ဘုန်းးးး —
ဧရာမ တူကြီးဖြင့် အောက်မှဝိုက်ကာ ထုခံလိုက်ရသလို စုရှောင်ရှန်၏ ကြော့ကွင်းအောက်မှာ ဖုရှင်းလေပေါ်ပျံတက်သွား၏။
ထိုမှ စွမ်းအင်လှိုင်းများက စုရှောင်ရှန်ကို ခြေတစ်လှမ်းလေး၊ တစ်ချက်ကလေးတောင် မရွေ့လျားနိုင်စေခဲ့ချေ။
ထိုသို့ မြောက်များစွာသော စွမ်းအင်လှိုင်းများစုစည်းလာပြီးနောက်မှာ ချက်ခြင်းပေါက်ကွဲ ပျံ့နှံ့ထွက်သွားခြင်းဖြစ်ပါသည်။
ထိုမှ စွမ်းအင်လှိုင်များက ဖုရှင်းကို အစောင့် ချထားသည့် အကာအကွယ်ကို ထိုးဖောက်သွားစေရုံသာမက ဆက်လက်၍လည်း အပေါ်တည့်တည့်မှ မျက်နှာကျက် ဖောက်သွားစေသည်။
ဘုန်း…။ ဘုန်း…။ ဘုန်း…။
မျက်နှာကျက်ကျိုးပျက်သံသာ ကိုကြားရပြီး လူတိုင်း၏ မြင်နိုင်စွမ်းမှ ဖုရှင်းပျောက်သွားခဲ့သည်။ လူအုပ်ကြီးလည်း အချိန်ခဏအကြာမှ ပြန်သတိလည်လာကြ၏။
“လခွမ်း။ ဘာဖြစ်သွားတာလဲ”
“မြို့တော်၀န်ရဲ့သားကို လေထဲအဲ့လိုပျံတက်သွားအောင် ဟိုကောင်ဘာလုပ်လိုက်တာလဲဟ”
“မဟုတ်ဘူး သူလုပ်လိုက်တာမဟုတ်ဘူး။ သူ့ရဲ့ ကာကွယ်ခြင်းစိတ်ဝိညာဉ်နည်းစနစ်လုပ်တာဖြစ်ရမယ်…”
“အဲ့လိုဆိုရင်တောင် ခရမ်းနဂါးဟိန်းဟောက်ခြင်းကို လုံး၀ ပြန်ကန်ထွက်နိုင်စေတာ ဘယ်နယ်ပယ်က ကာကွယ်ခြင်းနည်းစနစ်လဲဟ”
“မယုံနိုင်စရာပဲ”
“…”
လူအုပ်ကြီးဆက်လက်၍ ဆွေးနွေးနေကြချိန် အစောင့်က ကြောင်အနေ၏။
သူက စုရှောင်ရှန် မသေရင်တောင် ဒဏ်ရာအပြင်းအထန်တော့ရသွားမည်ဟု မှန်းထားလေသည်။ ယခု မှော်ဆေးပညာရှင်များအစည်းအရုံး၌ ရှိနေရာလည်း ချက်ခြင်းလက်ငင်းငယ်တင်လို့ရမည်ပေါ့။
ဘယ်တုန်းကမှ ယောင်လို့တောင် စုရှောင်ရှန်ကို တိုက်ခိုက်သည်တွင် ဖုရှင်းသာ လွင့်ထွက်သွားမည်ဟု ထင်မထားချေ။ အခြေအနေအရပ်အားလုံးကို သူ့ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု တွက်ထား၏။
ဖုရှင်း၏ လက်သီးထိုးချက်ပြီးနောက်မှာ စုရှောင်ရှန်ကအေးအေးဆေးဆေး ဘာမှ တောင်မခံစားလိုက်ရသလိုရပ်နေပြီး ဖုရှင်းကတော့ ပျောက်သွားခဲ့သည်။ ဒါဘယ်လို ဟာသလဲ။
ထိုစုရှင်းက မြို့တော်၀န်၏သားဖြစ်ပြီး အံ့မခန်းပါရမီရှင်ဓားသမားတစ်ယောက်ဆိုတာသာ သူသိမနေရင် လူလိမ်တွေ ပေါင်းပြီးဇာတ်တိုက်ထားခြင်းလို့ထင်မိပေမည်။ မဟုတ်လျှင် မူလနန်းတော်အလယ်ပိုင်းကို သွားထိုးတာ အဆင့်မြင့်စိတ်ဝိညာဉ်ကျင့်ကြံသူက လွင့်ထွက်သွားမလား။
“ဟူးးးး”
ထို့နောက် စုရှောင်ရှန်ကို အလေးအနက်ကြည့်လိုက်သည်။ လူတိုင်း သူ့ကို အထင်အမြင်သေးမိချေပြီ။
စောနက ဤကောင်လေးပြောခဲ့သည့် အရည်မရအဖက်မရတွေကို မြင်ယောင်ပြီး ၎င်းတို့ကခုတော့ အရည်ရ အဖက်လည်းရ ဖြစ်လာချေပြီဟု စိတ်ထဲမှ တွေးလိုက်သည်။
သူက လေလုံးထွားနေခြင်းမဟုတ်ပါချေ။ ဖုရှင်းကို တကယ်စိုးရိမ်လို့ ပြောပေးနေခြင်းဖြစ်၏။ ထို့ကြောင့် သူ့ဘက်ကတောင် မတိုက်ခိုက်ဘဲနှင့် ဖုရှင်းကို အရင်ထိုးခွင့်ပေးလိုက်သေးသည်။
ဒီမတိုင်ခင်ကလည်း တိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရန် ကောင်းကင်ဘုံကစားနည်းကို အဆိုပြုခဲ့၏။
“ဒါ…”
ဤသို့ ဆက်စပ်တွေးမိပြီး အစောင့် ပြောစရာစကားများပျောက်ရှသွားသည်။
‘ဒီလောက် ကိုယ့်ကိုယ်ကိုယ် နှိမ်နှိမ်ချချ ဆက်ဆံတဲ့သူကို ဘယ်မှာ တွေ့နိုင်မလဲ။ မဟားတရားကြီးသန်မာနေတယ်ဆိုရင်လည်း မြို့တော်၀န်ရဲ့သား မမောက်မာရဲအောင် နည်းနည်းတော့ထုတ်ပြထားမှပေါ့။ ခုတော့…’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၄]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၄]
“…”
စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ ဤသို့ ဖြစ်လာမည်ကိုသူသိသော်လည်း အဘယ်မှာ သက်သေပြနိုင်ခြင်းငှာစွမ်းသာမည်နည်း။
ပင်ကိုယ်စွမ်းရည်ဆိုသည့် တည်ရှိမှုကိုက သူ့မှာအစွမ်းရှိလျှင်တောင်လိုသလို ထုတ်ပြလို့မရဟု ပြောနေချေသည်တကား။
သူ့ရှေ့တွင် ဧကရာဇ်နယ်ပယ်ဓားသမားတစ်ယောက်က လာရပ်နေရင်တောင် သူကိုယ်၌က မထုတ်ပြဘဲနှင့် သူသည် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒရှိ ဓားသမားတစ်ယောက်ဆိုတာ သိလိမ့်မည်မဟုတ်ချေ။
သူပြနိုင်တာက သူ့ကျင့်ကြံမှုနယ်ပယ်လေးသာရှိသည်။ သူမပြရင်တောင်မှ ထိုအရာကို အခြားသူများက ဖောက်မြင်နိုင်၏။
ထျန်းစန်းစိတ်၀ိညာဥ်နန်းတော် အပြင်စည်းတွင် မူလနန်းတော်နယ်ပယ်က အသန်မာဆုံးဖြစ်နိုင်ပေမယ့် အတွင်းစည်းတွင်တော့ အားအနည်းဆုံးဖြစ်၏။ သို့ဖြင့် သူ့ကျင့်ကြံခြင်းကို ဖုန်းကွယ်ထားခြင်း မထားခြင်းက ထူးမခြားနားသာဖြစ်သည်။
ယခု ထျန်းစန်းမြို့တော် လူငယ်မျိုးဆက်အကြားတွင်လည်း အလားတူဖြစ်၏။
ထို့ကြောင့် စုရှောင်ရှန် တတ်နိုင်သည်က တိုက်ပွဲမစခင်မှာ စကားလုံးလှလှလေးတွေသုံးပြီး သူဖြစ်စေချင်သည့်၊ လိုလားသည့် တိုက်ခိုက်မှုပုံစံလမ်းကြောင်းဘက်ကို မျှားခေါ်သွားရန်သာရှိသည်။
၎င်းက ချန်ရှင်းချုကိုကော၊ ဖုရှင်းအပေါ်မှာပါ ကောင်းမွန်စွာ အကျိုးသက်ရောက်လေသည်။ သူပြောလျှင်တောင် သူတို့က မယုံကြပါလား။
“လူသားတွေရဲ့ အတွင်းစိတ်က တယ်နားလည်ရခက်ပါလားနော်…” စုရှောင်ရှန် ခေါင်းကိုခါရမ်းလိုက်သည်။
ဤဖြစ်ရပ်တွင် တစ်ယောက်တည်းသော အံ့အားမသင့်သည့်သူကိုပြောပါဆိုရင် စုရှောင်ရှန်နောက်က မုကျစ်ရှီဖြစ်သည်။
စုရှောင်ရှန်က လက်သီးတစ်ချက်ထိုးအလောင်းအစားကို ပြောကတည်းက ဖုရှင်း၏ ကံကြမ္မာကို သူမသိနှင့်နေပြီးဖြစ်၏။
ဤကြားထဲတွင် ဘာဆန်းကြယ်မှုမှမဖြစ်ပျက်သွားပါဘဲ ဖုရှင်းက ပျံတက်သွားခဲ့ပေသည်။ ပို၍ဆိုးချေကာ အဆောက်အဦးအလွှာအနည်းငယ်ကို ထိုးဖောက်သွားရုံနှင့် ရပ်တန့်မည့်ပုံမရသေးဘဲ ဆက်လက်၍ ထိုးဖောက်တက်သွားနေသည်။
ဒါအကုန်ပဲလား။
မုကျစ်ရှီ စိတ်အတွင်းက စိုးရွံ့မိ၏။
စုရှောင်ရှန်ဘက်က ဦးဆောင်တိုက်ခိုက်မည်ဆိုလျှင် အပျက်အဆီးကဒီလောက် သေးငယ်လိမ့်မည်မဟုတ်ဟု တွက်လိုက်သည်။
သို့ပေမယ့် တစ်ခုခု မနှစ်မျို့ဖွယ်ရာလိုကြီး အဘယ်ကြောင့် သူမ ခံစားနေရသနည်း။
ထိုမှ တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းကို အလျင်အမြန်မော့ကြည့်လိုက်သည်။ မျက်နှာကျက်မှ ဖုရှင်းထိုးဖောက်သွားသောအပေါက်၏ အလွန်ကိုမြင်နိုင်သကဲ့သို့ ရုတ်တရက် အလန့်တကြား နားနှစ်ဖက်ကို ချက်ခြင်းပိတ်ကာ မုကျစ်ရှီ အော်လိုက်၏။
“သတိထားကြ”
လူအုပ်ကြီးလည်း ထိုစူးစူးရှရှအော်သံကြီးကြောင့် လန့်ဖျပ်သွားကြပြီး မုကျစ်ရှီကို ပြိုင်တူ နားမလည်နိုင်စွာကြည့်လိုက်ကြသည်။
မကြာပါဘူး၊ သူမ ဘာကိုဆိုလိုချင်သလဲ သူတို့ နားလည်သွားပါသည်။
ဘုန်း…။ ဘုန်း…။ ဘုန်း —
အဆောက်အဦး၏ အပေါ်အထပ်များမှ ဆက်တိုက်ပေါက်ကွဲသံများကို ကြားလိုက်ရပြီး စုရှောင်ရှန်လည်း အလန့်တကြား ထခုန်လိုက်၏။
ထိုမှ မျက်နှာကျက်မှ ဖုန်မှုန်များကျလာသဖြင့် လူတိုင်း လိပ်ပြာလွင့်မတတ် စိုးထိတ်သွားကြသည်။
မှော်ဆေးပညာရှင်များအစည်းအရုံးကို မကြာခဏရောက်ဖူးကြသည့်သူများဖြစ်ကြသဖြင့် ဤသို့ဆေးမီးဖိုအိုးပေါက်ကွဲသံများနှင့် ရင်းနှီးကြပေသည်။
အစောင့်၏ မျက်နှာလည်း သွေးဆုတ်ဖြူရော်သွားပြီး မြေပြင်ပေါ်တွင် ခွေကျသွားတော့မလိုတောင် ဖြစ်သွားသည်။
သူက ဤတိုက်ပွဲပြုလုပ်ရန်သဘောတူခဲ့သည့်သူဖြစ်ကာ ကောင်းကောင်းမွန်မွန်မကြီးကြပ်နိုင်ခဲ့၍ ဖုရှင်း အပေါ်တည့်တည့်ကို ပျံတက်သွားခဲ့၏။
အပေါ်အထပ်များက မှော်ဆေးပညာရှင်များ ကိုယ်စီ အဆင့်အလိုက် ဆေးဖော်စပ်ကြသည့်နေရာများဖြစ်ကြသည်။
တစ်စုံတစ်ယောက် အောက်ကနေ ကြမ်းခင်းကိုထိုးဖောက်ပြီး ပျံတက်လာတာကိုတွေ့ရင် ဘယ်သူက မလန့်သွားဘဲ နေလိမ့်မလဲ။ သို့ဖြင့် ဆေးမီးဖိုအိုးများပေါက်ကွဲသွားကြတာ မဆန်းချေ။
ဒီမှာ ပြောစရာက… ဖုရှင်း ဘယ်နှစ်လွှာထိတောင်ပျံတက်သွားတာလဲ။
ထိုပေါက်ကွဲသံများကြားမှာ ငါးလွှာ၊ ခြောက်လွှာမှ ပေါက်ကွဲသံများလည်းပါ၀င်သည်။
စုရှောင်ရှန်လည်း အခြေအနေမဟန်တာ ရိပ်မိလိုက်၏။
ထိုဆေးမီးဖိုအိုးများပေါက်ကွဲသွားရန်က သူ၏ မူလ ရည်ရွယ်ချက်မဟုတ်ချေ။
မျက်နှာကျက်ကို ဖုရှင်းဖောက်ထွက်သွားမည်ဟုတောင် သူမတွက်ထားပါချေ။ ဒီမှာအပြစ်တင်ချင်ရင် အားပြင်းသည့်လက်သီးချက်ကို အသုံးပြုသည့် ဖုရှင်းကိုသာ အပြစ်တင်ရချေမည်။
“ကြော့ကွင်းနဲ့ မာကျောခြင်းတို့ ပေါင်းစပ်တာက တော်တော်စွမ်းတာပဲ”
ဖုရှင်း၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့်ထိခိုက်မှုက ထာ၀ရအသက်စွမ်းအင်ကြောင့် လစ်လျူရှူထား၍ရသည်။။
ထိုတိုက်ခိုက်မှုကလည်း လုံး၀ ပြန်ကန်ထွက်သွားခဲ့၏။
စုရှောင်ရှန်က အခြားသူများမမြင်တာကိုမြင်နိုင်သည်။ တတိယအလွှာကိုရောက်ပြီးနောက်မှာ ဖုရှင်းနောက်က ကပ်ပါလာသည့်စွမ်းအင်များ ထပ်မံပေါက်ကွဲသွားတာကြောင့် ခြောက်လွှာကိုရောက်သွားခြင်းဖြစ်သည်။
ယခု အလွှာတိုင်းလိုလိုမှ ပေါက်ကွဲမှုများကြောင့် အဆောက်အဦးအတွင်း အခြေအနေက ရောက်ရက်ခက်လာခဲ့သည်။
“တတိယ… တတိယ အလွှာ မီးလောင်နေပြီ”
“ကယ်ကြပါဦး။ ပဉ္စမအလွှာ ရေလွှမ်းနေပြီ။ မြန်မြန်လာကြပါ”
“ငတုံးကောင်။ အော်မနေဘဲ စိတ်ဝိညာဉ်အနှစ်နဲ့ မီးကိုငြိမ်းလေ။ ဒါဆေးမျှော်စင်ကွ။ ဒီထဲမှာ အော်တာကိုတားမြစ်ထားတယ်”
“ဘယ်သူ့ကို ငတုံးခေါ်နေတာလဲ။ ဒါအထူးမီးတောက်ကွ။ သာမန် စိတ်ဝိညာဉ်အနှစ်တွေနဲ့ ငြိမ်းလို့်မရဘူး။ အမြန် အကူအညီခေါ်ပါဟ။ ကောင်းကင်ဘုံ ရေကြည်နဲ့မှ ရမှာ”
“ငါလည်း ကောင်းကင်ဘုံရေကြည်လိုအပ်တယ်။ ဒီမီးက … လခွမ်း ငါ့အင်္ကျီကိုပါ စွဲလာနေပြီ…”
“တစ်ယောက်ယောက် ခရမ်းကန်စွန်းဥအရွက် သုံးရွက်နဲ့ စိမ်းပန်းသီးရှိရင် အမြန်ယူလာပေးကြပါ။ ဒီဆေးမီးဖိုအိုးကို အဖက်ဆယ်နိုင်သေးတယ်…”
“ငါ့ကိုမတားကြနဲ့စမ်း။ ငါသေချင်တယ်။ ဒါအဆင့်ရှစ်မှော်ဆေးပညာရှင်ဖြစ်လာမယ့် ငါ့နောက်ဆုံးအခွင့်အရေးလေးကွ။ အားးးး-“
“…”
ပထမအလွှာတွင် အပ်ကျသံတောင်ကြားရလောက်အောင် တိတ်ဆိတ်မှုတို့ ကြီးစိုးနေခဲ့သည်။
ဆူညံပွက်လောရိုက်နေသည့် အပေါ်ထပ်များနှင့် မတူညီသည့်ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေပြီး လူတိုင်း၏ ခံစားချက်များ ရောထွေးနေကြ၏။
ထို့နောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နောက်ဆုံး အစောင့်ကို ပြိုင်တူကြည့်လိုက်ကြသည်။
လိပ်ပြာလွင့်နေသလို အစောင့်၏ မျက်၀န်းများကလည်း အရောင်မဲ့နေပြီး စုရှောင်ရှန်ကို ငူငူငိုင်ငိုင်ကြီးကြည့်နေ၏။
စုရှောင်ရှန် နောက်တွန့်သွားပြီး ကြံမရတဲ့အဆုံး မုကျစ်ရှီကို လှည့်ကြည့်လိုက်ရာ ဟိုက လက်ပိုက်၍ သူ့ကို စိုက်ကြည့်နေနှင့်ပြီးသားဖြစ်သည်။
သို့ဖြင့် အစောင့်ဘက်သို့ ပြန်လှည့်လာရကာ ရှက်ကိုးရှက်ကန်းပြုံး၍ “ကျုပ်လုပ်တာမဟုတ်ဘူး။ ကျုပ်တိုက်တောင် မတိုက်ခိုက်လိုက်ဘူးလေ…”