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။
ဂျွတ်…။
အရိုးများပြန်ဆက်လာနေသဖြင့် တဂျွတ်ဂျွတ်မြည်သံများအကြားမှာ အသွေးအသားများကလည်း တရှဲရှဲ ပြန်လည်ပြည့်ဖြိုး ကောင်းမွန်လာခဲ့သည်။ ဤသို့ ဆန်းကြယ်ဖြစ်ရပ်ကိုမြင်လိုက်တာကြောင့် အနီးနားရှိလူတိုင်း မှင်တက်သွားကြ၏။
“ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း ဆေးလုံး”
ဘေးနားက ဆေးဖော်စပ်သူအဖိုးကြီး ခေါင်းအစခြေအဆုံးဆတ်ကတည်း တုန်ရင်သွားခဲ့သည်။ ဖုရှင်း၏ ကိုယ်ပေါ်မှ ဒဏ်ရာများ မျက်စိဖြင့်အတိုင်းသားမြင်နိုင်အောင် ပြန်လက်သက်သာလာတာကိုကြည့်ပြီး ဥက္ကဠကြီးရှီတိကို တုန်လှုပ်သွားသော အမူအရာဖြင့်လှည့်ကြည့်လိုက်၏။
ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးက လောလောလတ်လတ် သေသွား သောလူကိုတောင် အရိုး၊ အသားသစ်များ ပြန်လည်ဖြစ်ပေါ်စေကာ ရှင်သန်လာအောင် အသက်သွင်းနိုင်သည်ဟု အဆိုရှိသည်။
လက်ပြတ်၊ ခြေပြတ် ဘာဖြစ်ဖြစ်ကို လူတစ်ယောက်က ဦးခေါင်းနှင့် အသိစိတ်လေးရှိသေးရင် ပြန်လည်ကောင်းမွန်လာအောင်လုပ်နိုင်၏။
၎င်းက ဆေးဖော်စပ်သူတို့ အထွတ်အမြတ်ထားရသော ရတနာတစ်ပါးဖြစ်သည်။ ဤသို့ ဆန်းကြယ်သည့်ဆေးလုံးဖော်စပ်နိုင်သည့်သူကို ကုန်းမြေတစ်လျှောက်လုံးက အင်အားစုများက ခေါင်းရရ၊ ခြေထောက်ရရ သူတို့ဘက်ကို မယုံကြည်နိုင်လောက်စရာ မက်လုံးတွေပေးပြီး ဆွဲခေါ်ပေလိမ့်မည်။
ဤသို့ တန်ဖိုးကြီးလှသော ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးကို ဖုရှင်း၏ ဘာမဟုတ်တဲ့ ဒဏ်ရာလေးကို ကုသဖို့အတွက် အသုံးပြုတာ တန်ရဲ့လား။
သူ၏ ဒဏ်ရာက ကြယ်တာယာဆေးလုံးလေး တစ်ထောင် နှစ်ထောင်လောက်စားပြီးရင်ပျောက်ကင်းနေနိုင်တာကို။
ကျန်းမျိုးနွယ်စု၏ ခေါင်းဆောင် ကျန်းထိုက်ယင်လည်း ကျိုးမျိုးနွယ်စုက ကျိုးမိစ္ဆာအိုကြီးကြောင့် ညာလက်သုံးမရတော့ကတည်းက ခန္ဓာကိုယ်တည်ပြန်လည်ဆောက်ခြင်းဆေးလုံးကို လိုက်ရှာတာ နှံ့နေပြီဖြစ်သည်။ ယခု နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တစ်လုံးတစ်လေမှ မတွေ့ခဲ့ချေ။
ဥက္ကဠ ရှီတိက သူ့အပေါ် သဘောကောင်းလွန်းလှပါလားဟု ဖုရှင်းလည်း မှင်တက်နေ၏။
“မင်းတို့ အထင်မှားနေပြီ”
ဆေးဖော်စပ်သူအဖိုးကြီး၏ အံ့ဘွယ်သရဲအရာတစ်ခုကိုမြင်နေရသလား အမူအရာကိုမြင်သောအခါ အထင်မှားနေတာဖြစ်ကြောင်းသိသွားပြီး ရှင်းပြလိုက်သည်။ “ဒါခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်း ဆေးလုံးမဟုတ်ဘူး။ အဆင့်နိမ့် ခန္ဓာကိုယ်တည်ပြန်လည်ဆောက်ခြင်းဆေးလုံးလေးပဲ”
“အဆင့်နိမ့်ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးလေး”
၎င်းက အဆင့် (၃) ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးမဟုတ်ဘဲ အဆင့်(၅) ဆေးလုံးသာသာဆိုရင်တောင် လူအုပ်ကြီး အံ့ဩဘနန်းဖြစ်ရသေးသည်သာ။
ဘာဖြစ်ဖြစ် အဆင့် (၇) ကြယ်တာယာဆေးလုံးထက်တော့ အပုံကြီးသာချေလေသည်။
ကြက်အစာ ကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ဖုရှင်း အလျင်အမြန် ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ဥက္ကဠကြီးခင်ဗျာ”
ယခုဆို သူ့လက်က အသစ်ဖြစ်သွားသလို ဒဏ်ရာများလုံး၀ပျောက်ကင်းသွားပြီဖြစ်သည်။ အံ့ဩဘွယ်ရာကောင်းလွန်းလှ၏။
အဆင့် (၅) ဆေးလုံးများက အရှင်သခင်နယ်ပယ်တောင်ဖြစ်နေချေပြီ ဖြစ်ကာ ဤသို့ ဆေးလုံးမျိုးဆိုရင် စစ်မှန်ခြင်းနယ်ပယ်တွင်တောင် ဧကရာဇ်နယ်ပယ်များအသုံးပြုနိုင်အောင် အစွမ်းထက်နေပေပြီ။
ဤသို့ နယ်ပယ်များခုန်ပျံကျော်လွှားနိုင်စွမ်းရှိသည့် သဘာ၀ကြောင့် ဆေးဖော်စပ်သူများသည် အများက လေးစားခံရသည့် အဆင့်အတန်းရှိကြတာဖြစ်သည်။
စိတ်ဝိညာဉ်ကျင့်ကြံသူများက အငြိမ်ထိုင်မနေနိုင်ကြကာ အမြဲတမ်းတစ်ယောက်နှင့် တစ်ယောက် အလကားနေရင်းကို တိုက်ခိုက်နေကြသည့် အမျိုးဖြစ်၏။ ထိုတွင် ခြေကျိုး၊ လက်ကျိုး ဖြစ်လာခဲ့ရင် ၎င်းတို့ကို ကုသနိုင်မည့် အဆင့်နိမ့် ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးလေးကို လိုချင်သည့်အချိန် ရှာနိုင်မည်ဟု အာမခံနိုင်မည်လား။
သူ့လို မြို့တော်၀န်သားဖြစ်သော ဖုရှင်းတောင် အကြောင်းတစ်ခုခု ဖန်လာရင် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးလုံးကောင်းများမရှိချေ။
ဖုရှင်း သူ့ကို ပြန်ကျေးဇူးတင်ဖို့ ကြံရွယ်နေတာ တွေ့သောအခါ ဥက္ကကြီးရှီတိ လက်ပြပြီးတားလိုက်သည်။
လူတွေကို ကယ်တင်ဖို့က သူတို့လို ဆေးဖော်စပ်သူများ၏ တာ၀န်ဖြစ်လေကာ ယခုလို မြို့တော်၀န်၏ သားဖြစ်နေတာကြောင့် ပိုလို့တောင်ကယ်သင့်သည်။
သို့ပေမယ့် သူ့ဆေးမျှော်စင်ကိုရောက်လာတာနဲ့ ဘာလို့ ပြဿနာရှာရသလဲကို စိတ်ထဲက ကြိတ်၍တော့ ခံပြင်းမိပေ၏။
“ဒီအဖိုးကြီးရဲ့ ဆေးမျှော်စင်မှာဘာလို့ လာတိုက်လိုက်ပြီး အရှုပ်ထုပ်ဖြစ်အောင်လုပ်ရတာလဲ ပြော”
ရှီတိ၏ ဆင်ခြေဆင်လက်မလိုချင်သော လေသံကိုကြားရသောအခါ ဖုရှင်း ခေါင်းကိုက်သွား၏။
“ဒီအပျက်အဆီးတွေဖြစ်သွားဖို့ ကျွန်တော်လည်း တကယ်မရည်ရွယ်တာပါ။ အဲ့ပြောင်စပ်စပ်ကောင်ကိုပဲ ဆုံးမချင်တာ ဒါပေမယ့်…”
ဖုရှင်း စကားအလယ်ရောက်တော့ ရှေ့ဆက်ပြီး ဘာပြောရမလဲ ခေါင်းခြောက်သွားသည်။ သူက အခြားတစ်ယောက်ကိုလည်းသွားထိုးသေးတယ် သူကပဲခံလိုက်ရတယ်ဆိုတာက ပြောဖို့ ရှက်စရာကောင်းလှသည်။
“မင်းက တစ်ယောက်ယောက်ကို ဆုံးမချင်တယ်ဟုတ်လား”
ရှိတီလည်း ထိုအချင်းအရာကိုကြားသောအခါ အံ့အားသင့်သွားကာ မေးလိုက်၏။ “အဲ့တော့ မင်းဆုံးမမယ့်သူက မင်းကိုပြန်ဆုံးမလိုက်တယ်ပေါ့။ ငါ့ ဆေးမျှော်စင်မပြောနဲ့ဦး ဒီလိုထျန်းစန်းမြို့တော်ထဲမှာ အဲ့လိုပြန်လုပ်ရဲတဲ့သူ ရှိသေးတယ်ပေါ့လေ”
ကောင် း