အဖြူ၀တ်လူငယ်လေး ဒေါသထွက်လာသည်။ နောက်ဆုံးတော့ ထိုနှစ်ယောက်က အချင်းချင်းသိနေကြပြီးဖြစ်သည်ကို သဘောပေါက်သွားလေသည်။
“မင်း- မင်းတို့ မှော်ဆေးပညာရှင်များအစည်းအရုံးရှေ့မှာ ဒါမျိုးလုပ်ရဲတယ်ပေါ့”
“အဲ့တော့ဘာဖြစ်လဲ”
စုရှောင်ရှန်က ပြောသည်။ “ငါတို့က ဒီတိုင်း စကားပြောနေတာ မင်းဘာမင်း သူများကိစ္စကို လာစပ်စုတာလေ။ သွားပါတော့”
အဖြူ၀တ်လူငယ်လေး စုရှောင်ရှန်ပြောတာမှန်နေသည့်အတွက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဒါပေမယ့် သူသာ ဒီတိုင်းထွက်သွားရရင် နာမည်ပျက်ချေမည်။
“မင်းနာမည်ဘာလဲ” သူက အလေးအနက်မေးပြီးတော့ ဓားကိုမြှောက်လိုက်သည်။ “ငါမင်းနဲ့ တိုက်ခိုက်ချင်တယ်”
“ဘာလဲဟ”
စုရှောင်ရှန်က မျက်ခုံးများကိုပင့်လိုက်သည်။ “သူရဲကောင်းလုပ်ပြီး မိန်းကလေးကို ရင်ခွင်မှာ မပိုက်နိုင်တော့ ငါ့ကို ဆုံးမချင်တယ်ပေါ့လေ”
အဖြူ၀တ်ကောင်လေးစွံ့အသွားသည်။
‘ဒီကောင်… ဒီကောင် ငါတွေးနေတာ ဘယ်လိုသိတာလဲ’
“ငါ…”
“ဘာကို ငါ ပြန်ပြီလဲ။ ဘာမှ ဆင်ခြေဆင်လက်တွေလာပေးမနေနဲ့” စုရှောင်ရှန် လက်ကိုဝှေ့ရမ်းကာပြောလိုက်သည်။ “ရှင်းပြတယ်ဆိုတာ အမှန်တရားကိုဖုန်းကွယ်ခြင်းပဲ ဆိုတဲ့အဆိုလည်းရှိတယ်။ လက်လျော့လိုက်ပါတော့”
အဖြူ၀တ်လူငယ်လေး နှလုံးထဲ သွေးများဆောင့်တက်သွားပြီး ပျို့ချင်သလိုလိုဖြစ်လာ၏။
စုရှောင်ရှန်က မှင်တက်သွားသော မျက်နှာကြီးဖြင့် “မဖြစ်နိုင်တာ။ ဒီလောက်လွယ်လွယ်နဲ့ သွေးအန်တော့မယ်ပေါ့”
သူထိုစကားပြောလိုက်တာနှင့် မျက်နှာများတောင်နီရဲလာခဲ့သော အဖြူ၀တ်လူငယ်လေး ရင်ဘက်ထဲက စူးကတည်း အောင့်သွားတာခံစားလိုက်ရသည်။
“ဖူးးး”
သူက သွေးတော့အန်ထုတ်ခြင်းမဟုတ်ဘဲ လေနှင့် တံတွေးများသာဖြစ်သည်။
စုရှောင်ရှန် စက်ဆုပ်ရွံရှာသလို အမူအရာပြသ၍ မုကျစ်ရှီကို ချက်ခြင်း သူ့နောက်မှာကာလိုက်ကာ နောက်ကို ဆုတ်လိုက်သည်။
အဖြူ၀တ်လူငယ်လေး ရှက်သလို ဒေါသလည်းထွက်သွားပြီးတော့ ဓားကို အပေါ်တည့်တည့်မြှောက်ကာ အော်လိုက်သည်။ “ခွေးကောင်။ ပြန်လာစမ်း။ ငါနဲ့ လာတိုက်ခိုက်”
“ဘယ်လို အရူးလဲ…” စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ “ဒီနေ့ခေတ်မှာ ဘယ်သူမှ အလကားနေရင်း မတိုက်ခိုက်တော့ဘူး။ အဲ့လောက်ဖြစ်နေရင် သေခြင်းရှင်ခြင်း ချကြမယ် ဘယ်လိုလဲ”
အဖြူ၀တ်လူငယ်လေး မှင်တက်သွား၏။
‘ဒီကောင်… နည်းနည်း တည့်တိုးမဆန်လွန်းဘူးလား။ ထမင်းစေ့ကို ပုစိန်နဲ့ပေါက်စရာတော့မလိုပါဘူးဟ’
သူငြင်းလိုက်ချင်ပေမယ့် ဘေးနားမှာ ရပ်ကြည့်နေသည့်လူများက စတင်၍ များပြားလာပြီဖြစ်သည်။
ထိုအကြည့်များအောက်မှာ သူ့လို မိုက်ရူးရဲဆန်တတ်သည့် အရွယ်မှာ ရှိနေသေးတဲ့ လူငယ်တစ်ယောက်က ဘယ်လို တည်တည်ငြိမ်ငြိမ်တွေးတောနိုင်တော့မလဲ။
“…”
“ခဏနေဦး”
ထိုလူငယ်လေးပါးစပ်မဟရသေးခင်မှာ စုရှောင်ရှန် ကြားဝင်ဖြတ်မေးလိုက်သည်။ “သေချာစဉ်းစားနော်။ စိတ်လိုက်မာန်ပါမလုပ်နဲ့ ပြီးမှ နောင်တရရင် နောက်ကျသွားပြီ”
ထိုစကားကြောင့် အဖြူ၀တ်လူငယ်လေးစိတ်လျော့လိုက်သလို စုရှောင်ရှန်ကလည်း စကားဆက်လိုက်သည်။ “မင်းငါ့ကို အနိုင်ယူနိုင်မှာလဲမဟုတ်ဘူး။ အဲ့တော့ ဒီလောက်ကိစ္စသေးသေးလေးနဲ့ မသေချင်စမ်းပါနဲ့”
“ဖူးးးး”
ဒီတစ်ခေါက် ထွေးထုတ်လိုက်မိသော တံတွေးများအတွင်း အနီရောင်အစက်အနည်းငယ်ပါလာ၏။
‘ငါ့လို အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က မင်းကို ဘာလို့ အနိုင်မယူနိုင်ရမှာလဲ’
“ငါ…”
“နေဦး”
“…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် မဆီမဆိုင်ကျိန်ဆဲခံလိုက်တာကြောင့် ကြောင်အသွား၏။ ဤတစ်ကြိမ်အော်လိုက်တာသူမဟုတ်ပေ။ သို့ဖြင့် အသံလာရာဘက်ကို လက်ညိုးထိုးပြလိုက်သည်။
အဖြူ၀တ်လူငယ်လေးလည်းလှည့်ကြည့်လိုက်၏။ သူဘာလို့ ဒီလောက်ကံမကောင်းရတာလဲ နားမလည်နိုင်ပေ။ ဤရိုးရှင်းတဲ့ ခရီးစဉ်လေးက ဘာလို့ ဒီလောက်အသည်းပေါက်ဖို့ကောင်းနေရတာလဲ။
ထိုစကားကိုဆိုလိုက်သည့်သူက သူသိသည့် အစောင့်တစ်ယောက်ဖြစ်သည်။
ထိုအစောင့်က လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။ “ဖုသခင်လေး။ ဒါက မှော်ဆေးပညာရှင်များအစည်းအရုံးပါ။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”
ထို့နောက် သူက စုရှောင်ရှန်ထံကိုလျှောက်သွားပြီး ညှင်သာစွာပြောလိုက်သည်။ “ဒီက လူကြီးမင်းလည်း ဖုသခင်လေးကို ကောင်းကောင်းမွန်မွန်စကားပြောပေးပါ။ ဟိုမှာ သွေးတောင်အန်တော့မယ်”
စုရှောင်ရှန် ခွန်းတုန့်ပြန်ရမလား တွေဝေသွား၏။
ဖုသခင်လေးတဲ့။ ထိုမျိုးရိုးနာမည်ကို သူရင်းရင်းနှီးနှီးသိနေသလိုခံစားရသည်။ ထိုမှ ဖုယင်ဟုန်ဆိုသည့် နာမည်ကို သတိရသည်။
ရွှေအစည်းအရုံး နောက်ဖေးလမ်းက မြို့စောင့်တပ် ဒုခေါင်းဆောင်ဖြစ်သည့် ထိုမိန်းမကို မြင်ယောင်မိသောအခါ သူ့မျက်နှာထက်၌ ထူးဆန်းသော အမူအရာပေါ်လာခဲ့၏။
‘မဖြစ်နိုင်တာ။ ကမ္ဘာကြီးက ဒီလောက် ကျဉ်းလား။ တွေ့စရာရှားလို့ကွာ။ ဖုမျိုးရိုးကလည်း ထျန်းစန်းမြို့တော်က နာမည်ကြီးတဲ့ မျိုးနွယ်စုတစ်ခုခုကလားဟ’
သူက ထိုအစောင့်နားကိုကပ်ကာ တိုးတိုးလေးမေးလိုက်သည်။ “မြို့တော်၀န်ရဲ့ မျိုးရိုးနာမည်က ဘာလဲ”
အစောင့်၏ မျက်နှာထက်၌ သနားသလို အမူအရာမျိုးပေါ်လာ၏။ ကြည့်ရတာ ဤကောင်လေးက အပြင်ဘက်က လာခဲ့သောသူဖြစ်ဟန်ရပေသည်။
ဒေသခံဆိုရင် မြို့တော်၀န်၏ သားကို ဤသို့ ဘယ်လိုပြန်ပြောရဲမလဲ။
“မြို့တော်၀န်မျိုးရိုးက ဖု။ ဒါက မြို့တော်၀န်ရဲ့သားကြီး ဖုရှင်း”
စုရှောင်ရှန်၏ နှလုံးဒုတ်ကတည်း တစ်ချက် ဆောင့်ခုန်သွားပြီး ခြေထောက်များလည်း နောင်တ တရားများဖြင့် ပျော့ခွေသွား၏။
ဖုရှင်း… မြို့တော်၀န်၏ အကြီးဆုံးသား…
ဒါဆို တစ်နေ့က သူတွေ့လိုက်သည့် ဖုယင်ဟုန်က ဒီကောင့်ရဲ့ ညီမပေါ့။
သူတို့နှစ်ယောက်စလုံးက မြို့တော်၀န်အိမ်ကဖြစ်နေပေသည်။
သူ့လို ယခုမှ တောင်အောက်ကဆင်းလာသည့် လူတစ်ယောက်က ဒီလို အကောင်ကြီးတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်မှ ဘာလို့ တွေ့ရတာလဲဟ။ ဒီအဓိက ဇာတ်ကောင်တွေက ဘာလို့ ထျန်းစန်းမြို့တော်ထဲမှာ လျှောက်သွားနေကြတာလဲ။
စုရှောင်ရှန် ထိုအဖြူ၀တ်လူငယ်လေးကို အတည်ပြုချင်သေးပြီး မေးလိုက်သည်။ “မင်းရဲ့ မျိုးရိုးနာမည်က ဖုလား”
“မဟုတ်ဘူး။ ငါ့မျိုးရိုးနာမည်က ဖုမဟုတ်ဘူး”
မြို့တော်၀န်၏ သားဖြစ်သူ ဖုရှင်းက စုရှောင်ရှန်နှင့် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထား၏။ ယခု သူ့သရုပ်မှန်သာ ပေါ်သွားမယ်ဆိုရင် စုရှောင်ရှန် သူနှင့် တိုက်ခိုက်ရဲတော့မည်မဟုတ်ချေ။
ဤပြဿနာကို မြို့စောင့်စစ်သည်များထံ လက်လွှဲလိုက်ရမည့် အဖြစ်ကို သူမလိုလားပါပေ။
“မင်းငါနဲ့ တိုက်ခိုက်ချင်တာမလား” စုရှောင်ရှန်ကမေးသည်။
“ဟုတ်တယ်”
“ဒါဆို ငါစည်းမျဉ်းတွေ ချလို့ရလား”
ဤတိုက်ပွဲကို ယခု မဖြေရှင်းဘဲ ရှောင်လွှဲလိုက်ရင် အနာဂါတ်မှာ ပြဿနာပိုတက်လာမည်ကို စုရှောင်ရှန် သိပေသည်။
‘တစ်နေ့က မြို့စောင့် စစ်သည်ကို ငါတိုက်ခိုက်လိုက်တဲ့အတွက် ဖုယင်ဟုန်ပါ ပါလာရင် ပိုရှုပ်ကုန်ဦးမယ်’
ဖုရှင်း မှင်တက်သွား၏။ ဒီအကောင်က သူ၏ သရုပ်မှန်ကိုသိတာတောင် သူနှင့် တိုက်ခိုက်ရဲသေးတယ်ပေါ့။
စုရှောင်ရှန်ကို တစ်မျိုးတောင် ပြောင်းမြင်လာခဲ့သည်။
မုကျစ်ရှီကို စောင်းငဲ့ကြည့်ပြီးတော့ ဖုရှင်းဆိုလိုက်သည်။ “ရတယ်လေ”
“ကောင်းပြီ”
စုရှောင်ရှန်က လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်သည်။ “ငါ့မှာ အနိုင်အရှုံးကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးမယ့် နည်းလမ်းတစ်ခုရှိတယ် မင်းလက်ခံရဲလား”
“ဘာလို့ ကြောက်နေရမှာလဲ။ လုပ်လိုက်တော့”
“မင်းရှုံးသွားရင်ရော”
ဖုရှင်းက ထေ့ငေါ့စွာ မေးလိုက်သည်။ “ငါရှုံးမယ်လို့ ထင်နေတာလား”
“ဟုတ်တယ်”
“ဟားဟားဟား” ဖုရှင်း ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ “ငါရှုံးရင် မင်းကြိုက်တာလုပ်”
“ငါကြိုက်တာလုပ်လို့ရတယ်ဆိုတော့ မင်းရဲ့ သခင် မဖြစ်သွားဘူးလား”
ထိုသို့ပြောပြီးပြီးချင်းသူ့ကိုကြည့်နေသည့် လူများ၏ အကြည့်များ ပြောင်းလဲသွားတာကို ခံစားမိသောအခါ စုရှောင်ရှန် အလျင်အမြန် ထပ်လောင်းပြောကြားလိုက်သည်။ “မင်းရဲ့ နောက်ခံနဲ့ဆို ဒါက မဖြစ်နိုင်ဘူး။ အဲ့တော့ ဒီလိုလုပ်လေ မင်းရှုံးရင် ငါ့ကို သခင်လို့ခေါ်စရာမလိုဘူး။ အကိုကြီးလို့ခေါ်ရမယ် ဘယ်လိုလဲ”
ဖုရှင်း အေးတိအေးစက်ပြုံးလိုက်သည်။
ဤအကောင်က ယုံကြည်ချက်လွန်ကဲနေ၏။ ယှဉ်ပြိုင်မှုတောင်မစရသေးခင်မှာ သူနိုင်မယ်လို့ ကြိုတွက်ထားလေသည်။
“ကဲ ဒါဆိုရင် စရအောင်” စုရှောင်ရှန် ဗလုံးဗထွေးပြောလိုက်သည်။
“နေဦး”
စုရှောင်ရှန်၏ စကားများအတွင်းမှာ ဟာကွက်များကိုတွေ့ရှိရတာကြောင့် ဖုရှင်း အလှည့်စားခံရမည်စိုး၍ တားလိုက်သည်။
“မင်းဘာကို ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ။ မင်းရှုံးရင်ရော”
ဒီကောင် မတုံးပါလားဟု စုရှောင်ရှန် အံ့အားသင့်သွား၏။
“ငါရှုံးရင်…” သူ့ရှုံးမယ်လို့ စုရှောင်ရှန် မတွက်ထားသည့်အတွက် ဘာပေးရမလဲ မသိဖြစ်နေသည်။
“ငါရှုံးရင် မင်းအလိုချင်အဆုံးအရာငါပေးမယ်”
“အို” ဖုရှင်းက သိချင်စိတ်ပြင်းပြသွားကာ “ငါအလိုချင်းအဆုံးအရာကို မင်းသိတယ်ပေါ့”
“အေး”
မုကျစ်ရှီကို ရှေ့ထုတ်လာပြီးတော့ မေးလိုက်သည်။ “မင်းဒါလိုချင်တာမလား”
မုကျစ်ရှီ ပြောစရားကားများပျောက်ရှသွားသည်။
စုရှောင်ရှန် တိုက်ခိုက်တိုင်းမှာ ဘာကြောင့်မှန်းမသိ အမြဲတမ်းသူမက မဆီမဆိုင် ဆွဲထည့်ခံရ၏။ အဘယ်ကြောင့် ထိုသို့ ဆက်တိုက်ဖြစ်နေရတာလဲ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဖုရှင်းလည်း အံ့အားသင့်သွားပေမယ့် သူလိုချင်သလိုဖြစ်နေတာကြောင့် သဘောတူရမလား တွေဝေသွားသည်။
‘ငါသဘောတူရမလား။ ဒါပေမယ့် သိပ်မကောင်းဘူးထင်တယ်…’
“ဟန်ဆောင်မနေပါနဲ့ မင်း သဘောတူချင်နေတာ ငါသိပါတယ်”
စုရှောင်ရှန် သူ့ကို ဖော်ထုတ်လိုက်သည်။ “လာပါ မူမနေနဲ့တော့”
ဖုရှင်း၏ မျက်နှာ နီရဲသွားသည်။ ဤလောင်းကြေးစားကြေးကိုလည်း မပြောင်းချင်တော့တာကြောင့် ပြောလိုက်သည်။ “စည်းမျဉ်းတွေကို ရှင်းပြတော့”
စုရှောင်ရှန် ခေါင်းညိတ်ပြီးတော့ လက်နောက်ပစ်၍ ရှေ့တက်လိုက်သည်။
“ ဒါကို ကောင်းကင်ဘုံကစားပွဲလို့ခေါ်တယ်။ ဒီကစားပွဲက ကံအပေါ်ကို လုံးလုံးလျားလျားမူတည်ပြီးတော့ ဒီကမ္ဘာကြီးမှာ တစ်ခါမှ မကစားဖူးလောက်ဘူး”
“စည်းမျဉ်းကရိုးရှင်းပါတယ်။ မင်းက လက်ငါးချောင်းကိုဆန့်ပြီးဖြန့်ထုတ်လိုက်မယ်ဆိုရင် ကံကြမ္မာပဲ။ မင်းက ကံကြမ္မာကိုရွေးချယ်လိုက်တယ်ဆိုရင် ‘ငါ့ ကံကြမ္မာကို ငါရွေးချယ်မယ်’၊ ‘ဘယ်သူ့ကိုမှ ဦးမညွှတ်ဘူး’ ဆိုတာ ဖော်ပြတဲ့ လက်နှစ်ချောင်းနဲ့ တန်ပြန်တိုက်ခိုက်နိုင်တယ်”
“ဒီဟာကို တန်ပြန်ဖို့ နောက်ထပ် ကောင်းကင်ဘုံလမ်းစဉ်ကတော့…”
“လက်သီးပြရမှာမလား” ဖုရှင်းဆိုလိုက်၏။
“ဟုတ်တယ်။ လက်သီးနဲ့ပဲ ကံကြမ္မာကိုဆန့်ကျင်တဲ့သူတွေကိုတားနိုင်မယ်။ ဘာလို့ဆို ကံကြမ္မာဆိုတာ တွန်းလှန်နိုင်တဲ့အရာ မဟုတ်…”
တစ်ခုခု မှားနေတာ စုရှောင်ရှန်သတိထားမိလိုက်ပြီး စကားပြောရင်း ရပ်တန့်သွားသည်။
ထို့နောက် ခေါင်းကိုမော့ကြည့်လိုက်သောအခါ နက်မှောင်နေသော မျက်နှာထားဖြင့် ဖုရှင်းကိုမြင်ရ၏။ သူချက်ခြင်းပဲ အထိတ်တလန့်ဖြစ်သွားကာမေးလိုက်သည်။
“မင်းဒီကစားနည်းကိုသိတယ်ပေါ့”