Switch Mode

အခန်း (၂၈၈)

လူ့ချဉ်ဖက်

မှော်‌‌ဆေးပညာရှင်များအစည်းအရုံးတွင်ဖြစ်သည်…။

ရွှေအစည်းအရုံးကဲ့သို့ ချမ်းသာထယ်ဝါသည့် ပုံစံမပေါက်ဘဲ ‌၎င်းက ရှေးဦးအရှိန်အဝါများပေးသည့် ‌ကန်‌တော့ချွန် ပုံစံရှိ အဆောက်အဦးဖြစ်သည်။

၎င်းက ထျန်းစန်းမြို့တော်၏ အလယ်ဗဟိုတွင်ရှိပြီး လူသွားလူလာစည်ကားသိုက်မြိုက်လှသည်။ ဤနေရာကိုဖြတ်သွားသည့်အခါတိုင်းမှာ လူတိုင်း ရပ်တန့်၍ မော်ကြည့်ကြ၏။

ဟူးးးး…။

စုရှောင်ရှန်လည်း အသက်ကိုခပ်ပြင်းပြင်းရှိုက်ပြီး ဆတ်ကတည်းတုန်သွားပေသည်။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဆေးရနံ့လဲ။ သာမန်လူတစ်ယောက်သာ ဒီမှာလာနေရင် ဘာလေ့ကျင့်ခန်းမှမလုပ်ဘဲနဲ့တောင် အသက်ရှည်ကြမှာ”

မုကျစ်ရှီလည်း ကျစ်ဆံမြှီးလေးကို ကိုင်ဆော့ရင်း အနံ့ခံလိုက်၏။

အချိန်အတော်ကြာမှ စိတ်ပျက်သွားသော အမူအရာဖြင့် “ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ဆေးရနံ့ကပျောက်သွားပြီ”

လမ်းသွားလမ်းလာများလည်း ရုတ်တရက်ကြီး အဘယ်ကြောင့် ဆေးရနံ့ပျောက်သွားရသလဲ အံ့အားသင့်သွားကြပေသည်။

လူအုပ်ကြီးစတင်၍ ဆွေးနွေးကြသောအခါ ဆူညံပူညံဖြစ်လာခဲ့သည်။ ၎င်းက အသက်ကို ခပ်ပြင်းပြင်းရှိုက်နေသည့် စုရှောင်ရှန်ကို နိုးထလာစေခဲ့၏။

“အဟမ်း”

မုကျစ်ရှီသူ့ကို သင်္ကာမကင်းကြည့်ပြီးမေးလိုက်သည်။ “နင်လုပ်လိုက်တာလား”

“မဟုတ်တာ လျှောက်မစွပ်စွဲပါနဲ့”

စုရှောင်ရှန်က မတရားခံနေရသော မျက်နှာဖြင့် “ငါအသက်လေးတစ်ချက်ရှူတာနဲ့ ရှိသမျှ‌ ဆေးရနံ့တွေကို အကုန်လုံးစုပ်ယူနိုင်မယ်ထင်နေတယ်ပေါ့”

မုကျစ်ရှီက ခေါင်းလေးညိတ်ကာ သူပြောတာထောက်ခံလိုက်သည်။ “ဟုတ်တယ် ထင်တယ်”

“ထားပါ… သွားမယ်”

သို့ပြောပြီး အဆောက်အဦးထဲကို စုရှောင်ရှန် ခြေလျှင်လျှောက်သွားလိုက်သည်။

ရွှေအစည်းအရုံနှင့်ယှဉ်ရင် ဤနေရာက လူပါးပေသည်။

သို့ပေမယ့် ဤနေရာရှိလူတိုင်းက ကျက်သရေအိန္ဒြေရှိကြပြီးတော့ ချမ်းသာကြွယ်၀ကြပုံလည်းပေါက်ကြသည်။

နေရာတစ်ခုလုံးကို စုရှောင်ရှန် မှတ်သားလိုက်ပြီးနောက်မှာ သူ့ရှေ့က ကောင်တာမှ မိန်းမချောလေးကိုကြည့်ပြီး မေးလိုက်သည်။ “မိန်းမချောလေး နင်တို့ရဲ့ ဥက္ကဠ နာမည်က ဘယ်လိုခေါ်လဲ”

“ဥက္ကဠကြီးလား”

သူမရှေ့က ကောင်လေးက ဆေးလုံး၀ယ်ဖို့လာတာထင်နေသဖြင့် ယခုလို ဥက္ကဠ နာမည်ကိုမေး‌လာသောအခါ ကြောင်အသွားသည်။

ဒီကောင်လေးက ဥက္ကဠကို တွေ့ဖို့လာတာများဖြစ်နေရင် သူ၏ နောက်ခံက ဘာဖြစ်လိမ့်မည်နည်း။

သူမ သိပ်မသင်္ကာဘူးဆိုပေမယ့် ‌ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးရန်လိုအပ်ပေသည်။ သို့ဖြင့် အပြုံးလေးနှင့် ခွန်းတုန့်ပြန်လိုက်၏။ “ဥက္ကကြီးက ရှိတီပါ။ ဥက္ကဠကြီးနဲ့ တွေ့ဖို့လာတာလားမသိဘူး”

“ရှိတီ”

မုကျစ်ရှီဘက်ကို လှည့်ကာ “နာမည်မှန်လား”

အကြီးအကဲစန်းက သူမကို စာတစ်စောင်ပေးထားခဲ့ပြီးတော့ ဥက္ကဠကြီးကိုပေးဖို့ ပြောခဲ့လေသည်။

စုရှောင်ရှန် ထိုစာကိုဖွင့်ကြည့်ချင်ပေမယ့် ‌မုကျစ်ရှီက သူမ၏ အသက် ၎င်းပေါ်တွင်မူတည်နေသည့်အလား ဘာအရှုပ်အယှက်မှ လုပ်ခွင့်မပေးချေ။

“ဟုတ်တယ်” မုကျစ်ရှီ ခေါင်းညိတ်ပြသည်။

“နင်စာကိုဖတ်ထားတာလား” စုရှောင်ရှန် မျက်ခုံးများပင့်လိုက်၏။

“မဖတ်ဘူး”

“ဒါဆိုနင်က ရှိတီ ဆိုတာဘယ်လိုသိတာလဲ”

“မသိဘူးလေ”

“ဟ… ဒါဆိုဘာလို့ခေါင်းညိတ်တာ”

“စာအိတ်အပြင်ဘက်မှာ နာမည် ရေးထားတယ်လေ”

“ဟမ်” သူ့ညီမလေးက ဤသို့ အချက်အလက်ကိုသူ့ကိုတောင်မပြောပြခဲ့သည့်အတွက် ဆရာတူညီမဆိုးဟု သတ်မှတ်လိုက်သည်။

“တစ်စိတ်လောက်နော်။ လုပ်စရာလေးရှိလို့” ကောင်တာ၀န်ထမ်းမလေးကိုပြောပြီးသောအခါ မုကျစ်ရှီကို တစ်ဘက်သို့ ‌ဆွဲခေါ်သွားလိုက်၏။

ကောင်တာနောက်က ၀န်ထမ်းမလေး ကြောင်အသွားသည်။

“ဘာလဲဟဲ့။ ဒီအချစ်ငှက်နှစ်ကောင် ရန်ဖြစ်တော့မှာလာ”

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

မိန်းမများက စိတ်ကူးယဉ်ဆန်သည်မဟုတ်ပါလား။

“ငါ့ကိုမှန်မှန်ပြော။ စာအိတ်ထဲမှာ ဘာရေးထားတာလဲ” မုကျစ်ရှီကို တံခါးကျောကပ်အောင် ပိတ်ရပ်ပြီးတော့ စုရှောင်ရှန် မေးသည်။

အကြီးအကဲစန်းက ထိုစာအိတ်နှင့်ပတ်သက်၍ ထူးထူးဆန်းဆန်းပြုမူနေတာကြောင့် သူသိချင်မိသည်။ ထိုအဖိုးကြီးက သူတို့နှစ်ယောက်စလုံးကို ရောင်းစားလိုက်တာဆိုရင် ဘယ်လိုလုပ်မည်နည်း။

၎င်းက ဖြစ်နိုင်လောက်သည်။

မုကျစ်ရှီ၏ မျက်နှာကလေး အနည်းငယ် အနီရောင်သန်းသွားသည်။ “ငါတကယ် မဖတ်ပါဘူးဆို”

“ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီးတော့ ပြန်ပြောစမ်း” စုရှောင်ရှန် တံခါးပြားကြီးကို လက်ဖြင့် ထောက်လိုက်၏။

ဘန်း…။

မုကျစ်ရှီ သူ့ကို မကြည့်ရဲပေ။ သူမ၏ နားနှင့် မျက်နှာတို့က သွေးရောင်သန်းနေပြီး မျက်လုံးများကိုလည်း တင်းတင်းကြပ်ကြပ်ပိတ်ထား၏။

ထိုအခိုက်မှာ တံခါးနားကနေ ဟိန်းသံကြီးတစ်သံထွက်လာခဲ့သည်။

“အယုတ်တမာကောင်။ ကောင်မလေးကို လွှတ်လိုက်စမ်း”

စုရှောင်ရှန် လန့်ဖျန်သွား၏။ ပြီးမှ သူ့ကို ပြောနေတာဖြစ်ကြောင်း သဘောပေါက်သွားသည်။

ယခု မုကျစ်ရှီကို တံခါးကျောကပ်စေပြီး တံခါးကိုလက်ဖြင့်ထောက်ထားသည့်ပုံစံမှ သူတို့နှစ်ယောက်သည် မကောင်းသောအတတ်များသင်နေသည့် ဆယ်ကျော်သက်နှစ်ယောက်နှင့်ဆင်ပေသည်။

ဒါပေမယ့်… ဒီ‌လူက မဆီမ‌ဆိုင်ဘာ‌လာရှုပ်ရတာလဲ။

စုရှောင်ရှန် ရယ်လည်းရယ်လိုက်ချင်သလို အနည်းငယ်လည်း စိတ်အနှောက်အယှက်ဖြစ်သွားပြီး လည်ပြန်ကြည့်လိုက်သည်။

ဤနေရာက မှော်ဆေးပညာရှင်အစည်းအရုံးဖြစ်သည်ကို ဘယ်သူက လာပြီးတော့ ပြဿနာရှာရဲရသလဲ။ ထို့အပြင်က သူက သူ့ညီမလေးကို စစ်ဆေးမေးမြန်းနေတာ အပြင်လူက ဘာ၀င်ရှုပ်စရာလိုလဲ။

“ဒါလား သူရဲကောင်းက မိန်းမငယ်လေးကို ကယ်တင်တဲ့ ဇာတ်ညွှန်း”

ထိုဟိန်းဟောက်လိုက်သည့်သူက သားနားခန့်ညားစွာ ၀တ်ဆင်ထားသောလူငယ်တစ်ဦးဖြစ်သည်။ ထိုသူ၏ ၀တ်ရုံတွင် တိမ်တိုက်များအကြားမှာ ဖီးနစ်ငှက်များ ပျံလွှားနေသည့် ပုံများပါရှိသည်။ သူ့ခေါင်းအထက်က ဆံထုံးတွင် ခရမ်းရောင်ကျောက်စိမ်းဆံထိုးတစ်ခုနှင့် ခါးတွင်လည်း နဂါးသဏ္ဌာန် ခါးပတ်ခေါင်းပါရှိသည့် ခါးပတ်နှင့် သုံးပေလောက်ရှည်လျားသည့် ဓားတစ်ချောင်းကိုပိုက်ထားသည်။

ထို့အပြင်ကို ဘာလေမှ မတိုက်ဘဲ အ၀တ်အစားများက လှုပ်ခါနေ၏။ ဤသို့ ဂိုက်အပြည့်ဖြင့် ဟန်ထုတ်နေသော လူငယ်လေးကိုမြင်သောအခါ စုရှောင်ရှန် နောက်တွန့်သွားပေသည်။

ဤသို့ လူချောလေးကို မနက်က မှန်ကြည့်တုန်းကလည်း သူတွေ့ခဲ့ရပေမယ့် ယခုက မျက်နှာချင်း‌ဆိုင် တွေ့ဖူးခြင်းဖြစ်သည်။

“ဝိုးးးး”

စုရှောင်ရှန် အံ့ဩတကြီး သူ့ဆရာတူညီမလေးဘက်ကို ပြန်လှည့်ပြီးတော့ ပြောလိုက်သည်။ “ကလေးမလေး နင့်ရဲ့ ပွင့်လန်းချိန်ရောက်ပြီထင်တယ်”

မုကျစ်ရှီ စွံ့အသွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ထို့နောက် ခေါင်းကိုတစ်ဘက်လှည့်ကာ မျက်စောင်းထိုးကြည့်လိုက်သည်။

ဒီအကောင်က ဘယ်ကလာတာလဲ။ ဘာလို့ သူတို့ရဲ့ နှစ်ကိုယ်ကြားကိစ္စကိုလာရှုပ်တာလဲ။

“အော်… လူတွေရဲ့ စိတ်ဓာတ်ကလည်း တစ်နေ့ထက် တစ်နေ့ ပိုပြီး ပျက်ပြားလာပါလား”

ဓားပိုက်ထားသောလူငယ်လေးက ဖြောင့်မတ်မှန်ကန်သော မျက်နှာထားဖြင့် ချဥ်းကပ်လာခဲ့၏။

ထိုစကားကိုကြားသောအခါ စုရှောင်ရှန်၏ အမူအရာထူးဆန်းသွားသည်။

သူတောင်ထို့ထက် ပိုကောင်းသော တော်ကီဖောက်တတ်‌၏။ ဒီကောင် ဒီလောက်ညံ့နေတာ မိန်းကလေးတစ်ယောက်ကို ဘယ်လို ကယ်ပြီး ဘယ်လို ဖမ်းစားနိုင်မှာလဲ။

အဖြူ၀တ် လူငယ်လေး ချဉ်းကပ်လာသည်နှင့် အမျှ စုရှောင်ရှန်လည်း နောက်တွန့်သွား၏။ မကြာခင် တံခါးနှင့် နီးကပ်သွားကာ ကြားထဲကလေးမလေး၏ မျက်နှာက သူ့ရင်ခွင်ထဲအပ်သွားလေသည်။

‘ဟင်။ ငါ၀င်ကယ်ပေးတာတောင် ဒီက ချစ်စရာကောင်မလေးက မပြေးသေးပါလား။ တော်တော်ကြောက်နေလို့ဖြစ်ရမယ်’

ထိုလူငယ်လေး၏ မျက်နှာထက်တွင် လူ့အကျင့်ပျက်ပြားလာမှုကို ရွံရှာသလို အမူအရာမျိုးရှိနေ၏။ သူက ကမ္ဘာကြီးကို သေရည်သောက်၍ ကဗျာစပ်ဆိုပြီး လှည့်ပတ်သွားလာ‌ခဲ့ဖူးသည်။ ထိုတွင် သူတွေ့ရသော လူအမျိုးမျိုးအနက် စုရှောင်ရှန်လို လူမျိုးကို စက်ဆုပ်ရွံရှာဆုံးဖြစ်ချေသည်။

“ကောင်မလေးကို လွှတ်လိုက်”

စုရှောင်ရှန် အချိန်အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
“မင်းအလုပ်ပါလား”

လူငယ်လေး မှင်တက်သွားသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မုကျစ်ရှီလည်း ဒေါသထွက်သွားပြီးတော့ သူ့ကို ဆူပုတ်ပုတ်ပြောလိုက်သည်။ “နင်အရှက်မရှိဘူးလား။ ကိုယ့်ကိစ္စကို လုပ်လေ”

လူငယ်လေး ကြောင်အသွား၏။

‘ဒါ…’

သူဘယ်လို ကြည့်ကြည့် ထိုကောင်မလေးက သူ့ကို ပြောနေတာမလား။

‘ဘာလဲဟ’

သူက ကယ်တင်ပေးဖို့လုပ်နေတာလေ။ ဘာလို့ အပြောခံရတာက သူဖြစ်နေရတာလဲ။

‘ငါနင့်ကို ကယ်မလို့ပါဟ’

အဖြူရောင်၀တ်လူငယ်လေး ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး “မိန်းကလေး… အထင်မှားနေပြီ။ ငါက…”

“မင်းက မိန်းကလေးကို ကယ်တင်ပြီးတော့ ငါ့ကို ခုတုံးလုပ် တက်နင်းလိုက်မယ်မလား။ ပြီးတော့ ဒါကို အခွင့်ကောင်းယူပြီး ဒီက မိန်းကလေးနဲ့ ခင်မင်ရင်းနှီးအောင်လုပ်မယ် ဟုတ်တယ်ဟုတ်။ တော်ပါတော့ကွာ။ ဒီလို ပိန်းဥဖမ်းတဲ့နည်းတွေက ရိုးနေပြီ။ ဒီခေတ်ကြီးမှာ ဘယ်သူမှ မသုံးကြတော့ဘူး။ ပြီးတော့ မင်းက ငါ့ကို နင်းစရာ ခုတုံးဖြစ်စေလောက်အောက်လည်း မသန်မာဘူး။ မင်းကိုယ်မင်းဟုတ်လှပြီထင်မနေနဲ့။ လူလိမ်ကောင်”

အဖြူရောင်၀တ်လူငယ်လေး လန့်ဖျပ်သွား၏။ သူက သူရဲကောင်းက မိန်းကလေးကိုကယ်တင်သည့် ဇာတ်ကွက်ကိုနင်းရန်ကြံနေတာမှန်ပေမယ့် ဘာကို လူလိမ်ကောင်တုန်း။

ချက်ခြင်းလက်ငင်း ဒေါသများထိန်းမရအောင်ထွက်လာခဲ့ကာ “မင်းးးးး”

“ဘာ မင်းလဲ ဘာလဲ”

စုရှောင်ရှန် ဘုကြည့်ကြည့်ကာမေးလိုက်သည်။ “‌ငါပြောတာ မရှင်းလို့လား”

စုရှောင်ရှန်က ထိုလူငယ်လေးကို အထက်အောက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “အပြင်ဘက်မှာတော့ သားနားနေတာပဲ အတွင်းဘက်မှကြတော့ ကြက်ဥပုပ်ကြီး”

အဖြူ၀တ်လူငယ်လေး ဒေါသငယ်ထိပ်ဆောင့်ပြီး သတိတောင်မေ့မျောမတတ်ဖြစ်သွားသည်။

‘ဒီကောင် ဘာကောင်လဲဟ။ ငါ့ကို တစ်ခုခုပေးပြောပါဦးလား။ လောက၀တ်မရှိဘူး။ ရိုင်းလိုက်တာ’

အဖြူ၀တ်လူငယ်လေး ပိုက်ထားသည့်ဓားက တဆတ်ဆတ်တုန်ရင်နေပြီး ပါးစပ်ကလည်း ပွစိပွစိ ‌တိုးတိုးတိတ်တိတ်ပြောနေသည်။ စုရှောင်ရှန် သူ့ရှေ့က မုကျစ်ရှီဘက်ကို ပြန်ကြည့်လိုက်ပြီးတော့ မေးလိုက်သည်။ “နင်တို့ မိန်းကလေးတွေက ဒီလို သားသားနားနား၀တ်ဆင်ပြီးတော့ ရုပ်ချောတာနဲ့ သဲသဲလှုပ် ကြိုက်ကြရောလား”

မုကျစ်ရှီ ထိုအဖြူ၀တ်လူငယ်လေးကို အသာအယာ တစ်ချက်အကဲခတ်လိုက်သည်။ ထို့နောက် စုရှောင်ရှန်ကို ပြန်ခိုးကြည့်ပြီးတော့ နီရဲနေသော မျက်နှာထားဖြင့်

“သူက နင့်လောက်မချောပါဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset