Switch Mode

အခန်း (၂၉၀)

လက်သီးတစ်ချက်အလောင်းအစား

ဖုရှင်း စော်ကားခံရသလို ခံစားလိုက်ရ၏။

အစကနဦးက ဒီအကောင်ပြောနေသော ကောင်းကင်ဘုံကစားနည်းဆိုတာကြီးကို သူစိတ်၀င်စားနေသေးသည်။

ဘာဖြစ်ဖြစ် သူက အဆင့်မြင့်စိတ်ဝိညာဉ်ဖြစ်ပြီးတော့ ဤအကောင်က မူလနန်းတော်နယ်ပယ် အလယ်ပိုင်းဖြစ်ပေသည်။

သူ့သည် မြို့တော်၀န်တစ်ယောက်၏သားဖြစ်သဖြင့် ဖြောင့်မတ်မှန်ကန်ပြီး အားနည်းသည့်သူကို အနိုင်မကျင့်ခြင်ပေ။

သို့ပေမယ့် ဒီကောင်က အရည်မရအဖက်မရတွေလာပြောနေခဲ့၏။

သူပြောတဲ့ကောင်းကင်ဘုံကစားပွဲဆိုတာက ငယ်စဉ်က သူဆော့ရတာအရမ်းကြိုက်ခဲ့သည့် ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးမဟုတ်လား။

‘ငါ့ကို မြို့တော်၀န်သားဆိုပြီး ငယ်ဘ၀ မရှိခဲ့တဲ့ကောင်လို့များဒီကောင်ထင်နေတာလား။ ချီးကို သွားပြီး ကောင်းကင်ဘုံကစားနည်းလိုက်ပါလား…’

ဖုရှင်းဒေါသထွက်လွန်းလို့ သူ့မျက်နှာတောင် သွေးယိုထွက်တော့မကဲ့ နီရဲလာခဲ့၏။

ထိုမှ ဤကမ္ဘာကြီးတွင်လည်း ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးရှိပါလားဟု စုရှောင်ရှန် သဘောပေါက်သွားသည်။

သို့သော် ပြောပြီးသောစကားကပြန်ရုတ်သိမ်း၍မရတော့ချေ။

ဘေးနားက ပွဲကြည့်နေကြသူများလည်း ဘာဖြစ်နေသလဲ သဘောပေါက်သွားကြပြီး ငိုရမလား ရယ်ရမလားမသိသော အမူအရာမျိုးပြလာကြတာကိုမြင်လျှင် ကိုယ်ကိုချက်ခြင်းမတ်ပြီး တည်ငြိမ်သောလေသံဖြင့် စကားဆက်ဆိုလိုက်သည်။

“မင်းဒီကစားပွဲကိုမကြိုက်ဘူးပေါ့။ ဒါဆို … အဖြူနဲ့အနက် ယှဉ်ပ်ြိုင်မလား”

ဖုရှင်း၏ နှုတ်ခမ်းတွန့်သွားသည်။ ‘ဒီကောင်… ငါ့ကို ကလေးတစ်ကောင်ထင်နေတာလားဟ။ ဒီချော့နေသလို အသံက ဘာသဘောလဲ။ လာစော်ကားနေတာလား’

“ဘာမှ လျှောက်မပြောနဲ့တော့ တိုက်ခိုက်မယ်”

သူ့ဓားကိုမြှောက်လိုက်ပေမယ့် နောက်က အရှိန်အဟုန်က ပျက်ဆီးသွားပြီဆိုတာ သိလိုက်ရသည်။

‘မဟုတ်သေးပါဘူး။ ဓားလေးမြှောက်တာတောင် ဘာလို့ အားမပါသလို ခံစားနေရတာလဲဟ’

စုရှောင်ရှန်လည်း ပုခုံးကိုတွန့်လိုက်သည်။ “ကောင်းပြီလေ မင်းဖြစ်စေချင်သလိုပေါ့”

“လိုက်ခဲ့”

ဖုရှင်း နောက်လှည့်ပြီးတော့ မြို့အတွင်းမှာရှိသည့် သေခြင်းရှင်ခြင်းတိုက်ခိုက်လို့ရသည့် ကွင်းပြင်ရှိရာကိုသွားလိုက်သည်။ သူ့နောက်က စုရှောင်ရှန် တကယ် လိုက်လာမည်ဟု ထင်နေ၏။

စုရှောင်ရှန်က သူ၏ အကြံအစည်များကို ဤသခင်လေး ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် အပျက်ဆီးခံမတဲ့လား။

သူ့လက်ကို ချက်ခြင်းမြှောက်ပြီးတားလိုက်သည်။ “ရောင်းရင်း… နေပါဦး”

“သေခြင်းရှင်ခြင်းတိုက်ခိုက်တာက အလုပ်ရှုပ်လွန်းတယ်။ ငါတို့ တစ်ယောက်တစ်ချက်ထိုးကြမယ်လေ။ အဝေးဆုံးပိုလွင့်သွားတဲ့သူက အရှုံးပေါ့။ ဘယ်လိုလဲ”

ဖုရှင်းသူ့ကိုလှည့်ကြည့်ပြီး အေးစက်စက်‌ပြုံးပြလိုက်သည်။

“မလုပ်နဲ့…” အစောင့်ဘာဆက်ပြောရမှန်းတောင်မသိတော့ချေ။

“ဟေ့လူ…” စုရှောင်ရှန်က ထိုအစောင့်ကိုပြန်ကြည့်ကာ “တစ်ယောက်တစ်ချက်ထိုးတာက ဘာပြဿနာရှိလို့လဲ။ စိတ်မပူပါနဲ့။ ကျုပ်က အထိုးပဲခံမှာပါ။ သူ့ကိုမထိုးပါဘူး”

အစောင့် သဘောတူရမလားတွေဝေသွားပြီး နောက်ဆုံးတော့ ခေါင်းညိတ်လိုက်ရသည်။ “ကောင်းပြီလေ… ဒီမှာပဲချကြ။ ငါကြီးကြပ်သူလုပ်မယ်။ ပြီးတော့ မြန်မြန်လုပ်ကြ ပြဿနာထပ်မရှာကြနဲ့တော့”

သူရှေ့ကလူငယ်လေးသည် ဖုရှင်းမှာ မြို့တော်၀န်၏ သားဆိုတဲ့ သရုပ်မှန်ကိုသိပြီးသောအခါ တိုက်ခိုက်ချင်စိတ်များပျောက်ဆုံးသွားတာလို့ ထင်နေသည်။

ဒီကောင်က သိတတ်သားပဲ။ ထျန်းစန်းမြို့တော်အတွင်းမှာ ဖုမျိုးရိုးနှင့် လူများကို သွားရှုပ်ခြင်းက ပြဿနာရှာနေတာပဲဖြစ်သည်။ ဤသို့သော ပြဿနာမျိုးကို မြန်မြန်ဆန်ဆန်ဖြေရှင်းလိုက်သင့်၏။

သူတို့သာ သေခြင်းရှင်ခြင်းတိုက်ခိုက်နေကြရင် ပွဲကြည့်သူများကို ပိုမိုဆွဲဆောင်စေကာ ပို၍ ဆူညံပွက်လောရိုက်သွားစေလိမ့်မည်။

ဤအကောင်၏ အသက်က အရေးမကြီးပေမယ့်လို့ မြို့တော်၀န်၏သား တစ်ခုခု အနာတရဖြစ်သွားလို့ မဖြစ်ပေ။ မဟုတ်ရင် ကွိုင်အကြီးကြီးတက်သွားနိုင်သည်။

ဆိုတော့ ဤနေရာတွင်သာ ကိစ္စဖြတ်လိုက်သည်ကအေးသည်။ သူကိုယ်တိုင်လည်း ကြီးကြပ်မည်ဖြစ်ရာ ဘာပြဿနာမှ မရှိလောက်ဟု တွက်လိုက်၏။

“လက်သီးတစ်ချက်”

ဖုရှင်းကိုကြည့်ကာ စုရှောင်ရှန် အလေးအနက်ဆိုလိုက်သည်။ “မင်းအရင်ချ”

ဖုရှင်းသူ့လက်ထဲက ဓားကို ပြန်သိမ်းလိုက်၏။ သူက ဓားသမားဆိုပေမယ့် လုပ်သင့်တာ၊ မလုပ်သင့်တာကို ခွဲဖြာနိုင်ပါသည်။ စုရှောင်ရှန်က မြို့နေလူတစ်ယောက်ဖြစ်ရာ သတ်လိုက်သည်အထိတော့ လုပ်၍မဖြစ်ချေ။

သူလုပ်လိုက်လျှင်လည်း မြို့တော်၀န်၏ သားအနေဖြင့် ပြစ်မှုက ကြီးကြီးမားမားမြောက်လိမ့်မည်မဟုတ်ပေ။ သို့သော် ထိန်းသိမ်းစရာ နာမည်လေး ဘာလေး ရှိသေးသည်မဟုတ်ပါလာ။

“မင်းအရင်ချပါ” သဘောထားကြီးစွာ သူက ဆိုသည်။

စုရှောင်ရှန်ခေါင်းကိုခါရမ်းလိုက်ပြီးတော့ “မဟုတ်ဘူး မင်းအရင်ချ”

ဤအကောင် ယဉ်ကျေးလာပါလားဟု ဖုရှင်းတွေးတောနေစဉ် နောက်မှ ထပ်လောင်းပြောတာ ကြားလိုက်ရသည်။ “ငါအရင်ချလိုက်ရင် မင်းတောက်ပစရာ အခွင့်အရေးတောင်ရှိလိုက်မှာ မဟုတ်ဘူး ဖြစ်သွားမယ်”

“…”

“လေးကြီးနေတယ်” ဖုရှင်း ဒေါပွသွားသည်။

[မြှောက်ပင့်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် အနည်းငယ် စိုးရိမ်သွားကာ နောက်က ဆက်ပြောလိုက်သည်။ “လက်သီးနဲ့ထိုးဆိုတာနဲ့ တစ်ခါတည်းအများကြီးထိုးလို့ရတဲ့ နည်းစနစ်နဲ့မလုပ်နဲ့နော်”

“မလုပ်ပါဘူးဟ”

“အေး ပြောတဲ့အတိုင်းလုပ်”

‘ဒါဆိုရင်တော့ ဒီကောင်မလျှောသွားလောက်တော့ပါဘူး။ အနည်းဆုံး ဒဏ်ရာအနည်းငယ်ရတာလောက်တည်းပေါ့’

စုရှောင်ရှန် တွေးလိုက်ရင်း ဖုရှင်းကို မျှော်လင့်နေသော မျက်၀န်းများဖြင့်ကြည့်လိုက်သည်။

‘လာစမ်း။ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ခွန်အား ဘယ်လိုရှ်ိလဲ ကြည့်ကြသေးတာပေါ့။ ငါလည်း ငါ့ကြော့ကွင်းနဲ့ မာကျောမှုတို့ရဲ့ လက်ရှိ စွမ်းရည်တွေကို သိနိုင်မယ်’

စုရှောင်ရှန်၏ မျက်နှာထက်က မျှော်လင့်သလိုလို အကြည့်ကိုမြင်ရသောကြောင့် ဖုရှင်း၏ အမူအရာ ထူးဆန်းသွားခဲ့သည်။

‘မဖြစ်နိုင်တာ။ ဒီကောင်က ငါအဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်မှာရှိနေတာသိရက်နဲ့တော့ ဘာမှ မပြင်ဆင်ထားဘဲ ဒီလောက် စိတ်အားထက်သန်နေတာမဖြစ်နိုင်ဘူး။ ဝှက်ဖဲတစ်ခုခုတော့ရှိရမယ်’

သို့ဖြင့် စုရှောင်ရှန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မရိုးရှင်းဟု တွက်လိုက်သည်။ ဘယ်လောက်မရိုးရှင်းသလဲကိုတော့ သူမသိပါချေ။

‘ဘာဖြစ်ဖြစ် ဒဏ္ဌာရီလာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်တော့မဖြစ်နိုင်ဘူးမလား’ (စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ကတောင် အတော်ရှားပုံရပါတယ်)

‘လက်သီးတစ်ချက်ဆိုလည်း ငါဘာလုပ်နိုင်လဲ ပြရသေးတာပေါ့’

ဖုရှင်းတုန့်‌ဆိုင်း‌နေတာ ရပ်တန့်ပြီး လက်သီးချီမြှောက်လိုက်သည်။ ခရမ်းရောင်စိတ်ဝိညာဉ်အနှစ်ဖျော့ဖျော့လေးသူ့အနားတွင်စတင်၍ လည်ပတ်လာပြီး‌ ဒေါသထွက်နေသော မျက်နှာနှင့် နဂါးတစ်ကောင်ပုံစံကို တဖြည်းဖြည်းပြောင်းသွားတော့၏။ ထိုနဂါးက တောင်တွေဖြိုပြီး ပင်လယ်ကိုတောင်ခမ်းခြောက်အောင်လုပ်နိုင်သည့် ဟန်ရှိသည်။

ပွဲကြည့်သူများလည်း နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြသည်။ အစောင့်တစ်ယောက်ကြီးကြပ်နေတယ်ဆိုရင်တောင် ထိုလက်သီးချက်က သူတို့အတွက်တော့ စွမ်းအားကြီးလှပေသည်။

“ဒါ မြို့ဝောာ်၀န်စံအိမ်တော်က အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ် ခရမ်းနဂါးဟိန်းဟောက်ခြင်းမလား”

“ဟုတ်လောက်မယ်။ ဓားသမားဖြစ်နေတာတောင် ခရမ်းနဂါးကို မြို့တော်၀န်ရဲ့သား တတ်မြောက်ထားမယ်လို့ တကယ်ထင်မထားဘူး”

“အေး။ သူသာဓားသုံးမယ်ဆိုရင် တစ်ဘက်က လူငယ်ကတော့ ချက်ခြင်းခေါင်းပြတ်သွားနိုင်လောက်တယ်”

“ဒီခရမ်းနဂါးက ဒုခေါင်းဆောင်ဖုထက် ပိုသေးတယ်ဆိုပေမယ့် ဘာဖြစ်ဖြစ်ကို သဏ္ဌာန်ပြောင်းနိုင်တာ အထင်ကြီးဖို့ကောင်းနေပြီလေ။ သူ့ဆန့်ကျင်ဘက်က ကိုယ့်နေရာကိုယ်မသိတဲ့ကောင်‌တွေကို ပညာပေးဖို့ လုံလောက်နေပါပြီ”

“…”

လူအုပ်ကြီး၏ ဆွေးနွေးသံများကြောင့် ၎င်းက ဘာလဲဆိုတာ စုရှောင်ရှန် သိသွားသည်။

ဖုရှင်းက ဤနည်းစနစ်၏ အခြေခံအ‌ဆင့်လောက်ကိုသာတတ်ထားတယ်‌ဆိုရင်တောင် သူအတိတ်ကမြင်ခဲ့ဖူးသမျှ အရှင်သခင်နယ်ပယ်နည်းစနစ်များထက် အပုံကြီးသာနေလေပြီ။

‘ဒီနည်းစနစ်ကို လေ့ကျင့်ဖို့ဆိုတော်တော်ခက်ခဲမှာပဲ။ လာစမ်း ဘာလုပ်နိုင်သလဲ ကြည့်ရအောင်။ မင်းဘယ်လောက်သန်မာသလဲပြစမ်း’

စုရှောင်ရှန်၏ စိတ်ထဲက အော်သံကို တုန့်ပြန်သကဲ့သို့ ဖုရှင်း၏ လက်က နဂါးကြီးသဏ္ဌာန်ဖွဲ့စည်းတာပြီးမြောက်သွားပြီး သူကလည်း “ရော့ ခံနိုင်ရင်ခံစမ်း”

သို့ဆိုပြီး ရှေ့တက်၍ လက်သီးကိုပစ်သွင်းလိုက်ရာ ခရမ်းရောင်နဂါးကြီးကလည်း ဒေါသတကြီးဟိန်းဟောက်လိုက်၏။

ဘုတ်…။

ပုရိသတ်များ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင်ပင် ဟိန်းဟောက်နေသော ထိုနဂါးကြီးနှင့်အတူ ဖုရှင်း၏ လက်သီးချက် စုရှောင်ရှန်၏ ရင်ဘက်ပေါ်ကျသွားခဲ့သည်။

ဘုန်း…။

ရှေးဦးစစ်ပွဲဗုံများကို တီးလိုက်သလိုအသံဖြင့် နက်ရှိုင်းလှသော ပေါက်ကွဲသံကြီး လျှပ်တပြက်အတွင်း ထွက်ပေါ်လာခဲ့သည်။

ဤလက်သီးချက်အောက်မှာ ခရမ်းရောင်နဂါးကြီး စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။ ထို့အတူ လက်သီးချက်နှင့် ခန္ဓာကိုယ်တို့ ထိတိုက်သည့် ဆုံချက်က‌နေ သန်မာသောလှိုင်းများ ပေါက်ကွဲ ထွက်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း…။

လူတိုင်း အလန့်တကြား နောက်ကိုဆုတ်လိုက်ကြသည်။ သို့ပေမယ့် ထိုလှိုင်းများက သူတို့ထံမရောက်ခင် ဆက်ကြားလေးမှာ ရပ်တန့်သွားခဲ့၏။

၎င်းက မမြင်နိုင်သော နံရံကြီးကို၀င်တိုက်မိသလို ပုရိသတ်များထံ မရောက်နိုင်ခဲ့ပါချေ။

“ကောင်းကင်ဘုံစွမ်းအင်… အရှင်သခင်နယ်ပယ်”

လူတိုင်း ဘေးနားက အစောင့်ကိုကြည့်လိုက်ကြသည်။ သို့မှ စုရှောင်ရှန်တို့ တိုက်ပွဲကို ကြီးကြပ်ဖို့ အဘယ်ကြောင့် ယုံကြည်ချင်မြင့်မားနေရသလဲ နားလည်သွားကြပေသည်။

တိုက်ပွဲအတွက်ကတော့…။

လူတိုင်းတွေးထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပဲ လက်သီးချက်ကျသွားသည်နှင့်တစ်ပြိုင်နက် ဖုရှင်း၏ မျက်နှာ အနီရောင်ပြောင်းသွားခဲ့သည်။

ဟိန်းဟောက်နေ‌သော ခရမ်းရောင်နဂါးကြီးက စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့်ဟန်ရပေမယ့် တကယ်က မဖြတ်သန်းသွားခဲ့ချေ။

ထိုအကောင်၏ ခန္ဓာကိုယ်က ရော်ဘာအလား ‌ကပ်စေးမှုနှုန်းမြင့်မားပြီး မာကျောကာ ထိုးချက်နောက်က အင်အားများအားလုံးကို စုပ်ယူသွား၏။

သူ၏ အရည်ပြားက ထိုးမဖောက်နိုင်သော ချပ်၀တ်ကဲ့သို့ ခရမ်းရောင်နဂါးကြီး ထိုးဖြတ်နိုင်ခြင်းမရှ်ိချေ။ သို့ဖြင့် ၎င်းက စုရှောင်ရှန်ကို မည်သည့် ထိခိုက်ဒဏ်ရာမှ ရအောင်လုပ်နိုင်ခြင်း မစွမ်းသာ‌ပါပေ။

စုရှောင်ရှန်က စုစည်းလိုက်သလိုနှင့် စွမ်းအင်များ အလွှာလိုက်အလွှာလိုက် ရှေ့တွင် စုစည်းလာကြသည်။ အချိန်မရွေး ၎င်းတို့က ပြန်ကန်ထွက်မကဲ့သို့ ရပ်တန့်သွား၏။

“မကောင်းတော့ဘူး”

ဖုရှင်း၏ မျက်နှာအမူအရာပြောင်းလဲသွားသည်။

ထိုလက်သီးချက်တွင် သူ့ခွန်အားကို အကုန်သုံးလိုက်တာတောင် စုရှောင်ရှန်က မြေပြင်တွင် မားမားမတ်မတ် ရပ်တည်နေစဲဖြစ်၏။ ထိုမှ သူထင်ထားသလို ခရမ်းနဂါးကြီးမှ စွမ်းအင်များ သူ့ထံကို ပြန်ကန်လာခဲ့ပါသည်။

Comment

Leave a Reply

Options

not work with dark mode
Reset